← Chapters

အခန်း (၂၅၂၁-၂၅၂၃)

Vol. 105 Ch. 2521-2523

အခန်း (၂၅၂၁-၂၅၂၃)

Vol. 105 Ch. 2521-2523

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၁)

ရန်ကိုင့်အား တိုက်ခိုက်လိုက်ကြသည့် ကျင့်ကြံသူများ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြကုန်သည်။ တိုက်ခိုက်လိုက်သည့် လူများမှာ သူတို့သာ ဖြစ်ကြသော်ငြား ဒဏ်ရာရသွားသည့် လူမှာလည်း သူတို့သာ ဖြစ်နေခဲ့သည်။

(ဒီလူ ဘယ်ကနေ ရောက်လာတာလဲ…)

အကုန်လုံးသည် လေပေါ်တွင်ဝဲနေသည့် လှေငယ်လေးအား ကြောက်ရွံ့မှုအပြည့်ဖြင့် လှမ်းကြည့်နေကြလေသည်။

“မင်းက ရန်ကိုင်ပဲ…” လှေပျံလေးကို သေချာ အာရုံစိုက်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင့်အား တိုက်ခိုက်လိုက်သည့် လူငယ်လေးများထဲမှ ပုပုဝဝနှင့်လူက အလန့်တကြား ထအော်လေသည်။

အခြားသူများသည်လည်း နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေ၏။

“ဟမ်…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သူ့ရှေ့ရှိ ထူးဆန်းသည့် ဟင်းလင်းပြင်အား စိုက်ကြည့်မနေတော့ဘဲ အောက်ဘက်သို့ ငုံ့ကြည့်လျက် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ “ငါ မင်းတို့ကို သိလို့လား…”

အောက်ဘက်ရှိလူများကို သူမသိချေ။ ထိုလူများကို သူ တစ်ခါမှ မမြင်ဖူးလေရာ ထိုလူများက သူ့အား မည်သို့များ သိသွားရလေသနည်း။ သူကိုယ်တိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေပါပြီ ဖြစ်သော်ငြား ကြယ်တာရာအစုအဝေးထဲရှိ လူတိုင်း သူ့အား သိနေလိမ့်မည်ဟုတော့ ရန်ကိုင် မထင်ချေ။

အစောပိုင်းက စကားပြောလိုက်သည့် ပုပုဝဝနှင့် ကျင့်ကြံသူမှာ အမှားတစ်ခုကို လုပ်လိုက်မိသည့်အလား သူ့ပါးစပ်အား အလျင်အမြန် ကောက်ပိတ်လိုက်လေသည်။ နောက်ထပ် စကားတစ်ခွန်းမှ ထပ်မပြောတော့။ သို့ရာတွင် ရန်ကိုင့်ကိုကြည့်နေသည့် သူ၏မျက်လုံးထဲ အမုန်းတရား ဒေါသတို့ကို အထင်းသားမြင်နေရသည်။ မသိလျှင် သူနှင့် ရန်ကိုင်ကြား ရန်ငြိုးရန်စ ကြီးကြီးမားမားတစ်ခု ရှိထားသည့်အလား။

“စီနီယာအစ်ကိုရန်… အဲ့လူတွေက ဗြဟ္မာကုန်းမြေက ကျုထျန်းချင်ရဲ့ အမွေခံတပည့်တွေပဲ…” လုဝမ်က ရန်ကိုင့်နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

လုဝမ်သည် သတင်းအချက်အလက် စုဆောင်းရန်အတွက် အရှေ့ဘက်နယ်မြေသို့ ရောက်လာသည့်အတွက်ကြောင့် အရှေ့ဘက်နယ်မြေရှိ အင်အားစုများနှင့် အင်အားစုများ၏ အဖွဲ့သားများအကြောင်းကို ကောင်းကောင်းကြီး သိနေပေသည်။

ရန်ကိုင့်၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ခေါင်းညိတ်လျက် “ကျုထျန်းချင်ရဲ့ အမွေခံတပည့်တွေလား… ကောင်းတယ် ကောင်းတယ်…”

အမွေခံတပည့်များပင် ဤနေရာတွင် ရှိနေသည့် အတွက်ကြောင့် ကျုထျန်းချင်သည်လည်း ဤအနီးအနား တစ်နေရာရာတွင် ရှိနေရပေလိမ့်မည်။ ကျန်းစီ ပြောသွားသည့်ပုံအရ ကျုထျန်းချင်သည် ကျုဟုန်နှင့်အတူ ရှိနေလောက်ပေသည်။

ထိုကဲ့သို့ တွေးမိလိုက်သော် ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့လေ၏။ ထိုနှစ်ယောက်ကိုသာ ရှာတွေ့မည်ဆိုလျှင် ကောင်းရွှယ်ထင်းကိုလည်း ရှာတွေ့နိုင်ပေလိမ့်မည်။

ထိုသို့စဉ်းစားနေရင်းမှ ရန်ကိုင်သည် တစ်ခုခုအား နားလည်သွားခဲ့ပြီး ပြုံးဖြီးလျက် ပြန်မေးလိုက်လေသည်။ “ငါ့အကြောင်းကို ယင်လဲ့ရှန်း မင်းတို့ကို ပြောပြထားတာလား…”

ယင်လဲ့ရှန်းသည် ရန်ကိုင့်ကြောင့် ဒုက္ခလှလှနှင့် တွေ့ခဲ့ရပါသော်ငြား သေတော့ သေမသွားခဲ့ပေ။ ထို့အစား ရန်ကိုင်နှင့် ဝိဉာဉ်စာချုပ်ကိုသာ ချုပ်ဆိုခဲ့လေသည်။ ရန်ကိုင်သာ သူ့အား ဟင်းလင်းပြင်အက်ကြောင်းထဲမှ ကယ်ထုတ်ပေးမည်ဆိုလျှင် သူ့ဘက်ကလည်း ရှောင်ရှောင်အကြောင်းကို ပြန်ပြောပြပေးလိမ့်မည်။ ထိုဝိဉာဉ်စာချုပ်အရ ရန်ကိုင့်အနေဖြင့် ယင်လဲ့ရှန်းအား သတ်ချင်သည်ဆိုလျှင်ပင် မသတ်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ယင်လဲ့ရှန်း ထွက်သွားသည်ကိုသာ ရပ်ကြည့်နေခဲ့ရသည်။

ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲ၌ အရှေ့ဘက်နယ်မြေမှ ပညာရှင်အချို့နှင့်သာ တွေ့ခဲ့ရပေသည်။

ယောင်စီ၊ ချီကွေ့နှင့် အခြားသူများမှာ ရန်ကိုင် မည်သူမည်ဝါဖြစ်ကြောင်းဆိုသည်ကို လျှောက်ပြောနေရသည်အထိ အားယားမနေခဲ့ပေ။ ထို့အတွက်ကြောင့် ထိုကဲ့သို့လုပ်မည့်လူဆို၍ ယင်လဲ့ရှန်းတစ်ဦးလောက်သာ ရှိပေသည်။

ရန်ကိုင် အရှေ့ဘက်နယ်မြေသို့လာ၍ ရှောင်ရှောင်အား လာရောက်ရှာဖွေမည့်အကြောင်းကို ကြိုသိထားသဖြင့် ယင်လဲ့ရှန်းသည် ရန်ကိုင်မှ ဗြဟ္မာကုန်းမြေ၏ တော်ဝင်သားတော်နှစ်ပါးအား သတ်ခဲ့ကြောင်းကို ဗြဟ္မာကုန်းမြေအား အကြောင်းကြားခဲ့ရပေလိမ့်မည်။

(ဒီခွေးသူတောင်းစားက ဓါးငှားပြီး လူသတ်ချင်နေတာပဲ…)

ရန်ကိုင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီ ဆိုသည့်အကြောင်းကို ယင်လဲ့ရှန်း မသိလောက်ချေ။

ဝဝပုပုနှင့် ကျင့်ကြံသူမှာ ရန်ကိုင်ပြောသည်ကို ပြန်၍ မငြင်းခဲ့။ ထို့အစား အံကြိတ်၍သာ နှာခေါင်းရှုံ့လိုက်လေသည်။ “ဟုတ်တယ်… မရဏဂိုဏ်းက စီနီယာအစ်ကိုယင် ပြောပြခဲ့တာ…”

“သူ အခြား ဘာတွေပြောခဲ့သေးလဲ…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။

ဝဝပုပုနှင့် ကျင့်ကြံသူက လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ “ကျန်းဟောင်နဲ့ကျန်းရှန်ကို မင်းသတ်လိုက်တယ်လို့ ပြောတယ်…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ကြည့်ရတာ မင်းတို့ ဗြဟ္မာကုန်းမြေက လူတွေက ငါ့အကြောင်း လိုက်စုံစမ်းနေကြတဲ့ပုံပဲ…”

ဝဝပုပုနှင့် ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်လေသည်။ “တော်ဝင်သားတော်နှစ်ပါးက ဗြဟ္မာ့ကုန်းမြေရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ… အဲ့ဒါကို သူတို့နှစ်ယောက်ကို မင်းက သတ်လိုက်တယ်ဆိုမှတော့ ဗြဟ္မာ့ကုန်းမြေက ဒီအတိုင်း လွှတ်ပေးမယ်ထင်နေတာလား… ကိုယ့်အကြောင်းကိုယ်သိတယ်ဆိုရင် ငါတို့နဲ့ပြန်လိုက်ခဲ့ပြီး မင်းအပြစ်ကို ဝန်ခံလိုက်… အဲ့ဒါဆိုရင် မင်းအပြစ်က လျော့ရင်လျော့သွားမှာ… အဲ့လိုမှမဟုတ်ဘဲ ရှောင်ဖယ်နေမယ်ဆိုလို့ရှိရင်တော့ မိုးမြေအဆုံး ထွက်ပြေးမယ်ဆိုရင်တောင် ဗြဟ္မာကုန်းမြေလက်ကနေ လွတ်မှာမဟုတ်ဘူး…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းမှာ ငါ့ကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး လာပြောခွင့် မရှိသေးဘူး… ဒါပေမဲ့ မင်းတို့ရဲ့ သေခြင်း၊ ရှင်ခြင်းကိုတော့ ဒီသခင်လေးမှာ ဆုံးဖြတ်ခွင့်ရှိတယ်ကွ…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝဝပုပုကျင့်ကြံသူနှင့် သူ့အပေါင်းအပါများ၏ အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြပြီး ရန်ကိုင့်အား နိုးနိုးကြားကြားဖြင့် ကြည့်လိုက်ကြလေသည်။

ရန်ကိုင်သည် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ကောင်းကင်ထက်ရှိ တစ်ခုသောနေရာဆီသို့ ချက်ချင်း လှမ်းကြည့်လျက် မေးလိုက်လေသည်။ “ကျုထျန်းချင်ရော ဒီမှာလား…”

ဝဝပုပုနှင့် ကျင့်ကြံသူ ထိတ်လန့်သွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း… မင်း ဘာအကြောင်း ပြောနေတာ…”

သူ့ကိုကြည့်ရသလောက် တစ်ခုခုအကြောင်း ဖုံးကွယ်ချင်နေသည့်ပုံပင်။

ရန်ကိုင်ကမူ နှာခေါင်းရှုံ့လိုက်ပြီး ထိုလူများ၏ခေါင်းထက်တွင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်လျက် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေ၏။

တောင်တစ်လုံး သူတို့အပေါ်သို့ သက်ဆင်းလာသလို ခံစားလိုက်ရသည့်အတွက်ကြောင့် ဝဝပုပုကျင့်ကြံသူနှင့် သူ့အပေါင်းအပါများ၏ မျက်နှာများ ဖြူလျော်သွားခဲ့ကြပြီး အသက်ရှူမွန်းကြပ်လာခဲ့ရလေသည်။

“ဧကရာဇ်အဆင့်…”

ယခုမှသာ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေမှန်းကို နားလည်သွားကြတော့လေသည်။ အစောပိုင်းက ရန်ကိုင့်အား သွားရောက်ခြိမ်းခြောက်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သော် ဝဝပုပုနှင့် ကျင့်ကြံသူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

(ငါတို့ရဲ့ပူးပေါင်းတိုက်ကွက်တွေကို ဒီလောက် အလွယ်တကူ ချေဖျက်သွားတာ အံ့အားသင့်စရာ မဟုတ်တော့ပါဘူးလေ… လက်စသတ်တော့ ဒီခွေးသူတောင်းစားက ဧကရာဇ်အဆင့် ရောက်နေတာကိုး…)

(ဒါပေမယ့် ဘာဖြစ်လို့ တက်သစ်စ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်တောင် အားကောင်းနေရတာလဲ…) သူတို့၏ဆရာဖြစ်သော ကျုထျန်းချင်ဆီမှပင်လျှင် ဤမျှအားကောင်းလှသော အရှိန်အဝါကို မခံစားခဲ့ရဖူးချေ။ သို့သော်ငြား ဤကောင်လေးကမူ တက်သစ်စကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်ငြား သူတို့ဆရာထက်ပင် ပို၍အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ဤကောင်လေးသည် သူတို့ဆရာထက်ပင် ပို၍များ အားကောင်းနေလေသလား။ ထိုသို့တော့ မဖြစ်နိုင်ချေ။ သူတို့ဆရာ ဧကရာဇ်အဆင့်သို့ ရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လေသည်။ သူ့အုတ်မြစ်ကိုလည်း သေသေချာချာ ခိုင်ခံ့ကျစ်လျစ်သွားအောင် လုပ်ပြီးနေလေပြီ။ ထိုသို့ဖြစ်လေရာ သူ့ကဲ့သို့ လူတစ်ယောက်အား တက်သစ်စဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးက မည်ကဲ့သို့များ သွားရောက်ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ထိုသို့ဆိုလျှင် ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရလေသနည်း။

ဝဝပုပုနှင့် ကျင့်ကြံသူ လုံးဝကို နားမလည်နိုင်တော့ချေ။ ထိုစဉ် ရန်ကိုင်၏ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်လိုက်မှုကြောင့် ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်ထဲတွင် လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့လေသည်။

ထိုလှိုင်းတွန့်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေဟာနယ်လိုဏ်ခေါင်းတစ်ခုလည်း ရုတ်တရက် ပေါ်လာခဲ့လေ၏။ ထိုလိုဏ်ခေါင်း၏ ဝင်ပေါက်တည့်တည့်တွင်တော့ ထူးခြားဆန်းပြားသည့် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသော တိရစ္ဆာန်အရေပြားတစ်ခု ရှိနေခဲ့လေသည်။

“အဲ့ဒါက…” လုဝမ်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး တိရစ္ဆာန်အရေပြားကို လက်ညှိုးထိုးလျက် “အဲ့ဒါ ကျွန်မတွေ့ခဲ့တဲ့ တိရစ္ဆာန်အရေပြားပဲ…”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ နေရာမှန်သို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ တိရစ္ဆာန်အရေပြားသည် သီးခြားကမ္ဘာငယ်လေးတစ်ခုဆီသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းအား ဖွင့်ပေးသည့် အရာတစ်ခု ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။

“မဟုတ်သေးဘူး… ဒီတိရစ္ဆာန်အရေပြားက ကျွန်မတွေ့ခဲ့တဲ့ဟာထက် ပိုကြီးနေတယ်… အနည်းဆုံး နှစ်ဆလောက်ကို ပိုကြီးတယ်…” လုဝမ် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဘာဖြစ်လို့လဲဆိုတော့ နင်တွေ့ခဲ့တဲ့ တိရစ္ဆာန်အရေပြားက တစ်ဝက်ပဲရှိတာလေ… ကျန်တဲ့တစ်ဝက်က ဒီရောက်နေတာပဲ… ဒါကြောင့်ပဲ တိရစ္ဆာန်အရေပြားထဲမှာ ပါတဲ့ လျှို့ဝှက်ချက်ကိုဖြေရှင်းဖို့ အခြားတစ်ယောက်နဲ့ပူးပေါင်းရမယ်လို့ အကြီးအကဲကောင်း ပြောသွားတာ…”

ရန်ကိုင်သည် အောက်ဘက်ရှိ ပုပုဝဝနှင့် ကျင့်ကြံသူအား ငုံ့ကြည့်လျက် ပြောလိုက်လေသည်။ “ငါမေးတာကိုဖြေ… တိရစ္ဆာန်အရေပြားရဲ့ အခြားတစ်ဝက်ကို မင်းတို့ဆရာပိုင်တာလား…”

ဤသည်မှာ ရိုးရှင်းသော မေးခွန်းလေးတစ်ခုသာ ဖြစ်သော်ငြား ထိုမေးခွန်းထဲတွင် ရန်ကိုင့်၏ စိတ်စွမ်းအင်တို့ ကိန်းအောင်း ပါဝင်နေခဲ့လေသည်။

ပုပုဝဝနှင့် ကျင့်ကြံသူမှာ ထိုမေးခွန်းကို ပြန်မဖြေချင်ပါသော်ငြား ရန်ကိုင့်၏စိတ်စွမ်းအား၏ လွှမ်းမိုးခြင်း ခံလိုက်ရသည့်အတွက်ကြောင့် အသိစိတ်လွတ်သွားသည့် အမူအယာမျိုးဖြင့် ပြန်ဖြေလိုက်လေသည်။ “ဟုတ်တယ်…”

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ထပ်မေးလိုက်လေသည်။ “လွန်ခဲ့တဲ့ တစ်လကျော်လောက်တုန်းက မင်းတို့ဆရာကို လာကူပေးတဲ့ အမျိုးသမီးတစ်ဦးရော ရှိလား…”

“ရှိတယ်…”

“မင်းတို့ဆရာ ဘာကြံနေတာလဲ…”

“ဆရာက သူနဲ့ရင်းနှီးတဲ့ မြေမြို့တော်ရဲ့ မြို့သခင်ကျုဟုန်နဲ့ပေါင်းပြီး အဲ့အမျိုးသမီးကို တိုက်ခိုက်ပြီး ဒီမှာရှိတဲ့ လျှို့ဝှက်ချက်တွေအကုန်လုံးကို သိမ်းပိုက်ဖို့ စီစဉ်နေတာ…”

ထိုစကားကိုကြားသော် ရန်ကိုင် ဒေါသူပုန်ထသွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ သူ့ဆီမှ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် နှာခေါင်းရှုံ့လျက် ထပ်အော်မေးလိုက်လေသည်။ “အဲ့အမျိုးသမီးနဲ့ ပူးပေါင်းတာနဲ့တင် ပြီးနေပြီမဟုတ်ဘူးလား။ ဘာလို့ ကျုဟုန်ကို ထပ်ခေါ်ရသေးတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ကျုဟုန်နဲ့ပေါင်းပြီး အဲ့အမျိုးသမီးကို သတ်ချင်နေတာလဲ”

ဝဝပုပုနှင့်ကျင့်ကြံသူက အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။ “ဆရာပြောတာတော့ အဲ့အမျိုးသမီးရဲ့ အပျိုစင်ယင်က အကောင်းအတိုင်းပဲ ရှိနေသေးတယ်တဲ့… ပြီးတော့ သူက အရမ်းလည်း အားကောင်းတယ်ဆိုတော့ အဲ့အမျိုးသမီးကိုဖမ်းပြီး သူ့ရဲ့ အပျိုစင်ယင်ကို ယူမလို့ပဲ… အပျိုစင်ယင်ကိုသာ ရသွားမယ်ဆိုလို့ရှိရင် ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်နိုင်ပြီလို့ ပြောတယ်… ဧကရာဇ်ပထမအဆင့်ကို ရောက်နေတဲ့ အပျိုစင်ယင် အကောင်းအတိုင်းရှိသေးတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး… ဒီကလျှို့ဝှက်ချက်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဆရာက အဲ့အမျိုးသမီးကို ပိုပြီးတော့ စိတ်ဝင်စားတယ်…”

“ခွေးကောင်…” ရန်ကိုင် ဒေါသတကြီးဖြင့် ထအော်ဆဲတော့လေသည်။

ရန်ကိုင်မှ သူ့ဝိဉာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ချိန် ဝဝပုပုနှင့် ကျင့်ကြံသူမှာ သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။ အစောပိုင်းက မပြောသင့်သည့် အကြောင်းအရာများကို ပြောလိုက်မိပြီမှန်း နားလည်သွားခဲ့လေသည်။

အခြားသူများမှာလည်း မကျေမနပ် ဖြစ်နေကြပါသော်ငြား သူတို့၏ နိမ့်ကျသော ခွန်အားကြောင့် မည်သည့်စကားတစ်ခွန်းမျှ မပြောရခဲ့ပေ။

“ဆရာ… အခု လိုက်သွားမယ်ဆိုရင် နောက်မကျလောက်သေးဘူးနော်…” ကျန်းရို့ရှီက ဝင်ပြောလိုက်လေသည်။ ထို့နောက် ကျုထျန်းချင်၏ တပည့်များအား စူးရဲစွာ စိုက်ကြည့်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “သူတို့ကို ကျွန်မတာဝန်ထားလိုက်ပါ…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “သူတို့အကုန်လုံးကို သတ်ပစ်လိုက်…”

ကျန်းရို့ရှီက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ “ဟုတ်ကဲ့ပါ…”

ဝဝပုပုနှင့် ကျင့်ကြံသူအပါအဝင် ဤနေရာ၌ စုစုပေါင်း ကျင့်ကြံသူငါးဦးရှိနေကြပြီး နှစ်ဦးသည်သာ တာအိုသခင်တတိယအဆင့်သို့ ရောက်ထားကြလေသည်။ ဝဝပုပုနှင့် ကျင့်ကြံသူ၏ ဝိဉာဉ်မှာ ရန်ကိုင့်ကြောင့် ဒဏ်ရာရသွားပြီ ဖြစ်လေရာ တာအိုသခင်တတိယအဆင့်စွမ်းအားကို ထုတ်သုံးနိုင်သူဆို၍ အခြားတစ်ဦးသာ ရှိတော့ပေလိမ့်မည်။ လက်ကျန်ကျင့်ကြံသူများမှာ တာအိုသခင် ဒုတိယအဆင့်နှစ်ယောက်နဲ့ တာအိုသခင်ပထမအဆင့်များသာ ဖြစ်ကြသဖြင့် ကျန်းရို့ရှီ ဂရုစိုက်မနေခဲ့ပေ။

ကျန်းရို့ရှီ၏ စွမ်းရည်အရ သူမအနေဖြင့် ထိုငါးယောက်ကို အသင့်အတင့် အားစိုက်ထုတ်လိုက်ရုံဖြင့် အနိုင်ယူနိုင်ပေလိမ့်မည်။

ထို့အပြင် ကျန်းရို့ရှီသည် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာဖြစ်သော ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကိုလည်း ဝတ်ဆင်ထားပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူမ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်မပူချေ။

ထိုကောင်မလေးသည် တိုးတက်ဖို့ရာ အတော်လေး လိုပေသေးသည်။ ထို့အတွက်ကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲသည် သူမ၏အရည်အသွေးကို သွေးရန်အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်လေသည်။

ထိုသို့ဖြစ်လေသဖြင့် ရန်ကိုင်လည်း ထိုငါးယောက်အား ဂရုစိုက်မနေတော့ဘဲ ကျန်းရို့ရှီလက်ထဲသို့သာ ထည့်ပေးလိုက်တော့သည်။

ထိုသို့အမိန့်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် တိရစ္ဆာန်အရေပြားရှေ့သို့ ချက်ချင်းရောက်လာပြီး သူ့လက်ကိုဆန့်ထုတ်ကာ တိရစ္ဆာန်အရေပြားပေါ်သို့ ဖိချလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

လေဟာနယ်လိုဏ်ခေါင်းသည် ဤနေရာတွင် အလွန်ကိုမှ လျှို့ဝှက်စွာ ပုန်းကွယ်ရှိနေခြင်း ဖြစ်သည့်အတွက်ကြောင့် အခြားသူများသာဆိုလျှင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် ရန်ကိုင့်လက်မှ မည်ကဲ့သို့များ ပုန်းကွယ်နေနိုင်ပါမည်နည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၂)

ကမ္ဘာကြီးတစ်ခုလုံးမှာ မြူမှုန်ဆိုင်းနေခဲ့ပြီး အလွန်ကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့လေသည်။ မိုးမြေစွမ်းအင်သိပ်သည်းလွန်းသည့် အတွက်ကြောင့် မသိသာမသိလျှင် ကမ္ဘာတစ်ခုလုံး အဖြူရောင်ဝါဂွမ်းများဖြင့် ပြည့်နေသလားဟုပင် ထင်သွားရနိုင်ပေသည်။ အကျယ်အဝန်းမှာတော့ ဆယ်မိုင်ဝန်းကျင်ခန့် ရှိပေသည်။ အမျိုးမျိုးသော ဆေးပင်များ၏ သင်းပျံ့မွှေးထုံသည့် ဆေးရနံ့တို့မှာလည်း ကမ္ဘာတစ်ခုလုံးအနှံ့ ပြည့်နေခဲ့လေသည်။

ဤဆယ်မိုင်ခန့်သာ ကျယ်ဝန်းသော မြေနေရာတစ်ခုလုံးအပေါ်တွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်အတွက် စီမံထားသည့်အလား လယ်ကွက်များကဲ့သို့သော လေးထောင့်ပုံစံ မြေကွက်များ ရှိနေခဲ့လေသည်။ မြေကွက်အများစုမှာ ပြောင်တလင်းခါနေသော်ငြား မြေသားများမှာတော့ သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်အတွက် အလွန်ကိုမှ ကောင်းမွန်သည့်ပုံပင်။ ကြည့်ရသလောက် မကြာသေးခင်က လူအချို့ရောက်လာပြီး ဤနေရာရှိ ဆေးပင်အားလုံးကို ခူးယူသွားခဲ့သည့်ပုံပင်။

ဤကမ္ဘာငယ်လေးထဲတွင် ရှေးဟောင်းဆေးဥယျာဉ်တစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။ ဤနေရာသို့ နှစ်ပေါင်းမြောက်မြားစွာကြာအောင် မည်သူမှ မလာခဲ့သည့်ပုံကို ကြည့်ပါက ဤနေရာရှိ ဆေးပင်များသည် အလွန်ကိုမှ သက်တမ်းရင့်နေရပေလိမ့်မည်။

လက်ရှိအချိန်တွင် နှစ်မိုင်မှ သုံးမိုင်အထိ ကျယ်ဝန်းသော မြေကွက်ကြီးနှစ်ကွက်သာ အကောင်းအတိုင်း ကျန်တော့သည်။ ထိုမြေကွက်နှစ်ကွက်ထဲတွင် အနည်းဆုံး နှစ်ပေါင်း သောင်းနှင့်ချီသက်တမ်းရှိသော ဆေးပင်အမျိုးမျိုး ပေါက်ရောက်နေကြလေသည်။ ကမ္ဘာငယ်လေးအနှံ့ ပြည့်နေသော ဆေးရနံ့များမှာ ထိုမြေကွက်နှစ်ကွက်ဆီမှ လာနေခြင်း ဖြစ်လေ၏။

လက်ရှိအချိန်တွင် ထိုမြေကွက်နှစ်ခုအား မှိန်ဖျဖျ ရွှေဝါရောင်အလင်းစက်ကွင်းများမှ လွှမ်းခြုံထားခဲ့လေသည်။

ကောင်းရွှယ်ထင်းသည် ထိုရွှေဝါရောင်စက်ကွင်းထဲတွင် ထိုင်လျက် မျက်လုံးပိတ်ကာ ဒဏ်ရာများကို ပြန်လည်ကုသနေခဲ့လေ၏။ သူမ၏ အရှိန်အဝါမှာ အားနည်းနေပြီး မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေသည်။ ဆံထုံးများပင် ပြေနေကာ ဆံပင်များလည်း ဖွာကြဲလန်နေ၏။ သူမ၏ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော နေမီးလျှံကြေးမုံမှာတော့ သူမ၏ခေါင်းထက်တွင် ဝဲနေခဲ့လေသည်။

ထို့အပြင် သူမ၏နှင်းဖြူရောင်ဝတ်စုံထက် သွေးကွက်များလည်း စွန်းထင်းနေခဲ့ပြီး သူမ၏ဝမ်းဗိုက်နေရာဆီမှ သွေးများ စီးကျနေခဲ့လေသည်။ အလွန်ကိုမှ ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲထားရသည့်အလား သူမ၏ ဧကရာဇ်ချီမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီး ဒဏ်ရာများကို ပြန်လည်ကုသနေစဉ် အတောအတွင်း၌လည်း သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီနေခဲ့လေသည်။

ဤနေရာတွင် အဖိုးတန်ဆေးပင်များစွာ ရှိနေပါသော်ငြား ထိုဆေးပင်များသည် ကုန်ဆုံးသွားသော သူမ၏ တိုက်ပွဲဝင်စွမ်းရည်ကို အချိန်တိုအတွင်း ပြန်လည်မဖြည့်တင်းပေးနိုင်ပေ။

ရွှေရောင်အလင်းစက်ကွင်း၏ အပြင်ဘက်တွင်မူ လူကြီးတစ်ဦးသည် ဓါးတစ်ချောင်းကို ကိုင်ဆွဲလျက် အလင်းစက်ကွင်းအား အဆက်မပြတ် တိုက်ခိုက်နေခဲ့လေသည်။ သူ၏တိုက်ကွက်တစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ အားကောင်းလှပြီး အလင်းစက်ကွင်းမှာလည်း ထိုတိုက်ခိုက်မှုများအောက်ဝယ် အချိန်မရွေး ပျက်စီးတော့မည့်အလား အဆက်မပြတ် လှုပ်ခါနေခဲ့လေသည်။

ထိုအလင်းစက်ကွင်းမှာ ပုံမှန်အားဖြင့် အလွန်တရာကိုမှ ပျက်စီးလွယ်သည့်ပုံပေါက်သော်ငြား တကယ့်တကယ်တွင်တော့ အလွန့်အလွန်ကို အားကောင်းလှသည်။ ထိုလူကြီးမှာ အချိန်အတော်ကြာအောင် တိုက်ခိုက်နေပြီးသည့်တိုင် အလင်းစက်ကွင်းအား မချိုးဖြတ်နိုင်သေးချေ။

ရုတ်တရက် ကောင်းရွှယ်ထင်းသည် မျက်လုံးဖွင့်လျက် အလင်းစက်ကွင်းအား တိုက်ခိုက်နေသည့်လူကို အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။ “ကျုထျန်းချင်… ဒီဘုရင်မ နင့်ကို သိလာတာ နှစ်ပေါင်းရာနဲ့ချီနေပြီ… ဒါပေမယ့် အခုမှပဲ နင် ဘယ်လိုလူစားမျိုးလဲဆိုတာကို သိရတော့တယ်… နင် ဒီဘုရင်မကို တကယ် အံ့ဩသွားအောင် လုပ်တာပဲ…”

ကျုထျန်းချင်က ပြန်အော်ပြောလိုက်လေ၏။ “မိန်းမပျက်မ… ဒီအလင်းစက်ကွင်း ပျက်စီးသွားတာနဲ့ ဒီဘုရင် နင့်ကို ဘယ်လိုဆော့ကစားမလဲဆိုတာ ကြည့်နေ…”

ကောင်းရွှယ်ထင်း၏ မျက်လုံးထဲ ရွံရှာစက်ဆုပ်ရိပ်၊ ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ပြန်အော်ပြောလေ၏။ “လက်လျှော့လိုက်တော့… ဒီဘုရင်မ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင် ငါ့ဆံခြည်မျှင်တစ်ချောင်းကိုတောင် နင့်ကို ထိခွင့်ပေးမှာမဟုတ်ဘူး…”

ကျုထျန်းချင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “အဲ့ဒါကတော့ နင့်မှာ အခွင့်အရေး ရှိ မရှိ ဆိုတဲ့အပေါ် မူတည်မှာပေါ့… နင် အခု ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ… ကိုယ့်ကိုယ်ကို ဖောက်ခွဲဖို့မပြောနဲ့ လက်တစ်ချောင်းလှုပ်ဖို့တောင် နင့်အတွက် လွယ်တော့တာမဟုတ်ဘူး… ဒီအလင်းစက်ကွင်း ပျက်စီးသွားပြီဆိုတာနဲ့ နင့်ခန္ဓာကိုယ်ကို ငါ့ကို ထိခွင့်ပေးမယ် မပေးဘူးဆိုတာ နင့်အပေါ်မှာ မမူတည်တော့ဘူး…”

ကောင်းရွှယ်ထင်းက ပြန်ပြောလေ၏။ “ဒီဘုရင်မက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲပဲ… ငါ ဒီမှာသေသွားတာနဲ့ နေမင်းပြာကျောင်းတော်က နင့်ကိုအမဲလိုက်မှာ…”

ကျုထျန်းချင်က လှောင်ပြုံးပြုံးလျက် ပြန်အော်ပြောလိုက်လေသည်။ “နေမင်းပြာကျောင်းတော် အားကောင်းတာမှန်တယ်… နင့်တို့ကျောင်းတော်ရဲ့ ကျောင်းသခင်ဝမ်ကျိရှန်းရဲ့ ခွန်အားကိုလည်း ဒီဘုရင် တကယ်အားကျမိတယ်… ဒါပေမယ့် အဲ့ဒါဘာဖြစ်လဲ… နင်တို့နေမင်းပြာကျောင်းတော်က တောင်ဘက်နယ်မြေမှာ ဆရာလုပ်လို့ ရချင်ရမယ်… ဒါပေမဲ့ ဒါက အရှေ့ဘက်နယ်မြေ… တောင်ဘက်နယ်မြေမဟုတ်ဘူး… နင်တို့ကျောင်းသခင် အားကောင်းတယ်ဆိုရင်တောင် အရှေ့ဘက်နယ်မြေမှာ ဘာလာလုပ်နိုင်မှာလဲ… ပြီးတော့ ဒီဘုရင် အခုလိုမျိုး အကွက်ချ ကြံစည်တယ်ဆိုကတည်းက နင်တို့ကျောင်းတော်ကိုမကြောက်လို့ အခုလိုမျိုးလုပ်တာပေါ့… ဒါလေးကိုတောင် နားမလည်ဘူးလား…”

ထိုစကားကိုကြားသော် ကောင်းရွှယ်ထင်း တုန်လှုပ်ခြောက်ခြားသွားခဲ့လေသည်။ သူမဒဏ်ရာရနေစဉ်က ဆေးဥယျာဉ်ကို ကာကွယ်ရန် ခင်းကျင်းထားခဲ့သော အလင်းစက်ကွင်းကို ကံကောင်းထောက်မပြီး အသက်သွင်းနိုင်ခဲ့သည်။ သူမ၏ လက်ရှိအခြေအနေအရ ဆေးဥယျာဉ်ထဲတွင် ပုန်းနေရုံသာ တတ်နိုင်လေသည်။ သို့သော်ငြား ဤအလင်းစက်ကွင်း မည်မျှကြာအောင် တောင့်ခံနိုင်မလဲ ဆိုသည်ကိုတော့ သူမ မသိပေ။ ကျုထျန်းချင်သာ အလင်းစက်ကွင်းအား အောင်မြင်စွာ ဖျက်ဆီးသွားနိုင်မည်ဆိုလျှင် သူမအနေဖြင့် မည်သို့မျှ ပြန်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

သူမ၏အစီအစဉ်မှာတော့ အလင်းစက်ကွင်း ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ဖြစ်ပေသည်။

ထိုအကြောင်းကို တွေးနေစဉ် အမြဲလိုလို ပြောင်ချော်ချော် ပျက်တတ်တတ် နေတတ်သော လူတစ်ဦးကို သူမမျက်လုံးထဲ မြင်ယောင်လာမိလေသည်။ ထိုလူအကြောင်းကို တွေးရင်းမှ ကောင်းရွှယ်ထင်း၏ စိတ်အစုံမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာတော့လေ၏။

(နင် ငါ့ကို ပျိုးထောင်ခဲ့တော့ရော ဘာဖြစ်လဲ… ငါက ကလေးတစ်ယောက်မဟုတ်တော့ဘူး… အသက်ဆယ့်ရှစ်နှစ်ပြည့်ကတည်းက ငါက ကလေးတစ်ယောက်ကို မဟုတ်တော့တာ… ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ရောက်ပြီးတာတောင် နင်က ငါ့ကို ကလေးတစ်ယောက်အဖြစ် ဆက်ဆံနေတုန်းပဲ… ဘယ်တော့မှ အမျိုးသမီးတစ်ယောက်အဖြစ် သဘောမထားခဲ့ဘူး… နောင်ဘဝသာရမယ်ဆိုလို့ရှိရင် ငါ ဘယ်တော့မှ နင့်လက်အောက်မှာ မကြီးပြင်းလာချင်တော့ဘူး… ငါ့ဘာသာငါ တစ်ကိုယ်တည်း ကြီးပြင်းပြီး နင့်ရှေ့မှာ အမျိုးတစ်ဦးအဖြစ်ပဲ ရပ်ချင်တော့တယ်)

“ရောင်းရင်းကျု… မင်း ဘာဖြစ်လို့ ဒီအတိုင်း ထိုင်ကြည့်နေတာလဲ… ငါ့ကို နည်းနည်းပါးပါး လာကူပါဦးဟ..” သူ မည်မျှပင် တိုက်ခိုက်နေစေကာမူ အလင်းစက်ကွင်းအား မချိုးဖြတ်နိုင်သည်ကိုမြင်သော် ကျုထျန်းချင်မှာ စတင်၍ စိုးရိမ်လာတော့လေသည်။ ထို့အတွက်ကြောင့် မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်ကာ အားပြန်ဖြည့်နေသောလူဘက်သို့ လှမ်းကြည့်လိုက်လေ၏။

ထိုလူမှာ မြေမြို့တော်၏ မြို့သခင်ဖြစ်သော ကျုဟုန်သာ ဖြစ်လေသည်။

သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းများမှာ အတူတူသာဖြစ်ကြသည်။ ဧကရာဇ်ပထမအဆင့်ပင်။ ကောင်းရွှယ်ထင်း ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားရခြင်းမှာ သူမအားနည်းသည့် အတွက်ကြောင့် မဟုတ်ဘဲ နှစ်ယောက်တစ်ယောက်ဖြင့် အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရသည့် အတွက်ကြောင့်ပင်။

ထိုကဲ့သို့ နှစ်ယောက်တစ်ယောက်ဖြင့် အလစ်ချောင်းတိုက်ခိုက်ခံခဲ့ရသည့်တိုင် ကောင်းရွှယ်ထင်းမှာတော့ သူတို့နှစ်ဦးထဲမှ တစ်ဦးအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ကိုလျှင် ကြည့်လျှင် ကောင်းရွှယ်ထင်း၏ခွန်အား မနိမ့်ကျသည်ကို အထင်းသားမြင်နိုင်ပေသည်။

လက်ရှိအချိန်တွင် ကျုဟုန်၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူ့အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေလေသည်။ အမျိုးမျိုးသော သားရဲများ၏ပုံစံများ ထိုးထွင်းထားသည့် ဧရာမတံဆိပ်ခေါင်းကြီးတစ်ခု သူ့ဘေးနားတွင် ရှိနေပေသည်။ ကျုဟုန်မှာ အသက်ရှူလိုက်တိုင်း သူရထားသည့် ဒဏ်ရာများမှာ တဖြည်းဖြည်းနှင့် ပြန်လည်ကောင်းမွန်လာနေခဲ့သည်။

ကျုထျန်းချင်မှ လှမ်းခေါ်နေသည်ကိုကြားသော် ကျုဟုန်က မျက်လုံးဖွင့်လျက် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ “ရောင်းရင်းကျု… ဒီနေရာကိုမလာခင်က ငါတို့ရင်ဆိုင်ရမဲ့လူက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲဆိုတာကို မင်းပြောမထားဘူးနော်…”

ကျုထျန်းချင်က ပြုံးလျက် “ဘာဖြစ်လို့လဲ… မင်းကြောက်သွားတာလား ရောင်းရင်းကျု… နေမင်းပြာကျောင်းတော်က အားကောင်းတာမှန်ပါတယ်… ဒါပေမဲ့ ငါတို့ဗြဟ္မာကုန်းမြေကလည်း သူတို့ကိုကြောက်တာမှမဟုတ်တာ… ပြီးတော့ အဲ့ဂိုဏ်းက တောင်ဘက်နယ်မြေမှာ ရှိတာလေ… ရောင်းရင်းကျု ဘာတွေကိုကြောက်နေတာလဲ…”

ကျုဟုန်က ပြန်ပြောလိုက်သည်။ “မင်းကတော့ သူ့ကို ဘယ်ကြောက်ပါ့မလဲ ရောင်းရင်းကျုရယ်… နေမင်းပြာကျောင်းတော် တစ်ခုခု လုပ်လာပြီဆိုတာနဲ့ မင်းဘာသာ ဗြဟ္မာကုန်းမြေထဲမှာ ဝင်ပုန်းနေလိုက်ရုံပဲဟာကို… သူတို့ မင်းကို ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး… ဒါပေမယ့် ငါက မင်းနဲ့မတူဘူးလေ… ငါက မြို့သခင်တစ်ယောက်သာသာပဲကွ… ကျောင်းသခင်ဝမ်ကိုယ်တိုင်သာ ရောက်ချလာမယ်ဆိုလို့ရှိရင် ငါ သူ့ကို ဘယ်လိုမှ ပြန်တိုက်နိုင်မှာမဟုတ်ဘူး…”

ကျုထျန်းချင်၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။ “ရောင်းရင်းကျု… အဲ့အပိုကိစ္စတွေကိုထိုင်ပြီး စဉ်းစားမနေနဲ့… ငါတို့ ဒီမှာ ဘာလုပ်ခဲ့လဲဆိုတာကို ဘယ်သူမှမသိဘူး… နည်းလမ်းတစ်မျိုးမျိုးနဲ့ နေမင်းပြာကျောင်းတော် ဒီအကြောင်းကို သိသွားမယ်ဆိုရင်တောင် ဒီကိစ္စရဲ့တရားခံက ငါတို့ဆိုတာကို သူတို့သက်သေပြနိုင်မှာမဟုတ်ဘူး… အဲ့တော့ ဘာမှကို ကြောက်နေစရာမလိုဘူး…”

ကျုဟုန်က ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “သတိဆိုတာ ပိုတယ်မရှိဘူးကွ ရောင်းရင်းကျုရဲ့… မင်းမှာ အားကောင်းတဲ့နောက်ခံရှိတော့ ဒီလိုကိစ္စတွေကို မင်း ဘယ်ပူပန်တတ်ပါ့မလဲ… ပြီးတော့ ငါတို့လိုမျိုး အားကောင်းတဲ့နောက်ခံမရှိတဲ့လူတွေရဲ့ ခံစားချက်ကို မင်း နားလည်မှာမဟုတ်ဘူး…”

ကျုထျန်းချင်က ပြန်ပြောလေ၏။ “ဒီလောက်အထိ လုပ်ပြီးမှ နောက်ပြန်ဆုတ်ချင်တယ်လို့ ငါ့ကိုလာမပြောနဲ့နော် ရောင်းရင်းကျု…”

တစ်ချက်မျှ ပြန်စဉ်းစားနေပြီးသည့်နောက် ကျုဟုန်က ပြန်ပြောလိုက်လေသည်။ “ငါက ဘယ်လိုလုပ်ပြီး နောက်ပြန်ဆုတ်ပါ့မလဲ… တကယ်တော့ ငါ မင်းနဲ့ပေါင်းပြီးတော့တောင် အကြီးအကဲကောင်းကို ဒဏ်ရာရအောင် လုပ်ပြီးသွားပြီလေ… အခုနေ ငါ ပြန်ဆုတ်ချင်တယ်ဆိုရင်တောင် ဆုတ်လို့ရတော့မှာမဟုတ်ဘူး..”

“အဲ့ဒါကို နားလည်သေးရင် ဘာဖြစ်လို့ တုံ့ဆိုင်းနေသေးတာလဲ…” ကျုထျန်းချင်က ထပ်ပြောလိုက်လေသည်။

ကျုဟုန်က ပြန်ပြောလိုက်လေ၏။ “အစတုန်းကတော့ ရောင်းရင်းကျု ငါ့ကိုပြောခဲ့တာက ဒီမှာ အခွင့်အလမ်းတွေအများကြီးပဲ… ဒီကကိစ္စတွေကို ရှင်းပြီးသွားတာနဲ့ ရလာတဲ့အကျိုးအမြတ်တွေကို ငါတို့နှစ်ယောက် တစ်ယောက်တစ်ဝက် ညီတူညီမျှ ခွဲဝေမယ်ဆိုပြီးတော့လေ… ဒါကြောင့်မို့လဲ ဒီကျုက ဝမ်းပန်းတသာနဲ့ လက်ခံတာပေါ့… ဒါပေမဲ့ အခုကြည့်စမ်း… ဘယ်မှာ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေယူနေလို့လဲ…”

ကျုထျန်းချင်ကြောင်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘယ်မှာ ညီတူညီမျှ မခွဲဝေလို့လဲ… ဒီနေရာတစ်ခုလုံးက ဆေးဥယျာဉ်ကြီးလေ… အခုကိစ္စတွေအကုန်လုံးကိုသာ ရှင်းပြီးသွားတာနဲ့ ဒီဆေးဥယျာဉ်ကို ငါတို့နှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲဝေယူမှာပဲဟာကို… မင်း ဒီကျုပြောတာကို မယုံတာလား…”

ကျုဟုန်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “ဆေးပင်ကိုတော့ ညီတူညီမျှ ခွဲဝေယူတာဟုတ်ပါပြီ… ဒါပေမဲ့ သူ့ရဲ့အပျိုစင်ယင်ကရော… ရောင်းရင်းကျု မင်း အဲ့ဒါကိုရော ငါ့ကိုပေးမှာလား…”

ထိုစကားကိုကြားပြီးသည့်နောက် ကျုထျန်းချင် ဇဝေဇဝါဖြစ်သွားခဲ့ပြီး ပြန်၍မေးခွန်းထုတ်လိုက်လေသည်။ “အဲ့ဒါကတော့ ဘယ်လိုလုပ်ပြီး ဝေစုခွဲလို့ရမှာလဲ…”

အပျိုစင်ယင်သည် ပစ္စည်းတစ်ခု မဟုတ်သည့်အတွက်ကြောင့် ညီတူညီမျှ ခွဲဝေယူ၍မရချေ။

ထိုအခါ ကျုဟုန်က ပြန်၍ပြောလိုက်လေသည်။ “ရောင်းရင်းကျု ဧကရာဇ်ပထမအဆင့်ရဲ့ အထွဋ်အထိပ်မှာ တစ်နေတာ နှစ်တွေအများကြီးကြာနေပြီ… ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်နိုင်ဖို့အတွက် တူနှစ်မြွှာကျင့်စဉ်တစ်ခုကိုကျင့်ပြီး အမျိုးသမီးတွေအများကြီးရဲ့ အပျိုစင်ယင်တွေကို မင်း လိုက်ယူနေတယ်ဆိုတဲ့အကြောင်း ငါကြားတယ်… မင်းရဲ့ အမွေခံတပည့်နှစ်ယောက်တောင် ပါသွားသေးတယ်… အခု မင်း အကြီးအကဲကောင်းရဲ့ အပျိုစင်ယင်ကိုသာ ရသွားမယ်ဆိုလို့ရှိရင် ဧကရာဇ်ဒုတိယအဆင့်ကို ကျိန်းသေ ချိုးဖြတ်သွားနိုင်တော့မှာ ဟုတ်တယ်မလား..”

ထိုစကားကိုကြားပြီးသည့်နောက် ကျုထျန်းချင် ရှက်သွားခဲ့လေသည်။ အထူးသဖြင့် ကျုဟုန်မှ သူ့အမွေခံတပည့်နှစ်ယောက်ကိစ္စအကြောင်း ပြောလိုက်သည့်အချိန်တွင်ပင်။

ဤကိစ္စသည် မည်သူမျှ မသိသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်လေရာ ကျုဟုန်မှာ မည်ကဲ့သို့ သိသွားရလေသနည်း။

“ရောင်းရင်းကျုဘာပြောချင်လဲ ငါနားလည်ပြီ…” ကျုထျန်းချင်က ခေါင်းညိတ်လျက် မျက်နှာကြီးကိုမဲ့ကာ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းကျု… မင်းလိုချင်တာကိုပြောလိုက်… ငါတို့ မိတ်ဆွေတွေဖြစ်လာတာကြာပြီပဲ… အခုလိုမျိုး ဝေ့လည်ကြောင်ပတ် လုပ်မနေစမ်းပါနဲ့ကွာ…”

ကျုဟုန်က မျက်ခုံးပင့်လျက် ပြုံးဖြီးကာ ပြန်ပြောလိုက်လေသည်။ “စိတ်လျှော့စမ်းပါ ရောင်းရင်းကျုရာ… ငါ အမှန်ကိုပြောနေတာပါကွ… ငါလည်း မင်းအဆင့်တက်နိုင်အောင် အတတ်နိုင်ဆုံး ကူညီပေးချင်ပါတယ်… မင်းသာ ဧကရာဇ်ဒုတိယအဆင့်ကို တက်လှမ်းသွားနိုင်မယ်ဆိုလို့ရှိရင် တကယ်ကို ဝမ်းသာစရာအဖြစ်အပျက်တစ်ခု ဖြစ်သွားမှာ… ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်နိုင်မဲ့ အခွင့်အရေးနဲ့ ယှဉ်လိုက်လို့ရှိရင် ဒီကဆေးပင်တွေဆိုတာ ဘာမှ မပြောပလောက်တော့ဘူး…”

“လိုရင်းကိုပြော…” ကျုထျန်းချင် စိတ်မရှည်ချင် ဖြစ်လာခဲ့လေသည်။

ကျုဟုန်က ရှက်ရှက်ဖြင့် ဆက်ပြောလိုက်လေ၏။ “ပြောချင်တာကကွာ… ဒီကဆေးပင်တွေနဲ့ပတ်သက်ပြီးတော့ ၃၀၊ ၇၀ ခွဲယူကြရင် ဘယ်လိုလဲ… မင်း ၃၀ယူ ငါ ၇၀ယူမယ်…”

ကျုထျန်းချင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ရောင်းရင်းကျု… မင်း လောဘကြီးလွန်းမနေဘူးလား… ဒီကဆေးပင်တွေအကုန်လုံးက အနည်းဆုံး နှစ်သောင်းနဲ့ချီ သက်တမ်းရှိပြီးသား… ပြီးတော့ တော်တော်များများက ဧကရာဇ်အဆင့်တွေ… ဒီဆေးပင်ကို ဘယ်သူပိုင်မှန်း ငါမသိပေမဲ့ ဒီမှာရှိတဲ့ဆေးပင်တွေ တော်တော်များများက အပြင်လောကကြီးမှာတောင် မျိုးတုံးပျောက်ကွယ်ကုန်နေပြီ… ဒီလောက်တောင် အဖိုးတန်တဲ့ဆေးပင်တွေကို မင်းက ခုနှစ်ဆယ်ရာခိုင်နှုန်း လိုချင်နေတာလား… ဒါဆိုရင် ဒီလိုလုပ်ကွာ… အကြီးအကဲကောင်းရော ဆေးပင်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းရောကို မင်းယူလိုက်… ခုနှစ်ဆယ်ရာခိုင်နှုန်းကို ငါယူမယ်… ဘယ်လိုလဲ…”

ကျုဟုန်က ပြုံးလျက် “ဘာဖြစ်လို့ အကြီးအကဲကောင်းကို လိုချင်ရမှာလဲ… အကြီးအကဲကောင်းက မိန်းမချောလေးတစ်ဦးဆိုပေမဲ့ သူက ဆူးတွေနဲ့ပြည့်နေတဲ့ နှင်းဆီပန်းတစ်ပွင့်ပဲ… ဒီကျု အဲ့လိုလက်ဆောင်မျိုးကိုတော့ မယူချင်ပါဘူး… ပြီးတော့ အလဲအလှယ်လုပ်ပြီဆိုတာနဲ့ လူတိုင်းက ကိုယ့်အတွက် အကျိုးရှိဆုံး အလဲအလှယ်ကိုပဲ လုပ်ကြတာလေ… ငါပြောတာ မှားလို့လား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၃)

“လေးဆယ် ခြောက်ဆယ်… အဲ့ထက်ပိုလို့မရတော့ဘူး…” ကျုထျန်းချင်က အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်လေသည်။ “အကြီးအကဲကောင်းရဲ့ အပျိုစင်ယင်ကို ရသွားပြီဆိုရင် ဒီကျု ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်သွားနိုင်တာ မှန်တယ်ဆိုပေမဲ့ ဒီမှာက ဆေးပင်တွေအများကြီးရှိနေတာ… ဒီဆေးပင်အများကြီးနဲ့ဆိုလို့ရှိရင် ရောင်းရင်းကျုလည်း ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်ဖို့ ဒီလောက်ကြာတော့မှာမဟုတ်ဘူး… အခုအလဲအလှယ်က ရောင်းရင်းကျုအတွက် ဘာမှ အကျိုးမယုတ်ဘူး…”

တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ကျုဟုန်က ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုရင် လေးဆယ် ခြောက်ဆယ်ပဲလုပ်ကြတာပေါ့…”

လေးဆယ် ခြောက်ဆယ်သည် ကျုထျန်းချင်အတွက် အသာရနေမှန်း ကျုဟုန်သိပေသည်။ သို့သော်ငြား ကျုထျန်းချင်သည် ဗြဟ္မာကုန်းမြေ၏ အကြီးအကဲတစ်ဦး ဖြစ်၏။ ကျုထျန်းချင်သာ အဆင့်ချိုးဖြတ်သွားမည်ဆိုပါက ပိုမိုအားကောင်းလာမည်ဖြစ်လေရာ ကျုဟုန်အနေဖြင့် သူနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားခြင်းမှာ အကျိုးမယုတ်ချေ။

ထိုလူနှစ်ဦး သူမအား ဈေးထဲရှိ ဂေါ်ဖီထုပ်တစ်ထုပ်အလား ဈေးဆစ်နေကြသည်ကိုမြင်သော် ကောင်းရွှယ်ထင်း၏ခန္ဓာကိုယ်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်ရီလာတော့လေသည်။ သို့သော်ငြား သူမအနေဖြင့် အလွန်တရာကိုမှ ဒေါသထွက်နေလျှင်ပင် ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။

“လေးဆယ် ခြောက်ဆယ်… အဲ့လိုတော့မဖြစ်ဘူးနော်…” ရုတ်တရက်ထွက်ပေါ်လာသည့် အသံတစ်သံကြောင့် ကျုဟုန်နှင့် ကျုထျန်းချင်တို့နှစ်ဦးစလုံး အလန့်တကြား ထခုန်ရင်း အသံထွက်ပေါ်လာသည့်ဘက်သို့ ကြောက်လန့်တကြား လှမ်းကြည့်လိုက်လေသည်။ အားပြန်ဖြည့်နေတုန်းသာ ရှိသေးသော ကျုဟုန်သည်လည်း အလန့်တကြား ထရပ်ရင်း အသံထွက်ပေါ်လာသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့အပြင် သူ့ဘေးတွင်ရှိနေသော သားရဲတစ်သောင်းချိတ်စည်းတံဆိပ်မှာလည်း စတင်၍ တောက်ပလာတော့လေ၏။

ဤနေရာသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်ကာ တည်ရှိနေသော သီးခြားကမ္ဘာတစ်ခု ဖြစ်ပေသည်။ တိရစ္ဆာန်အရေပြားနှစ်ခုကြောင့်သာ မဟုတ်ပါက သူတို့နှစ်ဦးလည်း ဤနေရာသို့ ဝင်လာနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ထူးထူးဆန်းဆန်းပင် အခြားသောလူတစ်ဦး ဤနေရာသို့ ရောက်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ကျုဟုန်နှင့် ကျုထျန်းချင်တို့မှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်နေသည့်တိုင် ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့ကြရသည်။

(ဒီကောင် တစ္ဆေတစ်ကောင်လား…) နှစ်ယောက်စလုံး သူတို့စိတ်ထဲ ကြိတ်၍ တွေးလိုက်ကြလေသည်။

ထိုအသံကိုကြားလိုက်သည့်နောက် တုန်လှုပ်ခြောက်ခြားနေသော ကောင်းရွှယ်ထင်း၏ မျက်လုံးထဲ မျှော်လင့်ချက်အရိပ်တို့ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ဧကရာဇ်အဆင့် ပညာရှင်သုံးဦးနှင့် မလှမ်းမကမ်းတွင် လူငယ်လေးတစ်ဦးသည် ပြုံးကာ ရပ်နေခဲ့သည်။ သူစကားမပြောခင်အချိန်ထိ သူ ဤနေရာတွင်ရှိလို့ရှိနေမှန်းကို မည်သူမျှ မသိကြချေ။

“မင်းဘယ်သူလဲ…” ကျုဟုန်က အော်ပြောလိုက်လေသည်။

ကျုထျန်းချင်သည် မျက်မှောင်ကြုတ်လျက် သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင့်အား စစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်သည် သူ့ကဲ့သို့ပင် ဧကရာဇ်အဆင့်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်မှန်း သိသွားသည့်နောက်တွင် ကျုထျန်းချင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

ထိုလူ ဤနေရာသို့ မည်သို့ပင်ဝင်လာစေကာမူ သူ၏ရည်ရွယ်ချက် မည်သို့ပင်ဖြစ်နေစေကာမူ ထိုလူ၏ကျင့်ကြံခြင်းသည် သူနှင့်အဆင့်တူသာ ရှိသည့်အတွက်ကြောင့် ကျုထျန်းချင် မကြောက်တော့ချေ။

“မြို့သခင်ကျု… အကြီးအကဲကျု…” ရန်ကိုင်က လက်သီးဆုပ်လျက် ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ “မတွေ့တာကြာပြီနော်…”

ကျုဟုန် ပျာယာခတ်သွားခဲ့ပြီး ရန်ကိုင့်အား အလေးအနက် အမူအယာဖြင့် သေချာ ထပ်မံ စစ်ဆေးကြည့်လိုက်လေသည်။ “မင်းဘယ်သူလဲ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်ရဲ့နာမည်က ပြောဖို့မထိုက်တန်ပါဘူး…”

ကျုထျန်းချင် ဒေါသူပုန်ထသွားလေသည်။ သို့သော်ငြား တစ်ဖက်လူမှာ သူ့နာမည်အား မပြောချင်သည့်အတွက်ကြောင့် သူ့ဘက်မှဆက်မေးနေ၍လည်း အသုံးဝင်လိမ့်မည်မဟုတ်မှန်း သိလိုက်သည်။ ထို့အတွက်ကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လျက် အလေးအနက်အမူအယာဖြင့် အခြားမေးခွန်းတစ်ခုကို ပြောင်းမေးလိုက်လေသည်။ “မင်း ဒီထဲကို ဘယ်လိုဝင်လာတာလဲ…”

ကျုထျန်းချင်သည် ကောင်းရွှယ်ထင်းနှင့်အတူ ပူးပေါင်း၍ ဤနေရာသို့ ဝင်လာစဉ်က ကျုဟုန်ဝင်လို့ရစေရန်အတွက် လျှို့ဝှက်လမ်းကြောင်းတစ်ခု ချန်ထားပေးခဲ့လေသည်။ ထိုလျှို့ဝှက်လမ်းကြောင်းကြောင့်သာ ကျုဟုန် ဤထဲသို့ ဝင်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ဤနေရာထဲသို့ မည်ကဲ့သို့ ဝင်လာနိုင်သလဲ ဆိုသည်ကို သူမသိချေ။

(ဒီကောင်လည်း အဲ့လျှို့ဝှက်လမ်းကြောင်းကို သုံးခဲ့တာလား…)

(မဖြစ်နိုင်ဘူး… ကျုထျန်းချင်နဲ့ငါပဲ အဲ့လမ်းကြောင်းကနေ ဘယ်လိုဝင်ရမလဲ သိတာ… အခြားသူတွေ ဘယ်လိုမှ ဝင်လို့ရမှာမဟုတ်ဘူး… ပြီးတော့ အပြင်ဘက်ကိုလည်း ကျုထျန်းချင်ရဲ့ အမွေခံတပည့်တွေက စောင့်နေသေးတယ်… ဒါပေမဲ့ ဒီကောင် ဒီနေရာမှာ ပေါ်လာတယ်ဆိုမှတော့ အပြင်ဘက်ကလူတွေ အကုန်သေသွားလောက်ပြီ…)

ထိုအချက်ကိုစဉ်းစားမိလိုက်သော် ကျုဟုန် ထိတ်လန့်တုန်လှုပ်လာခဲ့ပြီး ကျုထျန်းချင်အား မသိမသာလေး လှမ်းကြည့်လိုက်လေသည်။ သို့ရာတွင် ကျုထျန်းချင်မှာ သူ့တပည့်များ သေသည်ရှင်သည်ကို ဂရုမစိုက်သည့်အလား ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။

“ရောင်းရင်းက ဒီနေရာကိုတောင် ရှာတွေ့နိုင်တယ်ဆိုတော့ တကယ်ကို ထူးချွန်တာပဲ… ဒီဘုရင် တကယ်ကို အထင်ကြီးသွားပြီ…” ကျုထျန်းချင်သည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုကဲ့သို့ပြောနေသည့်တိုင် သူ့မျက်နှာထက် လေးစားအားကျသည့် အရိပ်အယောင် တစ်စွန်းတစ်စပင် ရှိမနေခဲ့ပေ။

“လေးဆယ် ခြောက်ဆယ် ဝေစုခွဲတာနဲ့ပတ်သက်ပြီး ရောင်းရင်းကြည့်ရတာ သဘောမတူချင်ဘူးနဲ့တူတယ်… ရောင်းရင်းမှာ အခြား ပိုကောင်းတဲ့အကြံဉာဏ်လေးများ ရှိလို့လား…” ကျုထျန်းချင်သည် လိုရင်းကို တန်းပြောလိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ပိုကောင်းတဲ့အကြံတော့ မဟုတ်ပါဘူး… ဒီတိုင်းပဲ ကျုပ်စဉ်းစားမိတာလေးပေါ့ …”

“ပြောကြည့်ပါဦး…” ကျုထျန်းချင်၏မျက်နှာ သုန်မှုန်လာခဲ့သည်။

“ကျုပ် ဒီမှာရှိတဲ့ဟာတွေအကုန်လုံးကို ယူလိုက်မယ်… ခင်ဗျားတို့နှစ်ယောက် ပြန်ထွက်သွားလိုက်တော့… အဲ့ဒါဆိုရင်ရော…” ရန်ကိုင်က ပြုံးကာ ပြောလိုက်လေသည်။

“ခွေးကောင်…” ကျုဟုန် ဒေါသူပုန် ထသွားလေသည်။ အစကတော့ ဤလူငယ်လေးသည် သူတို့နှင့်အတူ ဝေစုခွဲလိုခြင်း ဖြစ်သည်ဟု ထင်ခဲ့လေသည်။ ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ ကျုဟုန်လည်း ဝေစုနည်းနည်းလောက် ခွဲပေးဖို့ရာ တွန့်တိုနေလိမ့်မည် မဟုတ်ချေ။ နောင်ကျမှ ပြန်လုယူလည်း ကိစ္စမှမရှိလေပဲ။ သို့သော်ငြား လူငယ်လေးသည် ဤနေရာရှိ အရာအားလုံးကို မောင်ပိုင်စီးချင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုသို့ဆိုလျှင် ကျုထျန်းချင်နောက် အတူလိုက်လာပြီး နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးအား ရန်စခဲ့ရသည်မှာ အချည်းအနှီးဖြစ်သွားသည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။ ဤကဲ့သို့သော ကမ်းလှမ်းချက်ကို ကျုဟုန်အနေဖြင့် မည်သို့မှ လက်မခံနိုင်ချေ။ ဤနေရာရှိလူတိုင်းသည် ဧကရာဇ်ပထမအဆင့်သာ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင့်အား တိုက်ခိုက်ရမည်ကို ကျုဟုန်မကြောက်ပေ။ ထို့အပြင် သူသည် ကျုထျန်းချင်နှင့်အတူ ရှိနေခြင်းဖြစ်လေသည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်မည်ကို ရန်ကိုင်က အနိုင်ရနိုင်မည်လော။

ကျုထျန်းချင်မှာ ဒေါသူပုန်ထသွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှံ့လိုက်လေသည်။ “ရောင်းရင်း… မင်းက တကယ်ကို လောဘကြီးတာပဲကွ… တစ်ခုခုမပြောခင် ပြောမဲ့စကားကို မင်း သေချာ ပြန်စဉ်းစားကြည့်သင့်တယ်နော်…”

ရန်ကိုင့်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ခွေးအိုကြီး… ခင်ဗျားစကား ခင်ဗျားကြည့်ပြောနော်… ဒီသခင်လေးကို လာရန်စလို့ရှိရင် အကြီးအကဲတွေကို မလေးစားလို့ဆိုပြီး ကျုပ်ကို လာအပြစ်မတင်နဲ့…”

“ကောင်းတယ်…” ကျုထျန်းချင်က ဒေါသတကြီးဖြင့် ရယ်မောလျက် “ငါတို့နှစ်ယောက်ရှေ့မှာ မင်း ဘယ်လို အရှက်မရှိ ကြွားရဲတယ်ဆိုတာကို ဒီဘုရင် တကယ်သိချင်နေပြီ…”

“အပိုတွေလုပ်မနေတော့နဲ့ အကြီးအကဲကျု…” ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးကို ခင်ဗျားမသိဘူးလို့ လာမပြောနဲ့… ခင်ဗျားရဲ့ တပည့်တွေတောင် ကျုပ်ကိုသိတာ ခင်ဗျားကိုယ်တိုင်ကတော့ မသိစရာ အကြောင်းမရှိဘူး… ဒါနဲ့များ ကျုပ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးတဲ့ပုံစံမျိုး လာလုပ်ပြနေသေးတယ်… ကျွတ် ကျွတ် ကျွတ်… ခင်ဗျားက တကယ်ကို ကောက်ကျစ်ဥာဏ်များတာပဲ…”

“ဟမ်… ရောင်းရင်းကျု မင်း ဒီကောင်လေးကိုသိတာလား…” ကျုဟုန်သည် ကျုထျန်းချင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်မှ ထိုအချက်ကို ထုတ်ပြောလိုက်သည့်နောက် ကျုထျန်းချင်၏မျက်နှာ မည်းမှောင်သွားလေ၏။ ထို့နောက် ပြန်ပြောလိုက်လေသည်။ “ငါသိတယ်… ဒီကောင့်နာမည်က ရန်ကိုင်ပဲ… ကြယ်ပျက်ပင်လယ်ထဲမှာ ငါတို့ဗြဟ္မာကုန်းမြေရဲ့ တော်ဝင်သားတော်နှစ်ယောက်ဖြစ်တဲ့ ကျန်းဟောင်နဲ့ကျန်းရှန်ကို သတ်သွားတဲ့ကောင်… ရှင်းရှင်းပြောရရင် ဒီကောင်က ဗြဟ္မာကုန်းမြေရဲ့ ရန်သူပဲ… တစ်မိုးအောက်ထဲမှာ ငါတို့နှစ်ယောက်က ဘယ်တော့မှကို အတူမရှိနိုင်တာ…”

“ဘယ်လို… ဒီကောင်က ကျန်းဟောင်နဲ့ ကျန်းရှန်တို့ကို သတ်သွားတာလား…” ကျုဟုန် အံ့အားသင့်သွားလေ၏။

ကြယ်ပျက်ပင်လယ် ဘာကြောင့်မှန်းမသိ ပိတ်သွားသည့်နောက်ပိုင်း ဗြဟ္မာကုန်းမြေသည်လည်း ဆိုးဆိုးရွားရွား ဆုံးရှုံးသွားခဲ့ရကြောင်း ကျုဟုန် သတင်းရခဲ့ပေသည်။ တော်ဝင်သားတော်နှစ်ပါး၏ သေဆုံးမှုသည် ဗြဟ္မာ့ကုန်းမြေ၏ အုတ်မြစ်အား အတော်လေးကို ထိခိုက်သွားစေခဲ့သည်။ ထိုနှစ်ဦးသည် ဗြဟ္မာ့ကုန်းမြေ၏ အနာဂတ်ကို ဦးဆောင်ကြမည့်လူများ မဟုတ်ကြပေလော။ ထို့အတွက်ကြောင့်ပင်လျှင် ဗြဟ္မာကုန်းမြေမှ အကြီးအကဲများသည်လည်း တော်ဝင်သားတော်နှစ်ပါးအား အလွန်ကိုမှ တန်ဖိုးထားကြပေသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲတွင် ထိုတော်ဝင်သားတော်နှစ်ပါးစလုံး သေသွားရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ယခု ကျုထျန်းချင်ပြောလာသည့်အခါမှသာ တော်ဝင်သားတော်နှစ်ပါးသည် ရန်ကိုင့်လက်၌ သေသွားခဲ့ရကြောင်း ကျုဟုန်နားလည်သွားတော့လေသည်။

သို့သော်ငြား မကြာမီတွင် ကျုဟုန်မှာ တစ်ခုခုအား နားလည်သွားခဲ့ပြီး ဇဝေဇဝါဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါနဲ့ ဒီကောင်က အခုလေးတင်မှ ကြယ်ပျက်ပင်လယ်ထဲက ထွက်လာတာဆိုတော့ သူ ဧကရာဇ်အဆင့်ကို ရောက်တာ မကြာသေးဘူးလို့ ပြောလိုက်တာပေါ့… ဟုတ်တယ်မလား…”

“ဟုတ်တယ်… အဲ့လိုပဲဖြစ်လိမ့်မယ်…” ကျုထျန်းချင်က ခေါင်းညိတ်လိုက်လေသည်။

ကျုဟုန်က နှာခေါင်းရှုံ့လျက် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “ကောင်လေး… မင်းသတ္တိက မသေးပါလား… အခုမှ ဧကရာဇ်အဆင့် ရောက်တာကိုတောင် ဒီမြို့သခင်နဲ့ အကြီးအကဲကျုရှေ့မှာ လာပြီးတော့ မောက်မာနေရဲတယ်… မင်းကိုယ်မင်း ဘာထင်နေလဲကွ”

ဧကရာဇ်အဆင့်ကို ချိုးဖြတ်ပြီးသွားပြီဆိုသည်နှင့် တစ်စုံတစ်ဦးသည် မိမိ၏ကျင့်ကြံခြင်းကို ခိုင်မာကျစ်လျစ်သွားအောင် ဦးစွာလုပ်သင့်ပေသည်။ ထိုသို့သာမလုပ်ပါက မိမိ၏ကျင့်ကြံခြင်း တာအိုသခင်အဆင့်သို့ ပြန်လျှောကျသွားနိုင်ချေရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ တက်သစ်စ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်မှန်း သိသွားပြီးသည့်နောက် ကျုဟုန် ရန်ကိုင့်အား လုံးဝကို မကြောက်တော့ခြင်း ဖြစ်လေသည်။ သူ့စိတ်ထဲ ရန်ကိုင့်ကိုပင်လျှင် အထင်သေးမိသွားလေ၏။

ရန်ကိုင်ကမူ ကျုဟုန်ပြောသည်ကို မကြားချင်ယောင်ဆောင်လျက် ကျုထျန်းချင်ကိုကြည့်ကာ ဆက်ပြောလိုက်လေသည်။ “အကြီးအကဲကျု… ကျုပ် တစ်ခုကို အရင်ပြောထားချင်တယ်…”

“ဘာလဲ…” ကျုထျန်းချင်၏ မျက်နှာမှာမူ ရေခဲတမျှ အေးစက်နေခဲ့လေသည်။

ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်လေ၏။ “ကျန်းဟောင် ကျုပ်လက်ထဲမှာ သေသွားတာအမှန်ပဲ… ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်ကိုယ်တိုင် သူ့ကို သတ်လိုက်တာလေ… ဒါပေမဲ့ ကျန်းရှန်သေတာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး… ပြီးတော့ ကျန်းရှန်မသေခင် ကျန်းဟောင်ကိုသတ်ပေးဖို့ သူကိုယ်တိုင် ကျုပ်ကို တောင်းဆိုခဲ့တာ… ရှင်းရှင်းပြောရလို့ရှိရင် ခင်ဗျားတို့တော်ဝင်သားတော်နှစ်ပါးကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိနေလို့ ကျန်းရှန်ကိုယ်တိုင်က ကျန်းဟောင်ကို သတ်ပေးဖို့ ကျုပ်ကို လာတောင်းဆိုနေလဲဆိုတာ ကျုပ်တကယ်ကို နားမလည်ဘူး… ခင်ဗျားလည်းသိတာပဲ… ကျုပ်က သဘောထားကောင်းတဲ့လူလေ… ဒီတော့ သေတော့မယ့်လူတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကို ကျုပ် ဘယ်လိုလုပ်ပြီး မဖြည့်ဆည်းပေးချင်ပဲ နေပါ့မလဲ… ဒါကြောင့်မလို့ သူတောင်းဆိုတဲ့အတိုင်းပဲ ကျန်းရှန် စိတ်အေးအေးနဲ့သေလို့ရအောင် ကျုပ် ကျန်းဟောင်ကို သတ်ပေးလိုက်တာ…”

“အပိုတွေ…” ကျုထျန်းချင် ဒေါသူပုန်ထသွားခဲ့လေသည်။ “ကျန်းဟောင်နဲ့ ကျန်းရှန်က အရမ်းရင်းနှီးကြတာ… နှစ်ယောက်စလုံးက သွေးရင်းညီအစ်ကိုတွေ မဟုတ်ကြပေမယ့် သူတို့ရဲ့သံယောဇဉ်က ညီအစ်ကိုအရင်းတွေရဲ့ သံယောဇဉ်ထက်တောင် ပိုပြီး ခိုင်မာသေးတယ်… ကျန်းရှန်က ကျန်းဟောင်ကိုသတ်ဖို့ အခြားတစ်ယောက်ကို ဘယ်တော့မှ သွားတောင်းဆိုမှာမဟုတ်ဘူး…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ယုံတာ မယုံတာတော့ ခင်ဗျားအပိုင်းပဲ…”

ကျုထျန်းချင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် စိတ်ငြိမ်သွားအောင် လုပ်လိုက်လေသည်။ ထို့နောက် အေးစက်စက်လေသံဖြင့် ဆက်မေးလိုက်လေ၏။ “မင်း ဒီနေရာကို ဝင်လာတယ်ဆိုမှတော့ အပြင်ဘက်မှာ ရှိနေတဲ့ ဒီဘုရင်ရဲ့ အသုံးမဝင်တဲ့ တပည့်တွေက…”

“အဲ့ဒါတော့ ကျုပ်မသိဘူး… သူတို့ သေချင်ရင်သေနေမှာပေါ့…” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။

ကျန်းရို့ရှီ၏ခွန်အားကို ရန်ကိုင် ယုံကြည်ပေသည်။ သူမအနေဖြင့် ထိုလူများကို မနိုင်လျှင်ပင် ပန်းရောက်တိမ်တိုက်ဖီးနစ်ဝတ်ရုံကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် မည်သို့မှ ဒဏ်ရာရနိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ သွေးမျိုးဆက်ထဲရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားသာ ပေါက်ကွဲထွက်လာမည်ဆိုပါက ကျုထျန်းချင်၏တပည့်များ ဒုက္ခလှလှနှင့် တွေ့သွားရပေလိမ့်မည်။

ရှင်းရှင်းပြောရသော် ကျုထျန်းချင်၏တပည့်များ သေနိုင်ချေမှာ အတော်မြင့်မားပေသည်။

“ကောင်းတယ်… တော်ဝင်သားတော်နှစ်ယောက်ကိုလည်း သတ်ခဲ့တယ်… အခု ဒီဘုရင်ရဲ့ တပည့်တွေကိုလည်း ထပ်သတ်တယ်… အဲ့လိုလုပ်ပြီးတာတောင် ဒီဘုရင်ရှေ့ကို ရောက်လာရဲသေးတယ်ဆိုတော့ အသက်ရှင်လျက် ထွက်သွားဖို့ စဉ်းစားမနေတော့နဲ့…”

ကျုထျန်းချင်မှာ ဒေါသထွက်လွန်းသဖြင့် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ သူ့ခန္ဓာကိုယ်မှပင် ဖြာထွက်လာခဲ့လေသည်။ သူ၏ ဧကရာဇ်ချီကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော ဧကရာဇ်စိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာခဲ့လေရာ အနီးအနားတစ်ဝိုက်တွင် ရှိနေသော လောကနိယာမများသည်ပင်လျှင် တုန်ခါသွားခဲ့ကြလေသည်။ ထို့နောက်တွင် ဓါးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်း၍ ရန်ကိုင့်တည့်တည့်သို့ ခုတ်ပိုင်းချလိုက်လေ၏။

ရန်ကိုင်နှင့် ကျုထျန်းချင်တို့ကြားရှိ အမုန်းတရားကိုကြည့်ရင်းမှ ယနေ့တိုက်ပွဲမှာ ရှောင်လွှဲလို့ရတော့မည်မဟုတ်မှန်း ကျုဟုန်သိနေခဲ့လေသည်။ သို့သော်ငြား သူနှင့် ကျုထျန်းချင်တို့ အတူပူးပေါင်းနေသည့်အတွက်ကြောင့် ရန်ကိုင့်အား ကျုဟုန် လုံးဝ မကြောက်ချေ။ ထို့အပြင် တက်သစ်စ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးကို သူ့အနေဖြင့် ဘာကြောင့်များ ကြောက်နေရမည်နည်း။

ပါရမီရှင်ပေါင်းများစွာသည် ကြယ်ပျက်ပင်လယ်ထဲ၌ အခွင့်အလမ်းများနှင့် ကြုံတွေ့ရပြီးသည့်နောက်တွင် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြလေသည်။ သို့သော်ငြား တက်သစ်စဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့ကဲ့သို့ ဝါရင့်သမ္ဘာရင့် ပညာရှင်များနှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ နောက်ထပ် နှစ်သုံးဆယ်၊ ငါးဆယ်ခန့် ကျင့်ကြံပြီးလျှင်တော့ ထိုသူများမှာ သူတို့နှင့် ယှဉ်ချင် ယှဉ်နိုင်လိမ့်မည်ဖြစ်သော်ငြား ယခုအချိန်တော့ မဟုတ်သေးချေ။

ကျုဟုန်မှာ ဧကရာဇ်ချီကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် သားရဲတစ်သောင်းတံဆိပ်တုံးဆီမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုဟိန်းဟောက်သံများကြောင့် ကမ္ဘာငယ်လေးတစ်ခုလုံးသည်ပင်လျှင် တသိမ့်သိမ့် တုန်ခါသွားခဲ့လေ၏။ ထို့နောက်တွင် သားရဲတစ်သောင်းတံဆိပ်တုံးဆီမှ သားရဲပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့လေသည်။ ထွက်ပေါ်လာသည့် မွန်းစတားသားရဲအားလုံးသည် အဆင့်ဆယ့်တစ် အစပိုင်းတွင် ရှိနေကြလေ၏။ ကျုဟုန်မှာ ဧကရာဇ်ချီကို လှည့်ပတ်၍ အမိန့်ပေးလိုက်သည့်နောက်တွင် ထိုမွန်းစတားသားရဲများမှာ ရန်ကိုင့်ဆီသို့ တဟုန်ထိုး တိုးဝင်သွားကုန်ကြလေသည်။

All Chapters