← Chapters

အခန်း (၂၅၂၄-၂၅၂၆)

Vol. 105 Ch. 2524-2526

အခန်း (၂၅၂၄-၂၅၂၆)

Vol. 105 Ch. 2524-2526

အပိုင်း (၂၅၂၄)

သားရဲတစ်သောင်းတံဆိပ်တုံးသည် သေဆုံးသွားသော မွန်းစတားသားရဲများ၏ ဝိဉာဉ်ကိုသိုလှောင်ကာ ပြန်လည်တိုက်ခိုက်ခိုင်းနိုင်သည့် ရတနာတစ်မျိုး ဖြစ်ပေသည်။ သားရဲတစ်သောင်းတံဆိပ်တုံးတွင် ပိတ်ထားခံရသည့် မွန်းစတားသားရဲများ၏ ဝိဉာဉ်များမှာ သူတို့မသေခင်က တတ်ထားခဲ့သော ပညာရပ်အများစုကို ပိုင်ဆိုင်ထားနိုင်ကြပြီး သားရဲတစ်သောင်းတံဆိပ်တုံးမှာလည်း ပိုမိုများပြားသော မွန်းစတားသားရဲများ၏ ဝိဉာဉ်များကို သိုလှောင်နိုင်သည်နှင့်အမျှ ပိုပို၍ အားကောင်းလာရပေသည်။

ကျုဟုန်သည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ပြီးချိန်မှစ၍ အရှေ့ဘက်နယ်မြေထဲတွင် မွန်းစတားသားရဲများကို လိုက်လံအမဲလိုက်နေခဲ့ခြင်းဖြစ်လေရာ ယခုဆိုလျှင် သူ၏ ဝိဉာဉ်တစ်သောင်းတံဆိပ်တုံးထဲ မွန်းစတားသားရဲများ၏ ဝိဉာဉ်များ ရှစ်ရာမှ တစ်ထောင်ခန့်အထိ ရှိနေခဲ့လေပြီ။ အများစုမှာ အဆင့်ဆယ့်တစ်များဖြစ်ကြပြီး အချို့မှာတော့ အဆင့်ဆယ့်နှစ်များ ဖြစ်ကြ၏။

ဤသည်မှာ သားရဲတစ်သောင်းတံဆိပ်တုံး၏ အကန့်အသတ်မဟုတ်သေးပေ။ နာမည်အတိုင်း ဤသားရဲတစ်သောင်းတံဆိပ်တုံးသည် တစ်သောင်းသော မွန်းစတားသားရဲများ၏ ဝိဉာဉ်များကို သိုလှောင်ထားနိုင်ပေသည်။ သူသာ စွမ်းအားကုန်သုံး၍ တိုက်ခိုက်မည်ဆိုပါက သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် သူ၏ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ချေ။ ဤသားရဲတစ်သောင်းတံဆိပ်တုံး၏ အကူအညီကြောင့်သာလျှင် ကျုဟုန်သည် မြေမြို့တော်ကို ထိန်းချုပ်ပြီး မြို့သခင်ဖြစ်လာနိုင်ခြင်းလည်း ဖြစ်လေ၏။

သို့သော်ငြား လက်ရှိတွင် သူဒဏ်ရာရထားခဲ့သည်။ သူ့ဒဏ်ရာကို အချိန်အတော်ကြာအောင် ပြန်ကုပြီးသွားပြီဖြစ်သော်ငြား အကောင်းအတိုင်းပြန်မဖြစ်သေးချေ။ ထို့အတွက်ကြောင့် သားရဲတစ်သောင်းတံဆိပ်တုံး၏ စွမ်းအားအကုန်အစင်ကို ထုတ်မသုံးနိုင်သေးဘဲ အဆင့်ဆယ့်တစ်မွန်းစတားသားရဲဝိဉာဉ်အချို့ကိုသာ ဆင့်ခေါ်နိုင်ခဲ့၏။

သို့ရာတွင် ဤမျှနှင့်ပင် လုံလောက်နေလေပြီ။ ရန်ကိုင့်အား သားရဲဝိဉာဉ်များနှင့် အလုပ်ရှုပ်အောင် လုပ်ထားနိုင်သရွေ့ ကျုထျန်းချင်အတွက် နိုင်ကွက်တစ်ခုခု ဖန်တီးပေးနိုင်လောက်ပေသည်။ ထိုသို့ဆိုလျှင် ရန်ကိုင့်အား အနိုင်ယူရန် မခက်တော့ချေ။ ကျုဟုန်နှင့် ကျုထျန်းချင်သည် ဤနည်းလမ်းကိုသုံး၍ပင် ကောင်းရွှယ်ထင်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်လောက်သည်။

“ဝေါင်း… ဝေါင်း… ဝေါင်း…”

မွန်းစတားသားရဲအုပ်ကြီးသည် မာန်ဖီလျက် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားကြလေသည်။ မွန်းစတားသားရဲများမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိနေကြလေသည်။ အချို့သည် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြပြီး အချို့မှာ‌တော့ မြေပြင်ပေါ်တွင် သွားလာနေကြလေ၏။ ထိုသားရဲတစ်သောင်းတံဆိပ်တုံးကိုကြည့်ရင်း ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။

မွန်းစတားသားရဲများ အားကောင်းသည်မှာ မှန်သော်ငြား ရန်ကိုင်ကတော့ အနည်းငယ်လေးပင် ကြောက်မနေခဲ့ပေ။ အနန္တဓါးကိုထုတ်၍ ဓါးအလင်းတန်းတစ်ခုကို မွန်းစတားသားရဲအုပ်ကြီးဆီသို့ ပစ်လွှတ်လိုက်လေ၏။

“အဲ့ဒါတွေက မွန်းစတားသားရဲတွေရဲ့ ဝိဉာဉ်ပဲ… သာမန်တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ သွားတိုက်ခိုက်လို့မရဘူး… စိတ်စွမ်းအင်နဲ့သုံးပြီး တိုက်ခိုက်မှ အဆင်ပြေမှာ…” ကောင်းရွှယ်ထင်းက ရန်ကိုင့်အား လှမ်းသတိပေးလိုက်လေသည်။

သူမအနေဖြင့် လှုပ်ရှားဖို့ရာ အဆင်မပြေသေးသော်ငြား ရန်ကိုင်ပေါ်လာသည်ကိုမြင်ပြီးသည့်နောက် သူမစိတ်ထဲ အံ့အားသင့်မိသွားသလို စိုးလည်းစိုးရိမ်မိသွားခဲ့သည်။

အံ့အားသင့်သွားရခြင်းမှာ ရန်ကိုင့်အား ဤနေရာ၌ လာတွေ့ရလိမ့်မည်ဟု မထင်ထားသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား ရန်ကိုင့်၏လုံခြုံရေးနှင့်ပတ်သက်၍လည်း စိတ်ပူရပြန်လေသည်။

ရန်ကိုင် မည်မျှပင် ပါရမီရှိစေကာမူ သူသည် အသက်ငယ်ငယ်လေးသာ ရှိပေသေးသည်။ တစ်ယောက်တည်းနှင့် ကျုထျန်းချင်နှင့် ကျုဟုန်တို့နှစ်ယောက်ပေါင်းကို တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။ သူမကိုယ်တိုင်ပင်လျှင် ထိုနှစ်ဦးလက်၌ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သဖြင့် ထိုနှစ်ဦး မည်မျှအားကောင်းကြောင်းကို သိပေသည်။ သူမကိုယ်တိုင်ပင်လျှင် ထိုနှစ်ဦး၏ပြိုင်ဘက် မဖြစ်နိုင်လေရာ ဧကရာဇ်အဆင့်သို့ တက်ခါစသာ ရှိသေးသော ရန်ကိုင့်အနေဖြင့် ထိုနှစ်ဦး၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။

နောင်အနာဂတ်တွင် ရန်ကိုင်သည် ထိုလူနှစ်ဦးထက် ပိုမိုအားကောင်းလာလိမ့်မည် ဖြစ်သော်ငြား ယခုတော့ မဟုတ်သေးချေ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ပထမဦးဆုံး ပေါ်လာသည့်အတွေးမှာ ရန်ကိုင့်အား ထွက်ပြေးခိုင်းရန်ပင်။ ရန်ကိုင် သူမကြောင့် ဤနေရာသို့ ရောက်လာမှန်း ကောင်းရွှယ်ထင်း သိနေပေသည်။ သို့သော်ငြား ရန်ကိုင် သူမအား မည်ကဲ့သို့ ရှာတွေ့သွားသလဲ ဆိုသည်ကိုတော့ ကောင်းရွှယ်ထင်းမသိပေ။ ဤလောကကြီးထဲတွင် သူမနှင့် လာတွေ့ရလောက်သည်အထိတော့ တိုက်ဆိုင်နေလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင့်အနေဖြင့် ဤနေရာသို့ ရောက်လာပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်ထွက်သွားချင်လျှင်ပင် ထွက်သွား၍ ရတော့လိမ့်မည်မဟုတ်။

ထို့အပြင် ရန်ကိုင် ဧကရာဇ်အဆင့်သို့ ရောက်နေကြောင်း ကြားသိရပြီးသည့်နောက် ကောင်းရွှယ်ထင်းမှာ အလွန်ကိုမှ တုန်လှုပ်သွားခဲ့ရလေသည်။

ရန်ကိုင် သူမနှင့် ပထမဦးဆုံးအကြိမ် စတွေ့စဉ်က တာအိုသခင်ပထမအဆင့်သာ ရှိသေးကြောင်းကို သူမ မှတ်မိပေသည်။ ထိုစဉ်က ချင်းကျောင်းရန်နှင့်အတူ နေမင်းပြာကျောင်းတော်သို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား နှစ်အနည်းငယ်လေးအတွင်း ရန်ကိုင်သည် သူမနှင့်ပင် ယှဉ်နိုင်လာလေပြီ။ ထိုကဲ့သို့သော ကျင့်ကြံနှုန်းအား တစ်ခါမှပင် မကြားခဲ့ဖူးချေ။ သူမကိုယ်တိုင်ပင်လျှင် ဧကရာဇ်အဆင့်သို့ရောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပေသည်။ နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းသည်ပင်လျှင် ကျင့်ကြံနှုန်းခြင်းယှဉ်ပါက ရန်ကိုင့်အား မယှဉ်ပြိုင်နိုင်တော့ချေ။ ဂိုဏ်းထဲရှိ လက်ရွေးစင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုလက်ရွေးစင်များမှာ လမင်းနဲ့ယှဉ်ပြိုင်နေသည့် ပိုးစုန်းကြူးများသဖွယ်သာ ဖြစ်သွားကုန်ကြပေလိမ့်မည်။

ကောင်းရွှယ်ထင်းမှ ရန်ကိုင့်အား လှမ်းအော်ပြောနေစဉ်အတောအတွင်း ကျုထျန်းချင်သည် ရန်ကိုင်မှ သားရဲတစ်သောင်းတံဆိပ်တုံးဆီသို့ အာရုံရောက်နေသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင့်ဆီသို့ ပျံသန်းသွားပြီး သူ့ဓါးဖြင့် ခုတ်ချလိုက်လေသည်။

ကြယ်မီးတောက်ပင်လယ်ဓါးသွားထဲသို့ ဧကရာဇ်ချီများစီးဝင်လာသည်နှင့် တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်တစ်ခုလုံး အောက်သို့ သက်ဆင်းလာသည့်ပုံရိပ်များ ထွက်ပေါ်လာခဲ့ပြီး ခြောက်ခြားဖွယ်ရာ ဖိအားတစ်ရပ်မှာ ရန်ကိုင့်အား တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်သည် ထိုကြယ်တာရာပင်လယ်ပုံရိပ်ထဲ ပိတ်မိသွားသည့်အလား သူ့လှုပ်ရှားမှုများမှာ အနည်းငယ် နှေးကွေးသွားခဲ့လေသည်။ ရန်ကိုင် အသိပြန်ဝင်လာချိန် ကျုထျန်းချင်၏ဓါးချက်သည် သူ့ရင်ဘတ်ဆီသို့ပင် ရောက်နေခဲ့လေပြီ။

ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေ၏။ ထို့နောက် ဓါးသွားလှိုင်းမှာ သူ့တည့်တည့်အား ထိမှန်သွားတော့လေသည်။

ဓါးသွားထိမှန်ပြီးသွားသည်နှင့် တစ်ပြိုင်နက် မွန်းစတားသားရဲအုပ်ကြီးသည် ရန်ကိုင့်ဆီသို့ ပြေးဝင်လာပြီး သူ့အား တဝုန်းဝုန်းမြည်အောင် ဆောင့်နင်းသွားကုန်ကြတော့လေသည်။

“မဟုတ်ဘူး…” ထိုမြင်ကွင်းကိုကြည့်ရင်း ကောင်းရွှယ်ထင်း၏မျက်နှာ သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေသည်။ ရန်ကိုင်တစ်ယောက်တည်းဖြင့် ကျုထျန်းချင်နှင့် ကျုဟုန်တို့အား နိုင်လိမ့်မည်မဟုတ်မှန်း သိထားခဲ့ပါသော်ငြား ရန်ကိုင် ဤကဲ့သို့ သေသွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အမှန်တရားကို လက်မခံနိုင်သည့်အလား သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်ကို တုန်ရီလာခဲ့လေသည်။ သူမ၏မျက်ဝန်းများမှာလည်း ရဲတက်လာခဲ့ပြီး သူမစိတ်ထဲ အပြစ်မကင်းသည့် ခံစားချက်တို့ ခံစားလိုက်ရလေသည်။

ရန်ကိုင် ဤနေရာသို့ ရောက်လာခြင်းမှာ သူမကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သေသွားရသည်ကို ထိုင်ကြည့်နေရသည့်အပေါ် ကောင်းရွှယ်ထင်းစိတ်ထဲ မည်ကဲ့သို့များ လိပ်ပြာလုံနိုင်ပါမည်နည်း။

ရန်ကိုင်ထုတ်ပြသွားသည့် ကျင့်ကြံခြင်းအမြန်နှုန်းအရ သူ့တွင်သာ အချိန်ရှိမည်ဆိုလျှင် ကြယ်တာရာအစုအဝေး၏ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမည်မှာ မလွဲမသေပင်။ သို့သော်ငြား ထိုအနာဂတ်ကြယ်ပွင့်တစ်ပွင့်မှာ ဤနည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်၏စွမ်းအားကို ကောင်းကောင်းပင် မခံစားနိုင်ရသေးခင်မှာပဲ သူ၏ကျင့်ကြံခြင်းခရီးလမ်းမှာ အဆုံးသတ်သွားရလေတော့သည်။

“ဟမ့်… သွေးနားထင်ရောက်နေတဲ့ကောင်…” ကျုထျန်းချင်က နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ဓါးသွားကို ပြန်သိမ်းလိုက်လေသည်။

“ဟမ့်…. ဒီကောင်က ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်နေတာကို… ဒီကောင် ဘယ်လောက်များ အားကောင်းနေမလဲလို့ ဒီမြို့သခင်တွေးနေတာ… လက်စသတ်တော့လည်း ဘာမှလည်းမဟုတ်ပါလား…” ကျုဟုန်က လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောလိုက်လေ၏။ ရန်ကိုင် ဤမျှ အားနည်းမည်မှန်းသာ သိခဲ့မည်ဆိုလျှင် ကျုထျန်းချင်ကိုပင် ဝင်မကူညီခဲ့ပေ။ ကျုထျန်းချင်တစ်ယောက်တည်းနှင့်ပင်လျှင် ရန်ကိုင့်အား အသာလေး အနိုင်ယူနိုင်ပေ၏။ ယခုမူ အလကားသက်သက် သူ့စွမ်းအင်များကို ထပ်သုံးလိုက်ရလေသည်။

“အခုခေတ်လူငယ်တွေ ကောင်းကင်နဲ့မြေပြင်ရဲ့ အတိုင်းအတာကို တကယ်မသိကြပါလား… စွမ်းအားလေးနည်းနည်းရှိလာပြီး ပါရမီလေးနည်းနည်းရှိပြီဆိုတာနဲ့ သူတို့ကိုယ်သူတို့ ဆရာကြီးတွေလုပ်ချင်ကြတာ…”

“မင်းပြောတာအမှန်ပဲ ရောင်းရင်းကျု… ဒီလိုမောက်မာတဲ့ ဂျူနီယာတွေဆိုတာ ကောင်းကောင်းသင်ခန်းစာပေးလိုက်မှရတာ…” ကျုဟုန်ကလည်း ခေါင်းညိတ်လိုက်လေသည်။

“ခင်ဗျားတို့ပြောတာအမှန်ပဲ… ဒါဆိုရင် ကောင်းကင်ဘယ်လောက်မြင့်လဲ မြေပြင်ဘယ်လောက်နက်လဲ ဆိုတာကို ဒီသခင်လေးကို ခင်ဗျားတို့ ပြောပြပေးပါလား…” ရန်ကိုင့်၏အသံ တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ကျုဟုန်၏နောက်ဘက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

“ရောင်းရင်းကျု… သတိထား…” ကျုထျန်းချင်က အလျင်စလို ထအော်လေ၏။ ရုတ်တရက် သူ၏တိုက်ခိုက်မှုနှင့်တကွ ကျုဟုန်၏ မွန်းစတားသားရဲများကြောင့် စိစိညက်ညက်ကြေကာ သေသွားသင့်ပြီဖြစ်သော ရန်ကိုင်သည် မသေသွားသေးဘဲ ကျုဟုန်နောက်တွင် ပြန်ပေါ်လာသည်ကို ကြည့်ရင်း ကျုထျန်းချင် မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်နေခဲ့လေသည်။

ကျုထျန်းချင်၏ သတိပေးစကားနှင့် ရန်ကိုင့်၏အသံကို ကြားပြီးသည့်နောက် ကျုဟုန် ကြောက်လန့်တကြား ထခုန်လေ၏။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့်တိုင် ရန်ကိုင် သူ့နောက်၌ ပေါ်လာသည်ကို လုံးဝ သတိမပြုမိခဲ့ချေ။ ရန်ကိုင်အသက်ရှင်နေသေးသည်ကို မယုံကြည်နိုင်သေးသည့်အလား ကျုဟုန်သည် ရန်ကိုင်သေသွားခဲ့သည့်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက်တွင် ထိုနေရာ၌ ရှိနေသော ရန်ကိုင့်၏အလောင်းမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြောင်းကို တွေ့လိုက်ရလေ၏။

(ငါ့လခွမ်း…) ကျုဟုန် ရင်ထိတ်သွားခဲ့လေသည်။ သူ့တွင် နောက်လှည့်ရန် အချိန်မရှိတော့သည့်အတွက်ကြောင့် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ သူ့ပတ်ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးထားခဲ့လေ၏။

အလွန်ပြင်းထန်သည့် အားတစ်ရပ်သည် သူ့ကျောပြင်အား လာရောက်ထိမှန်လေသည်။ ကျုဟုန်မှာ သူ့ကိုယ်တွင်းတစ်ခုလုံး ဗြောင်းဆန်သွားသလို ခံစားလိုက်ရလေ၏။ ထို့အပြင် ရပ်တန့်မရသော အရှိန်အဝါတစ်ရပ်သည် သူ၏ ဧကရာဇ်ချီအကာအကွယ်ကို ထိုးဖောက်၍ သူ့ကျောပြင်အား လာရောက်ထိမှန်ပြန်လေသည်။

ထို့အတွက်ကြောင့် ကျုဟုန်မှာ နာကျင်စွာအော်ဟစ်ရင်း သွေးတစ်ပွက်အန်ထုတ်လိုက်ရလေသည်။ ထို့နောက် သူ့ကျောပြင်အား လာရောက်ထိမှန်သော စွမ်းအား၏ တွန်းအားကိုသုံးလျက် ရှေ့သို့ ပြေးထွက်သွားကာ ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်လိုက်လေသည်။

“အကာအကွယ်မှော်ရတနာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ကျုဟုန်၏ ကျောပြင်ဆီသို့ သေချာလှမ်းကြည့်လိုက်လေသည်။ ကျုဟုန်၏ ပျက်စီးနေပြီဖြစ်သော အင်္ကျီများအောက်တွင် မိုးပြာရောင်ကိုယ်ကြပ်ချပ်ကာတစ်ခု ရှိနေကြောင်းကို တွေ့လိုက်ရလေသည်။

ထိုချပ်ကာရှိနေသည့် အတွက်ကြောင့်သာ ကျုဟုန် ဆိုးဆိုးရွားရွား ဒဏ်ရာရမသွားခဲ့ရခြင်း ဖြစ်လေသည်။

“မင်း ဘယ်လိုတောင် အလစ်ချောင်းတိုက်ခိုက်ရဲတာလဲ…” ကျုဟုန်မှာ ရန်ကိုင့်ဘက်သို့ ပြန်လှည့်၍ ဒေါသတကြီးဖြင့် ထအော်တော့လေသည်။ ဤအကာအကွယ်မှော်ရတနာ ကိုယ်ကြပ်အင်္ကျီကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ရန်ကိုင့်လက်ချက်ကြောင့် မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပေသည်။

(အဲ့ခွေးကောင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ…) ဧကရာဇ်အဆင့်သို့ ရောက်ပြီးသည်မှာ မကြာသေးသော်ငြား ဤမျှကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ရန်ကိုင့်ကိုကြည့်ရင်း ကျုဟုန်၏စိတ်ထဲ အကြောက်တရားတို့ ကိန်းအောင်းလာခဲ့ရသည်။ ရန်ကိုင် သူတို့လက်မှ ထွက်ပြေးရန် သုံးသွားသည့် ပညာရပ်မှာ ကျုထျန်းချင်နှင့် ကျုဟုန်တို့အား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။

“ရောင်းရင်းကျု… ပြန်ဆုတ်ပေတော့… ဒီဘုရင် ဒီကောင်လေးကို သင်ခန်းစာပေးလိုက်မယ်…” ကျုဟုန် ဒဏ်ရာထပ်ရသွားသည်ကိုမြင်သော် ကျုထျန်းချင်သည် ကျုဟုန်အား ဘေးတွင်ရပ်နေရန် ပြောလိုက်လေသည်။ ထို့နောက် မာန်သွင်းအော်ဟစ်လျက် ရန်ကိုင့်ဆီသို့ ဓါးချက်များကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။

ကျုဟုန်မှာ ဘေးတွင်ရပ်နေပါသော်ငြား သူ့ရင်ထဲရှိ ဒေါသမှာ ပျောက်ကွယ်သွားခြင်းမရှိသေးချေ။ ထို့အတွက်ကြောင့် ဧကရာဇ်ချီကိုလှည့်ပတ်ရင်း သားရဲတစ်သောင်းတံဆိပ်တုံးကို ထိန်းချုပ်၍ မွန်းစတားသားရဲဝိဉာဉ်များအား ရန်ကိုင့်ဆီသို့ ပြေးဝင်သွားရန် ထပ်မံအမိန့်ပေးလိုက်ပြန်လေသည်။

တက်သစ်စဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အလစ်ချောင်းတိုက်ခိုက်ခံရသည်မှာ တကယ်ကို ရှက်ဖွယ်ကောင်းလှပေသည်။ သူ့အနေဖြင့် ယခုနေမှ လက်စားပြန်မချေရလျှင် ဤအရှက်တရားသည် တစ်သက်လုံး အရိပ်မည်းကြီးတစ်ခုနှယ် သူ့နောက်သို့ လိုက်ပါလာပေတော့မည်။

ရန်ကိုင်မသေသွားသည်ကို မြင်ပြီးသည့်နောက် စိတ်သက်သာရာ ရသွားခဲ့သော ကောင်းရွှယ်ထင်းမှာ ထပ်မံ၍ စိုးရိမ်လာရပြန်လေသည်။

ရန်ကိုင် ကျုထျန်းချင်နှင့် ကျုဟုန်တို့၏ တိုက်ကွက်များအောက်မှ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သည်ကို မြင်ပြီးသည့်နောက် ရန်ကိုင့်၏စွမ်းအားကို သူမအထင်သေးလိုက်မိပြီမှန်း နားလည်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုနှစ်ဦးလက်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းသာ ဖြစ်လေသည်။ သူ့ခွန်အားအရ သူတို့နှစ်ဦးအား ပြန်၍ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်လောက်ချေ။

ကောင်းရွှယ်ထင်းမှာ အံကိုတင်းတင်းကြိတ်၍ ကျောက်စိမ်းပုလင်းတစ်ပုလင်းကိုထုတ်ကာ အနီရောင်ဆေးလုံးတစ်လုံးကို သူမလက်ထဲသို့ သွန်ချလိုက်လေ၏။

တစ်ခဏကြာမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် ဆေးလုံးအား သူမပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်လေသည်။

“အကြီးအကဲကောင်း… ရပ်လိုက်…” ရန်ကိုင်က ကောင်းရွှယ်ထင်းအား အလျင်စလို လှမ်းတားလိုက်လေသည်။

ကောင်းရွှယ်ထင်း ကြောင်သွားခဲ့ပြီး ရန်ကိုင့်အား နားမလည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်လေသည်။

“ခင်ဗျားဒဏ်ရာက တော်တော်ပြင်းလွန်းနေပြီ… ဒီသွေးရူးဆေးလုံးကိုပါ ထပ်ပြီးသောက်လိုက်မယ်ဆိုလို့ရှိရင် ခင်ဗျားရဲ့အုတ်မြစ်ပါ ထိခိုက်သွားလိမ့်မယ်… မသောက်နဲ့တော့… ပြီးတော့ အဲ့သွေးရူးဆေးလုံးရဲ့ အရည်အသွေးကလည်း ကောင်းတာမဟုတ်ဘူး… ဘယ်ကောင် အဲ့ဆေးလုံးကို ဖော်စပ်ထားလဲတော့မသိဘူး အရည်အသွေးက လုံးဝ အောက်ဆုံးမှာပဲ…”

လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ဟိုမှသည်သို့ ကူးကလန်ခတ်နေရင်း ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးနှင့် တိုက်ခိုက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့တိုင် ထိုသို့တိုက်ခိုက်နေရင်းမှပင် ရန်ကိုင်သည် သူမဘက်သို့လှည့်၍ အာရုံစိုက်နေနိုင်သေးသည်။ ထိုအချက်ကိုကြည့်ရင်း ကောင်းရွှယ်ထင်းမှာ လုံးဝကို အံ့အားသင့်သွားရတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၅)

သွေးရူးဆေးလုံးသည် တာအိုအဆင့်မြင့်ဆေးလုံးတစ်လုံးသာ ဖြစ်သည့်အတွက်ကြောင့် ထိုဆေးလုံးကို ဖော်စပ်ရန်မှာ သိပ်မခက်လှချေ။ သို့ရာတွင် ၎င်း၏ဆေးအမယ်များမှာတော့ အတော်လေးကိုမှ ရှားပါးလှပေသည်။ သွေးရူးဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သည့် ဆေးအမယ်အားလုံးမှာ အဖိုးတန်လှသည့် ဧကရာဇ်အဆင့် ဆေးပင်များ ဖြစ်ကြပေသည်။ ကောင်းရွှယ်ထင်းမှာ ကံကောင်းထောက်မစွာဖြင့် သွေးရူးဆေးလုံးဖော်စပ်ရန်အတွက် လိုအပ်သည့်ဆေးအမယ်များကို ရရှိခဲ့ပြီး ဆေးပညာရှင်တစ်ဦးကို ငှားရမ်းကာ ဖော်စပ်စေခဲ့လေသည်။

သွေးရူးဆေးလုံးကို သောက်လိုက်ပြီဆိုသည်နှင့် သူမ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့် ဖြစ်နေသည့်တိုင် ဧကရာဇ်ဒုတိယအဆင့်နှင့် တူညီသော စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဤသည်မှာ သူမ၏ဝှက်ဖဲ ဖြစ်ပေသည်။

ကျုဟုန်နှင့် ကျုထျန်းချင်တို့ကြောင့် ချောင်ပိတ်သွားခဲ့ရသည့်တိုင် ကောင်းရွှယ်ထင်းမှာ ဤဆေးလုံးကို ထုတ်မသောက်ခဲ့ချေ‌။ သို့သော်ငြား ယခု ရန်ကိုင်ဒုက္ခရောက်နေသည်ကိုမြင်သော် သူမအနေဖြင့် ဆက်၍ ရပ်မကြည့်နိုင်တော့‌ချေ။ ရန်ကိုင်သည် သူမကြောင့်ပင် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်ပေလော။

သို့သော်ငြား သူမ ဆေးလုံးအား သောက်ခါနီးမှ ရန်ကိုင်က လာတားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကောင်းရွှယ်ထင်း မဲ့ပြုံးပြုံးလိုက်လေ၏။ သွေးရူးဆေးလုံးကို သောက်လိုက်ပြီးသည့်နောက် သူမ၏အုတ်မြစ် ပျက်စီးသွားနိုင်ပေသည်။ ထိုမျှသာမဟုတ်ဘဲ ပိုဆိုးမည်ဆိုပါက သူမ၏ကျင့်ကြံခြင်း လျော့ကျသွားနိုင်သလို သူမ၏သွေးကြောများလည်း ပျက်စီးသွားနိုင်ပေသေးသည်။ အဆုံးစွန်ဆုံး သူမ၏ဒန်တျန်ပျက်စီးသွားကာ သူမ၏ကျင့်ကြံခြင်းအားလုံး ရေစုန်မျောသွားကုန်ရပေလိမ့်မည်။ သို့သော်ငြား ဤအခြေအနေမျိုးတွင် သူမ၌ သွေးရူးဆေးလုံးသည်သာ မျှော်လင့်ချက်အဖြစ် ကျန်ရစ်တော့လေသည်။

“အကြီးအကဲကောင်း… ဒီတပည့်အဆင်ပြေတယ်… ခင်ဗျား သွေးရူးဆေးလုံးကိုတော့ လုံးဝ မသောက်နဲ့နော်…” ရန်ကိုင့်၏အသံ ဘက်ပေါင်းစုံမှ ထပ်မံထွက်ပေါ်လာပြန်သည်။

ရန်ကိုင့်၏ ယုံကြည်ချက်ရှိသည့်လေသံကိုကြားသော် ကောင်းရွှယ်ထင်း၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါမသောက်တော့ဘူး… ဒါပေမဲ့ သတိထားဦးနော်… နင့်ကိုယ်နင်လည်း အရမ်းကြီးတွန်းအားမပေးနဲ့… အခြေအနေမဟန်ဘူးဆိုရင် ငါ့ဆီကို ချက်ချင်း ပြန်ဆုတ်လာခဲ့လိုက်…”

ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလိုက်လေသည်။ “ဒီတပည့်က အရင်လိုမဟုတ်တော့ဘူး အကြီးအကဲကောင်းရဲ့… ဧကရာဇ်ပထမအဆင့် နှစ်ယောက်လောက်ကိုတော့ ဒီတပည့် မျက်လုံးထဲကိုမထည့်တာ…”

“ဂျူနီယာ မင်းက တကယ်ကို မောက်မာတာပဲကွ… ဒီနေ့ လေးစားမှုဆိုတာဘာလဲ မင်းသိသွားအောင် ဒီဘုရင် သင်ပေးပြမယ်…” ကျုထျန်းချင်၏ ဒေါသတကြီးအော်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့စွမ်းအားမှာ နောက်တစ်ဆင့်သို့ ထပ်မံမြင့်တက်သွားခဲ့လေ၏။

ကျုဟုန်၏မျက်နှာမှာလည်း ဒေါသကြောင့် ပြာနှမ်းနေခဲ့လေသည်။ သို့သော်ငြား ကျုထျန်းချင်ကဲ့သို့ အော်ပြောမနေခဲ့ပဲ သားရဲတစ်သောင်းတံဆိပ်တုံးထဲသို့သာ စွမ်းအားများ ပိုမိုပို့လွှတ်လိုက်လေသည်။ သားရဲတစ်သောင်းတံဆိပ်တုံးထဲမှ မွန်းစတားသားရဲများ၏ ဝိဉာဉ်များ အဆက်မပြတ် ထွက်ပေါ်လာပြီး ရန်ကိုင့်ဆီသို့ ပြေးဝင်သွားကုန်ကြလေ၏။

ရုတ်တရက် ရန်ကိုင့်၏ခန္ဓာကိုယ် အေးခဲသွားခဲ့ပြီး အဝေးတစ်နေရာတွင် ကျုထျန်းချန်အား အေးစက်စက်မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင့်၏အကြည့်ကြောင့် ကျုထျန်းချင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလိုလို ထွက်ပြေးချင်လာခဲ့လေသည်။ သို့သော်ငြား သူ့စိတ်ကို ထိန်းချုပ်ရင်း ဓါးသွားကို တစ်ချက်ပြီးတစ်ချက် ဝှေ့ယမ်းလျက် ရန်ကိုင့်ဆီသို့ ဓါးလှိုင်းများ အဆက်မပြတ် ပစ်လွှတ်လိုက်လေ၏။ ရုတ်တရက်ဆိုသလို ထောင်ပေါင်းများစွာသော အလင်းတန်းများ ပေါက်ကွဲထွက်သွားကုန်ကြလေသည်။

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ခင်ဗျားမှာ ကျုပ်ကို လေးစားမှုဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သင်ပြပေးရမဲ့ အရည်အချင်းမရှိဘူး…”

ထို့နောက် ရန်ကိုင်မှ သူ့လက်ချောင်းများကို ဝှေ့ယမ်းချလိုက်ရာ လဓါးသွားများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာခဲ့လေသည်။ လဓါးသွားများသည် ကြတ်ခြေခတ်ပုံသဏ္ဍာန် ယှက်ဖြာလျက် တဖြည်းဖြည်းကျုံ့ဝင်လာနေသည့် ပိုက်ကွန်ပုံစံမျိုးဖြင့် ကျုထျန်းချင်နှင့် ကျုဟုန်တို့ဆီသို့ တိုးဝင်သွားလေ၏။

လဓါးသွားများသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် လမ်းတွင်ပိတ်ကာနေသည့် မည်သည့်အတားအဆီးကိုမဆို တစ်စစီဖျက်ဆီးပစ်သွားခဲ့လေသည်။ ကျုထျန်းချင်၏ ထောင်နှင့်ချီသော ဓါးအလင်းတန်းများမှာလည်း တစ်စစီ ပျက်စီးသွားကုန်ရပြီး ကျုဟုန်၏ မွန်းစတားသားရဲဝိဉာဉ်များသည်ပင်လျှင် အပိုင်းပိုင်းအစစ ဖြစ်ကုန်လေသည်။

“ဘယ်လိုစွမ်းရည်ကြီးလဲဟ…” လဓါးသွားများကိုကြည့်ရင်း ကျုထျန်းချင် ထိတ်လန့်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် နောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။ ထိုလဓါးသွားများဆီမှ ကြောက်မက်ဖွယ်ရာ အန္တရာယ်အငွေ့အသက်ကို ကျုထျန်းချင် ခံစားနေခဲ့ရသည်။ သူသာ ထိုဓါးသွားများ၏ ထိမှန်ခြင်း ခံလိုက်ရမည်ဆိုပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မည်ဟုလည်း ခံစားနေရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်၏ လဓါးသွားများအား ထိပ်တိုက်သွားရောက်ရင်မဆိုင်ဘဲ ခပ်လှမ်းလှမ်းသို့သာ ပြန်ဆုတ်သွားခဲ့လေသည်။

လောလောနှင့် ကျုထျန်းချင်မှာ သူ့ဓါးသွားကို မြှောက်လျက် ခုခံရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ ထိုအနက်ရောက်ပိုက်ကွန်ကြီးကို ပိုင်းဖြတ်၍မရကြောင်း တွေ့ရှိလိုက်ရလေသည်။

မျက်တောင်တစ်ခတ်အတွင်း လဓါးသွားပေါင်းများစွာဖြင့် ဖန်တီးထားသော အနက်ရောင်ပိုက်ကွန်ကြီးသည် သူ့ရှေ့တည့်တည့်သို့ ရောက်လာခဲ့လေ၏။

ကျုထျန်းချင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ဤနေရာမှ ထွက်ပြေးချင်စိတ်တို့ ပေါက်လာခဲ့လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် ဟင်းလင်းပြင်အေးခဲသွားခဲ့ပြီး လှုပ်မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။

“လေဟာနယ်နိယာစွမ်းအား…” ကျုထျန်းချင် မျက်လုံးပြူးမတတ် ဖြစ်သွားခဲ့လေသည်။

ယခုမှသာလျှင် မရဏဂိုဏ်းမှ ယင်လဲ့ရှန်း ပြောခဲ့ဖူးသည်ကို ပြန်သတိရသွားခဲ့သည်။ ရန်ကိုင်ဆိုသောကောင်လေးသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည်ဟု ယင်လဲ့ရှန်းမှ ပြောခဲ့ပေသည်။

အစကမူ ကျုထျန်းချင်သည် ယင်လဲ့ရှန်း၏ သတိပေးစကားကို အရေးတယူ မပြုခဲ့ပေ။ တကယ်တော့ လေဟာနယ်တာအိုသည် ကျင့်ကြံရအခက်ဆုံး တာအိုတစ်မျိုးပင် မဟုတ်လေလော။ မည်သူကများ လေဟာနယ်တာအိုကို အလွယ်တကူ ကျွမ်းကျင်နိုင်ပါမည်နည်း။ ကြယ်တာရာအစုအဝေးထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေဟာနယ်တာအိုကို ကျင့်ကြံရန် ကြိုးစားခဲ့ပါသော်ငြား မည်သူမျှ မအောင်မြင်ခဲ့ပေ။ လီဝူရီတစ်ယောက်သည်သာ လေဟာနယ်တာအိုကို အဆင့်မြင့်မြင့်ထိ တတ်ကျွမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုသို့ဖြစ်လေရာ ရန်ကိုင့်ကဲ့သို့သော ဂျူနီယာတစ်ဦးသည် လေဟာနယ်တာအိုကို မည်သည့်နည်းနှင့်များ အဆင့်မြင့်မြင့် ကျွမ်းကျင်ထားနိုင်ပါမည်နည်း။ သို့သော်ငြား ယခုမှသာလျှင် သူ့အထင်မှားယွင်းနေခဲ့ကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို ပိုင်နိုင်စွာ ကျွမ်းကျင်ထားခဲ့သည်။ ရန်ကိုင့်၏အဆင့်သည် လီဝူရီနှင့် မယှဉ်နိုင်သေးသည့်တိုင် အရမ်းကြီးမကွာတော့ချေ။

(ဆက်တိုက်နေလို့ ဘာအကျိုးမှ ရှိတော့မှာမဟုတ်ဘူး…) လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ကျင့်ကြံသူများအား သတ်ဖြတ်ရန် လုံးဝကို မလွယ်ကူကြောင်း လူတိုင်းသိကြသည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူများသည် သေရေးရှင်ရေးအခြေအနေနှင့် ကြုံနေရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်ပေသည်။

(ဒီကောင် ဒီကမ္ဘာထဲကို ဝင်လာနိုင်တာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ… လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ဧကရာဇ်အဆင့်တစ်ယောက်အတွက်တော့ ဒီကမ္ဘာငယ်လေးထဲကို ဝင်လာဖို့ဆိုတာ ထမင်းစားရေသောက်လိုပဲ ဖြစ်နေမှာ…)

ထိုအတွေးများ ကျုထျန်းချင်၏စိတ်ထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ထဲရှိ စီးဆင်းနေသောသွေးများ ရပ်တန့်သွားသည့်အလား ကျုထျန်းချင်၏ခြေဖျားလက်ဖျားများ အေးစက်လာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင်လျှင် ကျုထျန်းချင်သည် လျှာကိုကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်ရင်း သူ့စွမ်းအားကို မြှင့်တင်လိုက်လေ၏။

သွေးအဆီအနှစ်ကိုသုံး၍ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်ပြီးသည့်နောက်တွင် ကျုထျန်းချင်မှာ လေဟာနယ်နိယာမစွမ်းအားများ၏လက်မှ ရုန်းထွက်နိုင်ခဲ့လေသည်။

“ရွှစ် ရွှစ် ရွှစ်…”

ထူးဆန်းသော အသံများနှင့်အတူ ကျုထန်းချင်၏အော်ဟစ်သံနှင့်တကွ သွေးများ ရေပန်းနှယ် ပန်းထွက်လာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျုဟုန်မှာ မင်သက်နေတော့လေသည်။ လက်ရှိအချိန်တွင် ကျုထျန်းချင်၏ လက်မောင်းတစ်ဖက်သည် ပခုံးရင်းမှနေ၍ ဖြတ်တောက်ခံထားရသည်။ ထိုပြတ်ထွက်နေသော လက်မောင်းရင်းမှတစ်ဆင့်နေ၍ တဒုန်းဒုန်းခုန်နေသော ကျုထျန်းချင်၏ နှလုံးကိုပင်လျှင် လှမ်းမြင်နေရပေသည်။

“ဟူး…”

ကျုဟုန်မှာ မယုံကြည်နိုင်ဟန်အထင်းသားဖြင့် သက်ပြင်းရှိုက်မိလိုက်လေသည်။

ဘာတွေများ တကယ်ကြီး ဖြစ်နေလေသနည်း။ သူတို့ဘက်မှ ရန်ကိုင့်အား ဖိအားပေး၍ တိုက်ခိုက်နေပါသော်ငြား ရန်ကိုင်သည် မည်ကဲ့သို့များ ကျုထျန်းချင်အား ဤမျှ ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့လေသနည်း။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျုဟုန်မှာ အနည်းငယ် စိတ်နှင့်ကိုယ် မကပ်သလို ဖြစ်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် သားရဲတစ်သောင်းတံဆိပ်တုံးမှ ထွက်လာကြသည့် မွန်းစတားသားရဲများ၏ ဝိဉာဉ်များမှာလည်း ကသောင်းကနင်း ဖြစ်ကုန်ကြတော့လေသည်။

“ရန်ကိုင်… ဒီဘုရင် မင်းကို သေချာမှတ်ထားမယ်… တစ်နေ့နေ့ကြရင် ဒီဘုရင် မင်းရဲ့အလောင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ပစ်မယ်…” ထိုသို့အော်ဟစ်ပြီးသည့်နောက်တွင် ကျုထျန်းချင်သည် ဒေါမာန်တကြီးဖြင့် ထွက်ပေါက်ဆီသို့ ပျံသန်းသွားတော့လေ၏။

ယခုအချိန်တွင် ထွက်ပြေးသည်မှာ အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ပေသည်။ လက်မောင်းတစ်ဖက် အဖြတ်ခံထားရသည့်အတွက်ကြောင့် သူ့အနေဖြင့် ရန်ကိုင့်အား မည်သို့မှ ဆက်လက်ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ဆက်တိုက်ခိုက်နေခြင်းသည် သေတွင်းထဲသို့ တိုးဝင်နေခြင်းသာ ဖြစ်ပေမည်။

ထို့အပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူတစ်ဦးလည်း ဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်အား သူတို့ မည်သို့ပင် ကြိုးစားနေစေကာမူ သတ်နိုင်လိမ့်မည် မဟုတ်လေရာ ကျုထျန်းချင်အနေဖြင့် ထွက်သွားလိုက်ခြင်းသည်သာ ပို၍ကောင်းပေသည်။

ပထမဦးစွာ ဗြဟ္မာ့ကုန်းမြေသို့သွား၍ စစ်ကူများကို ခေါ်ရပေမည်။ ရန်ကိုင်သာ အရှေ့ဘက်နယ်မြေထဲတွင် ရှိနေသေးသရွေ့ ဤပိုင်နက်နယ်မြေတစ်ခုလုံးကို မြေလှန်ပစ်ရမည်ဆိုလျှင်ပင် ရန်ကိုင့်အား ရအောင် သတ်ပစ်ရပေလိမ့်မည်။

ကျုထျန်းချင်မှာ စိတ်ထဲမှနေ၍ အော်ဟစ်ကျိန်ဆဲနေရင်း ထွက်ပေါက်ဆီသို့ အလောတကော ပြေးသွားနေလေ၏။

ရန်ကိုင်ကမူ ကျုထျန်းချင်နောက်သို့ ပြေးမလိုက်သွားဘဲ ကျုထျန်းချင် ထွက်ပြေးနေသည်ကိုသာ လှောင်ပြုံးပြုံးလျက် ရပ်ကြည့်နေလေ၏။

ကျုဟုန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေခဲ့လေသည်။ သို့သော်ငြား တစ်ခဏတာမျှ မိန်းမောနေပြီးသည့်နောက်တွင် သားရဲတစ်သောင်းတံဆိပ်တုံးကို အမြန်ပြန်သိမ်းလျက် ကျုထျန်းချင်နောက်သို့ ပြေးလိုက်သွားလေ၏။

သူကိုယ်တိုင်သည်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့လေသည်။ ယခု ကျုထျန်းချင် ထွက်ပြေးသွားပြီဖြစ်လေရာ သူ့အနေဖြင့် မည်ကဲ့သိ့များ ဆက်နေရဲပါတော့မည်နည်း။

ထို့ကြောင့် ကျုထျန်းချင်သည် အရှေ့မှပြေး ကျုဟုန်သည် အနောက်မှလိုက်ကာ အမောတကောဖြင့် ထွက်ပြေးနေကြသည်။ မျက်တောင်တစ်ခတ်အတွင်းဆိုသလို နှစ်ယောက်စလုံး ဤကမ္ဘာကြီး၏ထွက်ပေါက်ဆီသို့ ရောက်လာခဲ့ကြလေသည်။

လက်တစ်ဖက်ဖြတ်ထားခံရသော ကျုထျန်းချင်သည် နာကျင်မှုကို တောင့်ခံရင်း လက်ကွက်များကို ဖန်တီး၍ ထွက်ပေါက်ကိုဖွင့်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား လက်ကွက်များကိုဖန်တီး၍ ချိတ်စည်းများကို ပစ်လွှတ်ပြီးသည့်တိုင် ထွက်ပေါက်မှာ ပွင့်မလာခဲ့ချေ။

ရုတ်တရက် ကြောက်မက်ဖွယ်ရာ အမှန်တရားတစ်ခုကို နားလည်သွားလိုက်သည့်နောက် ကျုထျန်းချင်၏မျက်နှာ သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့ပြီး ခက်ခက်ခဲခဲဖြင့် တံတွေးတစ်လုပ်ကို မျိုချမိလိုက်လေသည်။

ကျုထျန်းချင်၏နောက်မှ လိုက်လာသော ကျုဟုန်မှာမူ အခြေအနေကို နားမလည်သေးဘဲ အမောတကောဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းကျု… ထွက်ပေါက်ကို မြန်မြန်ဖွင့်တော့လေ… မင်းဘာလုပ်နေတာလဲ…”

ကျုထျန်းချင်က ပြန်အော်ပြောလေ၏။ “ဖွင့်လို့မရဘူးကွ…”

“ဘယ်လို…” ကျုဟုန် ထိတ်လန့်သွားလေ၏။ သူ့စိတ်ထဲ ကျုထျန်းချင်အား မသေမချင်း ပါးရိုက်သတ်ချင်စိတ်များပင် ထွက်ပေါ်လာတော့လေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင်မှ ထွက်ပေါက်ကို ဘာကြောင့် မဖွင့်နိုင်ရလေသနည်း။

“ဟား ဟား ဟား…” ရန်ကိုင်သည် ထိုနှစ်ဦး၏နောက်တွင် ရုတ်တရက်ပေါ်လာပြီး ကျုထျန်းချင်နှင့် ကျုဟုန်ကိုကြည့်ရင်း ပြောလိုက်လေသည်။ “ဒီသခင်လေး ဝင်လာပြီးကတည်းက ထွက်ပေါက်ကို ပိတ်ထားပစ်လိုက်တာ… ဒီသခင်လေးရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဒီကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး…”

“ဘာ…” ကျုဟုန် သွေးပျက်မတတ် ကြောက်ရွံ့သွားခဲ့လေသည်။ “မင်းဘယ်လိုလုပ်ပြီး အခုလို လုပ်နိုင်တာလဲ…”

မည်သူမှ သူတို့ဆန္ဒရှိသည့်အတိုင်း သီးခြားကမ္ဘာတစ်ခု၏ဝင်ပေါက်နှင့် ထွက်ပေါက်ကို ချိတ်ပိတ်မပစ်နိုင်ချေ။

ရန်ကိုင်ပြောသည်ကိုကြားပြီးသည့်နောက် ကျုထျန်းချင် လုံးဝကို စိတ်ဓာတ်ကျသွားတော့လေသည်။ ထို့နောက် ခါးသက်နေသည့်လေသံဖြင့် ပြောလိုက်လေ၏။ “ရောင်းရင်းကျု… ဒီကောင်လေးက လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်ကွ…”

ကျုထျန်းချင်ပြောသည်ကို ကြားပြီးသည့်နောက် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကျုဟုန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်ကြီးဖြစ်သွားခဲ့လေသည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ကဲ… အခုကိစ္စကို အခုပဲရှင်းကြတာပေါ့ အကြီးအကဲကျုရယ်… နောက်နောင်တွေ ဘာတွေ လုပ်မနေပါနဲ့တော့… ဟုတ်တယ်မလား… ခင်ဗျား ခုနတုန်းက ကျုပ်ကို လေးစားမှုဆိုတာဘာလဲ သင်ပြပေးချင်နေတာ မဟုတ်ဘူးလား… အခု သင်ပြပေးလို့ရပြီနော်… ဒီသခင်‌လေး ဒီမှာရပ်နေတယ်…”

ရန်ကိုင့်၏ ဤကဲ့သို့ လှောင်ပြောင်စော်ကားခြင်း ခံလိုက်ရပြီးသည့်နောက် ကျုထျန်းချင်၏ စိတ်ဓာတ် ဟိုးအောက်သို့ ထိုးကျသွားရလေတော့သည်။ သူ့ပါးစပ်မှာလည်း ဆေးခါးကြီးတစ်မျိုးမျိုးကို စားထားရသည့်အလား ခါးသက်သက်ကြီး ဖြစ်နေလေ၏။ သို့တိုင် ရန်ကိုင့်၏စကားကို မည်သို့မှ ပြန်လည်၍ မချေပနိုင်ခဲ့ပေ။

သူ၏မျက်လုံးများသည်ပင်လျှင် ယခင်ကကဲ့သို့ တောက်ပနေခြင်းမရှိတော့။ “ညီငယ်လေး… ဒီနေ့ဖြစ်သွားတာတွေက ငါတို့အမှားတွေပါကွာ… ဒါပေမဲ့ မင်းတို့ဘက်က ဒီလောက် ဆိုးဆိုးရွားရွားကြီး ထိခိုက်သွားရတာမှ မဟုတ်တာ… ဘာဖြစ်လို့ ဒီကိစ္စကို ဒီတိုင်း လွှတ်မပေးလိုက်တာလဲ…”

ရန်ကိုင့်၏မျက်နှာ တင်းမာခက်ထန်သွားလေ၏။ “ဒီသခင်လေးက တစ်ဖက်လူကို ဘယ်လိုလေးစားရမလဲဆိုတာ သိတဲ့လူမဟုတ်ဘူးနော်… ဒီတော့ ခင်ဗျားတို့ ကျုပ်ကို သင်ပြပေးမှာလား မသင်ပြပေးဘူးလား…”

ကျုထျန်းချင် ဒေါသထွက်လာလေ၏။ “မင်း ဘာဖြစ်လို့ ဒီလောက်တောင်ရက်စက်နေချင်ရတာလဲ…”

“ခင်ဗျားမသင်ပေးရင် ကျုပ်သင်ပေးမယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၆)

“မင်း သိပ်ပြီး လွန်မလာနဲ့နော်…” ကျုထျန်းချင်သည် အံကိုတင်းတင်းကြိတ်ရင်း အော်ပြောလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ကျုဟုန်ကလည်း ဝင်အော်ပြောလေ၏။ “ဟုတ်တယ်… မင်း လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်ဆိုလို့ရှိရင်တောင် မင်းတစ်ယောက်တည်းပဲရှိတာ… ငါတို့နှစ်ယောက် အတူပူးပေါင်းလို့တောင် မင်းကိုမနိုင်သေးဘူးဆိုရင်တောင်မှ ငါတို့ကိုယ်ငါတို့ ဖောက်ခွဲပစ်လို့ မရဘူးလို့ မထင်နဲ့…”

ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြုံးလျက် “မသိရင် ခင်ဗျားတို့မှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲလို့ရမယ့် အခွင့်အရေးရှိတာကျနေတာပဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် အလေးအနက်အမူအယာဖြင့် လက်ကွက်များကို အလျင်အမြန်ဖန်တီးလိုက်လေသည်။ ရန်ကိုင်မှ လက်ကွက်များကို စတင်ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် နက်နဲဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ်သည် သူ့ဆီမှ ဖြာထွက်လာတော့လေ၏။

“မင်းဘာလုပ်ချင်နေတာလဲ…” ကျုထျန်းချင်က အလန့်တကြား ထအော်လေ၏။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အန္တရာယ်အငွေ့အသက်တို့ ရနေခဲ့သည်။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ်ဘာလုပ်မှာလဲ ဟုတ်လား… ကျုပ်ရဲ့ အားအကောင်းဆုံးပညာရပ်ကို ထုတ်သုံးပြီး ခင်ဗျားတို့ကို သတ်တော့မှာ… ကျုပ် ခင်ဗျားတို့ကို ပြောပြလိုက်မယ်… ကျုပ်ရဲ့ ဒီပညာရပ်နဲ့တွေ့လို့ရှိရင် ခင်ဗျားတို့ ဘယ်လိုမှ ပြန်တိုက်နိုင်မှာမဟုတ်ဘူး… ခင်ဗျားတို့က ကျုပ်လက်ထဲမှာ သေရမယ့် +ကံကြမ္မာ ပါလာပြီးသား… ဒီတော့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ချင်တယ်ဆိုလို့ရှိရင် မြန်မြန်လုပ်ပေတော့…”

ကျုထျန်းချင်နှင့် ကျုဟုန်တို့နှစ်ဦးစလုံး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ကြလေသည်။ ရန်ကိုင်မှ မျက်နှာတည်ကြီးဖြင့် ပြောသွားသည့်စကားကို ကြားပြီးသည့်နောက် ကျုထျန်းချင်နှင့် ကျုဟုန်တို့နှစ်ဦးစလုံး ကြောက်လန့်ကုန်ကြလေသည်။ တကယ့်တကယ်ဆိုလျှင် မည်သူမျှ ကိုယ့်ကိုယ်ကို မဖောက်ခွဲပစ်ချင်ကြပေ။ သူတို့ပြောနေသည့် ကိုယ့်ကိုယ်ကိုဖောက်ခွဲပစ်မည်ဟူသော စကားမှာ အများအားဖြင့် တစ်ဖက်လူကြောက်သွားအောင် ဖြဲခြောက်နေခြင်းသာ ရှိကြသည်။

သို့ရာတွင် ရန်ကိုင်ကမူ သူတို့၏ ခြောက်လုံးလှန့်လုံးကို ကြောက်သွားခြင်းမရှိဘဲ သူ၏ အားအကောင်းဆုံးသော ပညာရပ်ကိုပင်လျှင် ထုတ်သုံးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရန်ကိုင်ဖန်တီးနေသည့် လက်ကွက်ပညာရပ်များမှာ အလွန်ကိုမှ နက်နဲဆန်းကြယ်သည့်အတွက်ကြောင့် ကျုဟုန်နှင့် ကျုထျန်းချင်တို့မှာ ရန်ကိုင်ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို သူ့လက်ကွက်များကိုကြည့်ရင်းမှ လုံးဝ မပြောနိုင်ခဲ့ပေ။ သို့သော်ငြား သေချာသည့်တစ်ချက်တော့ရှိပေသည်။ ရန်ကိုင်ထုတ်သုံးမည့်ပညာရပ်မှာ အလွန်တရာကိုမှ အားကောင်းပေလိမ့်မည်။

“ရောင်းရင်းကျု… ငါတို့ အားကုန်ထုတ်သုံးဖို့လိုနေပြီ…” ကျုထျန်းချင်က အံကြိတ်၍ ပြောလိုက်လေသည်။

“ဟုတ်တယ်…” သူတို့တွင် ပြေးပေါက်မရှိတော့မှန်း ကျုဟုန်သည်လည်း သိနေခဲ့လေသည်။ ရန်ကိုင့်၏ပုံစံကို ကြည့်ရသလောက် သူတို့အား လုံးဝ အလွတ်ပေးလိမ့်မည်မဟုတ်။ ရန်ကိုင့်လက်မှ ထွက်ပြေးရန်အတွက်နှင့် သူတို့၏ခွန်အားကို ဆက်၍သာ ထိန်ချန်ထားနေဦးမည်ဆိုပါက ရန်ကိုင့်၏ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ‌။ ထို့အတွက်ကြောင့် ရှိရှိသမျှ စွမ်းအားအကုန်အစင်ကို ထုတ်သုံး၍ ကြိုးစားကြည့်ရုံသာ ရှိတော့လေသည်။

ထိုကဲ့သို့ ဆုံးဖြတ်ပြီးသည်နှင့် နှစ်ယောက်စလုံးသည် သူတို့၏ဧကရာဇ်ချီအား အရူးအမူး လှည့်ပတ်လိုက်ကြလေသည်။ ရုတ်တရက် လှိမ့်တက်လာသော စွမ်းအားများ၏ ဖိအားကြောင့် ကျုထျန်းချင်၏ ပုခုံးဆီမှ သွေးများ စီးကျလာခဲ့လေ၏။ သွေးဘယ်လောက်များများကို ဆုံးရှုံးလိုက်ရလေသလဲတော့မသိ ကျုထျန်းချင်၏မျက်နှာမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေလေသည်။ ချက်ချင်းဆိုသလို နှစ်ဦးစလုံး၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့လေသည်။

သားရဲတစ်သောင်းတံဆိပ်တုံးဆီမှ မရေမတွက်နိုင်သော သားရဲဟိန်းသံများ ထွက်ပေါ်လာခဲ့ပြီး ကြယ်မီးတောက်ပင်လယ်ဓါးသွားမှာလည်း ပြင်းပြင်းထန်ထန်တုန်ခါလာရင်း မရေမတွက်နိုင်သော ဓါးလှိုင်းများကို ထုတ်လွှတ်လိုက်လေသည်။

ရုတ်ချည်းဆိုသလို ရန်ကိုင့်၏လက်ကွက်များ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူ့လက်နှစ်ဖက်အား ရှေ့တည့်တည့်သို့ ဖြည်းဖြည်းချင်းဆန့်ထုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”

ထိုအခိုက်အတန့်တွင် အချိန်စီးကြောင်းမှာ ရပ်တန့်သွားသည့်အလား။

အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်သည် မျက်တောင်တစ်ခတ်အတွင်း ကျုထျန်းချင်နှင့် ကျုဟုန်တို့နှစ်ဦးစလုံးအား လွှမ်းခြုံသွားခဲ့လေသည်။ သူတို့၏အသက်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို သတိပြုမိလိုက်သော် နှစ်ဦးစလုံး မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေသည်။ မျက်တောင်တစ်ခတ်လေးသာ ရှိသေးပါသော်ငြား သူတို့အတွက်မူ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်ပုံပင်။

အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးနေခဲ့ရာ တစ်ခဏအတွင်း ကျုဟုန်နှင့် ကျုထျန်းချင်တို့ နှစ်ဦးစလုံး၏ ခွန်အားများ စတင် လျော့ကျလာခဲ့သည်။ အသက်အရွယ်မှာလည်း အိုမင်းလာကုန်ကြပြီး ဆံပင်များပင်လျှင် ဖြူလာကုန်ကြသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင်လျှင် သက်လတ်ပိုင်းလူကြီးများဖြစ်ကြသော ပညာရှင်နှစ်ဦးသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေကြသည့် အဖိုးကြီးများအသွင်သို့ ပြောင်းလဲသွားကြလေ၏။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်စွမ်းရည်မှာ ဒဏ်ရာဆိုးဆိုးရွားရွားရထားသော ကျုထျန်းချင်နှင့် ကျုဟုန်တို့ ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ စွမ်းရည်ကြောင့် လူအိုကြီးနှစ်ဦးစလုံး၏ တိုက်ပွဲစွမ်းရည်မှာ ဟိုးအောက်ထိသို့ ထိုးကျသွားခဲ့ရလေသည်။

“သွားလိုက်ပေတော့…” ထို့နောက်တွင် ရန်ကိုင်သည် စိတ်စွမ်းအင်ကိုလှည့်ပတ်လျက် သေခါနီးဖြစ်နေကြသော အဖိုးကြီးနှစ်ဦးအား ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။

ကျောက်တုံးကိုယ်ပွားမှာတော့ ကမ္ဘာငယ်လေးထဲတွင် အဆင်သင့် ထိုင်စောင့်နေလေ၏။ ရန်ကိုင်မှ ကျုထျန်းချင်နှင့် ကျုဟုန်တို့အား ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တုံးကိုယ်ပွားသည် နှစ်ဦးစလုံးကို သူ၏လက်ဝါးဖြင့်အုပ်လျက် ရေရွတ်လိုက်လေသည်။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ…”

ကျုဟုန်နှင့် ကျုထျန်းချင်တို့၏ ကံတရားသည် ကျောက်တုံးကိုယ်ပွား၏ အစာ ဖြစ်ဖို့ရာသာ ရှိတော့လေသည်။

သူတို့နှစ်ဦး ပျောက်ကွယ်သွားပြီးသည့်နောက် နှေးကျသွားသော အချိန်စီးဆင်းနှုန်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ ကမ္ဘာငယ်လေးသည်လည်း ပြန်လည်၍ ငြိမ်းချမ်းလာတော့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဆေးဥယျာဉ်ထဲတွင်ရှိနေသော ကောင်းရွှယ်ထင်းမှာ လုံးဝကို ကြက်သေသေနေခဲ့လေ၏။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ သူမအား အနည်းနှင့်အများဆိုသလို သက်ရောက်ခဲ့ပေသည်။ ထို့အတွက်ကြောင့် သူမစိတ်အစဉ်ဟာ ယာယီမျှ ဝိုးတဝါးတား ဖြစ်သွားခဲ့ရသည်။ သူမ ပြန်အသိဝင်လာချိန် ကျုဟုန်နှင့် ကျုထျန်းချင်တို့‌ ပျောက်နေသည်ကိုသာ တွေ့လိုက်ရလေသည်။

ထို့နောက် ရန်ကိုင် သူမဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

ကောင်းရွှယ်ထင်းမှာ သူမဆီသို့ ပျံသန်းလာနေသည့် ရန်ကိုင်ကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။ ထို့နောက် မသိလိုက်မသိဘာသာဖြင့် ဆေးဥယျာဉ်အား ကာရံထားသော အလင်းစက်ကွင်းကို ဖွင့်ပေးလိုက်လေသည်။

“အကြီးအကဲကောင်း… ခင်ဗျားဒဏ်ရာတွေ ဘယ်လိုနေသေးလဲ…” အထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ကောင်းရွှယ်ထင်း၏အခြေအနေကို အလျင်စလို ကောက်မေးလိုက်လေသည်။

ကောင်းရွှယ်ထင်းသည် ယခုအချိန်ထိ အသိပြန်မဝင်လာသေးသည့် အမူအယာမျိုးဖြင့် ရန်ကိုင့်အား အထက်အောက် အစုန်အဆန် စစ်ဆေးကြည့်နေလေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူတို့နှစ်ဦးကြား ခွန်အားကွာခြားချက် ကြီးကြီးမားမား ရှိခဲ့ပါသော်ငြား ယခုမူ ရန်ကိုင်သည် သူမထက်ပင် ပို၍အားကောင်းနေခဲ့လေသည်။

“အကြီးအကဲကောင်း…” ကောင်းရွှယ်ထင်း ငေးကြောင်ကြောင် ဖြစ်နေသည်ကိုမြင်သော် ရန်ကိုင်က နောက်တစ်ကြိမ် ထပ်အော်ခေါ်လိုက်လေသည်။

ထိုအခါမှသာ ကောင်းရွှယ်ထင်း အသိပြန်ဝင်လာပြီး အသာအယာချောင်းဟန့်လျက် ပြန်ပြောလိုက်လေသည်။ “အရမ်းလည်းမဆိုးဘူး… ပေါ့သေးသေးလည်းမဟုတ်ဘူး… နည်းနည်းပါးပါး နားလိုက်ရင်တော့ အဆင်ပြေမယ်ထင်တာပဲ… ဟိုနှစ်ယောက်ရော ဘာဖြစ်သွားလဲ… နင်သူတို့ကို တစ်စစီလုပ်ပစ်တာလား…”

သို့ရာတွင် ရန်ကိုင်မှ ထိုနှစ်ဦးကို တစ်စစီ လုပ်ပစ်လိုက်မည်ဆိုလျှင် အသားစ၊ သွေးစများ မြေပြင်ပေါ်တွင် ကျကျန်ခဲ့သင့်ပေသည်။ ပြဿနာမှာကား ထိုနှစ်ဦးစလုံးကို အစအနပင် ရှာမရတော့ခြင်း ဖြစ်သည်။

“သူတို့သေသွားပြီလေ…” ရန်ကိုင်က ပြုံးဖြီးလျက် “အကြီးအကဲကောင်း အဲ့နှစ်ယောက်ကို စိတ်ပူနေစရာမလိုတော့ဘူး… သူတို့လိုလူနှစ်ယောက် သေသွားတာ ဘာမှ သနားစရာမကောင်းဘူး…”

ကောင်းရွှယ်ထင်းက စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်လျက် သက်ပြင်းချလိုက်လေ၏။ “နင် တကယ်ကို အရွယ်ရောက်လာပြီပဲ…”

ရန်ကိုင်က ခေါင်းကိုကုတ်လျက် “ကျုပ် စီနီယာတွေရဲ့အကူအညီနဲ့ ထောက်ပံ့ပေးမှုကြောင့်ပဲ ဂျူနီယာ အခုလိုမျိုး တိုးတက်လာနိုင်ခဲ့တာပါ…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေ၏။ “အခြားသူတွေနဲ့ ဘာမှသိပ်မဆိုင်ပါဘူး… နင့်ဘာသာနင် ကြိုးစားခဲ့လို့ပဲ အခုလိုမျိုး ဖြစ်လာနိုင်တာ…” ထိုသို့ပြောပြီးသည့်နောက် နောက်တစ်ကြိမ် ချောင်းထပ်ဆိုးလေ၏။

“အကြီးအကဲကောင်း… အခုအချိန် အရေးကြီးဆုံးက ခင်ဗျားဒဏ်ရာတွေကို ပြန်ကုဖို့ပဲ… ကျုပ် ဒီမှာစောင့်နေပေးမယ်… ခင်ဗျားဒဏ်ရာတွေကို ပြန်ပြီးကုနေလိုက်…”

“ကောင်းပြီ…” ကောင်းရွှယ်ထင်းလည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ မျက်လုံးပိတ်၍ ဒဏ်ရာများကို ကုသရာတွင်သာ အာရုံစိုက်ထားလိုက်တော့လေသည်။

မကြာမီတွင် ကောင်းရွှယ်ထင်း၏ အသက်ရှူနှုန်း တည်ငြိမ်သွားခဲ့လေသည်။ ထိုအခါမှသာ ရန်ကိုင်လည်း ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ဖြစ်တော့လေသည်။

ဤကမ္ဘာငယ်လေးကို လေဟာနယ်နိယာမစွမ်းအားများ သုံး၍ ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏ခွင့်ပြုချက်မရဘဲ မည်သူမျှ အထဲသို့ ဝင်မလာနိုင်တော့ချေ။ ရန်ကိုင်သည် လက်ရှိအချိန်တွင် သူ့ရှေ့၌ ရှိနေသော ဆေးဥယျာဉ်ကြီးအား အလွန်ကိုမှ စိတ်ဝင်စားနေမိလေသည်။

ဤမြေကွက်နှစ်ကွက်ထဲတွင် အနည်းဆုံး ဆေးပင်ပေါင်း သုံးရာခန့်‌လောက် ရှိနေလေသည်။ ဆေးပင်တစ်ပင်ချင်းစီတိုင်းသည် နှစ်သောင်းနှင့်ချီ သက်တမ်းရှိသည့် ဧကရာဇ်အဆင့် ဆေးပင်များ ဖြစ်ကြ၏။

“ခုနှစ်ရောင်ခြယ်ဂျင်ဆင်း… အရောင်တွေတောင် စုံနေတာဆိုတော့ အနည်းဆုံး သက်တမ်း နှစ်ငါးသောင်းလောက် ရှိလိမ့်မယ်…”

“လမိုးကြိုးပန်းပွင့်… ဟူး… ရိုးတံတောင် ရွှေရောင်တောက်နေပြီ… ဒါက… ဒါက…”

“ဥက္ကာယံသစ်သီး… ဒီအသီးက ဘယ်လိုလုပ်ပြီး ငါ့လက်သီးလောက် ကြီးနေရတာလဲ… ဒီလောက်ထိကြီးအောင် ဘယ်လိုတွေများ ကြီးထွားလာတာလဲ…”

“နဂါးတံတွေးမြက်… ဒါက မျိုးတုန်းပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား…”

“ပွင့်ချပ်ကိုးသွယ် ကျောက်စိမ်းပြာပန်း…”

လက်ရှိအချိန်တွင် လေတဟူးဟူးနှင့် ယိမ်းထိုးနေသည့် ဆေးပင်များမှာ မိမွေးဖမွေးအတိုင်း ဖြစ်နေသည့် မိန်းမချောလေးသဖွယ် လေအဝှေ့နှင့်အတူ ယိမ်းနွဲ့ရင်း ရန်ကိုင်အား ဆွဲဆောင်ဖြာယောင်နေသည့်အလား ရန်ကိုင်၏ မျက်လုံးများမှာ ဆေးပင်များကို ကြည့်ရင်း တလက်လက် တောက်ပနေခဲ့လေသည်။

ဆေးပညာရှင်တစ်ဦးအား ယခုကဲ့သိုသော မြင်ကွင်းထက် ပိုပျော်စေနိုင်မည့် မြင်ကွင်းမျိုး မရှိတော့ချေ။ အလွန်ကိုမှ သက်တမ်းရင့်နေပြီဖြစ်သော ဆေးပင်များစွာ စိုက်ပျိုးထားသည့် စိုက်ခင်းကြီးတစ်ခုသည် သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့လေသည်။ ရန်ကိုင့်အနေဖြင့် ထိုဆေးပင်များကို စိတ်ကြိုက် ခူးယူနိုင်သည်။ ဆေးပညာရှင်တစ်ဦးသည်သာ ဤကဲ့သို့သော ခံစားချက်မျိုးကို ကောင်းကောင်း နားလည်နိုင်ပေသည်။

ရန်ကိုင်သည် ဟိုမှသည်သို့ ကူးကလန်ခတ်သွားရင်း ဆေးပင်များကို စိတ်လှုပ်ရှားစွာဖြင့် လိုက်ပတ်ကြည့်ရှုနေခဲ့လေသည်။

ကောင်းရွှယ်ထင်း အနားယူ အားပြန်ဖြည့်နေသည်ကို နှောင့်ယှက်မိသွားမည် စိုးသည့်အတွက်ကြောင့်သာ မဟုတ်ပါက အရူးတစ်ယောက်နှယ် အသံအကျယ်ကြီးဖြင့် အော်ရယ်မောနေလောက်ပေပြီ။

လက်ရှိအချိန်တွင် ရန်ကိုင်မြင်နေရသည့် ဧကရာဇ်အဆင့် ဆေးပင်များမှာ မြေကွက်နှစ်ခုတည်းဆီမှသာ လာနေခြင်းဖြစ်ပေသည်။ စုစုပေါင်း မြေကွက်ဆယ်ကွက်ကျော်မက ရှိနေလေရာ လက်ကျန်မြေကွက်ထဲတွင် ရှိနေသော ဆေးပင်အားလုံးကို ကောင်းရွှယ်ထင်းနှင့် အခြားသူများမှ ခူးယူထားပြီးလောက်ပေပြီ။

တစ်နည်းဆိုရသော် ကောင်းရွှယ်ထင်း၊ ကျုထျန်းချင်နှင့် ကျုဟုန်တို့၏ သိုလှောင်လက်စွပ်များထဲ၌ ဆေးပင်များစွာ ရှိနေရပေလိမ့်မည်။

ရန်ကိုင်မြင်နေရသည်မှာ အနည်းအကျဉ်းလောက်သာ ရှိပေသည်။

“ဟမ်…” ရုတ်တရက် လူအရပ်တစ်ဝက်ခန့်လောက်သာ အပင်ကိုကြည့်ရင်း ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုအပင်၏ ပင်စည်နှင့် အကိုင်းအခက်များမှာ အကောင်းဆုံးသော ကျောက်စိမ်းသားမှ ထုလုပ်ထားသည့်အလား ရွှန်းစိုတောက်ပြောင်နေခဲ့သည်။ အပင်ထိပ်တွင်တော့ လက်သီးဆုပ်အရွယ် အသီးလေး တစ်လုံး ရှိနေ၏။

အသီးပုံစံမှာတော့ အလွန်ကိုမှ ထူးခြားလေ၏။ သာမန်အသီးများကဲ့သို့ မဟုတ်ဘဲ အသီးသည် ထူးထူးခြားခြားကို လူပုံစံပေါက်နေခဲ့လေသည်။ ထိုအသီးတွင် လူ့ခေါင်း၊ မျက်နှာ၊ ခြေလက်များ အသီးသီး ရှိနေ၏။ လူမျက်နှာ၏ အသွင်အပြင်မှာလည်း တကယ့်မျက်နှာအစစ်ဟု ထင်ရလောက်အောင် သိသာလွန်းလှသည်။ ထိုအသီးကို မြင်ပြီးနောက် ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ရေရွတ်လိုက်လေ၏ “ခန္ဓာဖြစ်တည်အသီး...”

ဤအသီးမှာ ခန္ဓာဖြစ်တည်အသီးသာ ဖြစ်လေသည်။

ရန်ကိုင်သည် သူများ အမြင်မှားနေသလားအထင်ဖြင့် မျက်လုံးများကိုပွတ်၍ နောက်တစ်ကြိမ်ထပ်ကြည့်ကြည့်လိုက်သည်။ အသီးမှာ လူပုံစံအသီးသာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှသာ သူ့ရှေ့တွင်ရှိနေသည့် အပင်ပေါ်ရှိအသီးသည် ခန္ဓာဖြစ်တည်အသီးမှန်း ရန်ကိုင် သေချာသွားတော့သည်။ ဤအသီး အကြောင်းကို ကုန်းစွန်းမူ၏ ကျောက်စိမ်းပြားထဲတွင် သေချာ ရှင်းပြထားပေသည်။

ခန္ဓာဖြစ်တည်အသီးသည် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော အဓိက ဆေးအမယ်တစ်မျိုး ဖြစ်ပေသည်။

ခန္ဓာဖြစ်တည်ဆေးလုံးမှာ ခန္ဓာကိုယ်တစ်ခုကို ဖန်ဆင်းပေးနိုင်သော ဆေးလုံးမျိုး ဖြစ်ပေသည်။ ကျင့်ကြံသူတစ်ဦးသည် အသတ်ခံလိုက်ရသည့်တိုင် ၎င်း၏ဝိဉာဉ်မှာ ကျန်ရှိနေသေးမည်ဆိုလျှင် ခန္ဓာဖြစ်တည်ဆေးလုံးကို သောက်သုံး၍ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနိုင်ပေသည်။

အင်မော်တယ်သစ်ပင်တွင်ပင်လျှင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိချေ။ အင်မော်တယ်သစ်ပင်သည် သေခါနီးလူတစ်ဦးအား သေမင်းခံတွင်းမှ ဆွဲခေါ်ပေးနိုင်သလို ကျင့်ကြံသူတစ်ဦးအား ဖျက်ဆီးမရနိုင်သော အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာနိုင်အောင် လုပ်ပေးနိုင်ပါသော်ငြား ဝိဉာဉ်သက်သက်သာ ကျန်တော့သော လူတစ်ဦးအတွက် ခန္ဓာကိုယ်တစ်ခုကို မဖန်တီးပေးနိုင်ချေ။ ထို့အတွက်ကြောင့် ဤအသီးသည် အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ခု ဖြစ်သည်မှာ မေးနေစရာပင် မလိုချေ။

ဝိဉာဉ်ကြာပန်းနှင့် အင်မော်တယ်သစ်ပင်ကဲ့သို့ပင် ဤခန္ဓာဖြစ်တည်အသီးသည် မှတ်တမ်းများထဲတွင်သာ ကျန်ရစ်တော့ပြီး မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သည့် ရတနာတစ်မျိုးဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ခန္ဓာဖြစ်တည်အသီးကို ဤဆေးဥယျာဉ်ထဲတွင် လာတွေ့နေခဲ့ရသည်။

ခန္ဓာဖြစ်တည်အသီးကို တွေ့လိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်ပေတော့မည်။ ထိုဆေးလုံးကိုသာ ရလာမည်ဆိုပါက ထျန်းယန်အား ပေးထားခဲ့သော ကတိကို တည်အောင် လုပ်နိုင်ပေတော့မည်။

စီနီယာထျန်းယန်သည် မွေးဖွားလာစဉ်ကတည်းက နာမ်ဝိဉာဉ်ကိုသာ ပိုင်ဆိုင်ထားခဲ့သည့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင်ရှိနေသော မဟာဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ဝင်ရောက်လေ့ကျင့်စဉ်က ရန်ကိုင်သည် သူသာ ခန္ဓာဖြစ်တည်အသီးကို ရှာတွေ့ခဲ့၍ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့မည်ဆိုလျှင် ထျန်းယန်အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးမည်ဟု ပြောခဲ့သည်။ ထိုသို့ဆိုပါက ထျန်းယန်ကိုယ်တိုင်သည်လည်း ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု ရရှိသွားပြီဖြစ်သည့်အတွက်ကြောင့် အပြင်လောကကြီး၏ နက်နဲဆန်းကြယ်မှုများကို ခံစားနိုင်ပေတော့မည်။

ထိုအကြောင်းကိုပြောစဉ်က ထျန်းယန်မှာ အတော်လေးကိုမှ စိတ်လှုပ်ရှားခဲ့သည်။ သို့သော်ငြား ခန္ဓာဖြစ်တည်အသီးကို ရှာတွေ့ရန် လွယ်ကူပါမည်လား။ မည်သို့ပင်ဖြစ်နေစေကာမူ ကံတရားသည် အလွန်ကိုမှ ဆန်းကြယ်လှသည်။ ဤလောကကြီးမှ မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော ခန္ဓာဖြစ်တည်အသီးကို ရန်ကိုင်သည် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဤဆေးဥယျာဉ်ထဲ၌ လာရောက်ရှာတွေ့ခဲ့ရသည်။

All Chapters