မင်္ဂလာပါအရှင်မ
Vol. 181 Ch. 2712
ထန်ခုန်းသည် တမလွန်ဘုံရတနာကြေးမုံဟူသောစကားကို ကြားရချိန်မှာ သူ၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် အလောတကြီးဒူးထောက်ချလိုက်၏။
ယဇ်ပူဇော်စင်မြင့်ပေါ်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် ကြင်ယာတော်ယုကသာ မတ်တတ်ရပ်လျက် ကျန်နေကြသည်။
ကြင်ယာတော်ယု၏ အမူအရာက တွေဝေရှုပ်ထွေးနေပြီး ယခုအချိန်ထိ သူမက သတိပြန်မကပ်နိုင်သေးပေ။
တမလွန်ဘုံရတနာကြေးမုံက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ရှိထားပြီး ထိုကြေးမုံသည် တစ်ခါက ငရဲအရှင်၏ လက်နက်ဖြစ်ခဲ့သည်ကို သူမက သိရှိထားခဲ့ပြီးသားဖြစ်သည်။
သို့သော်လည်း တမလွန်ဘုံရတနာကြေးမုံသည် ငရဲကမ္ဘာမှာ ဤမျှအထိ ခြိမ်းခြောက်နိုင်စွမ်းရှိနေမည်ကို သူမက ထင်မှတ်မထားခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည်လည်း တမလွန်ဘုံရတနာကြေးမုံကို ထုတ်ဖော်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူ့ရှေ့မှ မြင်ကွင်းမှာ အံ့အားသင့်နေ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းအပါအဝင် ဒူးထောက်နေသော ငရဲသက်ရှိများသည် သူ့ကိုကြောက်ရွံ့ခြင်းမဟုတ်ဘဲ သူ့လက်ထဲရှိ တမလွန်ဘုံရတနာကြေးမုံကိုဖြစ်သည်။
တကယ်တော့ အဲဒါသည် ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်တစ်ဦးဖြစ်သော ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက တမလွန်ဘုံရတနာကြေးမုံပေါ်ထွက်လာသည့်ခဏမှာပင် သတ်ဖြတ်ခံလိုက်ရသည့်အချက်နှင့် ပတ်သက်ဆက်စပ်နေ၏။
ငရဲအရှင်ညှင်းပန်းနှိပ်စပ်ငရဲသည် ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရ၏။ တမလွန်ဘုံရတနာကြေးမုံပေါ်ရှိ သွေးသူငယ်အိမ်က သူ့ကို တစ်ချက်ကြည့်ရုံဖြင့် သူက သွေးရည်အိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းပြောပုံအရ သွေးသူငယ်အိမ်သည် တမလွန်ဘုံမျက်လုံးဖြစ်ပြီး အဲဒါသည် တမလွန်ဘုံရတနာကြေးမုံမှ ဆင့်ကဲပြောင်းလဲလာသည့် သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်ရပေမည်။
တမလွန်ဘုံမျက်လုံးသည် တကယ်ပင်ကြောက်စရာကောင်းလေသည်။ တကယ်ဆို သူပင်လျှင် နီညိုရောင်အလင်းကို ခုခံဆန့်ကျင်နိုင်ပါ့မလား သိုင်းတာအိုပင်မခန္ဓာက တွေးမိနေ၏။
တမလွန်ဘုံမျက်လုံးကို အသက်သွင်းဖို့အတွက်အခြေအနေက အရမ်းကို ပြင်းထန်ကြမ်းတမ်းပြီး ကြီးမားသော အမြုတေသွေးပမာဏတစ်ခုကို လိုအပ်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့်ပင်လျှင် သူကအဲဒါကို ခံနိုင်ရုံသာရှိလေသည်။
လုံးလုံးလျားလျားမလိုအပ်သရွေ့ သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံကို အသက်သွင်းပြီး တမလွန်မျက်လုံးကို ထုတ်ဖော်ဖို့ စိတ်ကူးမရှိတော့ပေ။
အတိအကျဆိုရလျှင် တမလွန်ဘုံရတနာကြေးမုံကို အသက်သွင်းခြင်းသည် ကြီးမားသော အမြုတေသွေးပမာဏတစ်ခုကိုသာ လိုအပ်လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ၎င်းအား အခြားသက်ရှိများ၏ မျိုးဆက်သွေးများကို အငမ်းမရဝါးမျိုခွင့်မပေးရဲပေ။
ထိုသို့ဖြင့် တမလွန်ဘုံရတနာကြေးမုံသည် အခြားသောသက်ရှိများနှင့် ဆက်သွယ်မှုရရှိသွားပြီး သူ၏ ထိန်းချုပ်မှုကနေ လုံးလုံးလျားလျားလွတ်ထွက်သွားနိုင်သည်။
တမလွန်ဘုံရတနာကြေးမုံသည် တစ်ခါက ဝိညာဥ်မီးအိမ်ကြောင့် လောင်ကျွမ်းခံခဲ့ရသော်လည်း ၎င်းက လုံးလုံးလျားလျားဖိနှိမ်မခံခဲ့ရသည်မှာ သိသာလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံ၏ အနက်ပိုင်းထဲမှာ စွမ်းအားကြီးမားသော စိတ်ဆန္ဒတစ်ခုပုန်းကွယ်နေသည်ကို ခပ်ရေးရေးအာရုံခံမိနိုင်၏။
သို့သော်လည်း ထိုစိတ်ဆန္ဒက စိုးရိမ်ပူပန်စွာဖြင့် ပုန်ကွယ်နေခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် အတွေးပေါင်းများစွာနှင့်အတူ တမလွန်ဘုံရတနာကြေးမုံကို ကိုင်ဆွဲထား၏။
ထိုအခိုက်အတန့်မှာ ကြင်ယာတော်ယုသည် သူမ၏ ငေးငိုင်ရာကနေ နိုးထလာပြီး သူမ၏ ဘေးပတ်လည်မှာ ဒူးထောက်နေသော သက်ရှိများစွာကို ကြည့်လိုက်၏။ သူမတစ်ယောက်တည်းကသာ နေရာမှာမတ်တတ်ရပ်နေပြီး အလွန်တရာထင်ရှားပေါ်လွင်နေ၏။
သူမသည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သိုင်းတာအိုပင်မခန္ဓာထံ ဒူးထောက်ချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကိုအာရုံခံမိသွားပုံရပြီး ရုတ်တရက်သူ၏ လက်ကိုဆန့်ထုတ်လိုက်၏။ ကြင်ယာတော်ယုက ဒူးထောက်မကျခင် သူက သူမကိုထူမပေးပြီး ခေါင်းခါပြလိုက်၏။
“ကြင်ယာတော်ယု... ငါတို့ကြားမှာ ဒီလိုလုပ်စရာမလိုပါဘူး”
သူတို့နှစ်ယောက်စလုံးက ထျန်ဟွမ်ကုန်းမြေတိုက်ကနေလာခဲ့ပြီး မိတ်ဆွေဟောင်းများဖြစ်ကြသည်။
ဒါ့အပြင် ကြင်ယာတော်ယုက သူ့အသက်ကို ကယ်တင်ပေးခဲ့ဖူးလေသည်။
သိုင်းတာအိုပင်မခန္ဓာပြုလုပ်သည့်အရာက သူ့အတွက် အလွန်တရာသာမန်ဆန်သော အပြုအမူတစ်ခုသာဖြစ်သည်။
သို့သော်လည်း အခြားသောငရဲသက်ရှိများ၏ မျက်လုံးထဲမှာ အဲဒါက ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်ခုရှိနေပုံရ၏။
ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်၏ အထဲအပြင်မှာ ငရဲရှစ်ခုမှ ပညာရှင်များနှင့် သက်ရှိများက စုဝေးရောက်ရှိနေကြ၏။ ငရဲအရှင်ခါးသက်စိမ့်စမ်းကဦးဆောင်ပြီး သူတို့က ဒူးထောက်နေကြ၏။
သို့သော်လည်း ချောမောလှပသောအမျိုးသမီးတစ်ဦးကသာ သိုင်းတာအိုပင်မခန္ဓာ၏ ဘေးမှာ မတ်တတ်ရပ်နေနိုင်၏။ အဲဒါက ဘာအဓိပ္ပါယ်လဲ။
ငရဲကမ္ဘာမှာ ဝါစဉ်အနိမ့်အမြင့်နှင့် အဆင့်အတန်းများကို တင်းကျပ်စွာကန့်သတ်ထားလေသည်။
အဲဒါက သူနှင့်အလွန်တရာရင်းနှီးသော တစ်စုံတစ်ယောက်မဟုတ်သရွေ့ တခြားမည်သူကမှ ငရဲအရှင်နှင့် ရင်ဘောင်တန်းမတ်တတ်ရပ်နေဖို့ အဆင့်မမီပေ။
ဒါ့အပြင် စောစောက သူမကို သိုင်းတာအိုပင်မခန္ဓာ ခေါ်ဝေါ်လိုက်ပုံသည် ငရဲသက်ရှိများစွာ၏ ခန့်မှန်းချက်များကို ပို၍ပင်သေချာသွားစေ၏။
“ငရဲကြင်ယာတော်... ဟုတ်တာပေါ့”
(တရုတ်အသံထွက်အရ ယုနှင့် ငရဲက အသံထွက်တူ ဖြစ်ပါသည်။ တချို့က ယွိ သို့မဟုတ် ယွီဟုလည်း အသံထွက်တတ်ကြပါသည်။ သူတို့ဘာသာစကားအရ ကြင်ယာတော်ယုနှင့် ငရဲကြင်ယာတော်က အသံထွက်တူ ဖြစ်နေပါသည်။)
ငရဲအရှင်ခါးသက်စိမ့်စမ်းက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
“အဲဒါက မှားစရာမရှိတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာသည် သူမကို ငရဲကြင်ယာတော်မဟုတ်ဘဲ ကြင်ယာတော်ယုဟု ခေါ်ဆိုလိုက်ခြင်းဖြစ်သည်ကို ငရဲသက်ရှိများက ဘယ်လိုလုပ်သိရှိနိုင်ပါ့မလဲ။
ငရဲသက်ရှိအများစု၏ မျက်လုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံကို ကိုင်ဆွဲထားပြီး ငရဲအရှင်အသစ်ဖြစ်လေသည်။
ငရဲအရှင်ကသာ တမလွန်ဘုံရတနာကြေးမုံကို ထိန်းချုပ်ချိုးနှိမ်နိုင်သည်ဖြစ်သောကြောင့်ပင်။
တမလွန်ဘုံရတနာကြေးမုံသည် တစ်ခါက ငရဲကမ္ဘာမှာ နံပါတ်တစ်သတ်ဖြတ်ခြင်းလက်နက်ဖြစ်ခဲ့သည်။
ဓမ္မအဆုံးသတ်ခတ်မတိုင်ခင်က ငရဲအရှင်ကသာ ထိုလက်နက်ကို ချိုးနှိမ်နိုင်ခဲ့လေသည်။
တမလွန်ဘုံရတနာကြေးမုံသည် ငရဲအရှင်၏ အမှတ်သင်္ကေတဖြစ်သည်။
ယခု တမလွန်ဘုံရတနာကြေးမုံနှင့်တစ်စုံတစ်ယောက်က ငရဲကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာပြီး ငရဲသက်ရှိများစွာ၏ ရင်ထဲမှာ ဤလူသည် ငရဲအရှင်ဖြစ်လာဖို့ အသင့်လျော်ဆုံးလူဖြစ်လေသည်။
တကယ်တော့ ငရဲပညာရှင်တချို့က သံသယဝင်နေဆဲဖြစ်ပြီး အဲဒါကို လက်မခံလိုကြသေးပေ။
သိုင်းတာအိုပင်မခန္ဓာသည် မည်သို့ပင်ဆိုစေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ရောက်ရှိလာပြီး တခြားမျိုးနွယ်မှ အပြင်လူတစ်ယောက်ဖြစ်သည်။
သူ့မှာ တမလွန်မျိုးနွယ်၏ သန့်စင်သောမျိုးဆက်သွေးမရှိပေ။ တကယ်ဆိုသူသည် ငရဲကမ္ဘာမှ သက်ရှိတစ်ဦးပင် မဟုတ်ပေ။ ဒါတောင် ဤကဲ့သို့သောလူတစ်ယောက်သည် ငရဲကိုးခုကိုအုပ်စိုးမည့် ငရဲအရှင်ဖြစ်လာတော့မှာလား။
ထိုအတွေးများက ငရဲပညာရှင်တချို့၏ စိတ်ထဲမှာ ပေါ်ထွက်လာသော်လည်း သူတို့က နှုတ်ဆိတ်နေပြီး မကျေနပ်သည့် အမူအရာတစ်စုံတစ်ရာ ထုတ်ဖော်ပြသရဲခြင်း မရှိပေ။
ဤလူရောက်ရှိလာပြီးကတည်းက သူသည် စကားနှစ်ခွန်းကိုသာ ပြောခဲ့လေသည်။
ထို့နောက် ငရဲအရှင်ကိုးဦးထဲမှ ရှစ်ဦးက သေဆုံးသွားခဲ့ရပြီဖြစ်သည်။
ဤလူသည် ယခင်ငရဲအရှင်ထက်ပင် ပို၍ကြောက်စရာကောင်းပြီး ပို၍ရက်စက်ကြမ်းတမ်းနေပုံရသည်။
ယခုအချိန်မှာ ငရဲအရှင်ခါးသက်စိမ့်စမ်းကသာ ယဇ်ပူဇော်စင်မြင့်ထက်မှာ ဒူထောက်ကျန်ရစ်ခဲ့ပြီး သူ၏ အိုမင်းသောအသက်အရွယ်နှင့်ပင် အသနားခံတောင်းပန်နေရ၏။
တခြားဘယ်ငရဲသက်ရှိက ခုခံဆန့်ကျင်ရဲမှာလဲ။
ငရဲအရှင်ရှစ်ဦး၏ သေဆုံးမှုနှင့် တမလွန်ဘုံရတနာကြေးမုံ၏ ပေါ်ထွက်လာမှုနှင့်အတူ အခြေအနေတစ်ရပ်လုံးက အတည်တကျဖြစ်လာပြီး မည်သူကမှ သိုင်းတာအိုပင်မခန္ဓာ၏ အဆင့်အတန်းကို မကိုင်လှုပ်နိုင်တော့ပေ။
“ထတော့...”
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ခါးသက်စိမ့်စမ်းကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။ သူသည် အစကတည်းက သူတို့ကို သတ်ဖြတ်သုတ်သင်ဖို့ စိတ်ကူးမရှိခဲ့ပေ။ ငရဲကမ္ဘာကနေထွက်ခွာဖို့ နည်းလမ်းတစ်ခု တကယ်ပဲရှိမည်ဆိုလျှင် ငရဲအရှင်များကသာ ထိုအကြောင်းကို သိရှိထားပေလိမ့်မည်။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီး ဦးချလိုက်၏။
“ကျုပ်အသက်ကိုချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အရှင်... ကျုပ်ဘဝတစ်လျှောက်လုံး ခင်ဗျားကို သေချာပေါက်သစ္စာစောင့်သိပါမယ်... ကျုပ်က ဤသစ္စာတရားကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် သေချာပေါက်သေရပါစေ”
ငရဲအရှင်ခါးသက်စိမ့်စမ်းက အလွန်တရာပြတ်သားပြီး တာအိုသစ္စာတစ်ခုကိုကျိန်ဆိုပေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် သတ်ဖြတ်ရာမှာပြတ်သားပြီး ရက်စက်ကြမ်းတမ်းသည့်လူတစ်ယောက်ဖြစ်သည်ကို သူတွေ့မြင်ရသောအခါ သူ၏ တည်ရှိမှုကို သိုင်းတာအိုပင်မခန္ဓာက သံသယဝင်လာမည်ကို သူကကြောက်ရွံ့နေ၏။
ထို့ကြောင့်ပင် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ယုံကြည်မှုကိုရရှိရန် ဤကဲ့သို့ လေးနက်သောသစ္စာတစ်ခုကို ကျိန်ဆိုပေးလိုက်ခြင်းဖြစ်သည်။
တာအိုသစ္စာကိုကျိန်ဆိုပြီးနောက် ငရဲအရှင်ခါးသက်စိမ့်စမ်းက ဘေးမှာရှိသော ကြင်ယာတော်ယုကို ဦးညွှတ်ကာ နောက်တစ်ဖန် အလွန်တရာရိုသေလေးစားစွာဖြင့် ပြောလိုက်လေသည်။
“မင်္ဂလာပါအရှင်မ”
“အမ်”
ကြင်ယာတော်ယု၏ ဖြူဖွေးသောမျက်နှာက ပန်းရောင်သန်းသွားပြီး သူမ၏ မျက်လုံးများက ပျာပျာသလဲဖြစ်လာ၏။ သူမက လက်ကာပြလိုက်ပြီး ခုခံငြင်းဆန်လိုလေသည်။
ဘေးတစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို စိုးရိမ်ပူပန်နေပြီး သူတို့နှစ်ယောက်ကို ဆက်လက်၍ စကားပြောခွင့် မပေးတော့ပေ။ သူက တည့်တည့်ပင်မေးမြန်းလိုက်၏။
“ငရဲအရှင်ခါးသက်စိမ့်စမ်း... ငါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားချင်တယ်... နည်းလမ်းတစ်ခုခုရှိလား”
“ဒါက...”
ငရဲအရှင်ခါးသက်စိမ့်စမ်းက အခက်တွေ့သွားလေသည်။ သူက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ထပ်မံ၍အတည်ပြုကြည့်လိုက်၏။
“အရှင်... ခင်ဗျားက ငရဲအရှင်ဖြစ်လာခဲ့ပြီ...ခင်ဗျားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားချင်သေးလို့လား”
“ခင်ဗျားက အခုပဲ ငရဲအရှင်ဖြစ်လာတယ်... ခင်ဗျားက ငရဲကမ္ဘာရဲ့ လက်ရှိအရှင်သခင်ပဲ... ခင်ဗျားက အခုချိန်မှာထွက်ခွာသွားမယ်ဆိုရင် အရှင်သခင်တစ်ပါးမရှိဘဲ ကျုပ်တို့ငရဲသက်ရှိတွေက နောက်တစ်ခါထပ်ပြီး ဝရုန်းသုန်းကားဖြစ်လာပါလိမ့်မယ်”
ထိုသို့ပြောရင်း ငရဲအရှင်ခါးသက်စိမ့်စမ်းက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးမှာရှိသော ကြင်ယာတော်ယုကို တစ်ချက်ခိုးကြည့်လိုက်၏။
အဲဒီမှာ ငရဲအရှင်ခါးသက်စိမ့်စမ်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောဆိုဝံ့သည့် ကိစ္စတစ်ခုရှိလေသည်။
သို့သော်လည်း သူသွယ်ဝိုက်ပြောချင်သည့်အရာမှာ ကြင်ယာတော်ယု၏ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းပြီး သိုင်းတာအိုပင်မခန္ဓာအနေဖြင့် လောလောဆယ်မှာ ထွက်ခွာသွားဖို့က ပြဿနာတစ်ရပ် ဖြစ်မလာနိုင်သေးပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခေါင်းဆောင်တစ်ဦးမရှိဘဲ ငရဲကမ္ဘာက သေချာပေါက်နောက်တစ်ဖန် ဝရုန်းသုန်းကားဖြစ်လာပေလိမ့်မည်။
ထိုအချိန်မှာ ငရဲကြင်ယာတော်အနေဖြင့် သူမကိုယ်သူမ ကာကွယ်ဖို့က ခက်ခဲလာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“သူကငါနဲ့အတူလိုက်မှာ”
ထိုစကားကို ကြားသောအခါ ကြင်ယာတော်ယုက ခေါင်းခါပြလိုက်၏။
“ငါဒီမှာပဲနေတာ ပိုကောင်းမယ်”
ကြင်ယာတော်ယုက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်ကို ရှောင်လွှဲလိုက်၏။ သူမက ညင်သာစွာပြောလိုက်၏။
“နောက်ပိုင်းနင်ပြန်လာချင်တယ်ဆိုရင် ငါ့ဆီကို အလည်လာခဲ့ပေါ့။”