← Chapters

သုံးခုမြောက် သိဒ္ဓိဝင်ဆေး

Vol. 37 Ch. 506

သုံးခုမြောက် သိဒ္ဓိဝင်ဆေး

Vol. 37 Ch. 506

အမှန်တွင်မူ လောထျန်းမှာ ဤနေရာသို့ ကျွင့်မိသားစုကို ဖျက်ဆီးရန်လာခဲ့ခြင်း မဟုတ်ပါချေ။

သိူ့သော် ကျွင့်ကျီဝေ့က မောက်မာလွန်းလှပြီး အားလုံးရှေ့တွင် ပျောင်ပိုင်မြို့မှ လူများအားလုံးကို သတ်မည်ဟု ပြောခဲ့ပါ၏။

ထို့ကြောင့်လည်း လောထျန်းက ဘာကိုမှ ညှာတာပေးမနေတော့ဘဲ လုပ်လိုက်ရခြင်း ဖြစ်သည်။

" သတ်ကြဟေ့ "

ထိုတခဏ၌ အော်ဟစ်သံများနှင့် သတ်ဖြတ်ငိုယိုသံများ နေရာအနှံ့မှ ထွက်ပေါ်လာ၏။

နျိုထျဲ့ချူက ပျောင်ပိုင်မြို့မှ လူအုပ်ကို ဦးဆောင်လျက် ကျွင့်မိသားစု အိမ်တော်ဆီသို့ တိုးသွားသည်။

အခြားအဖွဲ့များကလည်း ကမ္ဘာပေါ်မှ မသေမျိုးသုံးယောက်၏ ညွှန်ကြားချက်အတိုင်း ကျွင့်မိသားစု

အား ဘက်ပေါင်းစုံမှ တိုက်ခိုက်လိုက်ကြ၏။

ကျွင့်မိသားစုမှာ အင်အားကြီးသော အဖွဲ့တစ်ခု ဖြစ်သော်လည်း ထိုအစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ အရှုံးများဖြင့်ကြုံရကာ နောက်သို့တဖြည်းဖြည်းဆုတ်သွားကြရသည်။

ထိုအချိန်မှာပင်...

ဝုန်း..

လေထဲ၌ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။

ဝီ..

ထိုလမ်းကြောင်းမှ နတ်ဘုရားအစွမ်း တစ်ခုလည်း ပေါက်ထွက်လာသည်။

" ဘယ်ကောင်လဲကွ ကျွင့်မိသားစုကို တိုက်ခိုက်ရဲတာ။ အသက်ဆက်မရှင်တော့ဘူးနဲ့ တူတယ် "

ဒေါသထွက်နေသည့် အသံတစ်သံလည်း ထွက်လာသည်။

ကျွင့်မိသားစုမှ လူများမှာ ထိုအသံကို ကြားသည်နှင့် ချက်ချင်းဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

" စစ်ကူတွေ ရောက်လာပြီဟေ့ ။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက စစ်ကူတွေ ရောက်လာပြီ "

" အခုတော့ မျှော်လင့်ချက် ရှိသွားပြီပေါ့ကွာ။ ရန်သူတွေအားလုံးကို သတ်ကြဟေ့ "

ကျွင့်မိသားစုတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

တိုက်ခိုက်နေကြသူများမှာလည်း နတ်ဘုရားအစွမ်းကို အာရုံခံမိသည်နှင့် ရုတ်ချည်း ရပ်သွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။

ထိုအချိန်မှာပင် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ လူတစ်ယောက် ထွက်လာသည်။

ထိုသူမှာ ဖေးစစ်နန်ပါပင် ။

ဖေးစစ်နန်မှာ ယနေ့တစ်နေ့လုံး ဒေါသထွက်ကာ မကျေမချမ်း ဖြစ်နေရပါ၏။

ယခင်စီစဥ်ထားသည့်အတိုင်း ဆိုပါက သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ ယောင်ချီညီလာခံတွင် အောင်မြင်ကျော်ကြားမှု ရပြီး ယောင်ချီ၏ အပျိုစင်နတ်ဘုရားမ၊ ရွှေယွဲ့ချီအား သူတို့ဂိုဏ်းသို့ ပြန်ခေါ်သွားရန် ဖြစ်ပါသည်။

သို့သော် နောက်ဆုံးတွင်မူ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ လက်ထော​က်ဂိုဏ်းချုပ်ကြီး ဖြစ်သော သူသည်သာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပါ၏။

သူတို့ဂိုဏ်း၏ နတ်ဘုရားသားတော်ကလည်း ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်သွားခဲ့သေးရာ သူတို့ဂိုဏ်း၏ ဂုဏ်သတင်းက နောင်နှစ်ပေါင်း ထောင်ချီကြာသည်အထိ ပြန်ကောင်းလာရန် မလွယ်တော့ပါ။ သို့ဖြစ်ရာ.. ယောင်ချီနှင့် လက်ဆက်ရန်လည်း မျှော်လင့်စရာအကြောင်း မရှိတော့ချေ။

ဖေးစစ်နန်မှာ သူ့ဂိုဏ်းသို့ ပြန်ရောက်သည့် အချိန်တွင်လည်း သူတို့ နတ်ဘုရားစိတ်ဝိဥာဥ် ဂိုဏ်းချုပ်ကြီး၏ အဆူအဆဲကို ခံခဲ့ရပြီး လက်ထောက်ဂိုဏ်းချုပ်ကြီး ရာထူးမှလည်း အဖြုတ်ခံခဲ့ရသည်။

ထိုအချိန်၌ ကျွင့်မိသားစုထံမှ အကူအညီတောင်းခံသည့်သတင်း သူ့ထံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူ လိုလိုလားလားပင် အကူအညီပေးရန် ချက်ချင်းလာခဲ့ခြင်းဖြစ်၏။

ထိုသို့လာရသည့် ပထမအချက်မှာ သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းနှင့် ထူးခြားသောဆက်ဆံရေး ရှိထားသည့် ကျွင့်မိသားစုအား ကူညီပေးခြင်းဖြင့် သူ့အပြစ်များကို နည်းသွားအောင် လုပ်လို၍ ဖြစ်ပြီး...

ဒုတိယအချက်မှာ သူ့ဒေါသကို ဖြေစရာလူ ရလို၍ ဖြစ်ပါသည်။

ထို့ကြောင့်လည်း သူ နတ်ဘုရားအစွမ်းကို သုံး​ကာ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုဖွင့်ပြီး ကျွင့်မိသားစုအိမ်တော်သို့ တိုက်ရိုက်လာခဲ့ခြင်းပင်။

" သခင်ကြီး ဖေးစစ်နန် ၊ ကျုပ်တို့ရဲ့ မိသားစုခေါင်းဆောင်ကြီးကို သူတို့တွေ သတ်လိုက်ကြပြီဗျ။ ကျေးဇူးပြုပြီးတော့ ကျုပ်တို့အတွက် လက်တုန့်ပြန်ပေးပါဗျာ "

" သခင်ကြီး ဖေးစစ်နန် ၊ သူတို့အားလုံးကို သတ်ပေးပါ "

ကျွင့်မိသားစုမှ လူများမှာ ဖေးစစ်နန်ကို တွေ့သည်နှင့် ကယ်တင်ရှင်တစ်ယောက်ကို တွေ့သွားသည့်အလား တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြ၏။

ဖေးစစ်နန်က မုတ်ဆိတ်မွေးကို ပွတ်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

" အားလုံး စိတ်အေးလက်အေးသာ နေလိုက်ပါ။ ဒီနေ့ကိစ္စတွေအားလုံးကို ကျုပ်တာဝန်သာ ထားလိုက် "

ထို့နောက် သူ လေသံမာမာဖြင့် အော်လိုက်၏။

" အဲ့လောက်အတင့်ရဲတာ ဘယ်ကောင်လဲကွ ။ ထွက်လာခဲ့စမ်း "

ကျယ်လောင်လှသော သူ့အော်သံမှ ထွက်လာသည့် အသံလှိုင်းလုံးကြီးများက နေရာအနှံ့ ပျံ့သွားသည်။

ထိုအချိန်တွင် လူများ နောက်သို့ဆုတ်သွားကြသည့်အတွက် လူအုပ်ကြားထဲမှ လောထျန်း ပေါ်လာ၏။

" မင်း... "

ဖေးစစ်နန်က လောထျန်းကို ကြည့်ပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် လောထျန်းက ခေါင်းမော့လာပြီး ဖေးစစ်နန်အား မျက်လုံးချင်းဆုံကြည့်လာသည်။

ဖေးစစ်နန်တစ်ယောက် အံ့သြမှင်သက်လွန်း၍ ခေတ္တမျှ ကြက်သေသေသွား၏။

ကျွင့်မိသားစုအား တိုက်ခိုက်ရန် လာခဲ့သူက လောထျန်း ဖြစ်နေမည်မှန်း သူလုံးဝ မထင်ခဲ့မိပါချေ။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ သူ့ကို သတ်ပေးပါ "

ကျွင့်မိသားစုဝင်တစ်ယောက်က အော်ပြောလိုက်သည်။

ဖေးစစ်နန်မှာ ထိုစကားသံကြောင့် ဆတ်ခနဲ တုန်သွားပြီး လောထျန်းအား ကြောက်ကြောက်လန့်လန့် လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ချောင်းဟန့်လည်ချောင်းရှင်းကာ ပြောလိုက်သည်။

" အဟမ်း... ကျုပ်ကို ခွင့်ပြုပါဦး "

ထိုသို့ ပြောပြီးသည်နှင့် သူ နောက်လှည့်၍ ဟင်းလင်းပြင်လမ်းကြောင်းအတိုင်း ပြန်ထွက်ခွာသွား၏။

" ဟင်... ဒါ.... "

ကျွင့်မိသားစုမှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်အပျက်ကြီး ပျက်သွားကြတော့သည်။

သူတို့အားကိုးပြီး ခေါ်ခဲ့သည့် စစ်ကူပင် တိုက်ပဲမတိုက်ခိုက်ဘဲ ထွက်ပြေးသွားခဲ့လေပြီ။

ထိုစဥ် တဖက်မှ လောထျန်းမှာလည်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" သတ်ကြ.. "

သူ ပါးစပ်ဟလိုက်သည်နှင့် အနီးနားတွင် ရှိနေကြသော လူများအားလုံး ကျွင့်မိသားစုဝင်များထံသို့ ထပ်ပြေးသွားလိုက်ကြသည်။

ဝုန်း..

ထိုစဥ် လူအုပ်ကြားတွင် ရှိနေသော လောရှောင်ရှောင်းကလည်း အဆောင်တစ်ခုရှေ့ ရောက်လာသည်။

" ဟဲ့.. အဲ့ထဲက ထွက်လာခဲ့စမ်း "

ထိုအဆောင်ထဲတွင် ရှိနေသော ကျွင့်ဟွမ်မှာကား မျက်နှာဆိုးရွားစွာ ပျက်လျက်..

ယနေ့ အဖြစ်အပျက်များက ယခုကဲ့သို့ အဆုံးသတ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ခဲ့မိပါချေ။

အစပိုင်းတွင် သူမသည် သူမအဖေအား လောရှောင်ရှောင်းကို လျှို့ဝှက်ကြံစည်ပြီး သတ်ရန်သာ ပြောချင်ခဲ့ပါသည်။

သို့သော်... နောက်ဆုံးတွင်ကား သူမတို့ ကျွင့်မိသားစုသာ ဖျက်ဆီးခံရပေတော့မည် ။

" ကျွင့်ဟွမ် ၊ နင်က ဘာဖြစ်လို့ ကိုယ့်သေတွင်းကိုယ် တူးချင်ရတာလဲ "

လောရှောင်ရှောင်းက ကျွင့်ဟွမ်အား မျက်မှောင်ကြုံ့ကြည့်ရင်း ဆိုလာ၏။ ထိုစဥ် သူမ၏ အနောက်ဘက်တွင်လည်း ထူးဆန်းသော ခေါင်းကိုးလုံးသားရဲကြီး ပေါ်လာသည်။

" အား.... မလုပ်ပါနဲ့.... "

ကျွင့်ဟွမ်မှာ တစ်ခွန်းနှစ်ခွန်းသာ အော်ချိန်ရလိုက်ပြီး..

အသက်ဆုံးသွားရတော့၏။

ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ကျွင့်မိသားစု တစ်ခုလုံး အပြောင်ရှင်းခံလိုက်ရတော့သည်။

ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ရှေ့မှမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် စိတ်မကောင်း ဖြစ်မိသွား၏။

" သခင်လေး လောထျန်းက နည်းနည်းလွန်နေပြီ ထင်တယ်... "

သူမ တီးတိုးရေရွတ်မိလိုက်သည်။

သူမဘေးတွင် ရှိနေသော ချင်းဝူချုံက ခေါင်းယမ်း၍ ပြောလာ၏။

" ရှုပ်နေတဲ့ မြက်တွေကို အမြစ်ကနေ တစ်ခါတည်းရှင်းပစ်တာက အကြံကောင်းတစ်ခုလို့ ပြောလို့ရတယ်ဗျ။ ကျွင့်ကျီဝေ့က လူတွေအများကြီးရှေ့မှာ ပျောင်ပိုင်မြို့ တစ်ခုလုံးကို အပြောင်ရှင်းပစ်မယ်လို့ ပြောထားခဲ့တာပဲလေ။ အဲ့တော့ သခင်လေးလောထျန်းက ကျွင့်မိသားစု သတ်ချင်တာ မဆန်းဘူး "

တာအိုသခင်ကြီး ထျန်းလုံကလည်း ခေါင်းညိတ်၍ ပြောသည်။

" အမှန်ပဲ... ကျင့်ကြံခြင်းလမ်းစဥ်မှာ သနားညှာတာပေးနေလို့ မရဘူး "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူမရှေ့တွင် ရှိနေသော ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုနှင့် နှစ်ပေါင်းများစွာကြာ တိုက်ခိုက်လာခဲ့ကြသည့် အစွမ်းထက်သခင်ကြီး နှစ်ယောက်ကိုကြည့်ရင်း မည်သို့ပြန်ပြောရမည် မသိတော့သဖြင့် ပါးစပ်ပိတ်၍သာ နေလိုက်သည်။

ဤသို့ဖြင့် မကြာခင်မှာပင် တိုက်ပွဲများ ပြီးဆုံးသွားပြီး..

ကျုံ့ကျိုး​ဒေသ၏ မိသားစုကြီး တစ်ခုဖြစ်သော ကျွင့်မိသားစု လုံးဝ ဖျက်ဆီးခံလိုက်ရတော့သည်။

" ကျွင့်မိသားစုကို သနားတော့ သနားပါတယ်။ သူတို့တွေက ခြေလှမ်းအမှားတွေကိုမှ တစ်လှမ်းပြီးတစ်လှမ်း လျှောက်မိသွားကြတာကိုး။ ဒီလောက်မိသားစုကြီးကနေ.... ဟင် "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ လေထဲမှနေ၍ အောက်ငုံ့ကြည့်ရင်း သက်ပြင်းချရန် ပြင်လိုက်၏။

သို့သော် ထိုစဥ်မှာပင် သူမ အံ့သြမှင်သက်သွားရသည်။

ကျွင့်မိသားစု ဖျက်ဆီးခံရပြီးနောက် သူတို့၏ ပိုင်ဆိုင်မှုများလည်း လုယက်ခံကြရမည်ကို သူမ ထည့်တွေးထားပြီး ဖြစ်ပါသည်။

သို့သော်.. သူမ လက်ရှိ မြင်နေရသည့်မြင်ကွင်းမှာ အလွန်အံ့သြစရာ ကောင်းလွန်းနေပါ၏။

ကျွင့်မိသားစုအိမ်တော် အတွင်းတွင်ကား လူတစ်စုက အဆောက်အဦးများအား ဖျက်ဆီးခြင်းကို သေချာ စည်းစနစ်တကျ လုပ်နေကြပါသည်။

ထိုလူစုမှာ ကျွင့်မိသားစု၏ ရတနာတိုက်ထဲ ဝင်သွားကြပြီး အထဲမှ ပစ္စည်းများအားလုံးကို သယ်ထုတ်လာရုံမက ရတနာတိုက် အ​ဆောက်အဦးကိုလည်း တစစီဖြုတ်ပြီး သယ်သွားကြသေး၏။

အဆောက်အဦး အောက်ခြေမှ အုတ်မြစ်ချထားသော ပစ္စည်းများပင် မကျန်ရပါချေ။

ထို့အပြင်... ထိုလူစုမှာ အလွန်လျင်မြန်ရုံမက စနစ်လည်း ကျလှသဖြင့် မျက်စိတစ်မှိတ်ခန့်ကြာ အချိန်လေးအတွင်းမှာပင် အဆောက်အဦးတစ်ခုလုံး ပြောင်ရှင်းသွားတော့သည်။

ဤသို့ဖြင့် ယောင်ချီ နတ်ဘုရားသခင်မကြီး အသိပြန်မဝင်လာခင်မှာပင်... ကျွင့်မိသားစုအိမ်တော်ကြီးက လွင်တီးခေါင် စွန့်ပစ်နယ်မြေတစ်ခုအလား ဖြစ်သွားခဲ့လေပြီ ။

" ဘေးဖယ်ကြဟေ့ "

ထိုစဥ် ခပ်ကျယ်ကျယ် အော်လိုက်သည့်အသံကြောင့် နတ်ဘုရားသခင်မကြီး အသိဝင်သွားကာ အသံလာရာဘက် လှည့်ကြည့်လိုက်၏။

လောရုံနှင့် သူ့လူများမှာကား.. အိမ်သာကျင်းတစ်ခုကို မွှေနှောက်ရှာဖွေနေကြသည်။

" ဒါ... အော့.... "

ယောင်ချီနတ်ဘုရားသခင်မကြီးမှာ အများ၏ လေးစားခြင်းကို ခံရသူတစ်ဦးဖြစ်ပြီး ထိုသို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်မှ မမြင်ခဲ့ဖူးပါချေ။ ထို့ကြောင့် သူမ ပျို့သွားကာ ချင်းဝူချုံနှင့် သခင်ကြီးထျန်းလုံတို့အား တအံ့တသြ လှည့်ကြည့်လိုက်သည်။

ထိုနှစ်ယောက်မှာလည်း အံ့သြမှင်သက်လျက် ရှိနေပါ၏။

သူတို့နှစ်ယောက်လုံးမှာ အခြားသူများ၏ ဂိုဏ်းများကို များစွာ ဖျက်ဆီးဖူးခဲ့ပါသည်။

သို့သော် ဤမျှ စနစ်ကျပြီး နှံ့စပ်သေချာလှသည့် ရှာဖွေမှုများ လုပ်ခြင်းကိုမူ ယခုမှ ပထမဆုံးမြင်ဖူးခြင်းပင် ။ သူတို့စိတ်ထဲ အနည်းငယ်ပင် မနာလိုအားကျ ဖြစ်သွားကြ၏။

" ဂိုဏ်းချုပ်ကြီး ချင်း ၊ ကျွင့်မိသားစုက ငွေကြေးအင်အားတော့ တောင့်တယ်မဟုတ်လား "

သခင်ကြီး ထျန်းလုံ မေးလိုက်သည်။

ချင်းဝူချုံက ခေါင်းညိတ်၍ ပြန်ပြော၏။

" အင်း... အကြမ်းပြောရရင်တောင် ... ကျုပ်တို့ဝူလျန်နန်းတော်ကို ဆယ်နှစ်ဆယ်မိုးကျော်လောက် ထောက်ပံ့ပေးဖို့ ကောင်းကောင်းကြီး လောက်တယ် "

သူ ထိုသို့ပြောနေရင်း ရင်ထဲမှလည်း အနည်းငယ်မနာလို ဖြစ်သွားရသည်။

မည်သည့်အတွက် သူ့လူများကို အစောတည်းက တိုက်ခိုက်ရန်အသည်းအသန် စေလွတ်ခဲ့မိပါသနည်း။

ယခုတွင်ကား.. ဝင်ယူချင်သည်ဆိုလျှင်ပင် ယူစရာ ဘာမှကျန်မနေတော့ပါ။

ထိုစဥ်တွင် လောမိသားစုမှ လူငယ်လေးတစ်ယောက်က လောထျန်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်လာ၏။

" သခင်လေး ၊ ဖီးနစ်ငှက် ပန်းပင် ၊သိဒ္ဓိဝင်ဆေးပင်ကို တွေ့ခဲ့ပြီဗျ "

လူငယ်က ထိုသို့ပြောပြီး သူ့လက်ထဲတွင် ကိုင်လာသည့် အပွင့်အပြည့် မပွင့်သေးသော သိဒ္ဓိဝင်ဆေးပင်အား ပြလိုက်သည်။

လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်၏။

" သိပ်ကောင်းတယ် ။ ဒီဆေးပင်ကို ပျောင်ပိုင်မြို့က ဆေးပင်စိုက်ခင်းဆီ အခုချက်ချင်း သွားပို့လိုက်နော် ။ ကြည့်ရတာ ပန်းပင်က မကြာခင် အပွင့်အပြည့် ပွင့်တော့မယ်နဲ့ တူတယ် "

" ဟုတ်ကဲ့ပါ သခင်လေး "

လူငယ်က ထိုသို့ပြောပြီး ပျော်ရွှင်စွာ ထွက်ခွာသွားသည်။

ထိုအချိန်တွင် လောထျန်းက ယောင်ချီနတ်ဘုရားသခင်မကြီးတို့ဘက် လှည့်ကြည့်လာ၏။

ထိုတခဏ၌ ယောင်ချီ နတ်ဘုရားခင်မကြီးတို့လူစု လောထျန်းအပေါ် ကြည့်သော အကြည့်မှာလည်း ယခင်လိုမဟုတ်ဘဲ ကွဲပြားနေပါသည်။

" သခင်လေး လောထျန်း ၊ အခု ဘယ်ဆက်သွားဖို့ စဥ်းစားထားလဲဗျ "

ချင်းဝူချုံက သတိထား မေးလိုက်သည်။

လောထျန်းက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ပြော၏။

" စောနတုန်းက ဟင်းလင်း​ပြင်လမ်းကြောင်းထဲကနေ ထွက်လာတဲ့တစ်ယောက်က နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက မဟုတ်လား ။ သူတို့ဂိုဏ်းမှာရော သိဒ္ဓိဝင်ဆေးပင် ရှိလား "

All Chapters