← Chapters

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ နံပါတ် ၇ ဘိုးဘေး

Vol. 37 Ch. 507

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ နံပါတ် ၇ ဘိုးဘေး

Vol. 37 Ch. 507

" ရှိတာပေါ့ဗျာ ။ သခင်လေး ဆိုလိုတာက... "

ချင်းဝူချုံက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် စကားစသည်။

သူ့စကားကို ကြားသည်နှင့် လောထျန်း မျက်နှာချက်ချင်းတည်သွားပြီး ပြော၏။

" အဲ့လိုလား... ။ သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်က ယွဲ့ယန်ကမ္ဘာကို ထွက်ပြေးသွားတာနော် ။ ကျုပ်တို့ အဲ့ကိစ္စကို ဒီတိုင်းကြီး မလွတ်ပေးထားသင့်ဘူး မဟုတ်လား ။ ဒီကောင်တွေက ယွဲ့ယန်ကမ္ဘာနဲ့တောင် ပူးပေါင်းကြံစည်ထားကြသလား သံသယ ဝင်စရာပဲ "

ချင်းဝူချုံ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

" သခင်လေးပြောတာ မှန်တယ်ဗျ ။ ဒီကိစ္စကို လွတ်ထားပေးလို့တော့ မဖြစ်ဘူး "

တာအိုသခင်ကြီး ထျန်းလုံကလည်း မျက်မှောင်အနည်းငယ်ကြုံ့၍ ဝင်ပြောသည်။

" ဟုတ်တယ်ဗျ ။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက တကယ်ကို ပြဿနာပဲ ။ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု ရောက်မလာခင်မှာ ကျုပ်တို့တွေ ဒီပြဿနာကို ရှင်းထားရမယ် "

လောထျန်းမှာ ထိုနှစ်ယောက်၏ တုန့်ပြန်ပုံကြောင့် စိတ်ကျေနပ်သွားပြီး ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် လှည့်ကြည့်လိုက်၏။

" နတ်ဘုရားသခင်မကြီးရော ဘယ်လိုထင်လဲ... "

နတ်ဘုရားသခင်မကြီး ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ စကားစလိုက်သည်။

" ဒါက...... "

လောထျန်းက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းအား ဖျက်ဆီးပစ်ရန် ပြင်နေသည်ကို သူမ သဘောမပေါက်ဘဲ မနေပါချေ။

သို့သော် ၎င်းမှာ သူတို့ထျန်းယွမ်ကမ္ဘာ၏ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပါသည်။

ထျန်းယွမ်ကမ္ဘာ၌ မြင့်မြတ်နယ်မြေများ အဖျက်ဆီး မခံရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်၏။

ထိုအချိန်တွင် ချင်းဝူချုံက ရုတ်တရက် ပြောလာသည်။

" သခင်လေးလောထျန်း ၊ တကယ်လို့... နတ်ဘုရားစိတ်ဝိဥာဥ်ကို ဖျက်ဆီးပြီးသွားတဲ့အချိန်ကျရင်.. အဆောက်အဦးတွေ ဖျက်ဆီးတဲ့နေရာမှာ ကျုပ်တို့ ဝူလျန်နန်းတော်ရော ဝင်ကူပေးရမလားဗျာ.. "

ယခင် ကျွင့်မိသားစုနှင့် တိုက်ပွဲက သူ့အား အမြင်ပိုကျယ်အောင် လုပ်ပေးသလို ဖြစ်သွားခဲ့ပြီး .. နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ပိုင်ဆိုင်မှု အပိုင်းအစအချို့ကို သူ လိုချင်နေသည်မှာ အသိသာပါပင်။

အမှန်တွင်လည်း.. သူတို့ ဝူလျန်နန်းတော်သည် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည့်တိုင် ၊ ငွေရေးကြေးရေး မပြည့်စုံလှပါ။

အထူးသဖြင့် ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုနှင့် ရင်ဆိုင်ရာတွင် သဘာဝအရင်းအမြစ်များကို များနိုင်သမျှ များများ လိုအပ်ပါသည်။

လောထျန်းက ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဘေးတွင်ရှိနေသော တာအိုသခင်ကြီး ထျန်းလုံကလည်း ဝင်ပြော၏။

" သခင်လေး လောထျန်း ၊ ကျုပ်တို့ ထျန်းယွမ်ကျောင်းတော်ကလဲ ကူညီပါရစေဗျာ "

သူက ကူညီမည်ဟု ပြောသည့်တိုင် .. သူ့အတွေးထဲ မည်သို့ရှိသည်ကို အားလုံး နားလည်လိုက်ကြသည်။

" ရှင်တို့နှစ်ယောက်က.. တကယ်ကြီး... "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူ့နားသူပင် မယုံနိုင် ဖြစ်သွားရ၏။

ထျန်းယွမ်ကမ္ဘာတွင် အများ၏ လေးစားခြင်း ခံထားရသော အစွမ်းထက်ကျင့်ကြံသူ သခင်ကြီးနှစ်ယောက်က လောထျန်းတစ်ယောက် အခြားသူများ၏ အိမ်ကို ဖျက်ဆီးရာနောက်သို့ လိုက်ချင်သတဲ့လား။

ထိုသုံးယောက်အပေါ် မြင်သော သူမ၏အမြင်မှာလည်း ပြောင်းလဲတော့မလိုပါပင် ။

ထိုစဥ် တဖက်မှ လောထျန်းက ခေတ္တမျှစဥ်းစားနေပြီးနောက် ခေါင်းညိတ်၍ ပြောလာသည်။

" ဒါပေါ့... ။ ယောင်ချီ နတ်ဘုရားသခင်မကြီးရော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို ဖျက်ဆီးတဲ့ထဲ ပါချင်လား.. "

သူ့စကားကြောင့် နတ်ဘုရားသခင်မကြီး ခဏတာ တွန့်ဆုတ်သွားသည်။ ပြီးနောက်တွင်မူ သူမ ခေါင်းညိတ်၍ ပြောလာ၏။

" ပါမယ် သခင်လေး... "

အားလုံး : " .............. "

" ကဲ.. အားလုံး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတွေ ပြင်ပြီး နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို သွားကြစို့ဟေ့ "

တာအိုသခင်ကြီး ထျန်းလုံက အော်ပြောလိုက်သည်။

သူတို့နှင့် ပါလာသည့် အဖွဲ့များထဲတွင် အစီအမံသခင်ကြီး များစွာလည်း ပါလာရာ ထိုသူများက ကျွင့်မိသားစု၏ ယခင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံဟောင်းကို ပြန်ပြင်ခဲ့ရုံမက အခြားသော အစီအမံအသစ်များ ဆယ်ခုကျော်ခန့်ကိုလည်း အစီအရီ လုပ်လိုက်ကြသည်။

အားလုံး ပြီးနောက်တွင်မူ သူတို့လူစုက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ မျက်နှာမော့ ဝင်သွားပြီး ကျုံ့ကျိုးဒေသ၏ မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း​ဆီသို့ ဦးတည်သွားလိုက်ကြ၏။

ထိုအချိန်တွင် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း.. အဓိကခန်းမဆောင်ထဲ၌..

" ဖေးစစ်နန်.. မင်း ဘာပြောလိုက်တယ်. "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး မင်ဒုံက သူ့ရှေ့မှ ဖေးစစ်နန်အား စားမတတ် ဝါးမတတ် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

" ကျုပ် နောက်ကျသွားပါတယ်.. ဂိုဏ်းချုပ်ကြီး ။ ကျုပ် ရောက်သွားတဲ့အချိန်မှာ ကျွင့်မိသားစုက ဖျက်ဆီးခံလိုက်ရပါပြီ "

ဖေးစစ်နန်က တုန်တုန်ယင်ယင် ပြန်ပြော၏။

" မျိုးမစစ်ကောင်.. "

ဂိုဏ်းချုပ်ကြီး မင်ဒုံ ဝုန်းခနဲ ထရပ်လိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးတစ်ခု လိမ့်တက်လာပြီး ခန်းမဆောင်တစ်ခုလုံးမှာလည်း ၎င်းလေလှိုင်းကြီးကြောင့် တစ်စစီ ပြိုကွဲတော့မလို ဖြစ်သွား၏။

" ဂိုဏ်းချုပ်ကြီး... ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါဗျာ "

ဖေးစစ်နန်၏ မျက်နှာထားပြောင်းသွားကာ ချက်ချင်း ဒူးထောက်ချလိုက်သည်။

ထိုစဥ်တွင် မင်ဒုံက အသက်ပြင်းပြင်း လေး၊ငါးချက် ရှိုက်ပြီး ပြန်တည်ငြိမ်သွားအောင် ထိန်းလိုက်၏။

" ငါ ထပ်မေးမယ် ။ အဲ့လိုလုပ်ခဲ့တာ ဘယ်ကောင်လဲ "

မင်ဒုံက ကြောက်မက်ဖွယ် အေးစက်စက်အသံဖြင့် မေးလာသည်။

" လောထျန်း ဆိုတဲ့လူက လုပ်ခဲ့တာပါ ဂိုဏ်းချုပ်ကြီး "

ဖေးစစ်နန်က လေသံတိုးတိုးဖြင့် ပြန်ဖြေ၏။

" လောထျန်း.. ဟုတ်လား ။ မင်းရဲ့ အစီစဥ်တွေကို ပျက်အောင်လုပ်ခဲ့တဲ့ ဟို မြောက်ပိုင်းဒေသက ကောင်လေးလား "

မင်ဒုံ ထပ်မေးလိုက်သည်။

" ဟုတ်ပါတယ် "

ဖေးစစ်နန်၏ နဖူးမှ ဇောချွေးများ စီးကျလာ၏။

" ဟားဟား... ဒီကောင်လေးက တကယ်ကို သေချင်နေတဲ့ပုံပဲ "

မင်ဒုံက အေးစက်စက်အလင်းတန်းများ လက်နေသည့် မျက်လုံးအစုံဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူ့ရှေ့မှ ဖေးစစ်နန်က အံကြိတ်၍ ဆို၏။

" ဂိုဏ်းချုပ်ကြီး ၊ ခုလိုကြီး ပြောရတဲ့အတွက် ကျုပ်ကို ခွင့်လွတ်ပေးပါဗျာ။ ကျုပ်တို့တွေ အဲ့လောထျန်းဆိုတဲ့သူကို လွယ်လွယ်နဲ့ ရန်မစတာ ကောင်းမယ်ဗျ။ သူက အရမ်းအစွမ်းထက်လွန်းတယ် "

သူ တလက်စတည်း ယောင်ချီတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုပါ အကြမ်းဖျင်း ပြောပြလိုက်သည်။

ရှေ့မှ မင်ဒုံကမူ အားလုံးကို တိတ်တဆိတ်သာ နားထောင်နေပြီး သူစကားဆုံးသွားမှ အေးစက်စက်ပြော၏။

" မင်းပြောတဲ့အတိုင်းဆိုရင်...လောထျန်းက ယွဲ့ယန်ကမ္ဘာက မသေမျိုး ဆယ့်နှစ်ယောက်ကို တစ်ယောက်တည်း အနိုင်ယူခဲ့တာပေါ့.. ဟုတ်လား "

" မှန်ပါတယ် "

" ပြီးတော့ သူက ယောင်ချီ သဘာဝစိတ်ဝိဥာဥ်ရဲ့ ကိုယ်ထဲက ပြဿနာကိုလဲ လွယ်လွယ်လေး ဖြေရှင်းခဲ့သေးတယ်ပေါ့ "

" ဟုတ်ပါတယ် "

ဖေးစစ်နန်က အမှန်တိုင်းပင် ဖြေလိုက်သည်။

သို့သော် မင်ဒုံက ခေတ္တမျှ ငြိမ်နေပြီနောက်.. ရုတ်တရက် လက်ဆန့်၍ ဖေးစစ်နန်၏ လည်မျိုကို ဖမ်းဆုပ်လာ၏။

" ဂိုဏ်းချုပ်ကြီး... ဘာ... ဘာလုပ်မလို့လဲဗျ "

ဖေးစစ်နန်တစ်ယောက် အသံများပင် တုန်သွားတော့သည်။

မင်ဒုံက ဖေးစစ်နန်အား အေးစက်စက်မျက်နှာထားဖြင့် ကြည့်ပြီး ပြော၏။

" ဖေးစစ်နန် ၊ မင်းက ငါ့ကို အရူးလို့များ ထင်နေလား.. ဟင် ။ မြောက်ပိုင်းဒေသက ဘာမစုတ်တဲ့အရူးက ဟို ဘီလူးကောင် ယဲ့ကျီအပါအဝင် ကမ္ဘာပေါ်က မသေမျိုးဆယ့်နှစ်ယောက်ကို လွယ်လွယ်လေး အနိုင်ယူခဲ့တယ်ပေါ့ ။ မင်းက လိမ်တာတောင် ကောင်းကောင်းမလိမ်တတ်ပါလားကွ "

ဖေးစစ်နန် ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားတော့သည်။

သို့သော် သေချာတွေးကြည့်ပြန်လျှင်လည်း သူ့မျက်လုံးဖြင့်သာ သေချာမမြင်ခဲ့ရပါက .. ထိုအကြောင်းများကို လုံးဝ ယုံမိမည်မဟုတ်ပါချေ။

ထို့ထက်ပို ဆိုးသည်မှာ မင်ဒုံ၏ သူ့အပေါ်ထားသော ယုံကြည်မှုက ယခင် သူ့အပြုအမူများကြောင့် ကုန်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ယခု သူ့စကားများကို အကြောင်းပြချက်တစ်ခုအနေဖြင့်သာ မင်ဒုံ ယူဆနေခြင်းပင် ။

ဖေးစစ်နန်မှာ မည်သို့လုပ်ရမည် မသိဘဲ အလွန်စိတ်ဆင်းရဲသွားရတော့သည်။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်ပြောခဲ့တာတွေအားလုံးက အမှန်တွေပါဗျာ။ ကျုပ် လိမ်နေတာ မဟုတ်ပါဘူး "

သူ ငိုတော့မလို အသံဖြင့် ပြောလိုက်၏။

မင်ဒုံက အေးစက်စက်နှာခေါင်းရှုံ့သည်။

" အသုံးမဝင်တဲ့ကောင်... မင်းက ခုထိလဲ ဆက်လိမ်ချင်နေတုန်း "

ထို့နောက် သူ ဘေးဘက်သို့ လှည့်ကြည့်ပြီး အေးစက်စက် ဆက်ပြောလိုက်၏။

" ကျေးဇူးပြုပြီး ဝင်ခဲ့ပါ နံပါတ်၇ ဘိုးဘေး "

၎င်းကို ကြားသည်နှင့် ဖေးစစ်နန် တစ်ကိုယ်လုံး တုန်သွားသည်။

" မလုပ်ပါနဲ့ ဂိုဏ်းချုပ်ကြီးရယ်။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ။ ကျုပ် ပြီးခဲ့တဲ့နှစ်တွေမှာ ဂိုဏ်းချုပ်ကြီးနဲ့ ဂိုဏ်းကို အစွမ်းကုန်ခစားခဲ့တာပါ။ ကျုပ် ကြီးကြီးမားမား ဘာမှမလုပ်ပေးနိုင်ခဲ့ရင်တောင် အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ "

သို့သော် မင်ဒုံက သူ့အား လုံးဝလျစ်လျူရှုထားပါ၏။

မကြာမီမှာပင် နတ်ဘုရားစိတ်ဝိဥာဥ် ဂိုဏ်းသားတစ်ယောက်က သွေးတစက်စက် စီးကျနေသော ခေါင်းတလားကြီးတစ်လုံးကို သယ်လျက် တံခါးမှ ဝင်လာသည်။

ခေါင်းတလားကို မြင်သည်နှင့် ဖေးစစ်နန် ပိုပို၍

ကြောက်ရွံ့တုန်လှုပ်သွားသည်။ သို့သော် မင်ဒုံ၏ အချုပ်အနှောင်က လွတ်မြောက်အောင်လည်း သူ မလုပ်နိုင်ပါချေ။

" မင်ဒုံ ၊ မင်း ဘာဖြစ်လို့ ငါ့ကို ဂူထဲကနေ ထွက်လာခိုင်းရတာလဲ "

ထိုအချိန်တွင် ခေါင်းတလားထဲမှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

" နံပါတ် ၇ ဘိုးဘေး ၊ ကျုပ် ဘိုးဘေးအမြဲတမ်း လိုချင်နေခဲ့တဲ့ ခန္ဓာကိုယ်ကို ပေးမလို့ဗျ "

မင်ဒုံက ဖေးစစ်နန်ကို ​ဖမ်းဆုပ်ထားရင်း ပြောသည်။

ဝုန်း..

သူ့စကားဆုံးသည်နှင့် ခေါင်းတလားကြီး တစ်ချက်တုန်သွားပြီး စိတ်လှုပ်ရှားနေသည့် အသံထွက်လာ၏။

" အိုး.. မင်းက တကယ်ကြီး ပေးတော့မလို့လား "

မင်ဒုံက အပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ်က ဘာလို့ တွန့်ဆုတ်နေရဦးမှာလဲဗျာ။ အဲ့ကောင်က အစောတည်းက နံပါတ်၇ ဘိုးဘေးအတွက် ချန်ထားခဲ့တဲ့ သွေးကြောပဲလေ။ အဲ့လိုမဟုတ်ရင် သူ့လို အစွမ်းကန့်သတ်ချက်နဲ့လူကို ကျုပ်က ဘာလို့ မသေမျိုးတစ်ယောက် ဖြစ်လာအောင် လုပ်ပေးခဲ့ရမှာလဲ "

" ဟားဟား.. ကောင်းတယ်ကွာ။ မင်းက တော်တော်အလိုက်သိတာပဲ။ စိတ်မပူပါနဲ့.. ငါ သူ့ခန္ဓာကိုယ်ကို ရပြီးသွားရင် မင်းကိုလဲ ကူညီပေးမှာပါ "

အသံပိုင်ရှင်က ဆိုသည်။

" ကျေးဇူးတင်ပါတယ် နံပါတ်၇ ဘိုးဘေး "

မင်ဒုံက ပြောပြောဆိုဆိုပင် ဖေးစစ်နန်အား သွေးစီးကျနေသည့် ခေါင်းတလားဘေးသို့ ဆွဲပို့လိုက်၏။

ဝေါ..

ထို့နောက်တွင်မူ ခေါင်းတလားကြီး ပွင့်သွားကာ အထဲမှ အမည်းရောင်အငွေ့များ ထွက်လာပြီး ဖေးစစ်နန်၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။

" မဖြစ်ဘူး... မလုပ်ပါနဲ့... "

ဖေးစစ်နန်မှာ အသည်းအသန် ကြိုးစားရုန်းကန်လိုက်သေးသော်လည်း... တခဏအကြာမှာပင် ပြန်လည်ငြိမ်သက်သွားတော့သည်။

ပြီးနောက်တွင်ကား..

ဖေးစစ်နန်၏ မျက်လုံးများ ပြန်ပွင့်လာ၏။ သို့သော် သူ့အသွင်မှာ ယခင်နှင့် လုံးဝ ကွဲသွားခဲ့လေပြီ ။

" နံပါတ် ၇ ဘိုးဘေး ၊ ဘယ်လိုနေလဲဗျ "

မင်ဒုံ မေးလိုက်သည်။

" ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် ။ ငါတို့ရဲ့ သခင်ကြီးက ငါတို့ကို သင်ပေးထားတဲ့နည်းဆိုတော့လဲ ဘာမှပြောစရာကို မလိုဘူး။ ဒီ စိတ်ဝိဥာဥ်အစွမ်းနဲ့ ဒီခန္ဓာကိုယ်နဲ့သာဆို.. ငါ့ရဲ့အစွမ်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ထက် နိမ့်မှာမဟုတ်ဘူး "

နံပါတ်၇ ဘိုးဘေး၏ ခန္ဓာကိုယ်အပိုင်သိမ်းခြင်းကို ခံထားရသော ဖေးစစ်နန်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

မင်ဒုံ ခေါင်းအသာညိတ်ရင်း ပြော၏။

" ဘိုးဘေးက ကုဋေနဲ့ချီတဲ့ လူတွေရဲ့ စိတ်ဝိဥာဥ်ကိုလဲ သန့်စင်ထားသေးတာကိုးဗျ "

နံပါတ်၇ ဘိုးဘေးက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" ဒါပေမယ့် အဲ့လူတွေက ဘာမှမဟုတ်တဲ့ သာမာန်လူတွေပါကွာ။ ငါ့ရဲ့ သန့်စင်တာကို ခံရတာ သူတို့တစ်ဘဝလုံးမှာ ဂုဏ်ယူစရာအကောင်းတုံးတောင် ဖြစ်မှာ။ ဒါနဲ့.. နံပါတ် ၁ ဘိုးဘေးကလဲ စောင့်နေရတာ သိပ်စိတ်မရှည်တော့ဘူးနော်။ မင်းပြောတဲ့ ဟို ယွမ်ကိုးသွယ်ခန္ဓာကိုယ်ကရော ဘယ်မှာလဲ။ အဲ့ကလေးမကို မြန်မြန်ခေါ်လာပြီး နံပါတ်တစ် ဘိုးဘေးအတွက် ခန္ဓာကိုယ်အခွံလုပ်ခိုင်းလိုက်တော့လေ။ သူ အောင်မြင်သွားပြီဆိုတာနဲ့ ထျန်းယွမ်ကမ္ဘာထဲက ဘယ်သူကမှ ငါတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို ယှဥ်နိုင်မှာ မဟုတ်တော့ဘူး "

All Chapters