← Chapters

အစွမ်းထက်သော ခန္ဓာကိုယ်

Vol. 37 Ch. 511

အစွမ်းထက်သော ခန္ဓာကိုယ်

Vol. 37 Ch. 511

ထိုအော်သံကျယ်နှင့်အတူ နျိုထျဲ့ချူ တစ်ကိုယ်လုံး နဂါးကြေးခွံများ ဖုံးလွှမ်းလာပြီး သူမ၏ အရောင်အဝါကလည်း ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

" ထွက်သွားစမ်း "

နျိုထျဲ့ချူ ဒေါသတကြီး ထပ်အော်ကာ ရှေ့မှ သွေးနီရုပ်သေးအား လက်ထဲမှ တင်းပုတ်ဖြင့် ထပ်ရိုက်လိုက်သည်။

ဘုန်း..

အသံကျယ်တစ်သံနှင့်အတူ သွေးနီရုပ်သေးကြီး အနောက်ဘက် ဆယ်ပေကျော်ခန့် အကွာအဝေးထိ လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ကျသွား၏။

သို့သော် နျိုထျဲ့ချူမှာ မျက်နှာကြီး သုန်မှုန်လျက်..

" ခုနက အကွက်က အဲ့လောက်ပြင်းတာလေ... "

သူမ ရှေ့မှ သွေးနီရုပ်သေးအား တုန်လှုပ်စွာ ကြည့်လိုက်သည်။

အစောက သိုင်းကွက်ဖြင့် သူမ ထိုကောင်ကြီးအား နောက်လွင့်သွားအောင် လုပ်နိုင်ခဲ့သည့်တိုင်..

ထိုကောင်ကြီး၏ ခန္ဓာကိုယ်မှာ အကောင်းတိုင်း ရှိနေဆဲဖြစ်ကာ ဒဏ်ရာလည်း ရမသွားခဲ့ပါချေ။

ထို့ထက်ပိုဆိုးသည်မှာ ၎င်းက အခြားသော သွေးနီရုပ်သေးများ၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့ခြင်းပင်။

ချက်ချင်းမှာပင် သွေးကဲ့သော နီရဲနေသော မျက်လုံးများစွာက နျိုထျဲ့ချူအား ကြည့်လာကြ၏။

ယား....

ကျား...

ထို့နောက်တွင်မူ သွေးနီရုပ်သေးများထံမှ အံကြိတ်အော်ဟစ်သံများ ထွက်လာကာ နျိုချဲ့ချူဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာကြတော့သည်။

" ဒေါသထွက်စရာ ကောင်းလိုက်တာ "

နျိုထျဲ့ချူ လက်ထဲမှ တင်းပုတ်ကို ကိုင်ကာ နဂါးအဖြစ် အသွင်စပြောင်းရန် ပြင်လိုက်ပြန်သည်။

သို့သော် ထိုစဥ်မှာပင်..

" ကောင်မလေး... ရှေ့ကဖယ်လိုက် "

သူမအနောက်ဘက်မှ ချင်းဝူချုံ၏ အသံ ထွက်လာ၏။

ထို့နောက် ချင်းဝူချုံ ရှေ့ရောက်လာသည်။

" အဆုံးအစမဲ့ နတ်ဘုရားလက်ဝါး "

ချင်းဝူချုံ ဒေါသတကြီး အော်ကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။

ဝုန်း..

သူ့လက်ဝါးရိုက်ချက်မှာ အစွမ်းထက်လွန်းလှသဖြင့်ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးတော့မယောင် ။

သို့သော်...

ဝူး..

သွေးနီရုပ်သေးများမှာ ထိုလက်ဝါးရိုက်ချက်ဖြင့်ပင် အနောက်ဘက် ပေ လေး၊ငါး ရာခန့် အကွာအထိသာ ရောက်သွားကြပါ၏။

ထို့အပြင် ထိုလက်ဝါးချက်ကြောင့် ရှေ့တွင်ရှိသော သွေးနီရုပ်သေး အနည်းစုသာ ဒဏ်ရာရသွားကြပြီး .. ထိုဒဏ်ရာများကလည်း လျင်မြန်စွာပင် ပြန်ကောင်းသွားကြသည်။

ကျန်သွေးနီရုပ်သေးများကား.. အထိအခိုက်လုံးဝ ရှိမသွားခဲ့ပေ။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ။ ဒီကောင်တွေရဲ့ ခန္ဓာကိုယ်က မသေမျိုးအဆင့် တစ်ဝက်ကိုတောင် ရောက်နေကြပြီလား " ချင်းဝူချုံ အလွန်အံ့သြတုန်လှုပ်သွားရသည်။

" သခင်ကြီးချင်း ၊ ဒီကောင်ကြီးတွေက ဟိုတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲက သွေးနီရုပ်သေးတွေလား မသိဘူး "

ထိုစဥ် တာအိုသခင်ကြီးထျန်းလုံလည်း အနားရောက်လာသည်။

" သွေးနီရုပ်သေးတွေ... ဟုတ်လား ၊ ဒီကောင်တွေက အဲ့လောက်အစွမ်းထက်တာလား "

ချင်းဝူချုံ တအံ့တသြမေးလိုက်၏။

ထိုစဥ် သူတို့၏ အခြားတဖက်တွင် ရှိနေသော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲက ထိုနှစ်ယောက်၏ စကားကိုကြားကာ အံ့အားသင့်သွားပြီး မေးလာသည်။

" ဟင်... မင်းတို့တွေက သွေးနီရုပ်သေးအကြောင်း ဘယ်လိုလုပ်ပြီး သိနေတာလဲ "

ထိုသွေးနီရုပ်သေးများမှာ သူတို့နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အကြီးဆုံး လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်ပါသည်။

ထိုအကြောင်းကို သူတို့ဂိုဏ်းမှ နတ်ဘုရားသွေးအစွမ်းအားကျင့်ကြံသူ ဂိုဏ်းသားများမှ လွဲ၍ အခြားဘယ်သူမှ မသိကြပါ။

ယခု သူ့ရှေ့မှ လူနှစ်ယောက်က ထိုအကြောင်းကို အဘယ့်ကြောင့် သိနေရပါသနည်း။

သခင်ကြီးထျန်းလုံက အေးစက်စက် ပြန်ပြောလာ၏။

" မင်းတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ကျင့်ကြံခြင်းအတွက်နဲ့ အဲ့လောက်ဆိုးရွားတဲ့အရာကို ဖန်တီးခဲ့ကြတာ ။ မင်းတို့အားလုံး သေဖို့ပဲ တန်တယ် "

တဖက်မှ အကြီးအကဲ ပို၍ အံ့သြတုန်လှုပ်သွားရသည်။

" မင်း... ဘာတွေသိထားတာလဲ "

ထိုစဥ် ချင်းဝူချုံက ဝင်ပြောလာ၏။

" နတ်ဘုရား သွေးအစွမ်းဆိုတာ မသေမျိုးအဆင့် ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခုပဲဆိုတာ ငါတို့သိတယ် ။ အဲ့ဒါက ဟိုးရှေးခေတ်ကတည်းက ပေါ်လာခဲ့တဲ့ မိစ္ဆာသိုင်းပညာရပ်တစ်ခုပဲ။ အဲ့ဒါကို လုံးဝ ကျင့်ကြံပြီးသွားရင် အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ အစောပိုင်းအဆင့်နဲ့ ယှဥ်ပြီး တိုက်နိုင်တဲ့အထိကို အစွမ်းထက်သွားတယ်။ ဒါပေမယ့် အဲ့ကျင့်စဥ်က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေနဲ့ လိုက်လျောညီထွေမှု မရှိတာမို့ ကောင်းကင်နဲ့မြေကြီးကတောင် ဒီကျင့်စဥ်မျိုးကို အောင်မြင်တာ မမြင်ချင်ဘူးလေ "

" အဲ့လို ကျင့်ကြံရင်းအဆုံးမှာလဲ .. သတိလေးတစ်ချက် လွတ်သွားတာနဲ့ အရူးတစ်ယောက်လို ဖြစ်သွားပြီး အသိစိတ်မရှိတော့တဲ့ အလောင်းကောင်ကြီး ဖြစ်သွားရမှာ။ မင်းတို့အခေါ်ဆိုရင်... သွေးနီရုပ်သေး ပေါ့ကွာ "

ချင်းဝူချုံက ထိုသို့ပြောနေရင်း ရှေ့မှ သွေးနီရုပ်သေးများကို တစ်ချက်ကြည့်ပြီး မျက်နှာတည်ဖြင့် စကားဆက်သည်။

" အခု ဒီကောင်တွေအားလုံးက မင်းတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံခဲ့ကြတဲ့ ပါရမီရှင်တွေမလား ။ ပြီးတော့.. သူတို့တွေက နတ်ဘုရားသွေးအစွမ်းကို ပြန်ယူလာနိုင်တဲ့သူတွေ.. ဟုတ်တယ်မလား.. "

သူ့စကားကို ကြားသောအခါ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံသူအားလုံး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားကြတော့သည်။

" အကြီးအကဲ... သူပြောနေတာ မမှန်ဘူး မဟုတ်လား "

" ဟုတ်တယ်မလား.. အကြီးအကဲပြောတော့ နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံတာက ဘာဆိုးကျိုးမှ မရှိဘူးဆို။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ကျုပ် အဲ့လို သားရဲအဖြစ် မပြောင်းသွားချင်ဘူးဗျာ ။ အကြီးအကဲ ၊ သူ ပြောသွားတာ မှားတယ်မလား "

တာအိုသခင်ကြီး ထျန်းလုံက ထိုလူများ၏ စကားကိုနားထောင်ရင်း အေးစက်စက်နှာခေါင်းရှုံ့၏။

" တကယ့်အရူးတွေပဲကွာ ။ အဲ့သွေးနီရုပ်သေးတွေရဲ့ အရောင်အဝါက မင်းတို့ဆီကနေ ဆင်းသက်လာမှန်း အသိသာကြီးပဲလေ။ အဲ့ကောင်တွေရဲ့ အရောင်အဝါကို မင်းတို့ အာရုံမခံမိဘူးလား "

" ဒါပေမယ့် အားလုံးကတော့ အဲ့လိုသွေးနီရုပ်သေး ဖြစ်နိုင်တာ ​မဟုတ်ပါဘူး။ အဲ့သွေးနီရုပ်သေးတွေက ခေတ်အဆက်ဆက် နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံလာတဲ့သူတွေထဲမှာ အစွမ်းအထက်ဆုံးတွေလို့တောင် ပြောလို့ရမယ် ။ သူတို့နဲ့ မျိုးဆက်တစ်ဆက်တည်းက သာမာန်လူတွေကတော့ အဲ့ကောင်ကြီးတွေအတွက် အစာဖြစ်သွားမှာပေါ့ .. ဟုတ်တယ်မလား "

သခင်ကြီးထျန်းလုံ၏ စကားထဲတွင် သူတို့မသိသေးသော အကြောင်းရာများစွာ ပါဝင်နေသဖြင့် ..

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားများ၏ မျက်နှာထားများ ပြောင်းသွားပြီး အကြီးအကဲဆီသို့ လှည့်ကြည့်လိုက်ကြသည်။

တဖက်မှ အကြီးအကဲမှာကား မျက်နှာသုန်မှုန်စွာသာ ရှိနေပြီး မည်သို့မှလည်း ပြန်မငြင်းသဖြင့် သခင်ကြီးထျန်းလုံ ပြောသွားခဲ့သည်များမှာ အမှန်ဟု သဘောတူနေသလိုပါပင် ။

" မဖြစ်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ကျုပ် အဲ့လိုကြီး မဖြစ်သွားချင်ဘူးနော် "

နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံသူဂိုဏ်းသားတစ်ယောက်က ဆက်မထိန်းနိုင်တော့ဟန်ဖြင့် နောက်လှည့်ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် သူ ကြောက်လန့်တကြား ဖြစ်လွန်းနေသဖြင့် ဦးတည်ရာကို သေချာမကြည့်မိဘဲ သွေးနီရုပ်သေးတစ်ကောင်ဘေးသို့ ပြေးမိသလို ဖြစ်သွားပါ၏။

ဝေါင်း...

ထိုသွေးနီရုပ်သေးကြီးက အသံကျယ်ဖြင့် အော်လိုက်ပြီး လူငယ်အား ပါးစပ်ထဲကောက်ထည့်၍ ဝါးစားကာ မြိုချလိုက်သည်။

ထိုလူငယ်ကို စားပြီးသည်နှင့် သွေးနီရုပ်သေး၏ အရောင်အဝါလည်း ပိုအစွမ်းထက်လာ၏။

" ဒါ.... "

ထိုမြင်ကွင်းကို မြင်ပြီးသွားသည့် နောက်တွင်ကား တာအိုသခင်ကြီးထျန်းလုံနှင့် ချင်းဝူချုံတို့က အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း အားလုံး သဘောပေါက်လိုက်ကြတော့သည်။

ထိုချုပ်နှောင်ခံထားရသည့် သွေးနီရုပ်သေးများမှာ ယခင်မျိုးဆက်များမှ နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံခဲ့ကြသည့် သူများပါပင် ။

" ဂိုဏ်းချုပ်ကြီးချင်း ၊ ကျုပ်တို့တွေ ဒီသွေးနီရုပ်သေးတွေကို ဘာလုပ်ရင်ကောင်းမလဲ "

သခင်ကြီးထျန်းလုံက မေးလာသည်။

သခင်ကြီးချင်းက သူ့မုတ်ဆိတ်ကို ပွတ်ရင်း ပြန်ပြော၏။

" အဲ့လိုကောင်မျိုးတွေက အသိစိတ်မရှိသလို ခံစားချက်လဲ မရှိဘူးမို့ ကြောက်စရာအကောင်းဆုံးထဲ ပါတယ်။ သူတို့သာ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကနေ လွတ်သွားရင် ဒီကမ္ဘာပေါ်က သက်ရှိမှန်သမျှကို ဒုက္ခကောင်းကောင်းကြီး ပေးမှာပဲ။ အဲ့တော့ သူတို့အားလုံးကို ဖျက်ဆီးချေမှုန်းပစ်ရမယ်လို့ ကျုပ်တော့ ယူဆတယ် "

" ဒါပေမယ့်.. ကျုပ် ခုနက စမ်းသပ်ကြည့်လိုက်တော့ ဒီကောင်တွေက အစွမ်းထက်လွန်းတာကို တွေ့ခဲ့ရတယ်ဗျ။ ကျုပ် လူကိုယ်တိုင် မရောက်လာဘဲနဲ့ သူတို့အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး "

" အဲ့ထက်ပိုပြီး အရေးကြီးတာက... "

ချင်းဝူချုံက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း အတွင်းပိုင်းထဲသို့ ဝေ့ကြည့်ရင်း စကားဆက်သည်။

" နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ဘယ်သူမှ မသိရဘဲနဲ့ အဲ့လိုကြောက်စရာကောင်ကြီးတွေကို အများကြီး ဖန်တီးထားခဲ့တာပဲ။ ပြီးတော့... သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ဘယ်လိုလှည့်ကွက်မျိုးတွေ ရှိနေသေးလဲ ဆိုတာကို မပြောနိုင်ဘူး။ ကျုပ်တို့တွေ ဟို မင်ဒုံဆိုတဲ့ကောင်ကို မြန်မြန်ရှာမှ ဖြစ်မယ်ဗျ "

တာအိုသခင်ကြီး ထျန်းလုံကလည်း ပြန်ပြောသည်။

" ဂိုဏ်းချုပ်ကြီးချင်း နဲ့ ကျုပ် အတွေးတူတူပဲဗျာ။ ဟို မင်ဒုံဆိုတဲ့ကောင်က နောက်ထပ်တစ်ခုခု အကွက်ချနေတာပဲ ဖြစ်မယ် ။ သူ့ကို မြန်မြန်ရှာမှဖြစ်မယ်ဗျာ "

" ဒါဆိုရင်.... ဒီက ကိစ္စတွေက... "

ချင်းဝူချုံ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အဲ့ကိစ္စကို ကျုပ်တာဝန်သာ ထားလိုက်ပါ "

ထိုစဥ် အနောက်ဘက်မှ လောထျန်းက ရုတ်တရက် ပြောလာ၏။

" သခင်လေး လောထျန်း.. "

" သခင်လေး... "

အားလုံး နောက်လှည့်ကြည့်ကာ လောထျန်းအား တွေ့ပြီး မျက်လုံးများရုတ်ချည်း အရောင်လက်သွားကြသည်။

" ခင်ဗျားတို့က မင်ဒုံကိုပဲ သွားရှာလိုက်ကြပါ ။ ဒီက ပြဿနာကို ကျုပ်ပဲ တာဝန်ယူလိုက်မယ် ။ ကျုပ် ဒီကောင်တွေကို ရှင်းပြီးသွားရင် ခင်ဗျားတို့ဆီ လိုက်လာခဲ့ပါ့မယ် "

လောထျန်း ပြောလိုက်သည်။

သခင်ကြီး ထျန်းလုံနှင့် ကျန်လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လောထျန်းအား ဦးညွှတ်အရိုအသေ ပေးလိုက်ကြ၏။

" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "

ထိုသို့ ပြောပြီးသည်နှင့်.. ချင်းဝူချုံနှင့် သခင်ကြီးထျန်းလုံတို့ နှစ်ယောက်သား လေထဲ ပျံတက်သွားကြသည်။

" သွေးနီရုပ်သေးတွေ.. သူတို့ကို တားကြဟေ့ "

ခပ်လှမ်းလှမ်းတွင် ရှိနေသော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အကြီးအကဲက ရုတ်တရက် အော်ပြောလာ၏။

သို့သော် သွေးနီရုပ်သေးများကမူ သူ့စကားကို မကြားဟန်ဖြင့် ထူးမခြားနားသာ ရှိနေကြပါသည်။

ထိုကောင်များက မည်သူ့အမိန့်ကိုမှ နာခံသူများ မဟုတ်ကြရာ အကြီးအကဲမှာ မည်သို့မှ မတတ်နိုင်ပါချေ။

ထိုစဥ်တွင် လောထျန်းက ရှေ့မှ သွေးနီရုပ်သေးများအား သံသယမကင်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

" တူလိုက်တာ... တကယ်ကြီး တူတာပဲ "

သူ တီးတိုးရေရွတ်လိုက်သည်။

" ဘာတွေပြောနေတာလဲ ကောင်လေး ။ ဘာတွေ တူနေတာလဲ "

ခပ်လှမ်းလှမ်းမှ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း အကြီးအကဲက မေးလာသည်။

လောထျန်းကမူ သူ့ကို လျစ်လျူရှုထားပြီး ရှေ့မှ သွေးနီရုပ်သေးတစ်ကောင်ကိုသာ ကြည့်နေပါ၏။

ထိုစဥ်မှာပင် တဖက်မှ သွေးနီရုပ်သေးမှာလည်း လောထျန်း၏အကြည့်ကို အာရုံခံမိသွားဟန်ဖြင့် သူ့ထံသို့ ဝုန်းခနဲပြေးဝင်လာသည်။

" သတိထားနော် သခင်လေး... "

အနောက်ဘက်မှ လူတစ်ယောက်က စိုးရိမ်တကြီး အော်ဟစ်သတိပေး၏။

သို့သော်...

ဝုန်း..

လောထျန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ဘုံလက်ဝါးကြီးဖြင့် သွေးနီရုပ်သေးအား ဖမ်းဆုပ်ကာ သေချာစစ်ဆေးကြည့်ရှုလိုက်သည်။

" ဟမ့်... ကောင်လေး ၊ မင်း အဲ့လိုလုပ်နေလို့လဲ အပိုပဲနော် ။ ဒီ သွေးနီရုပ်သေးတွေရဲ့ ခန္ဓာကိုယ်က ကမ္ဘာပေါ်ကမသေမျိုးတွေနဲ့တောင် ယှဥ်လို့ရတယ်ကွ။ မင်းဘယ်လိုပဲ ကြိုးစားပြီး ထိန်းချုပ်ထိန်းချုပ် ၊ သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲက အေးစက်စက်ပြောလိုက်သည်။

" အင်း... "

လောထျန်းက ထိုတစ်ခွန်းတည်းသာ ပြန်ပြောပြီး နောက်လက်တစ်ဖက် ဆန့်ထုတ်၍ သွေးနီရုပ်သေး၏ လက်ကို အသာချိုးလိုက်တော့သည်။

ဂျွတ် .. .

ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ သွေးနီရုပ်သေး၏ လက်တစ်ဖက် ပြုတ်သွားပြီး သွေးများ ပန်းထွက်လာ၏။

All Chapters