ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်
Vol. 181 Ch. 2705
ထန်ခုန်း၊ ထန်ချင်အာနှင့် ဆီးနှင်းစိမ့်စမ်းငရဲအစောင့်တပ်သားများက ကြက်သေသေနေကြ၏။
ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
တစ်ဘက်မှာသူသည် ငရဲကမ္ဘာကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာချင်သည်ဟုဆိုနေ၏။ တစ်ဘက်မှာတော့ သူသည် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်နေလေသည်။
ငရဲကမ္ဘာတစ်ခုလုံးနီးပါး၏ စွမ်းအားက ဆီးနှင်းစိမ့်စမ်းငရဲမှာ စုဝေးရောက်ရှိနေ၏။ ဒီလူက သေချင်နေတာကြောင့်မဟုတ်ရင် တခြားဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
ကြင်ယာတော်ယုက ဘာမှမတတ်နိုင်ဘဲ သိုင်းတာအိုပင်မခန္ဓာကို မျက်လုံးစွေကြည့်ကာ ဖျောင်းဖျလိုက်၏။
“အလျင်စလိုမလုပ်ပါနဲ့... ငါတို့တွေက ဒီကိစ္စရဲ့အတိုင်းအရှည်ကို စဥ်းစားသင့်တယ်”
ကြင်ယာတော်ယု၏ ထင်မြင်ချက်အရ သိုင်းတာအိုပင်မခန္ဓာသည် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသို့ သွားရောက်ချင်သည်ဆိုလျှင်တောင် သူက ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်ရပေမည်။
သူသည် ဆီးနှင်းစိမ့်စမ်းငရဲ၏ အင်အားကိုစုစည်းပြီးမှ ညှင်းပန်းနှိပ်စက်ငရဲသို့ စစ်တပ်တစ်တပ်ကို ဦးဆောင်သွားရပေမည်။
ထိုသို့ဖြင့်သာ သူသည် ညှိနှိုင်းဆွေးနွေးမှုတချို့ပြုလုပ်နိုင်မည်ဖြစ်သည်။
“ငါ့မှာ အချိန်မရှိဘူး”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။
ကြင်ယာတော်ယုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အခြေအနေကို မသိရှိပေ။ ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသို့ ညှိနှိုင်းဆွေးနွေးဖို့သွားမှာ မဟုတ်ဘူးဆိုတာ သူမက မသိရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းနန်းတော်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါကနေတစ်ဆင့် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသို့ ချက်ချင်းပင်သွားရောက်ဖို့ပြင်လိုက်၏။
“နေဦး... ငါနင်နဲ့လိုက်ခဲ့မယ်”
ကြင်ယာတော်ယုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အလောတကြီးလိုက်ပါလာ၏။
မည်သို့ပင်ဆိုစေ ရှေ့မှာရှိသောအခြေအနေက ဘယ်လောက်ပင် အန္တရာယ်များသည်ဖြစ်စေ သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ ရှိနေပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာသည် ငရဲကမ္ဘာမှာ သူမ၏ တစ်ဦးတည်းသော မိတ်ဆွေဟောင်းဖြစ်သည်။
ထန်ခုန်းက တွေဝေရှုပ်ထွေးနေပြီး သူ့မှာ စိုးရိမ်ထိတ်လန့်သောအမူအရာတစ်ခုရှိနေ၏။
အစကတော့ သူသည် ဘုရင်မြောက်ရိုးမသာဖြစ်ခဲ့ပြီး လက်ရှိဤနေရာကို သိုင်းတာအိုပင်မခန္ဓာက သူ့အား အတင်းအကျပ်ပေးအပ်ခဲ့လေသည်။
ပွင့်လင်းစွာပြောရလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းဖြစ်လာဖို့ လုံလောက်အောင်သန်မာမှုမရှိပေ။
ယခုအချိန်မှာ ငရဲကမ္ဘာတစ်ခုလုံး၏ ပညာရှင်များက ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲမှာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့်အတူ သူသည် ထိုနေရာသို့ ရောက်ရှိပါက ရေပွက်တစ်ခုကိုပင် ဖြစ်စေနိုင်မည်မဟုတ်ပေ။
ထန်ခုန်းသည် ဆီးနှင်းစိမ်းစမ်းငရဲအစောင့်တပ်သားများစွာကို ဦးဆောင်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ကြင်ယာတော်ယုကို ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ လိုက်ပို့ပေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပို့ဆောင်ရေးဝင်္ကပါပေါ်သို့တက်လှမ်းပြီး ထွက်ခွာတော့မည့်ဆဲဆဲမှာ ထန်ခုန်း၏ မျက်လုံထဲတွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်ထွက်လာ၏။ သူက အံကိုကြိတ်ပြီး ပြောလိုက်၏။
“ဘာဖြစ်လဲ... အလွန်ဆုံး ငါက သေရရုံပေါ့”
“ငါမသေခင် ငရဲရှစ်ခုရဲ့မဟာစုဝေးပွဲကို တွေ့မြင်နိုင်မယ်ဆိုရင် ငါ့ဘဝက အလဟဿမဖြစ်တော့ဘူး”
ထန်ခုန်း၏ ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် ပို့ဆောင်ရေးဝင်္ကပါပေါ်သို့ တက်လှမ်းလိုက်၏။
ပို့ဆောင်ရေးဝင်္ကပါကနေ အလင်းတန်းများပစ်လွင့်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၊ ကြင်ယာတော်ယုနှင့် ထန်ခုန်းကို လွှမ်းခြုံသွားလေသည်။
သိပ်သည်းပြင်းထန်သော အလင်းရောင်နှင့်အတူတွဲဖက်ပြီး သူတို့သုံးယောက်က ပျောက်ကွယ်သွားကြ၏။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသည် ငရဲကိုးခု၏ နံပါတ်တစ်ငရဲအဖြစ်ကျော်ကြားပြီး ငရဲကမ္ဘာ၏ အလယ်ဗဟိုဧရိယာမှာ တည်ရှိလေသည်။
ယခင်ငရဲအရှင်သည် ညှင်းပန်းနှိပ်စက်ငရဲမှာ စိုးစံခဲ့လေသည်။
သူသည် ငရဲအရှင်ဖြစ်ရုံသာမက သူသည် ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းလည်းဖြစ်လေသည်။
သို့သော်လည်း ငရဲအရှင်သေဆုံးသွားပြီးနောက် သူ၏ နေရာက ယခုထိတိုင် လစ်လပ်နေခဲ့၏။
ဓမ္မအဆုံးသတ်ခေတ်သို့ ဝင်ရောက်လာပြီးနောက် ငရဲကမ္ဘာ၏ အလုံးစုံခွန်အားက အဆက်မပြတ်လျော့ကျလာနေ၏။
မျိုးဆက်တိုင်းမှာ ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းတစ်ဦး ပေါ်ထွက်လာတတ်သော်လည်း သူတို့သည် ငရဲအရှင်ဖြစ်လာနိုင်ခြင်း သို့မဟုတ် အများသူငှာကို ယုံကြည်လက်ခံစေကာ ငရဲကိုးခုကို အုပ်စိုးနိုင်ခြင်း မရှိကြတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ နံပါတ်တစ်ငရဲသည် သူ၏ ယခင်ဂုဏ်ကျက်သရေကို ဆုံးရှုံးပြီး သူ၏ အဆင့်အတန်းက တဖြည်းဖြည်းကျဆင်းလာကာ အခြားသောငရဲရှစ်ခုနှင့် မတိမ်းမယိမ်းဖြစ်လာ၏။
လွန်ခဲ့သည့်အချိန်တစ်ခုက ဆီးနှင်းစိမ့်စမ်းငရဲမှ ကြီးမားသောသတင်းတစ်ခုရောက်ရှိလာပြီး ငရဲကမ္ဘာကို တုန်လှုပ်သွားစေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိတစ်ဦးသည် ဆီးနှင်းစိမ့်စမ်းငရဲသို့ ဆင်းသက်ရောက်ရှိလာပြီး သိပ်မကြာခင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို သတ်ဖြတ်ကာ သူ့နေရာကို အစားထိုးခဲ့လေသည်။
ဤသတင်းသည် ငရဲကမ္ဘာမှာ ချက်ချင်းပင်ကြီးမားစွာ ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
ငရဲအရှင်ရှစ်ဦး၏ ဦးဆောင်မှုအောက်မှာ အမျိုးမျိုးသောငရဲများမှ ပညာရှင်များသည် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသို့ လာရောက်ပြီး ဆီးနှင်းစိမ့်စမ်းငရဲ၏ အရေးကိစ္စကို ဆွေးနွေးပြောဆိုလာကြ၏။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသည် သူ၏ ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရရှိလာပုံရပြီး အလွန်တရာသက်ဝင်လှုပ်ရှားနေ၏။
ငရဲအရှင်ရှစ်ဦးက ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသို့ ရောက်ရှိလာသည်မှာ အကြောင်းပြချက်ရှိလေသည်။ ပထမအချက် သူတို့သည် ဆီးနှင်းစိမ့်စမ်းငရဲ၏ အရေးကိစ္စကို ဆွေးနွေးချင်ကြ၏။ ဒုတိယအချက် သူတို့သည် ငရဲအရှင်အသစ်တစ်ပါးကို ရွေးချယ်တင်မြှောက်လိုကြလေသည်။
ပြောရမည်ဆိုလျှင် ငရဲအရှင်ရှစ်ဦးအတွက် ဆီးနှင်းစိမ့်စမ်းငရဲ၏ အရေးကိစ္စက သိပ်ပြီးကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။ သို့သော်လည်း ငရဲအရှင်ရှစ်ဦးသည် ဤအရေးကိစ္စကို အသုံးချကာ ငရဲကမ္ဘာကို ပြန်လည်စည်းရုံးပြီး ငရဲကမ္ဘာကို အုပ်စိုးသည့် ငရဲအရှင်အသစ်တစ်ပါးကို ရွေးချယ်နိုင်ကြမည်ဖြစ်လေသည်။
တကယ်တမ်းမှာလည်း ငရဲမှပညာရှင်များစွာတွင် ဤကဲ့သို့သောအတွေးများရှိခဲ့ကြလေသည်။ သို့သော်လည်း သူတို့အတွက် သင့်လျော်သောအခွင့်အရေးတစ်ခု ပေါ်ထွက်မလာခဲ့ပေ။
သို့သော်ယခု... သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုက ငရဲမှပညာရှင်များစွာကို ကျေနပ်သဘောကျသွားစေ၏။ ထိုသို့ဖြင့် ငရဲကိုးခုကိုပေါင်းစည်းပြီး ပြင်ပသက်ရှိများကိုသတ်ဖြတ်ရန် ငရဲအရှင်အသစ်တစ်ပါးကို ရွေးချယ်ဖို့က ယုတ္တိတန်လာခဲ့လေသည်။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်တွင်...။
ငရဲအရှင်ရှစ်ဦးအပြင် အမျိုးမျိုးသောကရဲများမှ မရေမတွက်နိုင်သောပညာရှင်များကလည်း ဆင်းသက်ရောက်ရှိလာကြ၏။ ထိုသို့ဖြင့် ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်မှာ အနည်းငယ်လူကျပ်နေပြီး သူတို့သည် မကြုံစဖူးထူးခြားသည့် စုဝေးပွဲကို ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်သို့ ရွှေ့ပြောင်းလိုက်ရ၏။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်၏ အလယ်မှာ ဧရာမမဟူရာယစ်ပူဇော်စင်မြင့်တစ်ခုကို တည်ဆောက်ထား၏။
ထိုစင်မြင့်ပေါ်မှာ စုစုပေါင်းနေရာကိုးနေရာရှိပြီး ငရဲအရှင်ကိုးဦးကို ကိုယ်စားပြုလေသည်။
လစ်လပ်နေသော ဆီးနှင်းစိမ့်စမ်းငရဲနေရာကလွဲလျှင် အခြားသော ငရဲအရှင်ရှစ်ဦးက စင်မြင့်ထက်မှာ ထိုင်နေကြပြီဖြစ်၏။
သူတို့၏ နောက်ဘက်မှာ မရေမတွက်နိုင်သော ငရဲဘုရင်ပညာရှင်များရှိနေပြီး ငရဲဘုရင်များနှင့် တမလွန်ဘုရင်များက ရှေ့ဆုံးမှာရပ်နေကြ၏။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်သည် မရေမတွက်နိုင်သော ငရဲသက်ရှိများနှင့်အတူ လူများက စုပြုံထပ်လာကြလေသည်။
“အားလုံးပဲ”
ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းသည် မီးခိုးရောင်ဆံပင်နှင့် ပိန်လှီနေသောအဖိုးအိုတစ်ယောက်ဖြစ်လေသည်။ ထိုအခိုက်အတန့်မှာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ လူတိုင်းက ထင်မြင်ချက်အမျိုးမျိုးကိုအကြံပြုခဲ့ကြတယ်... ဒါပေမဲ့ ငါတို့တွေက ငရဲအရှင်ဘယ်သူဖြစ်လာမလဲဆိုတာ အများသူငှာယုံကြည်လက်ခံနိုင်လောက်အောင် မဆုံးဖြတ်နိုင်ကြဘူး”
“နောက်ဆုံးမှာတော့... လုံလောက်အောင်သန်မာတဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့သူကပဲ ငရဲအရှင်ဖြစ်လာပြီး ငရဲကမ္ဘာကို အုပ်စိုးနိုင်မယ်”
ငရဲအရှင်အဝါရောင်စိမ့်စမ်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
ပို၍ပင်အိုစာပုံရသော ဆံပင်များဖြူဖွေးနေသည့် နောက်ထပ်အဖိုးအိုတစ်ဦးက လက်ကာပြပြီး ခါးသက်စွာပြောလိုက်၏။
“မင်းတို့တွေ အဲဒါအတွက် ယှဥ်ပြိုင်တိုက်ခိုက်ကြ... ငါကတော့အိုနေပြီ ငါဝင်မပါတေ့ဘူး”
ဤလူက ငရဲအရှင်ခါးသက်စိမ့်စမ်းဖြစ်လေသည်။
ငရဲအရှင်ခါးသက်စိမ့်စမ်းက အိုမင်းနေပြီဖြစ်သော်လည်း ခါးသက်စိမ့်စမ်းငရဲမှာ နှစ်ပေါင်းများစွာကြာအောင် သူ၏ အဆင့်အတန်းကို မည်သူကမှ မကိုင်လှုပ်နိုင်ခဲ့ပေ။
သူ၏ နည်းလမ်းများနှင့် ခွန်အားက သိသာထင်ရှားလေသည်။
“ငါ့အထင်တော့ ငါတို့ရှစ်ယောက်က အခုချိန်မှာ ဆီးနှင်းစိမ့်စမ်းငရဲကို သွားသင့်တယ်”
ငရဲအရှင်သိပ်သည်းလေးလံစိမ့်စမ်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဲဒီပြင်ပသက်ရှိကို သတ်နိုင်တဲ့ဘယ်သူမဆို ဒီဘက်မျိုးဆက်ရဲ့ ငရဲအရှင်ဖြစ်လာလိမ့်မယ်”
“ဟဲဟဲ”
ငရဲအရှင် ကြည်လင်အေးမြစိမ့်စမ်းက ထူးဆန်းစွာရယ်မောလိုက်၏။
“ငါတို့ရှစ်ယောက်ထဲက ဘယ်သူမဆို အဲဒီပြင်ပသက်ရှိကို သတ်ဖြတ်နိုင်ကြတာပဲ... အဲဒါက မျှတတဲ့အကြံပြုချက်တစ်ခု မဟုတ်ဘူး”
“ပြောလို့မရဘူး”
ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းက ပြောလိုက်၏။
“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက အဲဒီလူနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ငါကြားတယ်... ဆီးနှင်းစိမ့်စမ်းနန်းတော်တစ်ခုလုံးရဲ့ ပူးပေါင်းအင်အားတောင်မှ သူ့ကို လှဲမချနိုင်ခဲ့ဘူး”
ငရဲအရှင် ညှင်းပန်းနှိပ်စက်စိမ့်စမ်း၏ အမူအရာက တည်ငြိမ်နေ၏။
“အားလုံးပဲ... ငါတို့တွေ ပေါ့ပေါ့ဆဆ တကယ်ပဲလုပ်လို့မရဘူး... ဒီကောင်လေးမှာ ငရဲဖိနှိမ်မီးဖိုလို့ခေါ်တဲ့ ဧကရာဇ်လက်နက်တစ်ခုရှိတယ်... အဲဒါက အရင်တုန်းက မဟာဧကရာဇ်အနန္တရဲ့လက်နက်ပဲ”
မဟာဧကရာဇ်အနန္တအကြောင်းကြားရချိန်မှာ လက်ရှိငရဲအရှင်ရှစ်ဦးက သိသိသာသာစိုးရိမ်ပူပန်နေပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“ငါကတော့... အဲဒီနည်းလမ်းနဲ့ပတ်သက်ပြီး သဘောတူတယ်... အဲဒီကောင်လေးကို သတ်နိုင်တဲ့ဘယ်သူမဆို ငရဲအရှင်အသစ်ဖြစ်လာမယ်”
“ငါတို့ထဲက သုံးယောက်က သူ့ကို တစ်ချိန်တည်းမှာ တိုက်ခိုက်ပြီး သတ်ဖြတ်နိုင်မယ်ဆိုရင်ရော”
ငရဲအရှင်ယင်စိမ့်စမ်းက မေးလိုက်၏။
ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက ပြောလိုက်၏။
“အဲဒါက လွယ်ပါတယ်... သူတို့သုံးယောက်က နောက်ထပ်တစ်ချီထပ်ပြီးတိုက်ခိုက်ကြပေါ့... နောက်ဆုံးမတ်တတ်ရပ်ပြီး ကျန်ခဲ့တဲ့သူက ငရဲအရှင်ပဲ”
“ငါတော့သဘောတူတယ်”
“အမှန်ပဲ”
ငရဲအရှင်ရှစ်ဦးက တစ်ယောက်ပြီးတစ်ယောက် သဘောတူလက်ခံလိုက်ကြ၏။
ထိုစဥ်မှာပင် လူသုံးယောက်က ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်ရှိရာဘက်သို့ ပျံသန်းလာနေ၏။ သူတို့သည် တုန်လှုပ်စရာကောင်းလောက်အောင်မြန်ဆန်ပြီး တစ်ခဏချင်းမှာပင် ရောက်ရှိလာကြသည်။