အချက် သုံးချက်
Vol. 37 Ch. 508
မင်ဒုံ မျက်နှာအနည်းငယ် ပျက်သွားကာ ပြော၏။
" မိန်းကလေးကို ကျုပ်တို့ ဂိုဏ်းဆီ ခေါ်လာမလို့ပါပဲဗျာ။ ဒါပေမယ့် ဘိုးဘေးရဲ့ ခန္ဓာကိုယ်အခွံဖြစ်တဲ့ ဖေးစစ်နန်က အသုံးမကျတော့ အစီအစဥ် ပျက်သွားခဲ့ရတယ် ။ ပြီးတော့ မင်ထျန်းဟွေ့လဲ အထဲမှာ ပိတ်မိနေတယ်ဗျ "
နံပါတ်၇ ဘိုးဘေး မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ငါ သဘောပေါက်ပြီ ။ ဒါပေမယ့် အဲ့ကလေးမရဲ့ ခန္ဓာကိုယ်ကို မရရအောင် ယူဖို့ ငါတို့ ဆုံးဖြတ်ထားပြီးသားလေ။ ဟို မင်ထျန်းဟွေ့ကတော့ သိပ်အရေးမကြီးပါဘူး ။ မင်းကလဲ အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာဆိုတော့ နောက်ကျရင် မင်းလိုချင်သလောက် ထပ်ရနိုင်သေးပါတယ် "
မင်ဒုံက စကားများစွာ ပြောမနေဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
နံပါတ်၇ ဘိုးဘေးက စကားဆက်၏။
" လက်ထပ်ကြောင်းလမ်းတဲ့ အစီအစဥ်လဲ ပျက်သွားပြီဆိုတော့ လူကိုပဲ ဒီတိုင်းအတင်းဖမ်းခေါ်ကြရုံပေါ့ကွာ "
" လူကို ဖမ်းခေါ်မယ်... အဲ့ဒါက စွန့်စားလွန်းရာ ကျမနေဘူးလားဗျာ "
မင်ဒုံ မျက်မှောင်ကြုံ့သွားသည်။
နံပါတ်၇ ဘိုးဘေးက သူ့အား တစ်ချက်ကြည့်ပြီး ပြန်ပြော၏။
" မင်ဒုံ ၊ မင်းက ဂရုစိုက်စရာ မလိုတာတွေကို တယ်ပြီးဂရုစိုက်တာပဲကွာ။ သေချာလဲ စဥ်းစားကြည့်ပါဦး ၊ အခု နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ မသေမျိုးအဆင့်အစွမ်းမျိုး ရှိတဲ့ မင်းရော ၊ ငါရော ရှိနေပြီလေ။ ပြီးတော့ အခုလက်ရှိ ယောင်ချီရဲ့ နတ်ဘုရားသခင်မလဲ အစွမ်းနိမ့်တဲ့သူပါ "
" တကယ်လို့ ငါတို့သာ အင်အားကြီးတဲ့ တပ်ဖွဲ့တစ်ခုခေါ်ပြီးတော့ သူတို့ဆီသွားပြီး ခြိမ်းခြောက်လိုက်ရင် သူက ဘာမဟုတ်တဲ့ မိန်းကလေးတပည့်မလေး တစ်ယောက်အတွက်နဲ့ ငါတို့နဲ့ စစ်ပွဲအဖြစ်ခံမယ် ထင်လို့လား။ တကယ်လို့ စစ်ပွဲဖြစ်သွားရတယ် ဆိုရင်တောင် ငါတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ လက်ရှိအစွမ်းနဲ့ဆို ယောင်ချီကို ဖျက်ဆီးဖို့ အဲ့လောက်မခက်ပါဘူးကွာ "
မင်ဒုံ ခေတ္တမျှ စဥ်းစားနေပြီးနောက် သူတို့၏ နံပါတ်၇ ဘိုးဘေးပြောသည်မှာ မှန်သည်ဟု ခံစားမိလိုက်သည်။
သူသည်လည်း ယောင်ချီနတ်ဘုရားသခင်မကြီးနှင့် ရင်ဆိုင်ခဲ့ဖူးသည် မဟုတ်ပါလား။
ထိုအမျိုးသမီးမှာ ကိုယ်ပိုင်အတွေးအခေါ် ၊ အယူအဆ မရှိသည့် သူတစ်ယောက်ဖြစ်ကာ.. သူ့လက်အောက်ငယ်သားများက ရုပ်သေးတစ်ရုပ်လို ကြိုးဆွဲခြင်းကို ခံနေရသူပင် ။
သို့ဖြစ်ရာ နံပါတ်၇ဘိုးဘေး ပြောသည့်အတိုင်း လိုက်လုပ်ပါက အောင်မြင်နိုင်ချေ ရှိပေသည်။
" ကောင်းပါပြီ ၊ ဒါဆို ဘိုးဘေးပြောသလိုပဲ လုပ်ကြတာပေါ့ဗျာ "
မင်ဒုံ ဦးညွှတ်၍ ဆိုလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ..
ဝုန်း..
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ တံခါးပေါက် အပြင်ဘက်မှ အသံကျယ်တစ်သံ ရုတ်တရက် ထွက်လာ၏။
" ဟင်... ဘာတွေ ဖြစ်နေတာလဲ.. "
ခန်ူမထဲတွင် ရှိနေကြသော လူနှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ခဏအကြာမှာပင် ဂိုဏ်းသားတစ်ယောက်က ဒရောသောပါး ပြေးဝင်လာ၏။
" ဂိုဏ်းချုပ်ကြီး ၊ မကောင်းတာတစ်ခုခုတော့ ဖြစ်နေပြီဗျ ။ ရန်သူတွေ ကျုပ်တို့ဂိုဏ်း တံခါးပေါက်ကို ကျူးကော်ဝင်နေကြတယ် "
ထိုဂိုဏ်းသားက အော်ပြောသည်။
မင်ဒုံ မျက်မှောင်ကြုံ့သွား၏။
" ဂိုဏ်းရဲ့ တံခါးပေါက်ကို တိုက်ခိုက်နေတယ်.. ဟုတ်လား ။ အဲ့လောက်အတင့်ရဲတာ ဘယ်ကောင်လဲ။ တံခါးပေါက်ကရော ပျက်စီးသွားသေးလား "
ဂိုဏ်းသား တပည့်က မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောသည်။
" တံခါးပေါက်.. .. မရှိတော့ဘူးဗျ "
" ဘာပြောလိုက်တယ်... "
မင်ဒုံတစ်ယောက် ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။
တဖက်ဂိုဏ်းသားက မျက်နှာငယ်လေးဖြင့် ဆက်ပြော၏။
" အဲ့လူအုပ်က တံခါးအပြင်ဘက်က အစီအမံအကာအကွယ်ကို ဖျက်ဆီးလိုက်ပြီးတော့... တံခါးကိုပါ တစ်စစီဖြစ်အောင် ဖြုတ်ယူသွားကြတာ "
တစ်စစီ ဖြုတ်ယူသွားသတဲ့လား..
မင်ဒုံမှာ သူ့နားသူပင် မယုံနိုင် ဖြစ်သွားရသည်။
မြင့်မြတ်နယ်မြေ ဂိုဏ်းတစ်ခုအတွက် သူတို့၏ ဝင်ပေါက်တံခါး ပျက်စီးသွားရခြင်းမှာ အလွန်အရှက်ရစရာကောင်းသည့် ကိစ္စကြီး တစ်ခုပါပင် ။
သို့သော်.. ယခုတွင်ကား တဖက်လူများက တံခါးပေါက်ကို ဖျက်ဆီးရုံတင်မက.. ဖြုတ်၍ပင် ယူသွားသတဲ့.. ။
ဤမျှ အရှက်ရစရာ ကောင်းလိုက်ပါသနည်း..
ထိုသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ဂုဏ်သတင်းမှာလည်း ရေစုန်မျောရပေတော့မည်။
" ဘိုးဘေး ၇ ၊ ကျုပ်တို့ အပြင်ထွက်ပြီး သွားကြည့်ရအောင်ဗျာ "
မင်ဒုံ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
ဘိုးဘေး၇ ကလည်း ခေါင်းညိတ်၏။
" ကောင်းပြီလေ ၊ အဲ့လောက် ရဲတင်းတာ ဘယ်ကောင်လဲဆိုတာ ငါလဲ သိချင်နေတာ "
သူတို့နှစ်ယောက် ပြောပြောဆိုဆိုပင် ဂိတ်တံခါးဆီ
သို့ လျှောက်သွားလိုက်ကြသည်။
ထိုအချိန်တွင် တံခါးပေါက် အပြင်ဘက်၌..
" မင်းတို့တွေ ဘာရခဲ့လဲ "
ချင်းဝူချုံက သူ့လူများဘက် ကြည့်၍ မေးလိုက်သည်။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ဝင်ပေါက်တံခါးကို လုပ်ထားသော အရာမှာ မသေမျိုးလက်နက်များကို ပြုလုပ်ရာတွင်သုံးသည့် ဖေးရှင်ကျောက်စိမ်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း အကာအကွယ်အစီအမံ ပျက်သွားသည်နှင့် ချင်းဝူချုံက သူ့လူများအား တံခါးပေါက်ကို ဖြုတ်ယူရန် လွှတ်လိုက်ခြင်းပင် ။
ထိုကျောက်စိမ်း အနည်းငယ်မျှကို ရလိုက်လျှင်ပင် သူတို့အတွက် အကျိုးအမြတ် ဖြစ်သွားပေမည်။
သို့သော် သူ့ရှေ့ရှိ ဝူလျန်ဂိုဏ်းသားက မျက်နှာငယ်လေးဖြင့် ပြောလာ၏။
" ကျုပ်တို့ ဘာမှ မရခဲ့ပါဘူး ဂိုဏ်းချုပ်ကြီး "
" ဟင်... ဘယ်လိုဖြစ်ပြီး မရခဲ့တာလဲ ။ မင်းတို့လူတွေ ဒီလောက်များတာကို "
ချင်းဝူချုံ အနည်းငယ် အံ့အားသင့်သွားရသည်။
တဖက်လူက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောရှာ၏။
" လူများလဲ အသုံးမဝင်ဘူးဗျ။ ဟို ပျောင်ပိုင်မြို့သားတွေက လူတွေကို မဟုတ်တာ။ သူတို့ရဲ့ ပစ္စည်းတွေဖြုတ်ပြီး သိမ်းသွားတဲ့ အမြန်နှုန်းက တကယ်ကို မယုံနိုင်စရာပဲ။ ကျုပ်တို့ သူတို့ကို ဘယ်လိုမှ လိုက်မမှီဘူးဗျာ။ ဂိုဏ်းချုပ်ကြီးချင်း ၊ ကျုပ် ထင်တာတော့ ဒီပျောင်ပိုင်မြို့သားတွေက ဂိုဏ်းတွေကို အဲ့လိုဖျက်ဆီးတဲ့အလုပ်ကို နေ့တိုင်း လုပ်နေကြတာလား မသိဘူး "
" ဟင်... "
ချင်းဝူချုံ အံ့သြမှင်သက်သွားရတော့သည်။
သူ လောထျန်းအား တစ်ချက်လှမ်းကြည့်ကာ ပြန်ပြောလိုက်၏။
" မဖြစ်နိုင်တာ... အဲ့အလုပ်ကို အထူးပြုပြီး လုပ်တဲ့သူ ဒီကမ္ဘာမှာ ဘယ်သူရှိလို့လဲ။ မင်းတို့ လျှောက်ပြီး အတွေးလွန်တာ နေမှာပါ။ ကဲ.. အားလုံးနားထောင်ကြဟေ့။ အခု ပြီးခဲ့တဲ့ကိစ္စကို မေ့ထားလိုက်တော့။ ခဏနေ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ ရတနာတိုက်ထဲကိုဝင်ရင် အဲ့ထဲက မသေမျိုးအဆင့် သိုင်းကျမ်းတွေ ပါအောင်ယူလာခဲ့ကြနော်။ မပါရင် မင်းတို့အားလုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် "
တဖက်လူစုမှာ မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းငုံ့၍သာ ပြောလိုက်ရသည်။
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး "
ထိုအချိန်မှာပင်..
ဝုန်း..
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ပြောင်ရှင်းနေသော တံခါးပေါက်နေရာမှ အစွမ်းထက် အရောင်အဝါနှစ်ခု ထွက်လာ၏။
" ဟင်... "
တာအိုသခင်ကြီး ထျန်းလုံမှာ ထိုအရောင်အဝါကို အာရုံခံမိသည်နှင့် အံ့သြသွားကာ ချင်းဝူချုံနှင့် ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် လှည့်ကြည့်လိုက်သည်။
ထိုနှစ်ယောက်မှာလည်း နားမလည်နိုင် ဖြစ်နေကြပုံပင် ။
" ဘာဖြစ်လို့လဲ... "
လောထျန်းကလည်း တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိသွားကာ မေးလာ၏။
" သခင်လေး လောထျန်း ၊ အခု တောင်တံခါးပေါက်ကနေ ထွက်လာတဲ့ အရောင်အဝါက ထူးဆန်းတယ်ဗျ။ ကြည့်ရတာ ကမ္ဘာပေါ်က မသေမျိုးနှစ်ယောက်ရဲ့ အရောင်အဝါနဲ့ တူတယ် "
ချင်းဝူချုံ ပြောပြလိုက်သည်။
" အဲ့တော့ ဘာဖြစ်လို့လဲဗျ "
လောထျန်းမှာ နားမလည်နိုင် ဖြစ်နေဆဲပင် ။
ယောင်ချီ နတ်ဘုရားသခင်မကြီးက ချက်ချင်း ဝင်ရှင်းပြ၏။
" ပုံမှန်ဆို နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ ကမ္ဘာပေါ်က မသေမျိုးဆိုလို့ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး မင်ဒုံ တစ်ယောက်ပဲရှိတာ သခင်လေးရဲ့။ ဒါပေမယ့် အခုက အရောင်အဝါနှစ်ခုတောင် ပေါ်လာတာ။ ဒုတိယအရောင်အဝါကလဲ သူတို့ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါ တော်တော်ထူးဆန်းတယ်... "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို.. နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက သူတို့ရဲ့ အစွမ်းကို ဖုံးကွယ်ထားတာနဲ့တူတယ် "
အားလုံး မည်သို့မှ ပြန်မပြောဘဲ တံခါးပေါက်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ထိုအချိန်မှာပင်..
" ဘယ်သူက ငါတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ တံခါးပေါက်ကို ဖျက်ဆီးလိုက်တာလဲ။ ငါတို့ဂိုဏ်းနဲ့ တိုက်ခိုက်ချင်နေတာလား "
မင်ဒုံ၏ အသံလှိုင်းလုံးကြီး လိမ့်လာသည်။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အပေါ်ဘက် ကောင်းကင်ယံတွင်လည်း တိမ်တိုက်မည်းများ ဖုံးအုပ်လာကာ အချိန်မရွေး ပြိုကျတော့မည့်အသွင် ဖြစ်နေ၏။
" မင်ဒုံ ၊ မင်းတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်က ငါတို့ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်ပြီး ယွဲ့ယန်ကမ္ဘာသားတွေဘက်မှာ လက်နက်ချသွားခဲ့တာလေ ။ ဒါကြောင့်မို့ အခု ငါတို့က ထျန်းယွမ်ကမ္ဘာအတွက် တရားမျှတမှုကို လိုချင်လို့ လာခဲ့တာ "
တာအိုသခင်ကြီး ထျန်းလုံက အော်ပြောလိုက်သည်။
သူ ထိုသို့စကားလုံးကြီးကြီး ပြောလိုက်ရသည့် ရည်ရွယ်ချက်လည်း ရှိပါ၏။
" ဟမ့်.. "
မင်ဒုံ၏ အေးစက်စက်နှာခေါင်းရှုံ့သံ လေထဲမှ ထွက်လာသည်။
ထို့နောက်တွင်မူ..
ဝုန်း... ဝုန်း...
တံခါးပေါက်ရှေ့တွင် မင်ဒုံနှင့် နံပါတ် ၇ ဘိုးဘေးတို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာ၏။
ဝီ..
သူတို့ အနောက်ဘက်တွင်လည်း လေကိုခွင်း၍ လာနေသောအသံ ထွက်လာသည်။ သူတို့နှင့်အတူ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အခြားသူများ ပါလာကြသည်မှာ အသိသာပင် ။
" ဟင်.. ဖေးစစ်နန်ပါလား "
မင်ဒုံဘေးမှ လူကို မြင်သည်နှင့် ယောင်ချီနတ်ဘုရားသခင်မကြီး အနည်းငယ် အံ့အားသင့်သွားသည်။
သူမ မကြာသေးခင်ကပင် ဖေးစစ်နန်နဲ့ တွေ့ခဲ့သေးပါ၏။
ထိုစဥ်တွင် ဖေးစစ်နန်မှာ မသေမျိုးတစ်ယောက်၏ အရောင်အဝါ ရှိထားသည့်တိုင် လောထျန်းကြောင့် မတော်တဆ ဒဏ်ရာသွားခဲ့သဖြင့် သူ့စိတ်ဝိဥာဥ်အစွမ်း ထိခိုက်သွားခဲ့ကာ နာမကျန်း ဖြစ်နေပုံ ပေါက်နေခဲ့ပါသည်။
သို့သော် ယခု ရှေ့မှဖေးစစ်နန်မှာမူ နာမကျန်းဖြစ်နေပုံ လုံးဝ မပေါ်ရုံမက ၊ သူ့အရောင်အဝါကလည်း များစွာပင် တိုးလာခဲ့ပါ၏။
သူ့လက်ရှိအစွမ်းမှာ ဘေးမှ မင်ဒုံထက် နိမ့်ဟန်မတူပါချေ။
ဤမျှ အချိန်တိုလေးအတွင်းတွင် ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။
သူက အဘယ့်ကြောင့် ယခုကဲ့သို့ အစွမ်းပိုထက်လာရပါသနည်း။
ထိုစဥ် တဖက်မှ မင်ဒုံမှာလည်း ရောက်နေကြသည့် လူအုပ်ကို ကြည့်ကာ ခဖက်ချင်း မျက်မှောင်ကြုံ့သွားသည်။
" သခင်ကြီး ထျန်းလုံ ၊ ဂိုဏ်းချုပ်ကြီး ချင်း... နဲ့ ယောင်ချီ နတ်ဘုရားသခင်မကြီး... ခင်ဗျားတို့က
တကယ်ကို သုံးယောက်အတူတူ လာခဲ့ကြတာပဲ။ ကြည့်ရတာ ခင်ဗျားတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ကောင်းတဲ့ပုံ မပေါ်ဘူး ။ ခင်ဗျားတို့ ဘာလိုချင်တာလဲ ပြောပါ "
မင်ဒုံ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။
တာအိုသခင်ကြီး ထျန်းလုံက ချောင်းဟန့်၍ ပြန်ပြော၏။
" သခင်ကြီးမင် ၊ ကျုပ် ခုနကလဲ ပြောပြီးသားနော်။ ခင်ဗျားတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု ဖြစ်နေတဲ့အချိိန်မှာ ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်ပြီး ရန်သူ့လက်ထဲ အပ်ခဲ့တာလေ ။ အဲ့တော့ ထျန်းယွမ်ကမ္ဘာသားတွေဖြစ်တဲ့ ကျုပ်တို့အနေနဲ့ ရှင်းပြတာကို ကြားချင်တယ် "
" ရှင်းပြတာ.. ဟုတ်လား ၊ ဘယ်လို ရှင်းပြရမှာလဲ "
မင်ဒုံက အသံတည်ဖြင့် ပြန်မေးသည်။
သခင်ကြီး ထျန်းလုံက လောထျန်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြော၏။
" အဲ့ဒါက ရှင်းပါတယ်။ ကျုပ်တို့ပြောတဲ့ အချက်သုံးချက်ကို သဘောတူရုံပဲ "
" ပထမတစ်ချက်ကတော့ နောက်ခါ ဒီလိုမျိုးတွေ ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက်... ဂိုဏ်းချုပ်ကြီးဖြစ်တဲ့ သခင်ကြီးမင်ရော၊ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသားတွေအားလုံးရော ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုကို ကျုပ်တို့နဲ့အတူ ရင်ဆိုင်တိုက်ခိုက်ပါမယ်လို့ စိတ်ဝိဥာဥ်နဲ့ ကျိန်ဆိုရမယ် "
" ဒုတိယတစ်ချက်ကတော့ မင်းတို့ဂိုဏ်းရဲ့ သိဒ္ဓိဝင်ဆေးပင်ကို ပေးပါ "
" နောက် တတိယအချက်ကတော့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို စစ်ဆေးဖို့အတွက် ကျုပ်တို့အဖွဲ့တွေကို အထဲဝင်ခွင့်ပေးရမယ် "