← Chapters

ပြီးပြည့်စုံသော ယင်ကိုးသွယ် ခန္ဓာကိုယ်

Vol. 37 Ch. 518

ပြီးပြည့်စုံသော ယင်ကိုးသွယ် ခန္ဓာကိုယ်

Vol. 37 Ch. 518

" သခင်လေးလောထျန်း ၊ မန္တာန်ရွတ်တာ ရပ်ပါတော့.. ။ သူတို့အားလုံး သေကုန်ကြပြီ. "

ယောင်ချီ နတ်ဘုရားသခင်မကြီး အော်ပြောလိုက်သည်။

" အင်.. အစအဆုံးတောင် ရွတ်လို့မပြီးသေးဘူး ၊ အားလုံး သေကုန်ပြီလား "

ထိုစကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားပြီး မျက်လုံးဖွင့်၍ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။ အမှန်တွင်လည်း ထိုလူများ၏ အစအနပင် မကျန်တော့ပါချေ။

" အဲ့လောက်အစောကြီး သေသွားကြတာလား ။ အစွမ်းနိမ့်လိုက်တာ... "

လောထျန်း ခေါင်းယမ်းရင်း သက်ပြင်းချလိုက်၏။

အားလုံး : " .............. "

ထိုလူများကို အစွမ်းနိမ့်သတဲ့လား..

ယောင်ချီ၏ နတ်ဘုရားသခင်မကြီးကိုပင် အနိုင်ယူနိုင်သော သူများကို အစွမ်းနိမ့်သည်ဟု ခေါ်နိုင်ပါသလား...

သို့သော် အခြားရှုထောင့်မှ ကြည့်လျှင်လည်း သူတို့အားလုံးက လောထျန်းရှေ့မှောက်၌ အစွမ်းနိမ့်သူများလိုပါပင် ။

ထိုအချိန်မှာပင်..

ဝီ..

အမည်းရောင်အလင်းလုံးများစွာ လောထျန်းရှေ့သို့ ရုတ်တရက် ရောက်လာပြီး စီးမျောလာကြ၏။

" အင်... အဲ့ဒါ ကံတရားလဲ မဟုတ်ပါဘူး "

လောထျန်း ၎င်းကိုကြည့်ပြီး အံ့အားသင့်သွားကာ မေးလိုက်သည်။

" ဒါ ဘာတွေလဲ "

သူ ၎င်းတို့ကို မသိသော်လည်း ယောင်ချီ နတ်ဘုရားသခင်မကြီးက တစ်ချက်ကြည့်ရုံဖြင့် နားလည်သွားကာ တအံ့တသြ ပြောလာ၏။

" သခင်လေးလောထျန်း ၊ အဲ့ဒါတွေကို မထိနဲ့နော် ။ အဲ့ဒါတွေက.. အန္တရာယ်များတယ် "

သို့သော်.. သူမ၏ စကားက နောက်ကျလွန်းသွားခဲ့လေပြီ..။

သူမ ပြောနေစဥ်မှာပင် လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်ပြီး အမည်းရောင် အလင်းလုံးတစ်ခုကို ကိုင်လိုက်၏။

" ဟင်.. မဖြစ်ဘူး.. "

ယောင်ချီ နတ်ဘုရားသခင်မကြီး အလန့်တကြား ဖြစ်သွားသည်။

သို့သော် တဖက်မှ လောထျန်းကမူ မည်သို့မှ ဖြစ်သွားဟန် မတူပါ။

" ဒါ ဘာလဲဗျ "

လောထျန်းက လက်ထဲမှ အမည်းရောင်အလင်းလုံးလေးအား ပုံပျက်သွားအောင် ဖျစ်ညှစ်ရင်း မေးလာ၏။

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ၎င်းကို ဘေးမှ ကြောက်ကြောက်လန့်လန့် ကြည့်နေရင်း ပြန်ပြောသည်။

" သခင်လေး လောထျန်း ၊ သတိထားနော်... ။ အဲ့ဒါ မိစ္ဆာအရောင်အဝါပဲ.. "

" ဟင်.. မိစ္ဆာအရောင်အဝါ.. ဟုတ်လား ။ အဲ့ဒါ ဘာလဲ "

လောထျန်း ထပ်မေးလိုက်၏။

ယောင်ချီ နတ်ဘုရားသခင်မကြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

" အဲ့ဒါက အရမ်းကို ယုတ်မာကောက်ကျစ်ပြီးတော့ အဆိပ်ပြင်းတဲ့ ဖျက်​ဆီးအစွမ်းတစ်ခုပဲ။ သာမာန်လူတွေဆို အဲ့ဒါကို နည်းနည်းထိလိုက်မိတာနဲ့ အသက်အန္တရာယ်ပါ ဖြစ်သွားကြမှာ "

လောထျန်း အံ့သြသွားသည်။

" တကယ်ကြီးလား.. ဒါဆို ဒီဟာလေးက အဆိပ်ပေါ့ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ခေါင်းယမ်း၍ ပြန်ပြော၏။

" အဲ့လိုလဲ ပြောလို့မရဘူး သခင်လေးရဲ့။ ဒီဟာက အဆိပ်ဆိုတာထက် ပိုတယ်.... ဒါကို မသေမျိုးအဆင့် မှော်လက်နက်တွေ လုပ်တဲ့နေရာမှာလဲ သုံးလို့ရသေးတယ် "

" မှော်လက်နက်တွေ.. ဟုတ်လား "

လောထျန်း အံ့အားသင့်သွားပြီး နတ်ဆိုးဧကရာဇ် မျိုးနွယ်စုနှင့် သူ သိမ်းသွင်းယူခဲ့သော စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုး အကြောင်းကို ရုတ်တရက် တွေးမိသွားသည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက စကားဆက်၏။

" ဒီ မိစ္ဆာအစွမ်းကို နတ်ဆိုးအစွမ်းတစ်မျိုးလို့လဲ သတ်မှတ်ကြပေမယ့်.. ဒီဟာက သာမာန်နတ်ဆိုးအစွမ်းထက် အများကြီး ပိုအဆင့်မြင့်တယ်။ ဟိုးရှေးခေတ်တွေမှာဆိုရင် ထျန်းယွမ်ကမ္ဘာမှာ နေကြတဲ့ နတ်ဆိုးတွေက ကမ္ဘာပတ်သွားလာပြီးတော့ ဒီ ယင်ရှအစွမ်းလို့ခေါ်တဲ့ မိစ္ဆာအစွမ်းတွေကို စုစည်းပြီး မှော်လက်နက်တွေ လုပ်ခဲ့ကြတာ "

" ရှေးဟောင်း မှတ်တမ်းစာအုပ်တွေထဲမှာလဲ မှော်လက်နက် လုပ်တဲ့အချိန် ယင်ရှအစွမ်းလေး နည်းနည်းလောက် ထည့်လိုက်ရင်တောင် အဲ့မှော်လက်နက်ရဲ့အစွမ်းက နှစ်ဆ တိုးသွားနိုင်တယ်လို့ ပြောထားတယ် "

သူမ ထိုသို့ပြောပြီး လောထျန်းလက်ထဲမှ မိစ္ဆာအစွမ်းအား လှမ်းကြည့်လိုက်သည်။

လောထျန်းလက်ထဲတွင်ကား အမည်းရောင် အလင်းလုံး တစ်ခု ၊ နှစ်ခု မကပါချေ။

နတ်ဘုရားသခင်မကြီး၏ စကားကိုကြားသောအခါ လောထျန်း၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွား၏။

" အိုး.. အဲ့လိုအစွမ်းမျိုး ရှိတယ်လား ။ ဒါဆို ကောင်းမယ့်ပုံပဲ... လောလောဆယ် သိမ်းထားလိုက်မယ် "

လောထျန်းက ပြောပြောဆိုဆိုပင် မိစ္ဆာအစွမ်းများအား ဟင်းလင်းပြင်လက်စွပ် တစ်ခုထဲသို့ ထည့်သိမ်းလိုက်သည် ။

" ဒါပေမယ့်... ပြီးခဲ့တဲ့တစ်ခေါက် ငါ မန္တာန်ရွတ်ခဲ့တုန်းက ကံကောင်းခြင်းတွေ ပေါ်လာပြီးတော့.. အခုတစ်ခေါက်က ဘာလို့ မိစ္ဆာအစွမ်း ပေါ်လာတာလဲ ။ ပြီးတော့ အဲ့တစ်ခေါက် သွေးအိုင်ထဲက စိတ်ဝိဥာဥ်တွေကို ကယ်ပေးတဲ့အချိန်မှာ အဲ့စိတ်ဝိဥာဥ်တွေကို အဖြူရောင်အလင်းတန်းက လာခေါ်သွားတာပါ။ အခုက ဘာလို့ အမည်းရောင်အလင်းတန်း ဖြစ်နေတာလဲ .. "

လောထျန်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

သို့သော် ခေတ္တမျှ တွေးလိုက်ပြီးနောက် သူ အကြမ်းဖျင်း ကောက်ချက်ချလိုက်ပါသည်။

သွေးအိုင်ထဲတွင် ရှိနေခဲ့ကြသော စိတ်ဝိဥာဥ်အများစုမှာ အပြစ်မဲ့သော အရပ်သားများ ဖြစ်ကြပြီး နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ လက်ချက်ဖြင့် မတရား ချုပ်နှောင်ခံထားရကာ နေ့စဥ် ဆင်းရဲဒုက္ခကြီးစွာ ခံနေခဲ့ကြရသူများပါပင် ။

သို့သော် ရှန့်ဝူကျီတို့ လူစုမှာကား အပြစ်ကြီးကြီး ကျူးလွန်ထားသည့် လူများဖြစ်ပါ၏။

ထို့ကြောင့်လည်း သွေးအိုင်ထဲမှ စိတ်ဝိဥာဥ်များက နတ်ဘုံသို့ တက်သွားကြပြီး..

ရှန့်ဝူကျီတို့ အုပ်စုက ငရဲကြီး ဆယ့်ရှစ်ထပ်သို့ ဆင်းသွားခဲ့ရဟန်ပါပင် ။

" ခွေးကောင်.. မင်းက ငါတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နှစ်တစ်သိန်းလောက် စီစဥ်လာတဲ့အစီစဥ်ကို ဖျက်ဆီးပစ်လိုက်တယ်ပေါ့ "

ထိုစဥ်တွင် ဒဏ်ရာများမှ ပြန်သက်သာလာသော မင်ဒုံက လောထျန်းအား လက်ညိုးတထိုးထိုးဖြင့် ဒေါသတကြီး အော်ပြောလာ၏။

လောထျန်း ရုတ်တရက် လန့်သွားကာ သူ့ဘက် ချက်ချင်းလှည့်ကြည့်လိုက်သည်။

" ဟုတ်သားပဲ... မင်းအကြောင်းကို မေ့တောင် မေ့တော့မလို့ "

ဝှစ်..

လောထျန်းက စကားဆုံးသည်နှင့် မင်ဒုံနောက်သို့ ရုတ်ချည်း တည်နေရာရွှေ့ပြောင်းသွား၏။

" ဟင်... "

မင်ဒုံ အံ့အားသင့်သွားပြီးနောက် ချက်ချင်း.. လောထျန်းအား လက်ဝါးဖြင့် ရိုက်လိုက်သည်။

သို့သော်..

ဘုန်း..

လောထျန်းကလည်း သူ့အား လက်နောက်ပြန် ပြန်ရိုက်လာသည်။

အသံကျယ်တစ်သံနှင့်အတူ မင်ဒုံ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားကာ သွေးမှုန်များ နေရာအနှံ့ ပြန့်ကျဲသွားတော့၏။

သူ့ကိုယ်ထဲမှ မသေမျိုးအစွမ်းမှာလည်း အထိန်းအကွပ်မဲ့ လွင့်ပျံ့လာသည်။

" ဒါ..... "

၎င်းကို တွေ့လိုက်သော လူများ၏ မျက်နှာထားများ ရုတ်ချည်းပြောင်းကုန်ကြ၏။

အစွမ်းထက်လှသော ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က မည်သို့မှပင် မခုခံလိုက်နိုင်ဘဲ.. တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသတဲ့လား ။

ထိုစဥ်တွင်..

ဝီ..

မင်ဒုံ၏ ကိုယ်ထဲမှ အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

၎င်းကို မြင်သောအခါ ယောင်ချီ နတ်ဘုရားသခင်မကြီး ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် ဆို၏။

" သခင်လေးလောထျန်း ၊ ဒီလူက သူ့စိတ်ဝိဥာဥ် ထွက်​ပြေးလို့ ရအောင်လို့.. တမင်ကို သေကြောင်းကြံပြီး ရန်စတဲ့စကား ပြောခဲ့တာ "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ကျင့်ကြံသည့် ကျင့်စဥ်များမှာ အလွန်ထူးဆန်းလှပြီး ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရလျှင်ပင် စိတ်ဝိဥာဥ်က ထိခိုက်မှုများစွာ မဖြစ်လှပါချေ။

ထို့ကြောင့်လည်း မင်ဒုံက ကျဥ်းထဲကြပ်ထဲ အခြေအနေမှ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ထိုလှည့်ကွက်ကို သုံးသွားခဲ့ခြင်း ဖြစ်သည်။

သို့​သော်....

" အဲ့လို့လား.. ငါကလဲ တုံးလိုက်တာကွာ ။ ကဲ.. မန္တာန်ပဲ ထပ်ရွတ်ရုံပေါ့ "

လောထျန်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းကာ မန္တာန်ကို ပြန်စရွတ်လိုက်သည်။

သူ ပါးစပ်ဟလိုက်သည့်အချိန်မှာပင်..

ဝီ..

ခပ်ဝေးဝေး လေထဲသို့ပင် ထွက်ပြေးသွားခဲ့ပြီဖြစ်သော မင်ဒုံ၏ စိတ်ဝိဥာဥ်က လေထဲ၌ ရုတ်တရက် တုန့်ခနဲ ရပ်သွားပါ၏။

" ဟင်.. မင်း.. မင်း ဘာလုပ်လိုက်တာလဲ "

မင်ဒုံတစ်ယောက် အလွန်ကြောက်လန့်တုန်လှုပ်သွားသည်။

ထိုအချိန်မှာပင် အမည်းရောင်အလင်းတန်းတစ်ခုကလည်း သူ့အား လွှမ်းခြုံလာ၏။

" မဖြစ်ဘူး.... ဒါ.... မဖြစ်ဘူး... "

၎င်းအလင်းတန်းကို မြင်သည်နှင့် သူ နားလည်သွားပါတော့သည်။

ထိုအကွက်က သူတို့ဘိုးဘေး ရှန့်ဝူကျီနှင့် ၊ အခြားသူများကို သတ်သွားခဲ့သော အကွက်ပင် မဟုတ်ပါလား ။

၎င်းအလင်းတန်းမှာ သူ့ ခုခံကာကွယ်မှုများကို လုံးဝ မမှုဘဲ သူ့စိတ်ဝိဥာဥ်အား တိုက်ရိုက်ချုပ်နှောင်နိုင်ပါ၏။

၎င်းမှာ သူတို့လို စိတ်ဝိဥာဥ် ကျင့်ကြံသူများအတွက် သဘာဝရန်သူကြီးလိုပါပင် ။

" ငါ အရှုံးမပေးဘူးကွ... "

မင်ဒုံ ဒေါသတကြီး အော်လိုက်သေးသော်လည်း နောက်ဆုံးတွင်မူ.. မည်သို့မှ မတတ်နိုင်ဘဲ ကောင်းကင်နှင့် မြေကြီးကြား ပျောက်ကွယ်သွားရပါတော့သည်။

" ဟင်.. အဲ့လောက်မြန်မြန်ကြီး ပျောက်သွားတာလား. "

ထိုစဥ် လောထျန်း မျက်လုံးများ ပြန်ဖွင့်လာပြီး ခေါင်းယမ်းလိုက်၏။

ထို့နောက်တွင်မူ ပေါ်ခါသော မိစ္ဆာအစွမ်းကို သူ လက်အသာယမ်း၍ ယူကာ ဟင်းလင်းပြင်လက်စွပ်ထဲ သိမ်းထားလိုက်သည်။

အနီးနားတွင် ရှိနေကြသော လူများအားလုံးမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြတော့၏။

သူတို့ရှေ့မှ လောထျန်းက ပါးစပ်အနည်းငယ် လှုပ်ရုံဖြင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်၏ စိတ်ဝိဥာဥ်ကို သတ်ပစ်ခဲ့ပြန်လေပြီ ။

မည်မျှ ကြောက်စရာကောင်းလိုက်သော သိုင်းကွက်မျိုးပါနည်း။

" သခင်လေး လောထျန်း ၊ ခုနတုန်းက မင်ဒုံကို ရှန့်ဝူကျီတို့ အုပ်စုနဲ့အတူ ဘာလို့ မသတ်ခဲ့တာလဲ "

ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးက လောထျန်းကို ကြည့်ရင်း တအံ့တသြ မေးလာသည်။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" မရဘူးဗျ ... ကျုပ်ရဲ့ အဲ့သိုင်းကွက်က စိတ်ဝိဥာဥ်တွေအပေါ်မှာပဲ အသုံးချလို့ရတာ။ ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဥ်တွဲရက် အကောင်းတိုင်းကြီး ရှိနေတဲ့သူတွေကို သွားလုပ်လို့ရမဘူး "

ထိုစကားကို ကြားမှသာ ယောင်ချီ နတ်ဘုရားသခင်မကြီး နားလည်သွားဟန် တူပါသည်။

ထိုအချိန်မှာပင်..

" နတ်ဘုရားသခင်မကြီး ၊ အပျိုစင် နတ်ဘုရားမလေး နိုးလာပြီ... "

တစ်ယောက်က ရုတ်တရက် အော်ပြောလာ၏။

" ဟင်.... ရွှေယွဲ့ချီ ၊ ဘယ်လိုနေသေးလဲဟင် "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ရွှေယွဲ့ချီဘေး ချက်ချင်းရောက်သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

လက်ရှိတွင် ရွှေယွဲ့ချီက သူမတို့ယောင်ချီ၏ ရတနာတစ်ပါးဟု ပြော၍ရပေရာ ရွှေယွဲ့ချီအား ဂရုစိုက်ရပေလိမ့်မည်။

" အင်... နတ်ဘုရားသခင်မကြီး... "

ရွှေယွဲ့ချီကလည်း ယောင်ချီ နတ်ဘုရားသခင်မကြီးကိုဘမြင်သည်နှင့် ချက်ချင်းထရပ်၍ ဦးညွှတ်အရိုအသေပေး၏။

" ရွှေယွဲ့ချီ ၊ ​အခု မြန်မြန်စစ်ဆေးကြည့်လိုက်ပါဦး ။ နင့်ကိုယ်မှာ ဘာတွေပုံမှန်မဟုတ်တာ ရှိလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက အလောတကြီး ပြောလိုက်သည်။

" ပုံမှန်မဟုတ်တာ.... "

ရွှေယွဲ့ချီ ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် မျက်လုံးများမှိတ်၍ သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်၏။

တခဏအကြာမှာပင်... သူမ မျက်လုံးများ ပြန်ဖွင့်လာကာ.. မယုံနိုင်သည့် မျက်နှာကြီး ဖြစ်သွားသည်။

" နတ်ဘုရားသခင်မကြီး... ကျွန်မ... ပိုအစွမ်းထက်လာတဲ့ပုံပဲ... "

သူမ ဆိုသည်။

" အင်း.. တခြားရော ဘာတွေပြောင်းလဲသွားတာ ရှိသေးလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ဆက်မေး၏။

ရွှေယွဲ့ချီ မျက်လုံးများ ထပ်မှိတ်လိုက်ပြီး သူမကိုယ်သူမ ကြိမ်ဖန်များစွာ စစ်ဆေးပြီးနောက်မှ ပြောလာ၏။

" အပြောင်းအလဲ ဆိုရင်တော့.... "

သူမ ခေတ္တမျှ တွန့်ဆုတ်သွားဟန်တူကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် သူမနောက်၌ တံခါးချပ်ကိုးခု ပေါ်လာပြီး သူမ၏ ကိုယ်ထဲတွင်လည်း စွမ်းအင်တန်းကိုးခု လှည့်ပတ်စီးဆင်းလာပါ၏။

သူမ၏ အရောင်အဝါမှာလည်း ချက်ချင်း အဆပေါင်းများစွာ တိုးသွားသည်။

" ဒါ..... "

ယောင်ချီ နတ်ဘုရားသခင်မကြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်မိလိုက်သည်။

ရွှေယွဲ့ချီ၏ ယင်ကိုးသွယ် ခန္ဓာကိုယ်က လုံးဝ ပြီးပြည့်စုံသွားခဲ့လေပြီ ။

စာစဉ်ပြီး၏

All Chapters