← Chapters

သွေးနီရုပ်သေး

Vol. 37 Ch. 510

သွေးနီရုပ်သေး

Vol. 37 Ch. 510

" သခင်လေး ပြောတာကို ကျုပ် နားမလည်ဘူး "

တဖက် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားမှာ ချက်ချင်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

လောထျန်းက အေးစက်စက်ဆက်ပြော၏။

" မင်းက မပြောချင်ဘူးပေါ့လေ။ အဲ့လိုဆိုတော့လဲ မင်းရဲ့ စိတ်ဝိဥာဥ်ကို ငါကိုယ်တိုင်ပဲ ရှာကြည့်ရုံပေါ့ "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် သူ့စိတ်ဝိဥာဥ်အစွမ်းကို တဖက်လူဆီသို့ ပို့လွှတ်လိုက်သည်။

သိူ့သော် ထိုအချိန်တွင် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသား၏ မျက်လုံးထဲ၌ အပြုံးရိပ် သန်းသွားပါ၏။

" စိတ်ဝိဥာဥ်ကို ရှာဖွေမယ်တဲ့ ။ ဒီကောင်လေးက ဦးနှောက်မှ ကောင်းသေးရဲ့လား။ ငါက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ ထိပ်တန်းဂိုဏ်းဝင်တစ်ယောက်နော်။ ဒါနဲ့များတောင် ငါ့ စိတ်ဝိဥာဥ်ကို ရှာဦးမယ်တဲ့ ။ အဲ့တော့လဲ ငါက သူ့အတွက် မှတ်ဉာဏ်အတု ဖန်တီးပေးပြီး သူ ငါ့စိတ်ဝိဥာဥ်ကို ရှာပြီးသွားတဲ့အထိ ဟန်ဆောင်နေလိုက်မှာပေါ့ "

သူ ထိုသို့တွေးကာ သူ့စိတ်ဝိဥာဥ်အပြင်ဘက်၌ အကန့်အသတ်အချို့ ချထားလိုက်သည်။

လောထျန်းက သူ့စိတ်ဝိဥာဥ်ကို ဝင်ရောက်ရှာဖွေလာလျှင်လည်း သူဆင်ထားသော ထောင်ချောက်အတွင်းသို့သာ ကျသွားပေလိမ့်မည်။

သို့ဆိုလျှင် လောထျန်းအနေဖြင့် သူ သိစေချင်သည့် အကြောင်းအရာကိုသာ သိခွင့်ရမည်ဖြစ်သည်။

သို့သော် ထင်မှတ်မထားစွာပင်..

ဝီ..

အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက သူ ချထားသည့် ကန့်သတ်ချက်များအားလုံးကို လျစ်လျူရှု၍ ကျူးကျော်ဝင်ရောက်လာ၏။

" ဘယ်လိုဖြစ်.... "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားမှာ ၎င်းကိုမြင်ပြီးလုံးဝမှင်သက်ဆွံ့အသွားရတော့သည်။

ထို့နောက်တွင်မူ..

ဝုန်း..

သူ့အသိစိတ်ပင်လယ်က ကျူးကျော်ခြင်း ခံလိုက်ရပြီး သူ့မှတ်ဉာဏ်များအားလုံး ပေါ်လာ၏။

တဖက်မှ လောထျန်းမှာ ထိုသူ၏ မှတ်ဉာဏ်များကို ရှာဖွေပြီးသွားသည်နှင့် ချက်ချင်း မျက်နှာကြီးသုန်မှုန်သွားသည်။

" ဒီ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းတော့လား... "

သူ ဒေါသတကြီး အော်လိုက်၏။

" ဘာဖြစ်လို့လဲ သခင်လေးလောထျန်း "

အနီးနားမှ လူများအားလုံး အလန့်တကြား မေးလိုက်ကြသည်။

လောထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး တဖက်လူ၏ မှတ်ဉာဏ်များကို ထုတ်ယူကာ လက်တစ်ချက် ယမ်းလိုက်သည်။ ထိုမှတ်ဥာဏ်များက အလင်းလုံးလေးများအဖြစ် ပြောင်းသွားကာ အားလုံးပေါ်သို့ လွှမ်းခြုံလာ၏။

ထိုအကွက်မှာ သူ ထုံရွှယ်အဆင့်သို့ ရောက်ပြီးနောက် သင်ယူခဲ့ရသော အကွက်သစ်ပင် ။

၎င်းကို သုံး၍ ရှာဖွေထားသော မှတ်ဉာဏ်များကို အခြားသူနှင့် မျှဝေနိုင်ပါသည်။

အားလုံးမှာလည်း ထိုမှတ်ဉာဏ်များကို မြင်ပြီးသည်နှင့် မျက်နှာထားများ ရုတ်ချည်း ပြောင်းသွားကြသည်။

" ဒါ... တကယ့်ကို လူသားရဲ့ လုပ်ရပ် မဟုတ်တော့ဘူး "

" နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းဆိုတာ မြင့်မြတ်နယ်မြေတစ်ခုလေ ။ သူတို့ရဲ့ ကျင့်ကြံခြင်းက မသန့်ရှင်းဘူးဆိုတာ အရင်တည်းက သိထားပြီးသားပေမယ့် ဒီလောက်ထိကြီး ဆိုးရွားနေလိမ့်မယ်လို့တော့ ထင်မထားမိဘူး "

" ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာကို သူတို့တွေက လူပေါင်း ကုဋေဆယ်ချီပြီး သတ်ခဲ့ကြတာပဲ။ သူတို့တွေက ကျုံ့ကျိုးဒေသရော ၊ အနောက်ပိုင်းဒေသရော ၊ မြောက်ပိုင်းဒေသတွေရောက မြို့တွေကို တိတ်တိတ်လေး အပြောင်ရှင်းသတ်ဖြတ်ပြီးတော့ အားလုံးကို နတ်ဆိုးသားရဲတွေကိုပဲ အပြစ်ဖို့ထားခဲ့တာ "

" ဒီကောင်တွေက အဲ့လူတွေရဲ့ သွေးအစွမ်းကို စုပ်ယူရုံတင်မကဘူး ၊ သူတို့ရဲ့ စိတ်ဝိဥာဥ်ကိုပါ ဝါးမြိုသန့်စင်ခဲ့ကြတာပဲ။ ဒီလောက် မိစ္ဆာနည်းမျိုးကို သုံးနေမှတော့ သူတို့ဆီမှာ စိတ်ဝိဥာဥ်ပညာရှင် သခင်ကြီးတွေ အဲ့လောက်များနေတာ မထူးဆန်းတော့ပါဘူး "

အားလုံး ဒေါသထွက်ကုန်ကြတော့သည်။

" အားလုံး... ဘယ်လိုတွေးကြလဲ "

ထိုစဥ် အားလုံးရှေ့မှ လောထျန်းက မေးလာ၏။

" နတ်ဘုရားစိတ်ဝိဥာဥ်ကို ဒီနေ့ပဲ အပြီးဖျက်ဆီးပစ်မှရမယ် "

တာအိုသခင်ကြီးထျန်းလုံမှာ ဒေါသထွက်လွန်း၍ အသားများပင် တုန်နေတော့သည်။

ပြီးခဲ့သည့် နှစ်များအတွင်း သူသည် တောင်ပိုင်းဒေသမှ လူများနှင့် ကောင်းကင်ဘုံပျက်စီးခြင်းကိုသာ အကြီးဆုံးအန္တရာယ်များဟု မှတ်ယူပြီး ရင်ဆိုင်တိုက်ခိုက်နေခဲ့ပါ၏။

သို့သော်.. သူတို့အနီးနားလေးမှ လူတစ်ယောက်က ထိုသို့သော လုပ်ရပ်မျိုး လုပ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပါ။

" ဂိုဏ်းကို ဖျက်ဆီးရုံတင်မကဘူး.. ၊ သူတို့ဂိုဏ်းထဲမှာ ရှိသမျှလူတွေအားလုံးကိုလဲ သတ်ပစ်မှ ရလိမ့်မယ်။ အဲ့လိုမဟုတ်ဘဲ အလွတ်ပေးလိုက်ရင် နောက်ပိုင်း သူတို့ရဲ့ ကျင့်ကြံခြင်းနည်းတွေ အပြင်ကို သတင်းပေါက်ပြီး ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ် "

ချင်းဝူချုံကလည်း မျက်နှာတည်ကြီးဖြင့် ဆိုသည်။

" ကျုပ်လဲ အဲ့ဒါကို ပြောချင်နေတာ "

လောထျန်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင်မူ လူများစွာပင် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ လူများအားလုံးကို သတ်ရန် အမိန့်များထုတ်လိုက်ကြတော့၏။

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း တစ်ခုလုံးတွင်လည်း အော်ဟစ်သံများ ၊ သတ်ဖြတ်နေသံများနှင့် ငိုယိုသံများ နေရာအနှံ့ ထွက်ပေါ်လာတော့သည်။

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသည် အင်အားကြီးသော ဂိုဏ်းတစ်ခု ဖြစ်သော်လည်း အဓိကအဖွဲ့ပေါင်းများစွာ၏ စုပေါင်းတိုက်ခိုက်ခြင်းကိုမူ မခံနိုင်သဖြင့် ရှုံးနိမ့်သွားရပါတော့သည်။

" ဂိုဏ်းချုပ်ကြီး ဘယ်မှာလဲ... ဂိုဏ်းချုပ်ကြီး ဘယ်ရောက်သွားပြီလဲ။ ဒီလူတွေကို တားလို့မရတော့ဘူးကွ "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားတစ်ယောက်က အော်လိုက်သည်။

" ဂိုဏ်းချုပ်ကြီးက တားမြစ်နယ်မြေထဲကို ဝင်သွားတယ်ကွ။ သူပြန်မလာခင်အထိ ဒီလူတွေကို တားထားဖို့ မှာသွားခဲ့တာ "

" တားရမယ်... ဘယ်လိုတားရမှာလဲကွ ။ တဖက်လူတွေက အဲ့လောက်အစွမ်းထက်ကြတာ။ ဒါတောင် ဟို ကမ္ဘာပေါ်က မသေမျိုးတွေက ဘာမှမတိုက်ခိုက်ရသေးဘူး။ ငါတို့က ဘယ်လိုဆက်တားရမှာလဲ "

ပထမလူ ဒေါသတကြီး အော်လိုက်သည်။

ဘုန်း..

ထိုစဥ် ရန်သူတစ်ယောက်အား လက်ဝါးသိုင်းကွက်ဖြင့် နောက်သို့လွင့်စင်သွားအောင် လုပ်ပြီးသွားသည့် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က သူ့ကိုကြည့်၍ အော်ပြောလာ၏။

" သွေးစိတ်ဝိဥာဥ်ခန်းမကို ဖွင့်ပြီးတော့ အထဲကကောင်တွေကို လွှတ်လိုက် "

" ဗျာ.... ဒါပေမယ့် အကြီးအကဲ... အထဲကကောင်က.. "

ထိုစကားကို ကြားသောအခါ တဖက်လူ တုန်သွားသည်။

" မင်းမှာ အဲ့ထက်ပိုကောင်းတဲ့ တခြားအကြံ ရှိသေးလား.. "

အကြီးအကဲက ဒေါသတကြီး အော်ပြော၏။

တဖက်လူငယ်မှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ ဇက်လေးပုပြီး ချက်ချင်း နောက်လှည့်သွားသည်။

" သတ်ကြဟေ့... "

ထိုစဥ်တွင် နျိုထျဲ့ချူဦးဆောင်သော ပျောင်ပိုင်မြို့သူမြို့သားများ ဝုန်းခနဲ ဝင်ရောက်လာကြသည်။

နျိုထျဲ့ချူက ဖြတ်သွားသည့်နေရာတိုင်းတွင် အားလုံးကို အလွယ်တကူ သတ်ဖြတ်ဖျက်ဆီးသွားပြီး သူမအား မည်သူမှ မတားနိုင်ကြပါချေ။

" ဒါ.. ဘယ်လိုသားရဲမျိုးပါလိမ့် "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အကြီးအကဲမှာ နျိုထျဲ့ချိူကို မြင်ပြီး အံ့အားသင့်သွားရ၏။

ယနေ့ သူတို့နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို တိုက်ခိုက်နေကြသည့် အဖွဲ့များထဲတွင်လည်း နျိုထျဲ့ချူတို့အဖွဲ့က အစွမ်းအထက်ဆုံးပင် ။

" ဟင်.. ဒီအဝတ်စက... ဟိုအကြီးအကဲဟာပဲ ဖြစ်ရမယ် ။ သူ့ကို သတ်ကြဟေ့.. သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှာ ပစ္စည်းကောင်းတွေ ရှိနိုင်တယ် "

နျိုထျဲ့ချူကလည်း အကြီးအကဲအား သတိထားမိသွားကာ သူမနောက်မှ လူများအား အော်လိုက်သည်။

" အကြီးအကဲရဲ့ ဟင်းလင်းပြင်လက်စွပ်တဲ့ဟေ့... သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး။ ဓားပြတိုက်ကြမယ်ဟေ့ "

နောက်တွင်ရှိနေကြသော ပျောင်ပိုင်မြို့မှ လူများမှာလည်း သူမအပြောကို ကြားသည်နှင့် စိတ်လှုပ်ရှားတက်ကြွသွားကြ၏။

ထို့နောက်တွင်မူ သူတို့အားလုံး အကြီးအကဲဆီသို့ ဝုန်းခနဲ ပြေးဝင်လာကြတော့သည်။

" ဟာ... ချီး.... "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲမှာ စစချင်းတွင် အချိန်ဆွဲရန် စဥ်းစားထားသော်လည်း ..

သူတို့အသက်ကိုပင် ပဓာနမထားဘဲ ပြေးဝင်လာသည့် လူအုပ်ကို ကြည့်ကာ ကြောက်ရွံ့သွားပြီး မည်သို့မှ မပြောဘဲ ချက်ချင်းနောက်လှည့်၍ ထွက်ပြေးလိုက်တော့သည်။

" သူ့ကို မလွတ်စေနဲ့ဟေ့ "

ပျောင်ပိုင်မြို့မှ လူများကလည်း သူ့နောက်မှ ဆက်ပြေးလိုက်လာကြ၏။

ထိုအချိန်မှာပင်..

ဘုန်း..

ခပ်လှမ်းလှမ်းတွင် ရှိနေသော ခန်းမဆောင်ကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။

ချက်ချင်းမှာပင် ဆိုးရွားလှသည့် အနံ့တစ်ခုကလည်း အားလုံးဆီသို့ ရောက်လာ၏။

" လွှတ်လိုက်ပြီလား... "

ထိုအနံ့ကို ရသည်နှင့် အကြီးအကဲ၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သို့သော် ချက်ချင်းမှာပင် သူ ပြန်ကြောက်ရွံ့သွားဟန် တူပါ၏။

နျိုထျဲ့ချူကလည်း ထိုအနံ့က ပုံမှန်မဟုတ်သည်ကို သတိထားမိသွားကာ အားလုံးကို ခဏရပ်ကြရန် အချက်ပြလိုက်သည်။

ထိုစဥ်မှာပင်..

ဝုန်း... ဝုန်း... ဝုန်း..

ကြောက်မက်ဖွယ် ခြေသံများ ထွက်လာပြီး နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း ရှိနေသည့် တောင်တစ်ခုလုံးလည်း ရုတ်တရက် တုန်ခါလာ၏။

ထို့နောက်တွင်ကား... အရပ်ကိုးပေကျော်ခန့် ရှည်လျားပြီး တစ်ကိုယ်လုံး သွေးများပေနေသည့် ဧရာမလူကြီး သုံး ၊လေး ဆယ်ခန့် တစ်လှမ်းချင်း လျှောက်လာကြသည်။

" သွေးနီရုပ်သေး သခင်ကြီးတို့ ၊ ဒီနေ့မှာ ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ပြဿနာကြီးတစ်ခုနဲ့ ကြုံနေရပါတယ်။ ကျေးဇူးပြုပြီးတော့ ကျုပ်တို့နဲ့ ပူးပေါင်းပြီး အပြင်ကလာတဲ့ ရန်သူတွေကို တိုက်ခိုက်ပေးပါ "

ခပ်လှမ်းလှမ်းတွင် ရှိနေသော အကြီးအကဲက ဧရာမလူထွားကြီးများအား ကြောက်ကြောက်လန့်လန့်ကြည့်ရင်း အသံတုန်တုန်ဖြင့် ပြောလိုက်၏။

သို့သော်..

ဝုန်း... ဝုန်း... ဝုန်း..

ထိုလူထွားကြီးများက သူ့အား မည်သို့မှ မတုန့်ပြန်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားကြသည်။

နောက်ဆုံးတွင်မှ လူထွားကြီးတစ်ယောက်က နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသား တစ်ယောက်ရှေ့တွင် ရပ်လိုက်၏။

" သခင်ကြီး... ."

ထိုလူငယ် လန့်သွားပြီး အထိတ်တလန့် ခေါင်းမော့ကြည့်လိုက်သည်။

လူထွားကြီးက လက်ဆန့်ထုတ်လာကာ လူငယ်အား ဖမ်းဆုပ်လိုက်၏။

" ဟင်... သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့ ကျုပ်ကို လွှတ်ပေးပါဗျာ "

လူငယ် ကြောက်လန့်တကြား အော်လိုက်သည်။

သို့သော်... ထိုစဥ်မှာပင်..

လူထွားကြီးက လူငယ်အား ပါးစပ်ထဲပစ်ထည့်ကာ သုံးလေးကြိမ်မျှ ဝါးပြီး မျိုချလိုက်ပါ၏။

" ဒါ... "

ထိုမြင်ကွင်းကို ကြည့်နေသော နျိုထျဲ့ချူတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

၎င်းက ဘာတွေပါနည်း..

ထိုလူထွားကြီးများက လူသားစားရုံမက..

ကိုယ့်လူကိုယ်ပင် ပြန်စားနေသတဲ့လား ။

ထိုအချိန်မှာပင် အခြားလူထွားကြီးတစ်ယောက်က နျိုထျဲ့ချူအား မြင်သွား၏။

၎င်း၏ သွေးနီရောင်မျက်လုံးများ ချက်ချင်းအရောင်လက်သွားကာ သူမဆီသို့ အော်ဟစ်ပြီး ပြေးဝင်လာသည်။

" ဟင်... ထွက်သွားစမ်း ငါ့ရှေ့ကနေ "

နျိုထျဲ့ချူမှာလည်း ချက်ချင်းလှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူမလက်ထဲမှ တင်းပုတ်ကြီးဖြင့် ရိုက်ချလိုက်သည်။

သို့သော်..

ဘုန်း...

တင်းပုတ်ကြီးက တဖက်လူထွားကြီး၏ ခေါင်းကို ရိုက်မိသွားသည့်တိုင် လူထွားကြီးမှာ အနောက်ဘက် ပေအနည်းငယ်မျှသာ ဆုတ်သွားရပါသည်။

" ဘယ်လိုဖြစ်ပြီးတော့... ."

နျိုထျဲ့ချူ တုန်လှုပ်သွားရ၏။

သူမ သုံးလိုက်သော သိုင်းကွက်၏အစွမ်းမှာ သာမာန်ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်သော်လည်း..

တဖက်လူထွားကြီးက လုံးဝ ဂရုမစိုက်ဘူးတဲ့လား ။

၎င်းက မည်သို့သော ဘီလူးမျိုးပါနည်း ။

ဝါး..

ထိုစဥ်မှာပင် လူထွားကြီးက သူ့ဧရာမ ပါးစပ်ကြီးကို ဟကာ နျိုထျဲ့ချူအား ကိုက်လာ၏။

" နဂါးအသွင်ပြောင်းခြင်း "

နျိုထျဲ့ချူ ညာသံပေးအော်ဟစ်ပြီး နဂါးအသွင်ပြောင်းခြင်းကို စလိုက်သည်။

All Chapters