အရိုက်အရာဆက်ခံသူ
Vol. 181 Ch. 2702
ထိုလူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားလတ်လတ်နှင့် ပြောင်ရှင်းသော မျက်နှာပေါက်ရှိလေသည်။ သူ့မှာ သာမန်ရုပ်ရည်သွင်ပြင်သာ ရှိသော်လည်း သူ၏ မျက်လုံးများက တောက်ပ၍ စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်နေ၏။
“အား…”
မီးခိုးရောင်ဝတ် ကျင့်ကြံသူက စိတ်ပျက်လက်ပျက်အမူအရာဖြင့် ဘေးပတ်လည်ကို ကြည့်ရှုပြီး သက်ပြင်းချလိုက်၏။
“ငါ လင်းရွှမ်ကျီက တက်လမ်းလာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ… ဒါပေမဲ့ ငါက အမြဲတမ်း ကံဆိုးမိုးမှောင်ကျပြီး ဆင်းရဲဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရတုန်းပဲ… အခုချိန်ထိကို ငါက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်”
“တခြားသူတွေကတော့ အခွင့်အလမ်းတွေနဲ့ ကံကောင်းမှုတွေကို အမှတ်တမဲ့ ရရှိတတ်ကြတယ်… ငါက ကြိုးစားအားထုတ်မှုတွေနဲ့ နည်းလမ်းတွေအများကြီးသုံးပြီး ဒီနေရာမှာ ကြီးမားတဲ့အခွင့်အလမ်းတစ်ခုရှိမယ်လို့ တွက်ချက်မိခဲ့တယ်… အခုတော့ ငါက ဒီလိုစွန့်ပစ်နယ်မြေတစ်ခုကို ရောက်လာခဲ့ရတယ်ဆိုတော့…”
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လင်းရွှမ်ကျီပင်ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်၊ ပဟေဠိနန်းတော်မှ ပုံပြောသူ၏ တပည့်တစ်ယောက်အနေဖြင့် လင်းရွှမ်ကျီမှာ မြင့်မြတ်သော အဆင့်အတန်းတစ်ခုရှိပြီး သူက မော်တယ်လောကတွင် လှည့်ပတ်သွားလာခဲ့လေသည်။
သို့သော်လည်း အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ရှင်သန်ရာပတ်ဝန်းကျင်က အလွန်တရာ ရက်စက်ကြမ်းတမ်းလာခဲ့၏။
သူသည် မော်တယ်လောကမှာလို အေးအေးဆေးဆေးလှည့်ပတ်သွားလာဖို့နေနေသာသာ အသက်ရှင်သန်ဖို့အတွက်ပင် သူ၏ ခွန်အားအပြည့်အဝကို အသုံးချနေရ၏။
သူ၏ ကံကောင်းမှုများအားလုံးက အောက်ဘုံလောကမှာ ကျန်ရစ်ခဲ့သည့်အလား လင်းရွှမ်ကျီသည် နေရာပေါင်းစုံမှာ အန္တရာယ်ပေါင်းစုံနှင့်ကြုံတွေ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ပဟေဠိနန်းတော်၏ ဓမ္မတာအိုကြောင့် အန္တရာယ်များစွာကို ရှောင်လွှဲနိုင်ခဲ့၏။
လင်းရွှမ်ကျီသည် တိတ်ဆိတ်ခြောက်ကပ်နေသော ရှေးဟောင်းကြယ်ကိုကြည့်ပြီး ဤနေရာမှာ မည်သည့်အသက်ဓာတ် သို့မဟုတ် မည်သည့်ကောင်းကင်နှင့်မြေကြီးအမြုချီမှ ရှိမနေသည်ကို အာရုံခံမိလိုက်၏။
နှစ်ပေါင်းများစွာ စွန့်ပစ်ခံရပြီးနောက် ဤကဲ့သို့ ရှေးကျသောကြယ်တစ်စင်းမှာ အခွင့်အလမ်းတစ်ခုခုရှိနေဖို့က မဖြစ်နိုင်ပေ။
“အာ…”
လင်းရွှမ်ကျီက ထပ်မံ၍သက်ပြင်းချလိုက်၏။
“ငါ့ရဲ့ကံကောင်းမှုတွေက နောက်ဆုံးဘယ်ချိန်မှ ရောက်လာမှာလဲကွာ… အထက်ဘုံလောကက ရှင်သန်ဖို့ တော်တော်ခက်ခဲတာပဲ… ငါသာ အဲဒါကို စောစောကြိုသိခဲ့ရင် ငါက အောက်ဘုံလောကမှာပဲ နေပါတယ်… နေ့နေ့ညည အမဲလိုက်ခံရပြီးတဲ့နောက် ငါက နောက်ဆုံး ဒီသောက်နေရာကို ရောက်လာရတယ်ဆိုတော့…”
ဤအခွင့်အလမ်းအတွက် လင်းရွှမ်ကျီသည် ပို့ဆောင်ရေးအဆောင်တစ်ခုကို ရရှိရန် သူ၏ သိုလှောင်အိတ်ထဲရှိ ရတနာများအားလုံးကို ထုတ်ရောင်းခဲ့ရ၏။
ယခု ထိုပို့ဆောင်ရေးအဆောင်သည် သူ့ကို ဤကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေသော ရှေးဟောင်းကြယ်တစ်စင်းပေါ်သို့ ပို့ပေးလိုက်လေသည်။
ယခုအချိန်မှာ လင်းရွှမ်ကျီ၏ သိုလှောင်အိတ်က ဗလာကျင်းနေပြီဖြစ်၏။ သူ့မှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မကျန်တော့ပေ။
ထိုစဉ်မှာပင် မလှမ်းမကမ်းမြေပြင်က ရုတ်တရက် လှုပ်ရှားလာ၏။
တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လင်းရွှမ်ကျီက စိုးရိမ်ပူပန်စွာ ကြည့်လိုက်၏။
တစ်စုံတစ်ရာက တိုးထွက်လာတော့မည့်အလား မြေပြင်က မို့မောက်တက်လာ၏။
လင်းရွှမ်ကျီက ကြောင်တိကြောင်တောင်ဖြစ်နေစဉ်မှာပင် မြေပြင်က ရုတ်တရက်ပွင့်ထွက်သွားပြီး အနက်ရောင်ပုံရိပ်တစ်ခုက မြေကြီးထဲကနေ ရုတ်တရက်တိုးထွက်ကာ လင်းရွှမ်ကျီကို မျက်နှာချင်းဆိုင်ကြည့်လာခဲ့၏။
“လခွမ်း… ဒါက ဘာကြီးလဲဟ”
လင်းရွှမ်ကျီက တုန်လှုပ်သွားပြီး သူ၏ ခြေထောက်နှစ်ဖက်က ပျော့ခွေကာ မြေပြင်ပေါ်ကို လဲကျလုမတတ်ဖြစ်သွားရ၏။
“မင်းနာမည်က လင်းရွှမ်ကျီလား”
ရုတ်တရက် အနက်ရောင်ပုံရိပ်က ခြောက်သွေ့အက်ကွဲ၍ အိုမင်းရင့်ရော်နေသောအသံဖြင့် ပြောလိုက်၏။
“ဒါက လူလား”
လင်းရွှမ်ကျီက သတိပြန်ကပ်လာပြီး အာရုံစိုက်၍ ကြည့်လိုက်၏။
အနက်ရောင်ပုံရိပ်က အဘိုးအိုတစ်ယောက်ဖြစ်ပုံရလေသည်။
အဘိုးအို၏ မျက်နှာနှင့်ခန္ဓာကိုယ်က ရွှံ့များဖြင့် ပေကျံနေပြီး မျက်လုံးတစ်စုံသာ ထွက်ပေါ်နေကာ လင်းရွှမ်ကျီကို စိုက်ကြည့်နေ၏။
လင်းရွှမ်ကျီ၏ စိတ်ဝိညာဉ်အသိစိတ်က အဘိုးအိုအပေါ် ဆင်းသက်သွားပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ နယ်ပယ်မှာသာရှိသည်ကို ထောက်လှမ်းသိရှိလိုက်ရ၏။ ဒါ့အပြင် သူ၏ အသက်ဓာတ်အားက အားနည်းနေ၏။ သူသည် နောက်ဆုံးအချိန်သို့ရောက်ရှိနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့်အလားပင်။
“အဘိုးကြီး… ခင်ဗျားမြေအောက်မှာ ဘာလုပ်နေတာလဲ… ခင်ဗျား ကျုပ်ကို လာခြောက်နေတာပဲ”
လင်းရွှမ်ကျီက မကျေမနပ်ပြောလိုက်၏။
“မင်းနာမည်က လင်းရွှမ်ကျီလား”
လူအိုကြီးက လင်းရွှမ်ကျီကို ဆက်လက်၍ကြည့်နေပြီး နောက်တစ်ဖန်မေးလိုက်၏။
“အဲဒါဘာဖြစ်လို့လဲ”
လင်းရွှမ်ကျီက မျက်ခုံးပင့်လိုက်၏။
လူအိုကြီးက ခေါင်းညိတ်လိုက်၏။
“လူငယ်လေး မင်းရဲ့တွက်ချက်မှုက တော်တော်တိကျတာပဲ… မင်းရဲ့အခွင့်အလမ်းက ဒီနေရာမှာ ရှိနေတယ်”
“ဟုတ်လား ဘယ်မှာလဲ”
လင်းရွှမ်ကျီက သံသယမကင်းစွာဖြင့် မေးလိုက်၏။
လူအိုကြီးက သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်၏။
“အဲဒါ ငါပဲ”
“ခင်ဗျားလား”
လင်းရွှမ်ကျီက ခဏမျှ မှင်တက်သွားပြီးနောက် သက်ပြင်းချလိုက်၏။ သူက ရှေ့သို့တက်လှမ်းပြီး ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ကာ လူအိုကြီးပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားပေးလိုက်၏။
“အဘိုးကြီး”
လင်းရွှမ်ကျီက သက်ပြင်းချလိုက်၏။
“ကျုပ်လုပ်ပေးနိုင်တာ များများစားစား မရှိဘူး… ကျုပ်က ခင်ဗျားကို သန့်ရှင်းရေးပဲ လုပ်ပေးနိုင်တယ်… ခင်ဗျား ဒီနေရာကနေ ကြော့ကြော့မော့မော့ ထွက်သွားလို့ရပြီ”
ရုတ်တရက် လူအိုကြီးက သူ၏ ပိန်လှီနေသောလက်ကို ဆန့်ထုတ်ပြီး လင်းရွှမ်ကျီ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။
“မင်း ငါ့ရဲ့နည်းလမ်းတွေကို မယုံဘူးလား”
“ဟမ်”
လင်းရွှမ်ကျီက သူ၏ လက်ကို ရုတ်သိမ်းပြီး ဆုတ်ခွာချင်လေသည်။
သို့သော်လည်း အဘိုးအို၏ လက်ဖဝါးက သံမဏိချိတ်တစ်ခုကဲ့သို့ သူ၏ လက်ကောက်ဝတ်ကို စွဲမြဲစွာဖမ်းဆုပ်ထားသည်ကို တွေ့ရှိလိုက်ရ၏။ သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ချက်ချင်းပင် သူက ပညာရှင်တစ်ဦးနှင့် ကြုံတွေ့နေရသည်ကို လင်းရွှမ်ကျီက နားလည်သဘောပေါက်လိုက်၏။
“စီနီယာ… ခင်ဗျားက တော်တော်မိုက်တာပဲ”
လင်းရွှမ်ကျီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပြန်လည်ရောက်ရှိလာပြီး သူက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်၏။
လူအိုကြီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါ့မျိုးဆက်ရဲ့အမွေအနှစ်က အရမ်းကို အရေးပါတယ်… မင်းက ငါ့ရဲ့အမွေအနှစ်ကို လက်ခံမယ်ဆိုရင် မင်းက အဲဒီတာဝန်တွေကို ပခုံးထမ်းယူရလိမ့်မယ်”
လင်းရွှမ်ကျီက ထိုစကားကိုကြားသောအခါ ခေါင်းကိုက်သွားလေသည်။
လူအိုကြီး၏ မူလဇာစ်မြစ်ကို မသိရဘဲ သူက ရုတ်တရက်ပေါ်ထွက်လာခဲ့၏။ သူသည် တခြားလူတစ်ယောက်၏ အမွေအနှစ်ကို အလွယ်တကူ ဘယ်လိုလုပ် လက်ခံရဲပါ့မလဲ။
ဒါ့အပြင် ဤကိစ္စမှာ ထောင်ချောက်တစ်ခုခုရှိနေမလား မသိနိုင်ပေ။
လင်းရွှမ်ကျီက သွားဖြဲပြလိုက်၏။
“စီနီယာ… ကျုပ်က ဉာဏ်သိပ်ကောင်းတာ မဟုတ်ဘူး.. ကျုပ်ရဲ့အလားအလာကလည်း တော်တော်လေးညံ့ဖျင်းတယ်… ကျုပ်က ခင်ဗျားရဲ့မျိုးဆက်အမွေအနှစ်ကို ဖျက်ဆီးသလိုဖြစ်နေပါလိမ့်မယ်”
“ခင်ဗျား အရိုက်အရာဆက်ခံသူတစ်ယောက်ကို ရှာချင်တယ်ဆိုရင် ကျုပ် ခင်ဗျားကို ကူညီပေးမယ်… မပူပါနဲ့… ကျုပ် ကောင်းကောင်းကြိုးစားအားထုတ်ပေးမယ်… ခင်ဗျားက အကောင်းဆုံးပါရမီအရည်အချင်းနဲ့ အရိုက်အရာဆက်ခံသူတစ်ယောက်ကို ရှာတွေ့မှာပါ”
လင်းရွှမ်ကျီက ယခုချိန်မှာ အဘိုးအိုထံကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာချင်နေသည်။
“မရဘူး”
လူအိုကြီး၏ လေသံက ခိုင်မာနေ၏။
“မင်းက ငါ့ရဲ့အရိုက်အရာဆက်ခံသူပဲ… ငါ မင်းကို သဘောကျတယ်”
“ခင်ဗျား ကျုပ်ဆီမှာ ဘာတွေ့နေရလို့လဲ”
လင်းရွှမ်ကျီက မျက်လုံးစွေကြည့်ပြီး မကျေမနပ်ပြောလိုက်၏။
“ကျုပ်တို့တွေက အမှတ်တမဲ့တွေ့ဆုံရုံပဲ… တစ်ယောက်နဲ့တစ်ယောက် သိကြတာ မဟုတ်ဘူး”
“မင်းနာမည်က လင်းရွှမ်ကျီလေ”
လူအိုကြီးက ပြောလိုက်၏။
“ဟုတ်တယ်လေ အဲဒါဘာဖြစ်လို့လဲ”
လင်းရွှမ်ကျီက ပြန်မေးလိုက်၏။
လူအိုကြီးက မှင်သေသေဖြင့်ပြောလိုက်၏။
“ငါ့ရဲ့ဂိုဏ်းမှာဆိုရင် လူတိုင်းက ငါ့ကို လူအိုကြီးရွှမ်လို့ ခေါ်ကြတယ်”
“အဲ့တော့..”
လူအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့နှစ်ယောက်စလုံးရဲ့နာမည်တွေမှာ ရွှမ်ဆိုတဲ့စာလုံး ရှိနေတာပဲ… အဲဒါကြောင့် ငါတို့တွေက ကံပါလာပြီးသားပဲ”
“စီနီယာ… ခင်ဗျားက နည်းနည်းတော့ မဆင်မခြင်လုပ်ရာမကျဘူးလား”
လင်းရွှမ်ကျီက မေးမြန်းလိုက်၏။
လူအိုကြီးက ပြောလိုက်လေသည်။
“ဒါက ကောင်းကင်ဘုံရဲ့အလိုဆန္ဒပဲ… မင်းလည်း ဗေဒင်တွက်ချက်တဲ့နည်းလမ်းတချို့ကို သိထားတာပဲ… မင်းက ဒီနေရာကို ရောက်လာနိုင်တယ်ဆိုတာက ငါတို့မှာ ကံပါလာပြီးသားမို့လို့ပဲ”
“စီနီယာ… ခင်ဗျားဘယ်လောက်သန်မာလဲ ကျုပ်မသိဘူး… ဒါပေမဲ့ ခင်ဗျားမှာ လူတွေကို အရူးလုပ်တဲ့နည်းလမ်းတစ်ခု သေချာပေါက်ရှိနေတာပဲ”
လင်းရွှမ်ကျီက သွားဖြဲကာ ပြောလိုက်၏။
သူသည် ပဟေဠိနန်းတော်မှဖြစ်ပြီး ပုံပြောသူအဖြစ် မော်တယ်လောကတစ်ခွင် လှည့်လည်သွားလာခဲ့ဖူးလေသည်။ သူသည် သမုဒ္ဒရာလေးစင်းကို ဖြတ်ကျော်ပြီး နေရာပေါင်းစုံမှာ ပုံပြင်ပေါင်းစုံကို ပြောခဲ့ဖူးလေသည်။
ဤနေရာမှာ သူသည်လည်း အစကတည်းက ပညာရှင်တစ်ဦးဖြစ်သည်။
လူအိုကြီးသည် လင်းရွှမ်ကျီ၏ ငြင်းဆန်မှုကို တွေ့ရသောအခါ အစက မှုန်ရီနေသော သူ၏ မျက်လုံးများက နောက်တစ်ဖန်မှေးမှိန်သွားလေသည်။
စိတ်ဓာတ်ကျသွားပုံဖြင့် လူအိုကြီးက ဖမ်းဆုပ်ထားသော သူ့လက်ကို တဖြည်းဖြည်းချင်းဖြေလျှော့ပြီး ခေါင်းခါလိုက်၏။
“ထားလိုက်ပါတော့… ထားလိုက်ပါတော့… မင်းက ဆန္ဒမရှိဘူးဆိုမှတော့ ငါ မင်းကို ဖိအားမပေးတော့ပါဘူး”
လင်းရွှမ်ကျီက သူ၏ လက်ကောက်ဝတ်ကိုခါပြီး နှုတ်ခမ်းကိုမဲ့လိုက်၏။
လူအိုကြီးက တတွတ်တွတ်ရေရွတ်လိုက်၏။
“အစကတော့ ငါ့မှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေးနဲ့ ပိုကောင်းတဲ့ အရိုက်အရာဆက်ခံသူတစ်ယောက် ရှိခဲ့တယ်… ကံဆိုးစွာနဲ့ပဲ သူက တခြားသူတွေကြောင့် ပျက်စီးသွားရပြီ”
“ဘာ…”
“ဖန်တီးခြင်းကြာပဒုမ္မာလား”
လင်းရွှမ်ကျီ၏ နားနှစ်ဖက်က လှုပ်သွားပြီး တစ်စုံတစ်ရာကို တဖြည်းဖြည်းနားလည်သဘောပေါက်လိုက်၏။ သူက အလောတကြီးမေးမြန်းလိုက်၏။
“စီနီယာ…. ခင်ဗျားပြောတဲ့ အရိုက်အရာဆက်ခံသူက မျိုးရိုးနာမည် ဆူနဲ့လား”
“သူ့နာမည်က ဆူဇီမိုပဲ”
လူအိုကြီးက ခေါင်းညိတ်ပြပြီး လင်းရွှမ်ကျီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
“မင်း သူ့ကို သိလို့လား”
“သိတာပေါ့”
လင်းရွှမ်ကျီက ပေါင်ကိုလက်ဖြင့်ပုတ်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်၏။
“စီနီယာ… သူနဲ့ကျုပ်က ညီအစ်ကိုတွေလိုပဲ… ကျုပ်တို့တွေက မိသားစုဝင်တွေလိုတောင် ပြောလို့ရတယ်”
“စီနီယာ… သူက ပျက်စီးထိခိုက်ခဲ့တယ်လို့ စောစောက ခင်ဗျားပြောခဲ့တယ်မလား… ကျုပ်ညီအစ်ကိုက သေသွားပြီလား”
လင်းရွှမ်ကျီက အလောတကြီးမေးလိုက်၏။
လူအိုကြီးက နှုတ်ဆိတ်နေပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
လင်းရွှမ်ကျီက သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီးမေးလိုက်၏။
“စီနီယာ… ညီကိုဆူအကြောင်း ကျုပ်ကို ထပ်ပြောပြပါဦး… သူ့ကို ဘယ်သူထိခိုက်အောင်လုပ်တာလဲ”
လူအိုကြီးက လင်းရွှမ်ကျီကို တစ်ချက်ကြည့်လိုက်၏။
“ငါတို့တွေက အမှတ်တမဲ့ဆုံတွေ့ရုံပဲ… တစ်ယောက်နဲ့တစ်ယောက် သိကြတာမဟုတ်ဘူး… ငါ မင်းကို ဘာလို့ပြောပြရမှာလဲ”
‘ချီးပဲ… ဒီအဘိုးကြီးက ငါ့ကိုလက်စားချေနေတာပဲ။’
လင်းရွှမ်ကျီက ပြုံး၍ အလောတကြီးပြောလိုက်၏။
“စီနီယာ… ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားရဲ့ အရိုက်အရာဆက်ခံသူအဖြစ် လက်ခံပေးပါ… ကျုပ်က ခင်ဗျားရဲ့မျိုးဆက်အမွေအနှစ်အတွက် သေချာပေါက် စိတ်မပျက်စေရပါဘူး။”