နတ်ဘုရား သွေးဆက်
Vol. 37 Ch. 509
တာအိုသခင်ကြီး ထျန်းလုံ၏ အကြံမှာ ရိုးရှင်းပါသည်။
မည်သို့ပင်ဆိုစေ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသည် ထျန်းယွမ်ကမ္ဘာ၏ မြင့်မြတ်နယ်မြေဂိုဏ်းတစ်ခုပင် ။
လက်ရှိတွင် ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုက အရေးကြီးဆုံးဖြစ်နေရာ အကယ်၍ သူတို့သာ ထျန်းယွမ်ကမ္ဘာဘက်မှ တိုက်ခိုက်မည်ဆိုပါက သူတို့အသက်ကို သနားညှာတာပေးခြင်းမှာ သဘာဝကျပါ၏။
လောထျန်းအနေဖြင့်လည်း ထိုကိစ္စအား ငြင်းပယ်မည် မထင်ပါချေ။
သို့သော် မျှော်လင့်မထားစွာပင် မင်ဒုံက လှောင်ပြုံးဖြင့် ပြောလာ၏။
" သခင်ကြီး ထျန်းလုံ.. နောက်နေတာများလားဗျာ။ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုက ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းနဲ့ ဘာများ ပတ်သက်လို့လဲ။ ကျုပ်တို့က ဘာလို့ အဲ့ဒါကို တိုက်ခိုက်မယ်လို့ ကျိန်ရမှာလဲ "
" ပြီးတော့ ကျုပ်တို့အတွက်တောင် သိဒ္ဓိဝင်ဆေးတွေ မလောက်တာ ။ ခင်ဗျားတို့ကို ပေးစရာ ဘာအကြောင်းမှ မရှိဘူး "
" နောက် ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို စစ်ဆေးမယ့်ကိစ္စက ပိုတောင် ရယ်စရာကောင်းသေးတယ်။ ကျုပ်တို့ဂိုဏ်းကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ စျေးများ မှတ်နေလား "
သခင်ကြီးထျန်းလုံ မျက်မှောင်ကြုံ့ကာ ထပ်ပြောလိုက်၏။
" ဒါဆို ကျုပ်တို့ပြောတဲ့ အချက်သုံးချက်လုံးကို သဘောမတူဘူးပေါ့ "
မင်ဒုံက ပြန်ရွတ်သည်။
" ဘယ်ဆိုးလို့လဲ.. နားလည်သားပဲ "
တာအိုသခင်ကြီး ထျန်းလုံက သက်ပြင်းချပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
" သခင်လေး လောထျန်းပဲ ဆုံးဖြတ်ပါတော့ဗျာ "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ခုနက သခင်ကြီး ထျန်းလုံက ခင်ဗျားကို အခွင့်အရေး တစ်ကြိမ်ပေးခဲ့တယ်နော်။ ဒါပေမယ့် ခင်ဗျားက အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူးဆိုတော့ ကျုပ်ဘက်ကလဲ ယဥ်ကျေးမနေတော့ဘူး။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို ဒီနေ့ ဖျက်ဆီးပစ်ရမယ် "
" ဟင်.. မင်းဘာပြောလိုက်တာလဲ ကောင်လေး "
ဤတစ်ကြိမ်တွင်မူ ဂိုဏ်းချုပ်ကြီး မင်ဒုံက မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် ဘိုးဘေး ၇ က ဒေါသတကြီး ဝင်ပြောလာသည်။
သူ လောထျန်းအား လက်ညိုးတထိုးထိုးဖြင့် ဆက်ပြော၏။
" ကောင်လေး .. မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ် ။ မင်းကို ငါ သတ်ပေးမယ် "
သူ ထိုသို့ပြောလိုက်ချိန်၌ လူများ အံ့သြမှင်သက်သွားကြပါသည်။
ဖေးစစ်နန်မှာ လောထျန်းကြောင့် ဒဏ်ရာရသွားခဲ့ပြီး လောထျန်း၏ အစွမ်းအကြောင်းကို သေချာသိထားသူ မဟုတ်ပါလား။
အစောက ကျွင့်မိသားစု အိမ်တော်တွင်လည်း သူက လောထျန်းကို မြင်သည်နှင့် ဘာမှမလုပ်ရဲဘဲ ချက်ချင်းနောက်လှည့်ပြေးသွားခဲ့သေးပါ၏။
ထိုသို့သော လူတစ်ယောက်က ယခု အဘယ့်ကြောင့် မောက်မာနေရပါသနည်း။
" အဲ့လိုလား.. ၊ ဒီလိုဆိုတော့လဲ မင်းကို အရင်သတ်ရတာပေါ့ကွာ "
လောထျန်း၏ မျက်လုံးများ ချက်ချင်းအေးစက်သွားကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" ဟား ဟား.. ငါ့ကိုသတ်မယ် ဟုတ်လား ၊ ကောင်လေး .. မင်း တကယ်ကို အသက်ဆက်မရှင်ချင်တော့ဘူးပဲ "
ဘိုးဘေး ၇ ကလည်း လှောင်ပြုံးဖြင့် လောထျန်းဆီသို့ လျှောက်လာ၏။
မင်ဒုံမှာလည်း လောထျန်းကဲ့သို့ လူငယ်တစ်ယောက်အား ပုရွက်ဆိတ်တစ်ကောင်ဟုသာ မြင်ပြီး သိပ်ဂရုမစိုက်လှပါချေ။
ထိုသို့သော ကောင်လေးတစ်ယောက်ကို သတ်ရန်မှာလည်း သူတို့ဘိုးဘေး ၇ အတွက် ခက်ခဲမည်မဟုတ်ပါ။
ဘုန်း..
မကြာမီမှာပင် လောထျန်းတို့နှစ်ယောက်ကြားမှ အသံကျယ်တစ်သံ ထွက်လာသည်။
" ကဲ.. အရင်ဆုံး တစ်ယောက်စီပဲ ရှင်းကြတာပေါ့ ။ အခု ကျုပ်နဲ့ ဘယ်သူတိုက်ခိုက်ချင်လဲ "
မင်ဒုံက လောထျန်းတို့ဘက် လှည့်ပင်မကြည့်ဘဲ သခင်ကြီး ထျန်းလုံနှင့် ချင်းဝူချုံတို့ကိုသာ ကြည့်၍ ဆိုလိုက်သည်။
သို့သော် ချင်းဝူချုံက ရှက်နေသော မျက်နှာဖြင့် ပြောလာ၏။
" မင်ဒုံ.. နောက်လေးဘာလေးလဲ လှည့်ကြည့်လိုက်ပါဦးကွာ "
" နောက်လှည့်ရမယ်.. ဟုတ်လား ။ ဂုဏ်သိက္ခာကြီးလှတဲ့ ဝူလျန်နန်းတော် ဂိုဏ်းချုပ်ကြီးက လူတွေကို လှည့်ကွက်နဲ့ နောက်လှည့်ခိုင်းပြီးမှ အလစ်တိုက်ခိုက်တော့မလို့လား "
မင်ဒုံက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ချင်းဝူချုံမှာ မည်သို့ပြန်ပြောရမည် မသိဘဲ ဆွံ့အသွားပါ၏။
သူ့ဘေးမှ ယောင်ချီ နတ်ဘုရားသခင်မကြီးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလာသည်။
" သခင်ကြီးမင် ၊ အနောက်ကိုသာ လှည့်ကြည့်လိုက်ပါ "
" ဟင်... "
မင်ဒုံ မျက်မှောင်ကြုံ့သွား၏။ နှစ်ယောက်လုံးက ထိုသို့ ပြောနေသည့်အတွက် သူ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်တော့သည်။
ထို့နောက်တွင်မူ... မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံး တောင့်ပြီး ကြက်သေသေသွားကာ နေရာ၌သာ ငူငူကြီး ရပ်နေတော့၏။
တိုက်ပွဲတွင် သေသွားခဲ့သင့်သော လောထျန်းမှာကား... လေထဲရပ်လျက် ရှိနေပါသည်။
သူက သူတို့၏ ဘိုးဘေး ၇ အား လည်မျိုမှ ဖမ်းဆုပ်ပြီး လေထဲမြှောက်ထားသေး၏။
မင်ဒုံမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်တုန်လှုပ်သွားတော့သည်။
သူတို့၏ ဘိုးဘေး၇မှာ ရထားသည့် ခန္ဓာကိုယ်အခွံကြောင့် သူ့ထက် မဆိုစလောက်သေးသာ အစွမ်းနိမ့်ပါသည်။
ထိုသို့သော အစွမ်းထက် လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် ဖမ်းချုပ်ထားလိုက်နိုင်သတဲ့လား ။
" သေစမ်းကွာ.. "
ထိုစဥ် တဖက်မှ လောထျန်းက ဖေးစစ်နန်အား ဖမ်းဆုပ်ထားသော လက်ထဲသို့ အစွမ်းများ ထုတ်လွှတ်လိုက်၏။
ဝုန်း..
ဘိုးဘေး၇ ၏ ခန္ဓာကိုယ်မှာ လောထျန်း၏ လက်ထဲမှာပင် သွေးမှုန်များအဖြစ် ချက်ချင်းပေါက်ကွဲထွက်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီး... "
မင်ဒုံ ပိုပို၍ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
ထိုလူက မည်သူပါနည်း..
အဘယ့်ကြောင့် ဤမျှအစွမ်းထက်နေရပါသနည်း..
သို့သော် ထိုစဥ်မှာပင်..
ဝှစ်..
ဘိုးဘေး၇၏ ပြိုကွဲသွားသော ခန္ဓာကိုယ်မှ အမည်းရောင်အငွေ့များ ထွက်လာကာ မင်ဒုံ၏ ကိုယ်ပေါ်သို့ တွယ်တက်လာသည်။
" မင်ဒုံ.. အဲ့ကောင်လေးက ထူးဆန်းတယ်ကွ။ သချ်ိုင်းဂူကို မြန်မြန်သွားပြီးတော့ ဟိုအဘိုးကြီးတွေ အကုန်လုံးကို ခေါ်ထုတ်လာတော့ "
အမည်းရောင်အငွေ့ထဲမှ ဘိုးဘေး၇ ၏ အသံထွက်လာသည်။
ထိုမြင်ကွင်းကို ကြည့်နေသော သခင်ကြီးထျန်းလုံက ရုတ်တရက် အလန့်တကြား ပြောလာ၏။
" မင်း.. မင်းက ဖေးစစ်နန် မဟုတ်ဘူးပဲ ။ မင်း ဘယ်သူလဲ "
ဘိုးဘေး၇ က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" ဟား ဟား.. ငါ ဘယ်သူဆိုတာ မင်းသိဖို့ မထိုက်တန်ပါဘူးကွာ "
သူက ထိုသို့ပြောပြီးသည်နှင့် မင်ဒုံဘက် လှည့်ပြီး ဆက်ပြော၏။
" သွားကြစို့... မြန်မြန်သွားကြရအောင် "
မင်ဒုံလည်း အသိဝင်လာကာ ချက်ချင်း လှည့်ပြေးလိုက်သည်။
" သခင်လေးလောထျန်း ၊ သူတို့နောက်ကို လိုက်ရအောင် "
တာအိုသခင်ကြီး ထျန်းလုံက ပြော၏။
လောထျန်း ခေါင်းယမ်းလိုက်သည်။
" မလိုပါဘူးဗျာ။ သူတို့တွေ လွတ်နိုင်မှာမှ မဟုတ်တာ။ အရင်ဆုံး ဂိုဏ်းထဲဝင်ပြီး ဓားပြတိုက်... အဲ... စစ်ဆေးကြည့်ကြတာပေါ့ "
သူ့စကားကို ကြားသည်နှင့် ကျန်လူများ ခေါင်းညိတ်လိုက်ကြပြီး လူအုပ်ကို ဦးဆောင်၍ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းထဲသို့ ဝင်သွားကြတော့သည်။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ လူများမှာလည်း စစချင်းတွင် အချိန်အတန်ငယ်ကြာသည်အထိ ခုခံခဲ့ကြပါသေး၏။
သို့သော် တဖက်မှ တိုက်ခိုက်လာသည့် လူအုပ်အင်အားမှာ ကောင်းလွန်းလှသဖြင့် သူတို့ ဆက်မခုခံနိုင်ကြတော့ပေ။
ဤသို့ဖြင့် မကြာမီမှာပင် အားလုံးက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အဓိက ခန်းမဆောင်ရှေ့သို့ ရောက်လာခဲ့ကြသည်။
" ဟင်... သွေးနံ့တွေ လှိုင်နေတာပဲ "
သူတို့ ရောက်ရောက်ချင်းမှာပင် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိထားမိလိုက်ကြ၏။
ဤနေရာ၌ ထူးဆန်းစွာပင် သွေးနံ့များ အလှိုင်နေပါသည်။
ထိုစဥ် ရုတ်တရက်.. ယောင်ချီဂိုဏ်းဝင် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံ ထွက်လာ၏။
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။
ထိုအမျိုးသမီးက ခန်းမဆောင် နံရံတစ်ခုကို ညွှန်ပြရင်း အထိတ်တလန့် အော်၏။
" ဟိုမှာ... အထဲကို ကြည့်လိုက်ဦး "
အားလုံး ကြည့်လိုက်ကြရာ ခန်းမအတွင်း နံရံတစ်ဖက်တွင် မရေမတွက်နိုင်သော အလောင်းများ ပုံနေသည်ကို တွေ့လိုက်ရသည်။ ထိုသူများအားလုံး၏ ကျင့်ကြံခြင်းအဆင့်ကလည်း အလွန်နိမ့်ဟန် တူပါ၏။
ထိုသူများမှာ မသေခင်တွင် ဆိုးရွားလှသော နာကျင်မှုမျိုးကိုလည်း ခံစားခဲ့ရဟန်တူသည်။ သူတို့ကိုယ်ထဲမှ သွေးများအားလုံးလည်း ဖောက်ထုတ်ခြင်း ခံထားရပြီး ထိုသွေးများအားလုံးကို ခန်းမအလယ်ရှိ ဧရာမအိုးကြီးတစ်ခုထဲတွင် ထည့်ထား၏။
" အဲ့ဒါ ဘာကြီးလဲ "
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်ကုန်ကြသည်။
ထိုစဥ် လူတစ်ယောက်က သူတို့ဖမ်းထားသော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသား တစ်ယောက်အား ဆွဲခေါ်လာပြီး မေး၏။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားမှာ မျက်နှာသွေးဆုတ်ဖြူရော်သွားပြီး ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။
" အဲ့ဒါ.. အဲ့ဒါက နတ်ဘုရားသွေး ပညာရပ်ကို လေ့ကျင့်ဖို့ လိုတဲ့ပစ္စည်းတွေပါ.. "
" နတ်ဘုရားသွေးအစွမ်း... လေ့ကျင့်ဖို့ပစ္စည်းတွေ... "
အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ထို့နောက် သူတို့အားလုံး နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားအား အတင်းဆက်မေးပြီး နောက်မှသာ မည်သို့ ဖြစ်ပျက်နေသည်ကို သိလိုက်ရတော့သည်။
ထိုဂိုဏ်းသား၏ အပြောအရ သူတို့နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းတွင် ထူးခြားသော နတ်ဘုရားသွေးမျိုးဆက် ရှိထားသည် ဆိုပါ၏။
ထိုသွေးမျိုးဆက်အတွက် ခန္ဓာကိုယ်ကျင့်စဥ်ကို အဓိက ကျင့်ကြံရသည်ဟုလည်း ဆိုသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ်ကျင့်စဥ်မှာ ပုံမှန်မဟုတ်ဘဲ ထူးခြားပြီး ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် လူများ၏သွေးအစွမ်းကို စုပ်ယူရန် လိုအပ်ပါ၏။
ယခု ခန်းမထဲ ရှိနေသည့် အလောင်းများမှာကား နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းအနီးနားတွင် နေထိုင်ကြသည့် သာမာန်အရပ်သားများ ဖြစ်ကာ ကျင့်ကြံခြင်းတွင် အသုံးပြုရန်အတွက် ဖမ်းခေါ်ခံခဲ့ကြရခြင်း ဖြစ်သည်။
" ဒေါသထွက်စရာ ကောင်းလိုက်တာ.. ဘယ်လိုကြောင့် အဲ့လိုလုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ "
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ဒေါသကြောင့် အသားများပင် တုန်နေတော့သည်။
ချင်းဝူချုံနှင့် သခင်ကြီး ထျန်းလုံတို့မှာလည်း မျက်မှောင်ကြုံ့နေကြ၏။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ လုပ်ရပ်မှာ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုထက်ပင် သာ၍ ဆိုးနေပေသည်။
ယခုအတိုင်းဆိုပါက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို
ယနေ့အပြီး ဖျက်ဆီးပစ်ရပေလိမ့်မည်။
သို့သော် ထိုအချိန်မှာပင်..
" ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်ကြီးတို့ရယ်။ ကျုပ်က နတ်ဘုရားသွေးအစွမ်းကို လေ့ကျင့်တဲ့သူ မဟုတ်ပါဘူး။ ဒီအလောင်းတွေကလဲ ကျုပ်နဲ့ ဘယ်လိုမှမပတ်သက်ပါဘူးဗျာ။ ကျုပ်ပြောတာကို မယုံဘူးဆိုရင် ကျုပ်ကိုပဲ သေချာကြည့်လိုက်ပါ။ ကျုပ်က အရမ်းကိုအစွမ်းနိမ့်ပါတယ် "
နတ်ဘုရားစိတ်ဝိဥာဥ် ဂိုဏ်းသားတစ်ယောက်၏ ငိုယိုတောင်းပန်သံ ထွက်လာ၏။
တဖက်လူများ သေချာကြည့်လိုက်ရာ ထိုလူက အမှန်တကယ်လည်း ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် မဟုတ်သည်ကို တွေ့လိုက်ရသည်။
သို့သော် ထိုအချိန်တွင်..
" မင်းက နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံတဲ့သူ မဟုတ်ပေမယ့် အဲ့လူတွေထက်တောင် ပိုမုန်းစရာ ကောင်းသေးတာလေ "
လောထျန်းက ရုတ်တရက် ပြောလာ၏။
" ဟင်.. သခင်လေးလောထျန်းပြောတာ ဘာအဓိပ္ပါယ်လဲဗျ "
သခင်ကြီးထျန်းလုံ မေးလိုက်သည်။
လောထျန်းက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ လူကိုကြည့်ရင်း အေးအေးဆေးဆေး ပြန်ပြော၏။
" မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက အစွမ်းထက်ပေမယ့် အရမ်းရှုပ်ထွေးတယ်။ မင်း အဲ့အစွမ်းတွေကို ကျင့်ကြံခြင်းနဲ့ ရခဲ့တာမဟုတ်မှန်း အသိသာကြီးပဲ။ ပြီးတော့ ခုနကပြောတဲ့အတိုင်းဆိုရင် မင်းတို့ဂိုဏ်းသားတွေက လူတွေရဲ့ သွေးအစွမ်းကို စုပ်ယူပြီး ကျင့်ကြံကြတာလေ ။ အဲ့တော့... မင်းကလဲ လူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဝါးမြိုပြီး ကျင့်ကြံနေတာ မဟုတ်လား "