သိုင်းပိုင်နက်နယ်မြေနယ်ပယ်
Vol. 181 Ch. 2703
အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတွင်…
တက္ကသိုလ်ဂိုဏ်းချုပ်၊ ဘုရင်ယွင်ယိုနှင့် အခြားသော အင်မော်တယ်ဘုရင်များက လူစုခွဲထွက်ခွာသွားကြ၏။
တိုက်ပွဲနိုင်ငံ၏ အနီးနားတစ်ဝိုက်မှာ အစက ဂနာမငြိမ်ဖြစ်နေသော ပညာရှင်များနှင့် အဖွဲ့အစည်းတချို့သည်လည်း ယာယီအားဖြင့် ငြိမ်သက်သွားခဲ့ကြပြီဖြစ်၏။
လင်းကျန့် ထုတ်ဖော်ပြသခဲ့သော တိုက်ခိုက်ရည်ခွန်အားက အရမ်းကို စွမ်းအားကြီးမားလေသည်။ သူသည် အင်မော်တယ်ဘုရင်ခြောက်ပါးကို တစ်ယောက်တည်းလိုလို ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
လင်းကျန့်က တိုက်ပွဲနိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသရွေ့ သူတို့ကို လှဲချဖို့က လွယ်ကူလိမ့်မည်မဟုတ်ပေ။
တိုက်ပွဲနိုင်ငံနန်းတော်တွင်…
“စောစောက တက္ကသိုလ်ဂိုဏ်းချုပ်ကို ငါတိုက်ခိုက်မလို့ကို မင်း ငါ့ကို ဘာလို့တားခဲ့တာလဲ”
လင်းကျန့်က သူ၏ ဘေးမှာရှိသော အင်မော်တယ်ဘုရင်မ လင်းလုံကိုကြည့်ပြီး မျက်မှောင်ကြုတ်က မေးလိုက်၏။
အင်မော်တယ်ဘုရင်မ လင်းလုံက တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတယ်… သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ကျော်လွန်သွားလောက်ပြီ”
“ဟမ်”
လင်းကျန့်က ရင်တစ်ချက်ထိတ်သွား၏။
အင်မော်တယ်ဘုရင်မ လင်းလုံသည် ညှိုးနွမ်းကြယ်မှာ သူမ တွေ့မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြလိုက်၏။
“ညှိုးနွမ်းကြယ်မှာ ကြီးမားတဲ့တိုက်ပွဲတစ်ခုရဲ့ အော်ရာအကြွင်းအကျန်တချို့ ရှိနေတယ်…
တက္ကသိုလ်ဂိုဏ်းချုပ်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်သွားလောက်ပြီ”
ဧကရာဇ်တစ်ပိုင်းအဆင့်….
ဧကရာဇ်တစ်ပိုင်းများနှင့် အစစ်အမှန်ဧကရာဇ်များကြား ခွန်အားကွာဟချက်က ကြီးမားသော်လည်း ဧကရာဇ်တစ်ပိုင်းများသည် ဧကရာဇ်နယ်ပယ်သို့ ခြေလှမ်းဝက် ဝင်ရောက်နေပြီဆိုတာကို လင်းကျန့်က ကောင်းကောင်းသိထားလေသည်။
သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သော အင်မော်တယ်ဘုရင်ပညာရှင်များသည် ဤအဆင့်မှာ ရပ်တန့်နေခဲ့ကြပြီး သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး ဧကရာဇ်နယ်ပယ်သို့ တစ်လှမ်းနိုင်ကြခြင်း မရှိပေ။
ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းဖို့က ဘယ်လောက်ခက်ခဲသလဲ တွေ့မြင်ရပေမည်။
လင်းကျန့်၏ ထိခိုက်ဒဏ်ရာများက အကုန်အစင် မပျောက်ကင်းသေးသည်ကိုမပြောနှင့်… သူက သူ၏ အထွတ်အထိပ်အချိန်မှာ ရှိနေမည်ဆိုလျှင်တောင် သူသည် ဧကရာဇ်တစ်ပိုင်းတစ်ယောက်၏ စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။
“တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ”
လင်းကျန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
အင်မော်တယ်ဘုရင်မ လင်းလုံက ပြောလိုက်၏။
“ကျွန်မထင်တာ မမှားဘူးဆိုရင် ကျောက်စိမ်းကျမ်းသုံးခုက သူ့လက်ထဲမှာ ရှိနေပြီ…
လုံလောက်တဲ့အချိန်ရရင် သူက အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တယ်…”
“နောက်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က ဒီတစ်ခေါက် အရမ်းကို ရည်ရွယ်ချက်ကြီးမားတဲ့ စစ်တုရင်ကစားပွဲတစ်ခုကို ခင်းကျင်းခဲ့တယ်… သူက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ရယူချင်ရုံတင်မကဘူး…. သူက ဆူဇီမိုရဲ့ ဖန်တီးခြင်းကြာပဒုမ္မာနဲ့ ကျွန်မရဲ့ ရန်ခြောက်ပါးဂမ္ဘီရအတွက်အချက်ကိုပါ လိုချင်နေတာပဲ”
အင်မော်တယ်ဘုရင်မ လင်းလုံက သူမ၏ ထင်မြင်ချက်ကို ပြန်ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ လင်းကျန့်က ရင်တစ်ချက်ထိတ်သွား၏။
ညှိုးနွမ်းကြယ်မှာ ဧကရာဇ်ဂူသင်္ချိုင်း၏ ပေါ်ထွက်လာမှုကြောင့်နှင့် ဆူဇီမို မသေဆုံးခင် သူ၏ သတိပေးမှုကြောင့် မဟုတ်လျှင် အင်မော်တယ်ဘုရင်မလင်းလုံသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်းခံရနိုင်လေသည်။
“ဇီမို… သူက…”
လင်းကျန့်၏ အမူအရာက သုန်မှုန်လာပြီး သူက အသံနှိမ့်၍ မေးမြန်းလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်ပြီးတဲ့နောက် သူ့မှာ အသက်ရှင်ဖို့အခွင့်အရေး ရှိဦးမလား”
အင်မော်တယ်ဘုရင်မ လင်းလုံက နှုတ်ဆိတ်နေ၏။
ခဏနေပြီးနောက် အင်မော်တယ်ဘုရင်မ လင်းလုံက ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ်ခုခုပြောင်းလဲသွားတဲ့ပုံပဲ… ဘယ်ပြောရမလဲ… ဇီမိုက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံရပြီး…”
အင်မော်တယ်ဘုရင်မလင်းလုံသည်ပင် ထိုစကားကိုပြောဖို့ ယုံကြည်မှုမရှိပေ။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ်ခုခုပြောင်းလဲသွားမည်ဆိုလျှင်တောင် အထဲမှာ ကျိန်စာများက ရှိနေဆဲပင်ဖြစ်သည်။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာရှိနေရွေ့ ဆူဇီမိုမှာ အသက်ရှင်ဖို့အတွက် မည်သည့်အခွင့်အရေးမှမရှိပေ။
မှောင်မည်း၍ အေးစက်နေသော လေဟာနယ်စီးကြောင်းထဲမှာ ကြီးမားသော ဂူသင်္ချိုင်းတစ်ခုက တိတ်တဆိတ်လွင့်မျောပြီး ဘယ်ဆီဘယ်ဝယ်မသိရသော နေရာတစ်ခုဆီသို့ ရွေ့လျားနေလေသည်။
ဆူဇီမိုက ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာပြီးခဏမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကိုလွှမ်းခြုံလာသည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်၏။
ထိုစွမ်းအားသည် နေရာတကာပျံ့နှံ့နေပြီး သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အသိစိတ်ပင်လယ်ထဲသို့ပင် စိမ့်ဝင်ထိုးဖောက်လာခဲ့သည်။
ထိုအရာက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာ ဖြစ်သည်။
ဆူဇီမိုက ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ကျိန်စာစွမ်းအားက ၎င်း၏ စွမ်းပကားကို စတင်ထုတ်ဖော်လာပြီး သူ၏ အသားနှင့် အမြုတေစိတ်ဝိညာဉ်ကို တိုက်စားလာခဲ့၏။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်က လဲပြိုကျတော့မည်ဆဲဆဲအခြေအနေသို့ ရောက်ရှိနေခဲ့ပြီသားဖြစ်သည်။
သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဆရာအာခံကျိန်စာ၏ အစိမ်းရင့်ရောင်ချည်မျှင်များစွာက ရစ်ပတ်ထားလေသည်။ ယခု သူသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် စွန်းထင်းခံရပြီး သူ၏အခြေအနေက ပို၍ပင်ဆိုးဝါးလာခဲ့၏။
“ကံဆိုးစွာနှင့်ပဲ ကျိန်စာတွေက မတူညီတဲ့အဆိပ်တွေလို တစ်ခုနဲ့တစ်ခု မချေဖျက်နိုင်ကြဘူး”
ဆူဇီမိုက သူ့ဘာသာသူ ရယ်မောလိုက်၏။
သူ၏ အသိစိတ်က တဖြည်းဖြည်းနစ်မြုပ်လာခဲ့ပြီး သူ၏ မြင်ကွင်းက မှောင်မည်းလာခဲ့ပြီဖြစ်သည်။
သူသည် ရှေ့သို့သာ ဒယီးဒယိုင်ဖြင့် အလိုလိုလျှောက်လှမ်းနေ၏။
သူ့ကို တတ်နိုင်သမျှ အသက်ရှင်နိုင်အောင် ထိန်းသိမ်းပေးထားသည့် အဆင့် ၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ စဉ်းစားကြည့်၍မရနိုင်သော အသက်ဓာတ်အားကြောင့် မဟုတ်လျှင် သူသည် ယခုအချိန်ထိ ရှင်သန်နိုင်ဦးမည် မဟုတ်ပေ။
“ငါ အရမ်းပင်ပန်းနေပြီ”
ဆူဇီမိုသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရပြီး သူ၏ မျက်ခွံများက လေးလံလာ၏။ သူသည် နေရာမှာပင် ပစ်လှဲချပြီး ကောင်းကောင်းအိပ်စက်ချင်မိလေသည်။
သူ၏ နားထဲမှာ အသံတစ်သံကို ကြားလိုက်ရသည့်ပုံပင်။
ဆူဇီမိုက မြေပြင်ပေါ်သို့ လဲကျသွား၏။
ဝေဝါးနေသော သူ၏ မြင်ကွင်းကနေတစ်ဆင့် သူသည် မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေသည့် ပုံရိပ်တစ်ခုကို ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။
“ငါက ထင်ယောင်ထင်မှားတွေ မြင်နေပြီပဲ”
ဆူဇီမိုသည် အနည်းငယ် ကယောင်ကတမ်းဖြစ်လာပြီး သူ၏ အသိစိတ်က စတင်၍ ပြိုကွဲလာခဲ့၏။
“အား…”
သူသည် လေးတွဲ့သော သက်ပြင်းချသံတစ်သံကို ကြားလိုက်ရသည့်ပုံပင်။
“သူက ကျိန်စာနှစ်ခုနဲ့ စွန်းထင်းခံထားရတာပဲ… သူ့ကို ကယ်လို့မရတော့ဘူး…
နှမြောစရာပဲ”
အလွန်တရာဝေးကွာပုံရသော နေရာကနေ အသံတစ်သံ ထွက်ပေါ်လာသည့်ပုံပင်။
“အဲဒီအသံက ရင်းနှီးနေသလို….”
အဲဒါသည် ဆူဇီမို၏ နောက်ဆုံးအတွေးဖြစ်၏။ ထို့နောက် သူက သူ၏ အသိစိတ်ကို ဆုံးရှုံးသွားရလေသည်။
ငရဲကမ္ဘာ၊ ဆီးနှင်းစိမ့်စမ်းငရဲတွင်…
ဆီးနှင်းစိမ့်စမ်းနန်းတော်၏ အနက်ပိုင်းထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းငရဲဘေး လျှို့ဝှက်ခန်းတစ်ခုထဲမှာ တံခါးပိတ်ကျင့်ကြံနေ၏။ သူသည် ဤနှစ်များအားလုံးမှာ သူလေ့လာခဲ့ တွေ့မြင်ခဲ့ဖူးသော သုတ္တန်များနှင့် လျှို့ဝှက်ကျမ်းများစွာကို တိတ်တဆိတ် ဆင်ခြင်ထုတ်နှုတ်နေ၏။
တကယ်တော့ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမတိုင်ခင် သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ နောက်ထပ်ဓမ္မအစီအရင်အတွက် ဉာဏ်ကွန့်မြူးမှုတစ်ခုကို ရရှိခဲ့ပြီးသားဖြစ်သည်။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ နိုးထလာသော တည်ဆောက်သူသစ်ပင်ကနေ အစိမ်းရောင် ရောင်လျှံစက်ဝန်းတစ်ခု ဖြာထွက်လာသည်ကို တွေ့ရသောအခါ သူ၏ ဉာဏ်ကွန့်မြူးမှုက ပို၍နက်ရှိုင်းလာခဲ့၏။
တစ်နေ့တစ်ည ကြာမြင့်ခဲ့သော ဆီးနှင်းစိမ့်စမ်းနန်းတော်အပြင်ဘက်မှာ ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲသည် သူ၏ အတွေးများကို နောက်ဆုံးမှာ ရုပ်လုံးပေါ်လာစေ၏။
နောက်ပိုင်းမှာ ကြင်ရာတော်ယု၏ အကူအညီနှင့် သိုင်းတာအိုပင်မခန္ဓာသည် ယင်ယန်အဆောင်သုတ္တန်ကို ဘာသာပြန်နိုင်ခဲ့ပြီး စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ အချုပ်တွဲနှင့် ဆီးနှင်းစိမ့်စမ်းအတွဲကို ဖတ်ရှုကာ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့လေသည်။
သူသည် သိုင်းတာအို၏ နောက်ထပ်နယ်ပယ်အတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီး အရာရာတိုင်းက နေရာတကျဖြစ်လာ၏။
ပကတိဧကနယ်ပယ်အပြီး၌ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများ၏ ဓမ္မတာအိုသုံးခုသည် တာအိုသစ်သီးကို အတင်းအကျပ်ခွဲထုတ်ရပေလိမ့်မည်။
သူတို့သည် ထိုစွမ်းအားကို အသုံးချကာ ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ရမည်ဖြစ်သည်။
သို့သော်လည်း သိုင်းတာအို၏ ဓမ္မအစီအရင်မှာတော့ အခြေခံအုတ်မြစ်သည် အမြဲတမ်း သူ့ကိုယ်သူ ကျင့်ကြံဖို့သာဖြစ်လေသည်။
ပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ကျင့်ကြံခဲ့၏။
သိုင်းတာအိုနည်းစနစ်များပါဝင်သည့် မရေမတွက်နိုင်သော ရှေးဟောင်းမှော်စာလုံးများ၏ လေးနက်သိမ်မွေ့မှုများသည် သူ့ကိုယ်ကာယ၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများထဲမှာ အရည်ပျော်ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။
ခြင်ဆီရှင်းလင်းကနေတစ်ဆင့် ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ရရှိပြီး စွမ်းအားကြီးမား၍ ပြိုင်ဘက်ကင်းသောခန္ဓာ၊ အစစ်အမှန်သိုင်းတာအိုခန္ဓာကို ဖန်တီးနိုင်ခဲ့လေသည်။
သိုင်းတာအိုက ရှေ့သို့တက်လှမ်းလာသည်နှင့်အမျှ ရှေးဟောင်းမှော်စာလုံးများနှင့် ဓမ္မတာအိုများက ပိုမိုနက်ရှိုင်းလာပြီး သူတို့၏ ခွန်အားကလည်း တိုးလာခဲ့သည်။
နောက်ဆုံး အကန့်သတ်တစ်ခုကို အရောက်မှာ သူတို့သည် အစစ်အမှန်သိုင်းတာအိုခန္ဓာကနေ ရုန်းထွက်ပြီး ဖြန့်ကြက်ထွက်ပေါ်လာပေလိမ့်မည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာကို ဗဟိုပြုပြီး ဘေးပတ်လည်မှာ ဓမ္မတာအိုများဖြင့် ရောထွေးယှက်ဖြာနေသော ပိုင်နက်နယ်မြေတစ်ခုက ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုအရာသည် သိုင်းတာအို၏ နောက်ထပ်နယ်ပယ်၊ သိုင်းပိုင်နက်နယ်မြေနယ်ပယ် ဖြစ်လာပေလိမ့်မည်။
ဤပိုင်နက်နယ်မြေ၏ စွမ်းအားသည် ကောင်းကင်လိုဏ်ဂူစွမ်းအား၏ အစိတ်အပိုင်းတစ်ခု သေချာပေါက်မဟုတ်ပေ။
သို့သော်လည်း သိုင်းပိုင်နက်နယ်မြေနယ်ပယ်သည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဓမ္မအစီအရင်များ၏ ကောင်းကင်လိုဏ်ဂူနယ်ပယ်နှင့် ကျင့်ကြံမှုအဆင့် ဆင်တူလေသည်။
လျှို့ဝှက်ခန်းထဲမှာ…
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် အဟန့်အတားတစ်ခုကို ချိုးဖျက်လိုက်သည့်အလားပင်။ သူ၏ အော်ရာက ရုတ်ချည်းမြင့်တက်လာပြီး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိလာခဲ့၏။
ထို့နောက် ချက်ချင်းပင် အစစ်အမှန်သိုင်းတာအိုခန္ဓာကနေ မီးတောက်လုံးတချို့ ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ငရဲခန်းတစ်ခုကဲ့သို့ အလျှံညီးညီး ပိုင်နက်နယ်မြေတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဤမြင်ကွင်းသည် ဆီးနှင်းစိမ့်စမ်းနန်းတော်၏ အပြင်ဘက်မှ ဆီးနှင်းစိမ့်စမ်းငရဲစစ်တပ်ကို သိုင်းတာအိုပင်မခန္ဓာက တစ်ယောက်တည်းတိုက်ခိုက်ခဲ့သည်နှင့် ဆင်တူလေသည်။
သူ၏ ပိုင်နက်နယ်မြေထဲသို့ ခြေချလာသော မည်သည့်သက်ရှိမဆို သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းခံရပြီး လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
ဤမီးတောက်လောင်ငရဲခန်းသည် တည်ဆောက်သူသစ်ပင်၏ အစိမ်းရောင်ရောင်လျှံစက်ဝန်းနှင့် ဆင်တူလေသည်။
ဤပိုင်နက်နယ်မြေထဲမှာ သိုင်းတာအိုပင်မခန္ဓာက တစ်ဦးတည်းသော နတ်ဘုရားဖြစ်သည်။
လျှို့ဝှက်ခန်းတစ်ခုလုံးသည် သိုင်းတာအိုငရဲခန်းဖြင့် လွှမ်းခြုံခံရပြီး ထိုစွမ်းအားကို လုံးဝမခုခံနိုင်ပေ။
တစ်ခဏချင်းမှာပင် ၎င်းက အရည်ပျော်ကျပြီး သံခဲများအဖြစ် ပြောင်းလဲသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက ဆီးနှင်းစိမ့်စမ်းငရဲအနားတစ်ဝိုက်မှာ နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာ၏။
ဆီးနှင်းစိမ့်စမ်းငရဲ၏ အရိုးခိုက်အအေးဓာတ်ကပင်လျှင် သိုင်းတာအိုငရဲခန်း၏ စွမ်းအားကို မဖိနှိမ်နိုင်ပေ။