← Chapters

အခန်း (၂၅၂၇-၂၅၂၉)

Vol. 105 Ch. 2527-2529

အခန်း (၂၅၂၇-၂၅၂၉)

Vol. 105 Ch. 2527-2529

အပိုင်း (၂၅၂၇)

ရန်ကိုင်သည် သူ့လက်အား ဧကရာဇ်ချီဖြင့်လွှမ်းခြုံလျက် သတိကြီးကြီးထားရင်း ခန္ဓာဖြစ်တည်အသီးအား အသာအယာလေး ခူးလိုက်သည်။ ထို့နောက် အသင့်ပြင်လာသည့် ကျောက်စိမ်းသေတ္တာထဲ အလျင်အမြန် ထည့်သိမ်းလိုက်ပြီးသည့်နောက် ကျောက်စိမ်းသေတ္တာပတ်လည်တွင် အကာအရံပေါင်းများစွာ ဖန်တီးလိုက်လေ၏။ ပြီးသည့်နောက်မှသာ ကျောက်စိမ်းသေတ္တာအား သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်လေသည်။

“ဟူး…” ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ခန္ဓာဖြစ်တည်အသီးကို ရသွားပြီဖြစ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်တော့မည် ဖြစ်သော်ငြား အရင်ဦးစွာ သူ၏ဆေးစွမ်းရည်ကို တိုးတက်အောင် လုပ်ရပေမည်။

လက်ရှိအချိန်တွင် ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်ငြား သူ့တွင် ဧကရာဇ်အဆင့် ဆေးလုံးများအား ဖော်စပ်ဖူးသည့် အတွေ့အကြုံ များများစားစား မရှိချေ။ ယခုနေသာ ခန္ဓာဖြစ်တည်ဆေးလုံးအား အလျင်စလို ကောက်ဖော်စပ်လိုက်ပါက အောင်မြင်နိုင်ချေ အတော်ကိုမှ နည်းပေသည်။ ဤလောကကြီးထဲတွင် ခန္ဓာဖြစ်တည်အသီးဆို၍ ဤတစ်လုံးလောက်သာ ရှိလေရာ ဤတစ်လုံးသာ ပျက်စီးသွားခဲ့မည်ဆိုလျှင် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်လို့ ရနိုင်လောက်တော့လိမ့်မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဤနေရာ၌ ဧကရာဇ်အဆင့် ဆေးပင်ပေါင်းများစွာ ရှိနေလေသည်။ ထို့အတွက်ကြောင့် အတော်လေးကိုမှ အဆင့်နိမ့်သည့် ဆေးပင်များကိုသုံး၍ သူ၏ဆေးစွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်လေ၏။ ထို့နောက် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားကြည့်နိုင်ပေသည်။

တစ်ချက်မျှ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤမြေကွက်ထဲ၌ ရှိနေသော ဆေးပင်အားလုံးမှာ အလွန်တရာကိုမှ အဖိုးတန်လှကြောင်း တွေ့ရှိလိုက်ရသည်။ ခန္ဓာဖြစ်တည်အသီးမှာတော့ အဖိုးတန်သည့်ဆေးပင်များကြား အဖိုးအတန်ဆုံး အရာတစ်ခု ဖြစ်နေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျန်ရှိနေသောဆေးပင်များကို စတင် ခူးယူတော့လေ၏။

မြေကွက်နှစ်ကွက်သာ ရှိပါသော်ငြား ရန်ကိုင့်အနေဖြင့် ထိုမြေကွက်ထဲရှိ ဆေးပင်အားလုံးကို ခူးယူရန်အတွက် နှစ်နာရီခန့် အချိန်ယူလိုက်ရလေသည်။

ဆေးပင်အားလုံး ပြောင်ရှင်းသွားသည့်နောက်တွင် မြေကွက်ကြီးထဲ အပင်နှစ်ဆယ် ကျန်ရစ်ခဲ့လေသည်။ ထိုသစ်ပင် အပင်နှစ်ဆယ်၌ တစ်ပင်မှာ ခန္ဓာဖြစ်တည်သီးအပင် ပင်ဖြစ်လေသည်။

ထိုသစ်ပင်များပေါ်တွင် အဖူးများ အပွင့်များ ရှိနေကြသည်။ လက်ရှိအခြေအနေဖြင့် အသီးသီးလိမ့်ဦးမည် မဟုတ်သော်ငြား နောက်ထပ်နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ကြာပြီးသည့်နောက်၌ အသီးများထပ်သီးလာပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ထိုအပင်များကို ဤအတိုင်းသာ ထားလိုက်ခြင်း ဖြစ်ပေသည်။

ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ကောင်းရွှယ်ထင်းမှာ သူမဒဏ်ရာများကို ပြန်လည်ကုစားနေတုန်းသာ ရှိနေသေးမှန်း တွေ့ရှိလိုက်သည့်နောက် ရန်ကိုင်လည်း သူမအား ဆက်၍ ဂရုစိုက်မနေတော့ဘဲ ကမ္ဘာငယ်လေးထဲသို့ ကောင်းကင်စိတ်အာရုံကို ပို့လွှတ်၍ ကျုဟုန်နှင့် ကျုထျန်းချင်တို့၏ သိုလှောင်လက်စွပ်များကို အပြင်သို့ ထုတ်ယူလိုက်လေသည်။

သူထင်ထားသကဲ့သို့ပင် ထိုလူနှစ်ဦး၏ သိုလှောင်လက်စွပ်များထဲတွင် အဖိုးတန် ဧကရာဇ်အဆင့် ဆေးပင်များစွာ ရှိနေခဲ့သည်။ ထိုဆေးပင်များအပြင် အခြားသော အဖိုးတန်ရတနာများလည်း ရှိနေသေး၏။

ဧကရာဇ်အဆင့် မှော်ရတနာများဖြစ်ကြသော ကြယ်မီးတောက်ပင်လယ်ဓါးသွားနှင့် သားရဲတစ်သောင်းတံဆိပ်တုံးတို့မှာ ရန်ကိုင့်၏လက်တွင်းသို့ ကျရောက်လာခဲ့ရလေသည်။

ကြယ်မီးတောက်ပင်လယ်ဓါးသွားကိုတော့ ရန်ကိုင် အရမ်းကြီးစိတ်မဝင်စားခဲ့ချေ။ ထိုဓါးသွားမှာ အတော်လေးကိုမှ အားကောင်းသည့်ပုံ ပေါ်ပါသော်ငြား ရန်ကိုင်သည် ထိုကဲ့သို့လက်နက်မျိုးကို အသုံးပြုသူမဟုတ်။ ထို့အပြင် ဤကဲ့သို့သော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို သန့်စင်လိုက်ခြင်းသည် သူ့ခွန်အားကို များများစားစား တိုးတက်မလာစေနိုင်ပေသည်။

ထို့အပြင် ကြယ်မီးတောက်ပင်လယ်ဓါးသွားသည် ကျန်းရို့ရှီ၏ ကျောဘက်တွင် ပေါ်လာလေ့ရှိသည့် ပုံရိပ်ကြီးကိုင်ထားသော ဓါးပြားမျိုးမဟုတ်သည့်အတွက်ကြောင့် ဤဓါးသည် ကျန်းရို့ရှီအတွက်လည်း အသုံးမဝင်ပြန်။

ထိုဓါးသွားနှင့်ယှဉ်လိုက်သော် ရန်ကိုင်သည် သားရဲတစ်သောင်း တံဆိပ်တုံးကို ပို၍ စိတ်ဝင်စားလေသည်။ ဤမှော်ရတနာသည် သာမန်ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မဟုတ်လောက်ချေ။ သားရဲတစ်သောင်းတံဆိပ်တုံးသည် သေဆုံးသွားပြီဖြစ်သော မွန်းစတားသားရဲများ၏ ဝိဉာဉ်များကို သိုလှောင်ထားကာ ရန်သူများနှင့် တိုက်ခိုက်ရာတွင် ပြန်လည်အသုံးချနိုင်ပေသည်။ ထို့အပြင် ဤဧကရာဇ်အဆင့် မှော်ရတနာကို အသုံးပြုရန်အတွက် ဧကရာဇ်ချီ များများစားစား သုံးစွဲစရာမလိုပေ။

ဤမှော်ရတနာကိုတော့ ကျန်းရို့ရှီဆီသို့ ပေးရပေလိမ့်မည်။

ကျန်းရို့ရှီသည် ဓါးများအားအသုံးပြုရသည်ကို နှစ်သက်ပါသော်ငြား သားရဲတစ်သောင်းတံဆိပ်တုံးမှာ အတော်လေးကိုမှ အားကောင်းလှသလို ထိုတံဆိပ်တုံးကိုအသုံးပြုရန်အတွက် နည်းစနစ်များလည်း လိုအပ်မနေခဲ့ချေ။ ကျန်းရို့ရှီသည်သာ ဤမှော်ရတနာကို သန့်စင်လိုက်မည်ဆိုပါက သူမ၏ခွန်အားကို သိသိသာသာ မြင့်တက်လာနိုင်ပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်သည် သူ၏စိတ်စွမ်းအင်ကိုသုံးလျက် သားရဲတစ်သောင်းတံဆိပ်တုံးပေါ်ရှိ ကျုဟုန်၏ဝိဉာဉ်အမှတ်အသားကို ဖယ်ရှားပစ်လိုက်လေသည်။

တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် သားရဲတစ်သောင်းတံဆိပ်တုံး၏ အရောင်အဝါမှာ မှိန်ကျသွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်သည် တံဆိပ်တုံးကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

တစ်ခဏမျှ စောင့်နေပြီးသည့်တိုင် ကောင်းရွှယ်ထင်းမှာ နိုးလာမည့် အရိပ်အယောင် မပြသေးသဖြင့် ရန်ကိုင်လည်း ဆေးမီးဖိုနှင့်တကွ ဧကရာဇ်အဆင့် ဆေးပင်အချို့ကို ထုတ်ကာ စတင်၍ ဆေးဖော်စပ်တော့လေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် ဆေးဖော်စပ်ရာ၌ အာရုံစိုက်နေသော ရန်ကိုင်သည် တစ်ယောက်ယောက်မှ သူ့အား စိုက်ကြည့်နေကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ရန်ကိုင်လည်း နိုးနိုးကြားကြား ဖြစ်သွားပြီး ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ့အား ကြည့်နေသည့်လူမှာ ကောင်းရွှယ်ထင်းသာ ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။

ရန်ကိုင့်အား သွားနှောင့်ယှက်မိသလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းသည် မည်သည့်စကားမှ မပြောခဲ့ဘဲ ရန်ကိုင့်အား ဆက်၍ ဆေးဖော်စပ်ရန်သာ အချက်ပြလိုက်လေသည်။

ရန်ကိုင်ကမူ အနည်းငယ်မျှပင် အနှောင့်အယှက်ဖြစ်သွားခြင်းမရှိဘဲ ဆေးဖော်စပ်ရင်းဖြင့် ကောင်းရွှယ်ထင်းဘက်သို့လှည့်၍ပင် ပြုံးကာ ပြောလိုက်လေသည်။ “အကြီးအကဲကောင်း ခဏစောင့်… ဆေးဖော်စပ်တာ ဆေးသိပ်သည်းခြင်းအဆင့်ကို ရောက်နေပြီ… ပြီးဖို့သိပ်မကြာတော့ဘူး…”

ထိုကဲ့သို့ပြောပြီးသည်နှင့် ရန်ကိုင်သည် ဆေးဖော်စပ်ရာတွင် တစ်ဖန် ပြန်လည်အာရုံစိုက်လိုက်လေသည်။ ကောင်းရွှယ်ထင်းကမူ ရန်ကိုင့်အား အံဩတကြီးဖြင့် ကြည့်နေလေ၏။

ရန်ကိုင့်၏ ဆေးသိပ်သည်းသည့် နည်းစနစ်သည် အလွန်ကိုမှ ဆန်းကြယ်လှပေသည်။ သူ၏ လက်ကွက်လှုပ်ရှားမှုတိုင်းသည် ကောင်းကင်လမ်းစဉ်နှင့် သဟဇာတ ဖြစ်နေသည့်အလား။ ထိုလက်ကွက်များကိုကြည့်ရင်း ကောင်းရွှယ်ထင်း၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာလေတော့သည်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်၏လှုပ်ရှားများအား တစ်ချက်ကလေးမှပင် အလွတ်မခံတော့ဘဲ သေသေချာချာကို အာရုံစိုက်ကာ ကြည့်နေတော့လေသည်။

ရန်ကိုင့်၏ဆေးစွမ်းရည်ကို ကြည့်နေရင်းမှ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူမ၏ ထိုးထွင်းသိမြင်နားလည်ပုံမှာလည်း တစ်မျိုးတစ်မည် ပြောင်းလဲလာကြောင်းကို ကောင်းရွှယ်ထင်း ခံစားမိလိုက်ရသည်။ ရန်ကိုင်ဆေးဖော်စပ်နေခြင်းကို ကြည့်နေခြင်းသည် သူမအတွက် အကျိုးရှိနေသလိုပင်။

နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်းတွင် ကိုယ်ပိုင်ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ရှိပေသည်။ ထိုဧကရာဇ်အဆင့်ဆေးပညာရှင် ဆေးဖော်စပ်သည်ကို ကောင်းရွှယ်ထင်းကိုယ်တိုင်လည်း မြင်တွေ့ခွင့်ရခဲ့ဖူးသည်။ သို့သော်ငြား ထိုဆေးပညာရှင်၏ ဆေးသိပ်သည်းသည့်နည်းစနစ်မှာ ရန်ကိုင်အသုံးပြုနေသည့် နည်းစနစ်နှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ ကြည့်ရဆိုးသွားလေသည်။

(သူ ဘယ်သူ့ဆီကနေ ဆေးပညာကိုသင်ထားတာလဲ… ဘာဖြစ်လို့ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဆေးစွမ်းရည်မှာ ဒီလောက် ထူးချွန်နေရတာလဲ… ပြီးတော့ ဆေးစွမ်းရည်တင်မဟုတ်သေးဘူး၊ ကျင့်ကြံခြင်းကလည်း ဧကရာဇ်အဆင့်ကိုလည်း ရောက်နေသေးတယ်…)

ရန်ကိုင်နှင့် ယှဉ်လိုက်သော် မည်သည့်အင်အားစုများ၏ ပါရမီရှင်များဖြစ်စေ လုံးဝကို မှေးမှိန်သွားခဲ့ရလေသည်။ မဟာဧကရာဇ်၏ သားတော်သမီးတော်များသည်ပင်လျှင် ရန်ကိုင်နှင့် မယှဉ်နိုင်ပေ။

အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးနေခဲ့လေသည်။ ကောင်းရွှယ်ထင်းသည် ထိုထူးခြားသည့် ခံစားချက်ထဲသို့ နစ်မြောသွားရုံရှိသေး ကောင်းကင်လမ်းစဉ်၊ သိုင်းတာအိုနှင့် သူမကြားရှိ ဆက်သွယ်ချက်မှာ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရလေသည်။

ကောင်းရွှယ်ထင်းကြောင်သွားခဲ့ပြီး ရန်ကိုင့်အား ထပ်မံ၍ သေသေချာချာစိုက်ကြည့်လိုက်သည့်နောက် ရန်ကိုင်သည် နောက်ထပ်နည်းစနစ်တစ်ခုအား ထုတ်သုံးနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။

“သိပ်သည်းလိုက်စမ်း…”

ရုတ်တရက်ဆိုသလို ကြည်လင်သာယာသည့် အသံတစ်သံ ဆေးမီးဖိုဆီမှ ပျံ့နှံ့လာခဲ့လေသည်။ ရန်ကိုင်သည် ထိုအသံကို သေသေချာချာ နားထောင်ကြည့်လိုက်ပြီးသည့်နောက် ရလဒ်နှင့်ပတ်သက်၍ မကျေနပ်သည့်အလား မျက်မှောင်ကြုတ်လိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကောင်းရွှယ်ထင်းမှာတော့ အံ့အားသင့်နေလေ၏။

သူမသည် ဆေးပညာရှင်တစ်ဦးမဟုတ်သော်ငြား ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်ပြီဖြစ်ကြောင်းတော့ ပြောနိုင်ပေသည်။ ထို့အပြင် ဆေးမီးဖိုထဲမှ ပျံ့လွင့်လာသည့် ဆေးနံ့အရ ဤဆေးလုံးမှာ ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးဖြစ်ပြီး အတော်လေး အရည်အသွေးမြင့်မှန်းလည်း ပြောနိုင်သေး၏။

(ဒီလောက်နဲ့တောင် မကျေနပ်သေးတာလား… သူ ဘယ်လောက်ထိတောင် လိုချင်နေတာလဲ…)

ရန်ကိုင်မှ ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ချိန် ဆေးလုံးလေးသုံးလုံး ပျံထွက်လာခဲ့လေသည်။ ရန်ကိုင်သည် ထိုဆေးလုံးသုံးလုံးအား ဆတ်ခနဲလှမ်းဖမ်းဆွဲ၍ ကျောက်စိမ်းပုလင်းတစ်ပုလင်းထဲ ထည့်သိမ်းလိုက်လေ၏။

တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးကာ ဆေးပုလင်းအား သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ ထို့နောက် ကောင်းရွှယ်ထင်းဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “အကြီးအကဲကောင်းကို စောင့်နေရအောင်လုပ်မိလိုက်လို့ တောင်းပန်ပါတယ်… အကြီးအကဲကောင်း အခု ဘယ်လိုနေသေးလဲ…”

“တော်တော်လေးတော့ ပြန်ကောင်းသွားပြီ…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်၏။ “ဒဏ်ရာက အရမ်းကြီး ပြင်းတာမှ မဟုတ်တာ”

တစ်ချက်ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ငါဒီမှာရှိနေမှန်း နင်ဘယ်လိုသိတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂျူနီယာညီမလုဝမ် သတင်းပို့လာတယ်လေ…”

ထို့နောက်တွင် ရန်ကိုင်သည် ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။

ရန်ကိုင်ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ကောင်းရွှယ်ထင်းက ပြုံးလျက် ပြောလိုက်လေသည်။ “ကြည့်ရတာ ငါ ဒီနေ့ ဒီမှာ သေကံပါမလာဘူးနဲ့တူတယ်… နင် မြေမြို့တော်နားကနေ ဒီအချိန်ကြီးကျမှ ဖြတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…”

ကောင်းရွှယ်ထင်း၏အပြုံးသည် ပန်းပေါင်းတစ်ထောင်ကို ရုတ်တရက် ပွင့်လန်းလာစေသည့်အလား ကမ္ဘာလောကကြီးတစ်ခုလုံးမှာ သူမ၏အပြုံးအောက်ဝယ် မှိန်ကျသွားခဲ့ရလေသည်။ ကောင်းရွှယ်ထင်းမှာ အေးစက်စက်အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ပြုံးခဲလှသည်။ ဤသည်မှာ ရန်ကိုင့်အနေဖြင့် ကောင်းရွှယ်ထင်းပြုံးသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်သည် အနည်းငယ်ပင် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင့်၏ပုံမှန်မဟုတ်သည့် အမူအယာကိုမြင်သော် ကောင်းရွှယ်ထင်းသည် သူမမျက်နှာကို ချက်ချင်း ပြန်တည်လိုက်လေ၏။

ထိုအခါ ရန်ကိုင်က ပြောလိုက်လေ၏။ “အကြီးအကဲကောင်း… ခင်ဗျား များများပြုံးသင့်တယ်နော်… ခင်ဗျားပြုံးတာ တကယ်လှတယ်…”

“ကိုယ့်အကြီးကို နည်းနည်းပါးပါး လေးစားစမ်း… အပိုတွေလာပြောမနေနဲ့…” ကောင်းရွှယ်ထင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်တကယ်ပြောတာ… အကြီးအကဲကောင်းသာ အခုလိုမျိုး ပြုံးလိုက်မယ်ဆိုလို့ရှိရင် ကျောင်းသခင် အကြီးအကဲကောင်းရဲ့ အပြုံးထဲမှာ နစ်မျောသွားမှာ လုံးဝသေချာတယ်…”

ကောင်းရွှယ်ထင်းက နှာခေါင်းရှုံ့လိုက်လေ၏။ “နစ်မျောသွားမယ်… နင့်ကိုဘယ်သူပြောလဲ… ငါ အခုလိုမျိုးသာ သူ့ရှေ့မှာ သွားပြုံးပြလိုက်လို့ရှိရင် ကျင့်ကြံခြင်းသွေဖီသွားပြီးတော့ ရူးများရူးသွားတာလားဆိုပြီး ငါ့ကို ဆေးလုံးတွေ အတင်းထိုးတိုက်မှာ… အဲ့အခါကျ ငါက အဲ့ဆေးလုံးကို သူ့မျက်နှာတည့်တည့်ဆီ ပြန်ထွေးထုတ်ပစ်မှာ…”

ရန်ကိုင်က ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ “ကျောင်းသခင်က ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်ရက်တာလဲ…”

ကောင်းရွှယ်ထင်းပြောသည့်ပုံစံကို သူမြင်ယောင်ကြည့်မိပေသည်။ ထို့နောက် ဆွံ့အသွားတော့လေ၏။ ကောင်းရွှယ်ထင်း၏ပုံစံအရ ထိုကဲ့သို့ တကယ်ဖြစ်ခဲ့ဖူးသည့်ပုံပင်။

ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးများကိုသုတ်ရင်းမှ ပါးနပ်စွာ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါနဲ့ အကြီးအကောင်း… ဒီတပည့် အကြီးအကဲကောင်းအတွက် တစ်ခုခု ပြင်ဆင်ပေးထားတယ်…”

“ဘာပြင်ဆင်ပေးထားတာလဲ…” ကောင်းရွှယ်ထင်း အံ့အားသင့်သွားခဲ့လေသည်။

ရန်ကိုင်သည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်လျက် ကောင်းရွှယ်ထင်းဆီသို့ ပေးလိုက်လေသည်။ “ဒီမှာ…”

ကောင်းရွှယ်ထင်းမှ ကျောက်စိမ်းပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် အနီရောင်ဆေးလုံးလေးတစ်လုံး ရှိနေကြောင်း တွေ့လိုက်ရလေသည်။

“သွေးရူးဆေးလုံးလား…” ကောင်းရွှယ်ထင်း၏မျက်ဝန်းလေးများ တဖျတ်ဖျတ်‌ တောက်ပသွားခဲ့သည်။

ကောင်းရွှယ်ထင်းတွင်လည်း သွေးရူးဆေးလုံးတစ်လုံး ရှိပေသည်။ ယမန်နေ့က ထိုဆေးလုံးကိုသုံး၍ ရန်ကိုင့်အား ဝင်ရောက်ကူညီရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်ကမူ သူမအား ထိုဆေးလုံးကိုမသောက်ရန် အချိန်မီတားမြစ်ခဲ့သည်။

ထို့အတွက်ကြောင့်ပင်လျှင် ဤကျောက်စိမ်းပုလင်းထဲရှိ ဆေးလုံးကို မြင်လိုက်သည်နှင့် ချက်ချင်း တန်းသိနေခြင်းပင်။

“ဒါက အဆင့်မြင့်သွေးရူးဆေးလုံးပဲ… ဒီဆေးလုံးရဲ့အာနိသင်က အကြီးအကဲကောင်း မနေ့ကထုတ်လိုက်တဲ့ဆေးလုံးထက် အများကြီးသာတယ်… ပြီးတော့ ဒီဆေးလုံးကို သုံးပြီးသွားလို့ရှိရင် ကြုံရမယ့် ဘေးထွက်ဆိုးကျိုးကလည်း အဲ့လောက်မများဘူး… နည်းနည်း ကြာကြာလေး အနားယူလိုက်လို့ရှိရင် လုံးဝ ပြန်ကောင်းသွားလိမ့်မယ်… ဘာအုတ်မြစ်မှ ထိခိုက်သွားမှာမဟုတ်ဘူး… အခုလောလောဆယ်တော့ တပည့် ဒီလိုဆေးလုံးမျိုးလောက်ကိုပဲ ဖော်စပ်နိုင်ဦးမယ်… နောက်ပိုင်း ဆေးစွမ်းရည် ပိုပြီး တိုးတက်လာတဲ့နေ့မှပဲ ပိုပြီးကောင်းတဲ့ဆေးလုံးတစ်လုံးနဲ့ အစားထိုးပေးမယ်…”

“ပိုပြီးတဲ့ကောင်းတဲ့ဆေးလုံး…” ကောင်းရွှယ်ထင်း ဆွံ့အသွားလေ၏။ ဤသည်မှာ အဆင့်မြင့်သွေးရူးဆေးလုံးတစ်လုံး ဖြစ်နေကာ ဒီထက်ပိုကောင်းမည့်ဆေးလုံး ရှိနိုင်ဦးမည်လား။ ဒီထက်ပိုကောင်းချင်ပါက ရန်ကိုင် နောက်ဖော်စပ်လိုက်သည့် သွေးရူးဆေးလုံးတွင် ဆေးသွေးကြောများ ပါလျှင်ပါ မပါလျှင် ဆေးတိမ်တိုက်များ ပါမှသာ ဖြစ်နိုင်တော့ပေလိမ့်မည်။ သို့သော်ငြား ဆေးသွေးကြောပါသည့် သွေးရူးဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ရာ လွယ်ကူမည်လား။

သူမ၏သွေးရူးဆေးလုံးသည် အလွန်ကိုမှ အရည်အသွေးနိမ့်ကျပြီး ထိုဆေးလုံးကို အရည်အချင်းသိပ်မရှိလှသည့် ဆေးပညာတစ်ဦးမှ ဖော်စပ်ခဲ့သည်ဟု ရန်ကိုင်မှပြောခဲ့ပေသည်။ ထို့အတွက်ကြောင့် ထိုဆေးလုံးကို သုံးပြီးသည့်နောက် ကောင်းရွှယ်ထင်း၏အုတ်မြစ် ထိခိုက်သွားမည်ကို စိတ်ပူလေရာ သူမအတွက် သွေးရူးဆေးလုံးအသစ်တစ်လုံး ပြန်လည်ဖော်စပ်ပေးခဲ့ခြင်း ဖြစ်လေ၏။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ကောင်းရွှယ်ထင်း၏ရင်ထဲ နွေးထွေးသွားခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၈)

တကယ်တော့ သွေးရူးဆေးလုံးများသည် ဖော်စပ်ရခက်လှသည်တော့မဟုတ်၊ ဆေးအမယ် ရှားပါးနေခြင်းသာ ရှိသည်။ သွေးရူးဆေးလုံးကို ဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်အားလုံးမှာ ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။ ကောင်းရွှယ်ထင်းကိုယ်တိုင်ပင်လျှင် သွေးရူးဆေးလုံးဖော်စပ်ရန်အတွက် လိုအပ်သည့်ဆေးအမယ်များကို ကံကောင်းထောက်မစွာဖြင့် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုမူ ရန်ကိုင်သည် သူမအတွက် အဆင့်မြင့် သွေးရူးဆေးလုံးတစ်လုံးကို တကယ်ကြီး‌ ဖော်စပ်ပေးခဲ့သည်။ ဤဆေးလုံး၏တန်ဖိုးသည် ယခင် သူမတွင်ရှိနေသည့် ဆေးလုံးထက် အများကြီး ပိုမိုမြင့်မားပေသည်။

မြေပြင်ပေါ်ရှိ ဆေးပင်အကြွင်းအကျန်များကို ကြည့်ရင်း ရန်ကိုင်သည် ဆေးလုံးများစွာကို ဖော်စပ်ပြီး ထိုဖော်စပ်ထားသည့် ဆေးလုံးများထဲမှ သူမအတွက် အကောင်းဆုံးတစ်လုံးကို ရွေးထုတ်ပေးခဲ့ခြင်းဖြစ်မှန်း ကောင်းရွှယ်ထင်း ချက်ချင်းနားလည်သွားခဲ့သည်။

“အကြီးအကဲကောင်း… ဟိုသွေးရူးဆေးလုံးအဟောင်းကို လွှင့်ပစ်လိုက်တော့… အဲ့ဆေးလုံးက သောက်လို့ကောင်းတဲ့ ဆေးလုံးမျိုးမဟုတ်ဘူး…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် အကြံပေးလိုက်လေ၏။

ကောင်းရွှယ်ထင်းလည်း ခေါင်းညိတ်လိုက်ပြီး သူမ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ဆေးပုလင်းထဲရှိ သွေးရူးဆေးလုံးကို လက်ဝါးပေါ်သို့ သွန်ချလျက် ဖိချေပစ်လိုက်လေ၏။ ထို့နောက် ရန်ကိုင်ဖော်စပ်ပေးထားသည့် သွေးရူးဆေးလုံးကို ထိုကျောက်စိမ်းပုလင်းထဲသို့ ထည့်သိမ်းကာ သိုလှောင်လက်စွပ်ထဲတွင် ပြန်သိမ်းလိုက်လေသည်။

“နင် အခု ကျေနပ်ပြီလား…” ကောင်းရွှယ်ထင်းက ရန်ကိုင့်ကိုကြည့်ကာ ပြောလိုက်လေ၏။

ရန်ကိုင်က ပြုံးဖြီးလျက် “နောက်ပိုင်း အကြီးအကဲကောင်း ဧကရာဇ်အဆင့် ဆေးလုံးတွေ လိုအပ်လို့ရှိရင် တပည့်ကိုသာ လာရှာလိုက်… တပည့်ရဲ့ဆေးစွမ်းရည်က ထိပ်တန်းပဲ… ပြီးတော့ အကြီးအကဲကောင်းဆိုလို့ရှိရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမယ်…”

ကောင်းရွှယ်ထင်းက ရယ်သွမ်းသွေးလျက် “နင်ကိုယ်တိုင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်နေပြီ… ဟိုမျိုးရိုးနာမည်ဝမ်ဆိုတဲ့ လူပုံစံမျိုး ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို လျှောက်လုပ်မနေနဲ့…”

ရန်ကိုင့်၏ပါးစပ်ကြီး မဲ့သွားခဲ့လေသည်။ “ဒီတော့ အကြီးအကဲကောင်းက ကျောင်းသခင်ဝမ်ကို အရူးတစ်ယောက်လို့ သတ်မှတ်ထားတာပေါ့…”

ကောင်းရွှယ်ထင်းသည် နှာခေါင်းရှုံ့လျက် အခြားဘက်သို့ အကြည့်လွှဲလိုက်လေသည်။ “ဟိုမှာ ဆေးပင်အချို့ ကျန်သေးပါလား… နင်ဘာဖြစ်လို့ အကုန်မခူးလိုက်တာလဲ…” ကောင်းရွှယ်ထင်းက ခေါင်းစဉ်ပြောင်းလိုက်လေသည်။

ထိုကဲ့သို့ မေးပြီးသည့်နောက်တွင် တစ်ခုခုအား နားလည်သွားသည့်အလား ပြန်ပြောလိုက်လေ၏။ “ငါသိပြီ… နင်တို့ ဆေးပညာရှင်တွေက ဆေးပင်တွေကို ခူးတဲ့အချိန် အကုန်မခူးပဲနဲ့ နောင်လာနောင်သားတွေ ထပ်လာခူးလို့ရအောင် ချန်ထားပေးခဲ့တာမလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဒါပေမဲ့ အဲ့လိုလုပ်တယ်ဆိုတာကလည်း အရွယ်မရောက်သေးတဲ့ ဆေးပင်တွေအတွက်ပဲ… ဒီဆေးဥယျာဉ်ကြီးတစ်ခုလုံးက တည်ရှိလာတာကြာပြီဆိုတော့ ဒီထဲမှာရှိတဲ့ ဆေးပင်တွေအကုန်လုံးကလည်း အရွယ်ရောက်နေကုန်ကြပြီ… ဒီတော့ အကုန်လုံး ခူးပစ်လို့ရတယ်…”

“ဒါဆို ဘာဖြစ်လို့ ချန်ထားသေတာလဲ…” ကောင်းရွှယ်ထင်း ဇဝေဇဝါဖြစ်သွားခဲ့လေသည်။

ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “အဲ့ဒါတွေကို မခူးတာမဟုတ်ဘူး… ခူးလို့မရလို့ ဒီတိုင်းပဲ ထားခဲ့လိုက်တာ… ဒီလောကကြီးမှာ ဆေးပင်အချို့ရှိတယ်… ဘယ်လိုဆေးပင်မျိုးလည်းဆိုတော့ သူတို့တွေကို ခူးပြီးတာနဲ့ ချက်ချင်းသုံး မသုံးလို့ရှိရင် အဲ့ဆေးပင်တွေက ပျက်စီးသွားရော… အဲ့လိုမျိုး… အဲ့ဒါကြောင့်မလို့ အဲ့ဆေးပင်တွေကို ဒီတိုင်းပဲ ထားခဲ့လိုက်တာ… အကြီးအကဲကောင်း… ခင်ဗျားခူးလိုက်တဲ့ ဆေးပင်တွေထဲမှာရော အဲ့လိုဆေးပင်မျိုးပါလား…”

ထိုအခါမှသာ ကောင်းရွှယ်ထင်းလည်း သူမ၏သိုလှောင်စွပ်ထဲသို့ အလျင်အမြန် ကောက်စစ်ဆေးကြည့်လိုက်ရာ ဆေးပင်နှစ်ပင်မှာ လုံးဝကို ညှိုးခြောက်တော့မလို ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

“ငါသိပြီ…” ကောင်းရွှယ်ထင်း နောင်တရနေဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

ထိုဆေးပင်နှစ်ပင်ကို ခူးထားခဲ့သည်မှ တစ်ရက်လောက်သာ ရှိပါသေးသော်ငြား ဆေးအာနိသင်များစွာမှာ ဆုံးရှုံးသွားရလေပြီ။ နောက်ထပ်နှစ်ရက်သုံးရက်သာ ထပ်ကြာသွားမည်ဆိုပါက ထိုဆေးပင်နှစ်ပင်လုံး လုံးဝ သုံးစားရတော့လိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် ဒီဆေးပင်တွေကို ဒီတိုင်းထားပစ်လိုက်တာ နှမြောစရာပဲပေါ့…” ကောင်းရွှယ်ထင်းသည် နှစ်ဆယ်ကျော်မက ရှိသေးသော ဆေးပင်များကိုကြည့်ရင်း ပြောလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ အမှန်တကယ်တော့ ကောင်းရွှယ်ထင်းအား အကြောင်းစုံကို ရန်ကိုင်ပြောမပြခဲ့ချေ။

ရန်ကိုင့်အနေဖြင့် ထိုဆေးပင်များကို ဤနေရာတွင် ထားရစ်ခဲ့လည်း ကိစ္စမရှိ။ အများဆုံးမှ နောက်တစ်ကြိမ်ပြန်လာပြီး ခူးလိုက်ရုံပင်။

သို့သော်ငြား ခန္ဓာြဖစ်တည်အပင်ကိုတော့ အလွယ်တကူ လက်မလွှတ်ချင်ပေ။

ခန္ဓာဖြစ်တည်အပင်တွင် ပန်းပွင့်သုံးပွင့် ရှိနေခဲ့လေပြီ။ တစ်နည်းဆိုရသော် နောက်နောင်တွင် ခန္ဓာဖြစ်တည်အပင်မှ အသီး ၃လုံး သီးလာပေလိမ့်မည်။ နောက်သီးလာမည့် ခန္ဓာဖြစ်တည်အသီး ၃လုံးအကြောင်းကိုစဉ်းစားရင်း ရန်ကိုင့်အနေဖြင့် ဤအပင်ကို လုံးဝ လက်မလွှတ်ချင်တော့ပေ။

ကံကောင်းစွာဖြင့် သူ့၌ ကမ္ဘာငယ်လေး ရှိနေခဲ့သည်။ ယနေ့ကိစ္စအားလုံးကို သေသေချာချာကိုင်တွယ်ပြီးနောက် ကောင်းရွှယ်ထင်းအား အပြင်သို့ ပြန်ပို့ပြီးသည့်အခါ ဤနေရာသို့ ပြန်လာကာ ဤဆေးဥယျာဉ်တစ်ခုလုံးကို ကမ္ဘာငယ်လေးထဲသို့ ရွှေ့ပြောင်းပစ်လိုက်နိုင်ပေသည်။

“အကြီးအကဲကောင်း အဆင်ပြေပြီဆိုရင် ဒီကနေထွက်ကြတာပေါ့… ဂျူနီယာညီမလုဝမ်က အပြင်မှာစောင့်နေတယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

“ကောင်းပြီလေ…”

ဝင်ပေါက်သို့ ရောက်လာသည့်အခါ ရန်ကိုင်သည် ဝင်ပေါက်ဆီသို့ ဧကရာဇ်ချီမျှင်များကို ပစ်လွှတ်ရန် သူဖန်တီးထားသည့် ချိတ်စည်းများကို ဖယ်ရှားပစ်လိုက်လေသည်။ ထို့နောက် လေဟာနယ်လိုဏ်ခေါင်းကိုဖွင့်လျက် ကမ္ဘာငယ်လေးထဲမှ ကောင်းရွှယ်ထင်းနှင့်အတူ ထွက်လာခဲ့လေသည်။

အပြင်သို့ရောက်လာသည်နှင့်တစ်ပြိုင်နက် သွေးညှီနံ့များကို ရလိုက်သဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ပြန့်ကျဲနေသော အပိုင်းပိုင်းအစစ ဖြစ်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့လိုက်ရလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရပြီးသည့်နောက် အပြင်ဘက်တွင် ခြုံခိုတိုက်ခိုက်မည့်သူများ ရှိနေသလားဟု တွေးမိသွားကာ ကောင်းရွှယ်ထင်း ထိတ်လန့်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် တစ်နေရာ၌ အမျိုးသမီးနှစ်ဦး ငြိမ်သက်စွာရပ်နေကြောင်း တွေ့လိုက်ရလေသည်။ တစ်ဦးကို သူမ မသိသော်ငြား ကျန်တစ်ဦးမှာတော့ သူမတို့ကျောင်းတော်၏တပည့် လုဝမ်သာ ဖြစ်လေသည်။ ဤအချိန်တွင် လုဝမ်မှာ အနည်းငယ်ကြောက်ရွံ့နေသည့်အလား သူမ၏မျက်နှာမှာ ဖြူလျော်နေခဲ့လေသည်။

ကောင်းရွှယ်ထင်းနှင့် ရန်ကိုင်တို့ ပေါ်လာသည်ကိုမြင်သော် အမျိုးသမီးနှစ်ဦးစလုံး၏မျက်လုံးများ တောက်ပသွားခဲ့ပြီး သူတို့အား အမြန်လာနှုတ်ဆက်ကြလေသည်။

“အကြီးအကဲကောင်း…” ကောင်းရွှယ်ထင်းကိုမြင်သော် လုဝမ် ဝမ်းသာသွားခဲ့လေ၏။

ကျန်းရို့ရှီကလည်း ပြုံးလျက် ပြောလိုက်လေသည်။ “ကျွန်မပြောသားပဲ… ဆရာ့ကို ဘယ်သူမှ အနိုင်မယူနိုင်ပါဘူးလို့… အခု အစ်မလု စိတ်အေးအေးနေလို့ရပြီ…”

လုဝမ်က ရှက်ရှက်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကိုရန်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မလိုပါဘူး… ငါကလည်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… အကြီးအကဲတစ်ယောက် ပြဿနာတက်နေရင် ဝင်ကူညီရမှာ ငါ့တာဝန်ပဲပေါ့…”

ကောင်းရွှယ်ထင်းက မှတ်ချက်ပေးလိုက်လေ၏။ “ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ ငါ နင့်အပေါ် တကယ်ကို အကြွေးတင်သွားပြီ… နင့်ကြောင့်သာ မဟုတ်ရင်…”

အစောပိုင်းကအကြောင်း ပြန်တွေးလိုက်ရုံဖြင့် သူမ၏တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရလေသည်။

ထို့နောက် ခေါင်းခါလျက် ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒီကကိစ္စတွေ အားလုံး ပြီးသွားပြီဆိုမှတော့ ကျောင်းတော်ဆီကို ပြန်ကြတာပေါ့… လုဝမ် ငါ့နောက်လိုက်ခဲ့…”

“နားလည်ပါပြီ…” လုဝမ် ဝမ်းသာသွားခဲ့လေသည်။

သူမအနေဖြင့် ကျောင်းတော်ကို မရောက်ဖြစ်သည်မှာ အတော်လေးကို ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျောင်းတော်ဆီသို့ ပြန်ရမည့်အကြောင်းကိုတွေးရင်း လုဝမ် စိတ်လှုပ်ရှားလာမိလေ၏။

“နင်ရော ဘယ်လိုလုပ်မှာလဲ ရန်ကိုင်…” ကောင်းရွှယ်ထင်းက ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ ရန်ကိုင်သည် အရှေ့ဘက်နယ်မြေတွင် ပေါ်လာသည့်အတွက်ကြောင့် သူ့တွင် ဤနေရာ၌ လုပ်စရာကိစ္စတစ်ခုခု ရှိရပေလိမ့်မည်။ ထို့အတွက်ကြောင့် တောင်ဘက်နယ်မြေဆီသို့ သူမနှင့်အတူ ပြန်လိုက်မလားဟု ရန်ကိုင့်အား မမေးခဲ့ခြင်းပင် ဖြစ်လေသည်။

သူမ ခန့်မှန်းထားသည့်အတိုင်းပင် ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်မိတ်ဆွေတစ်ယောက်ကို ရှာဖို့ရှိသေးတယ်…”

ကောင်းရွှယ်ထင်းက ခေါင်းညိတ်လျက် “အဲ့ဒါဆိုရင် သတိထားဦး… နင်ကိုယ်တိုင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဆိုပေမဲ့ ဒီလောကကြီးထဲမှ အားကောင်းပြီး ပါရမီရှိတဲ့လူတွေမှ အများကြီးပဲ… တော်တော်များများက အပေါ်ယံကြည့်ပြီး သွားဆုံးဖြတ်လို့ ရတာမဟုတ်ဘူး…”

“တပည့်သိပါတယ်…” ရန်ကိုင်က တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။

“အချိန်ရရင်တော့ ကျောင်းတော်ဆီ ပြန်လာပြီး တစ်ချက်ကြည့်ကြည့်လိုက်ဦးပေါ့… နင်ကိုယ်တိုင်ကလည်း ကျောင်းတော်ရဲ့ အမည်ခံတပည့်တစ်ယောက်ပဲဟာကို…”

“လာမှာပါ…”

ရန်ကိုင့်အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် နေမင်းပြာကျောင်းတော်ဆီသို့ ကျိန်းသေ ပြန်သွားရပေလိမ့်မည်။ အကြောင်းမှာ ထျန်းယန်အား ပေးထားခဲ့သည့်ကတိကို ဖြည့်ဆည်းပေးရမည် ဖြစ်သည့်အတွက်ကြောင့်ပင်။

ထို့နောက် ကောင်းရွှယ်ထင်းနှင့် လုဝမ်တို့ ထွက်ခွာသွားတော့လေ၏။

ရန်ကိုင်တို့ဆီမှ မိုင်တစ်ရာခန့်အကွာလောက်သို့ ရောက်သော် လုဝမ်က ကောင်းရွှယ်ထင်းအား မေးလိုက်လေ၏။ “အကြီးအကဲ… စီနီယာအစ်ကိုရန်က ဒီလောက်တောင်အားကောင်းတာကို ဘယ်လိုလုပ်ပြီး ကျောင်းတော်ရဲ့ အမည်ခံတပည့်ပဲ ဖြစ်နေရတာလဲ…”

ရန်ကိုင့်၏ခွန်အားအရ ကျောင်းတော်၏ တပည့်တစ်ယောက်ဖြစ်ရန်မဆိုထားနှင့် အကြီးအကဲတစ်ဦးပင် ဖြစ်နိုင်ပေသည်။ အစကတော့ ရန်ကိုင်သည် ရှရှန်း၊ ရှောင်ပိုင်ယီတို့ကဲ့သို့သော ထိပ်သီးတပည့်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား အမည်ခံတပည့်တစ်ယောက်သာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကောင်းရွှယ်ထင်းက ပြန်၍ပြောလိုက်လေသည်။ “ဘာလို့လဲဆိုတော့ သူမှ ကျောင်းတော်ထဲမဝင်ချင်တာ… အဲ့ နေမင်းပြာရွှေတံဆိပ်ကိုတောင် ငါ သူ့ကို အတင်းအကြပ်ပေးခဲ့တာ…”

“ဟမ်…” လုဝမ်ကြောင်သွားလေ၏။

ရန်ကိုင်သည် ကမ္ဘာငယ်လေး၏ဝင်ပေါက်ရှေ့တွင် ရပ်နေရင်း ကောင်းရွှယ်ထင်းနှင့် လုဝမ်တို့ ထွက်သွားသည်ကို ရပ်စောင့်ကြည့်နေခဲ့လေသည်။ ထိုနှစ်ဦးစလုံး သူ့မြင်ကွင်းမှ ပျောက်သွားသည့်အခါမှသာ သားရဲတစ်သောင်းတံဆိပ်တုံးကို ထုတ်၍ ကျန်းရို့ရှီဆီသို့ ပစ်ပေးလိုက်လေ၏။ “ဒါကို သန့်စင်ပြီးတော့ အခုသုံးကြည့်လိုက်…”

ကျန်းရို့ရှီသည် ရန်ကိုင်ပစ်ပေးလာသည့် တံဆိပ်တုံးကို ဖမ်းယူပြီး သေချာစစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…”

ရန်ကိုင်သည် သူမအား မည်သည့် အဖိုးတန်ရတနာကိုမှ မပေးခဲ့ဖူးပေ။ သို့သော်ငြား လျို့ယန်၊ ဟွာချင်းစီနှင့် ကျောက်တုံးကိုယ်ပွားတို့တွင် ကိုယ်ပိုင်ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု အသီးသီး ရှိနေခဲ့ကြသည်။ ထိုမှော်ရတနာအားလုံးကိုလည်း ရန်ကိုင်မှ ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကျန်းရို့ရှီသည် ရန်ကိုင့်အား ထုတ်မပြောခဲ့သည့်တိုင် သူမစိတ်ထဲတွင်တော့ ရန်ကိုင်မှ သူမအား အဖိုးတန်ရတနာတစ်ခုခု ပေးလာမည်ကို စောင့်မျှော်နေလျက်ရှိ၏။

ရန်ကိုင်ဘက်မလိုက်တတ်မှန်း သူမသိပေသည်။ သူမအတွက် သင့်လျှော်သည့် အဖိုးတန်ရတနာတစ်ခုခု ရှာမတွေ့သေးသည့်အတွက်ကြောင့်သာ မပေးခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်သည် အဖိုးတန်ရတနာတစ်ခုအား သူမဆီသို့ ဤမျှမြန်မြန်ကြီး ပေးလာလိမ့်မည်ဟု မထင်ထားခဲ့‌ချေ။

ရန်ကိုင်မှ ပေးလာသည့် အရာဖြစ်ပါက သံတုံးတစ်တုံးပင်လျှင် သူမအတွက် အလွန်ကိုမှ အဖိုးတန်ပေသည်။ ယခုကဲ့သို့သော ထူးဆန်းလှသည့် ဧကရာဇ်အဆင့် တံဆိပ်တုံးတစ်ခုဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ကျန်းရို့ရှီမှာ သားရဲတစ်သောင်းတံဆိပ်တုံးကို သေသေချာချာ စစ်ဆေးကြည့်နေလေသည်။ ကြည့်လေ ကြည့်လေ ဤတံဆိပ်တုံးကို သူမပို၍ နှစ်သက်လာလေပင်။

ရန်ကိုင်သည် ကျန်းရို့ရှီကို ကြည့်ရင်းမှ ပြောလိုက်လေ၏။ “နင့်အခုပုံစံက တိုက်ခိုက်တာနဲ့ အရမ်းသွေးဆာလွန်းနေတယ်။ နောက်ပိုင်း အဲ့သွေးဆာတဲ့စိတ်ကို ထိန်းချုပ်ထားနိုင်အောင်လုပ်”

ထိုစကားကိုကြားသော် ကျန်းရို့ရှီက လျှာလေး တစ်လစ် တစ်လစ်ထုတ်လျက် “ရို့ရှီလည်း ဘာလို့အဲ့လိုဖြစ်မှန်းကို လုံးဝ နားမလည်ဘူး။ တိုက်ခိုက်လိုက်တာနဲ့ အခြားလူတစ်ယောက် ပုံစံကို လုံးဝ ပြောင်းသွားတော့တာပဲ... အစ်မလုဝမ်ကိုတောင် ရို့ရှီ ကြောက်အောင် လုပ်မိလိုက်တယ်နဲ့တူတယ်”

အစောပိုင်းက သူမတိုက်ခိုက်နေသည့်ပုံစံကို မကြည့်ရက်သည့်အလား လုဝမ်၏မျက်နှာ သွေးဆုတ်ဖြူလျော်နေခဲ့လေသည်။ လုဝမ်ကိုယ်တိုင်သည်လည်း အခြားသော ကျင့်ကြံသူများကို သတ်ခဲ့ဖူးပါသော်ငြား ကျန်းရို့ရှီကဲ့သို့တော့ ရက်ရက်စက်စက်မလုပ်ခဲ့ဖူးချေ။ ထို့အတွက်ကြောင့် ရန်ကိုင်တို့ထွက်လာချိန် လုဝမ်မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေရခြင်းပင်။

ဤမျှ အသက်ငယ်ငယ်လေးဖြင့် ကျန်းရို့ရှီ ဘာကြောင့် ဤမျှ ရက်စက်ကြမ်းကြုတ်နေကြောင်းကိုလည်း ရန်ကိုင်နားမလည်ချေ။ ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါသည် သွေးဆာသည့်လူသတ်သမားတစ်ဦးဆီတွင် ပေါ်လာလျှင် အထူးအဆန်းမဟုတ်သော်ငြား ကျန်းရို့ရှီကိုယ်တိုင်က ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် သွေးဆာသည့်လူတစ်ဦး ဖြစ်နေမည်ကိုတော့ ရန်ကိုင် စိုးရိမ်မိပေသည်။ ကျန်းရို့ရှီ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ သူမ၏သွေးမျိုးဆက်နှင့် ပတ်သက်နေရလိမ့်မည်ဟုသာ ရန်ကိုင် စဉ်းစားမိလိုက်တော့သည်။

နောက်တစ်ကြိမ် တွမ့်ဟုန်ချန်နှင့် ပြန်တွေ့ပါက ဤအကြောင်းကို သေသေချာချာ မေးရပေလိမ့်မည်။ သူသာ မပြောပြပါက ကျန်းရို့ရှီ၏ ရက်စက်သောဤစရိုက်သည် သူမ၏အနာဂတ်အား မည်သို့မည်ပုံ သက်ရောက်နိုင်သလဲ ဆိုသည်ကို သူသိနိုင်လိမ့်မည် မဟုတ်ပေ။

“ဆရာ… ကျွန်မတို့ ဘယ်အချိန်သွားမှာလဲ…” ကျန်းရို့ရှီက မေးလိုက်လေသည်။

“ဒီကကိစ္စ မပြီးသေးသရွေ့တော့ မသွားသေးဘူး…”

ပြောပြီးသည်နှင့် ရန်ကိုင်သည် လေဟာနယ်လိုဏ်ခေါင်းကို တစ်ဖန်ပြန်ဖွင့်လျက် ကျန်းရို့ရှီကိုခေါ်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။

လက်ရှိအချိန်တွင် ဤကမ္ဘာငယ်လေးထဲ၌ ရန်ကိုင် မခူးဘဲ ချန်ထားရစ်ခဲ့သည့် ဆေးပင်အချို့မှလွဲ၍ အခြား ဘာဆိုဘာမှ မရှိတော့ချေ။

ရန်ကိုင်သည် ကျန်းရို့ရှီအား နေရာတစ်ခုရှာကာ နားနေရန် ပြောပြီးသည့်နောက် ဆေးဥယျာဉ်နှစ်ခုဆီသို့ ချက်ချင်း တန်းလာလိုက်လေသည်။ ထို့နောက်တွင် ဧကရာဇ်ချီကို လှည့်ပတ်၍ မြေကြီးထဲသို့ ဧကရာဇ်ချီများကို ပို့လွှတ်လိုက်၏။ ရန်ကိုင့်၏လှုပ်ရှားမှုများမှာ မြန်မြန်ဆန်ဆန် ဖြစ်နေပါသော်ငြား တကယ့်တကယ်တွင် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို သေသေချာချာ ဂရုစိုက်ထားပေသည်။ ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်ငြား တစ်နာရီခန့်ကြာအောင် ဧကရာဇ်ချီများကို တရစပ် ထုတ်လွှတ်နေရပြီးနောက် စတင်၍ ပင်ပန်းချင်သလို ဖြစ်လာခဲ့သည်။ သို့သော်ငြား ပထမဦးဆုံးအဆင့်ကို ပြီးမြောက်သွားပြီဖြစ်သည့်အတွက်ကြောင့် လက်ကျန်အဆင့်များမှာ လွယ်ကူသွားခဲ့လေပြီ။

တစ်ခဏမျှ တင်ပျဉ်ခွေထိုင်ကာ အနားယူပြီးသည့်နောက် ရန်ကိုင် အားပြန်ပြည့်လာခဲ့လေသည်။

ထို့နောက်တွင် ကောင်းကင်စိတ်အာရုံကို အရူးအမူးဖြန့်ကျက်လျက် သူ့ရှေ့ရှိ ဆေးဥယျာဉ်နှစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။ ထို့နောက်တွင် ခြေကိုဆောင့်ကာ အော်ပြောလိုက်လေ၏။ “မ တင်လိုက်စမ်း…”

ရုတ်ချည်းဆိုသလို ဆေးဥယျာဉ်နှစ်ခုလုံးမှာ ရန်ကိုင့်၏စွမ်းအားအောက်တွင် တဖြည်းဖြည်း မြေပေါ်သို့ မြောက်တက်လာတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၂၉)

လက်ကျန်အပင်များနှင့် ဆေးပင်များကို ခူးယူ၍ မရတော့သည့်အတွက်ကြောင့် ရန်ကိုင်သည် ဆေးဥယျာဉ်နှစ်ခုလုံးကို သယ်သွားရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။

“ဘုန်း…”

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် ဆေးဥယျာဉ်နှစ်ခုစလုံးကို လွှမ်းခြုံလျက် ကောင်းကင်ပေါ်သို့ မ တင်ကာ ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်း၍ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ဘေးတွင် နေရာချထားလိုက်လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကိုသုံး၍ ဆေးပင်များ ထိခိုက်သွားလေသလား မထိခိုက်သွားဘူးလား စစ်ဆေးကြည့်၏။ အကုန်လုံး အဆင်ပြေပြေနှင့် ရှိနေကြောင်း တွေ့လိုက်ရသည့်နောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

သို့ရာတွင် ရန်ကိုင်သည် ထိုမြေကွက်နှစ်ခုနှင့်ပင် ကျေနပ်နေခြင်းမရှိခဲ့ချေ။ လက်ကျန် မြေကွက်များကိုလည်း အစောပိုင်းကနည်းလမ်းကိုသုံး၍ ကမ္ဘာငယ်လေးထဲသို့ ရွှေ့ပြောင်းလိုက်သေး၏။

ထိုမြေကွက်များသည် အဖိုးတန်ဆေးပင်မြောက်မြားစွာကို ပျိုးထောင်နိုင်ခဲ့သည့်အတွက်ကြောင့် မြေကွက်များနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားနေရပေလိမ့်မည်။ ထိုမြေကွက်များသည် ဆေးပင်များစိုက်ပျိုးရန်အတွက် အလွန်ကိုမှ ကောင်းမွန်လှသော မြေသားများကိုပင်လျှင် ပိုင်ဆိုင်ထားနိုင်ပေသည်။ ထိုမြေကွက်များအား ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းလိုက်ခြင်းဖြင့် ရန်ကိုင်သည် သူ၏ ဆေးဥယျာဉ်အကျယ်အဝန်းကို ချဲ့ထွင်နိုင်သလို နောက်နောင်တွင်လည်း အသစ်ရလာသည့် ဆေးပင်များကို ထိုဆေးဥယျာဉ်များထဲ စိုက်ပျိုးနိုင်ပေသည်။

လာရင်းကိစ္စ ပြီးမြောက်သွားသည့်နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို တစ်ချက်မျှ နောက်ဆုံးအကြိမ် စစ်ဆေးလိုက်ပြီးနောက် ကျန်းရို့ရှီနှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့၏။

လဝက်ခန့်ကြာပြီးသည့်နောက်……

ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သည် လှေပျံလေးပေါ်တွင် ထိုင်ရင်းမှ ခရီးဆက်နေခဲ့သည်။

ခရီးနှင်နေသည့် လဝက်တာ အချိန်အတောအတွင်း ရန်ကိုင်သည် လူပေါင်းများစွာနှင့် တွေ့ခဲ့ရသည်။ အစပိုင်းတွင် ကျိုးတိုးကျဲတဲ ဖြစ်နေသော မြို့များ၊ လူများကို တွေ့ခဲ့ရပါသော်ငြား အချိန်ကြာလာသည့်နောက် မြို့များကို တွေ့ရန် မဆိုထားနှင့်၊ လူသူတစ်ဦးတစ်ယောက်ကိုပင်လျှင် မတွေ့ရတော့ချေ။

ရန်ကိုင် မည်သည့်နေရာသို့ သွားနေသလဲဆိုသည်ကို ကျန်းရို့ရှီမသိချေ။ သို့သော်ငြား ရန်ကိုင့်အား သွားမမေးခဲ့ပဲ သားရဲတစ်သောင်းတံဆိပ်တုံးကိုသာ အာရုံစိုက်၍ သန့်စင်နေခဲ့လေသည်။

တစ်နေ့တွင် ရန်ကိုင်တို့၏ မြင်ကွင်းထဲ ပျက်စီးနေသော မြို့တစ်မြို့ ရုတ်တရက် ပေါ်လာခဲ့လေသည်။ အဆောက်အဦးများမှာ ဟိုတစ်စ သည်တစ်စ ပျက်စီးယိုယွင်းနေသည့်တိုင် မြို့တစ်ခုလုံးမှာတော့ ကျင့်ကြံသူပေါင်းများစွာနှင့် အလွန်ကိုမှ သက်ဝင်စည်ကားနေခဲ့သည်။

ရန်ကိုင်သည် မြို့အား ခဏမျှကြာအောင် စစ်ဆေးကြည့်ပြီးသည့်နောက် လှေပျံအား မြေပြင်ပေါ်သို့ ဆင်းစေလိုက်သည်။ ထို့နောက် ကျန်းရို့ရှီနှင့်အတူ မြို့ထဲသို့ ဝင်လာခဲ့လေ၏။

ဤမြို့မှာ အခြားသောမြို့များကဲ့သို့ နာမည်မရှိချေ။ သို့သော်ငြား မြို့ထဲသို့ ဝင်ချေထွက်ချေပြုနေကြသော ကျင့်ကြံသူပေါင်းများစွာတော့ ရှိနေကြလေသည်။ မြို့၏လမ်းမများမှာ ဆိုင်တန်းများဖြင့် ပြည့်နေခဲ့ပြီး အလွန်ကိုမှ သက်ဝင်စည်ကားနေခဲ့သည်။ ဆိုင်ပိုင်ရှင်များစွာဟာလည်း သူတို့၏ပစ္စည်းအသီးသီးကို အော်ဟစ်ရောင်းချရင်း ဈေးဝယ်သူများကို ဆွဲဆောင်ရန် ကြိုးစားနေခဲ့သည်။ မြို့ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အပြိုင်အဆိုင် အော်ဟစ်ရောင်းချနေသော ဈေးသည်များ၏ အော်သံတို့ ရန်ကိုင်နှင့်ကျန်းရို့ရှီတို့၏ နားထဲ ဟိန်းထွက်လာခဲ့လေသည်။

“ဒါက ဧကရာဇ်အဆင့် မှော်ရတနာတွေကို ပိုပြီးအားကောင်းအောင် လုပ်ပေးနိုင်တဲ့ ဧကရာဇ်အဆင့် လခရမ်းကျောက်စိမ်းပဲ… မင်းတို့ ဒီအခွင့်အရေးကို မလွတ်စေနဲ့နော်… ဧကရာဇ်အဆင့် မှော်ရတနာတွေရှိနေရင် တစ်ချက်လာပြီး ကြည့်ကြည့်လိုက်…”

“ဝိဥာဉ်သွေးမြက်ရမယ်နော်... ဝိဥာဉ်သွေးမြက်ဆိုတာ စားလိုက်တာနဲ့ စိတ်စွမ်းအင်ကို သိသိသာသာ တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ဧကရာဇ်အဆင့်မြင့် ဆေးပင်တစ်ပင်ပဲ... ဒါပေမယ့် ငါဒီဆေးပင်ကို ရောင်းမှာမဟုတ်ဘူး၊ အလဲအလှယ်ပဲလုပ်မှာ”

“ငါ့ဆီမှာ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းက တည်ရှိသွားတဲ့ တောင်ဝိဉာဉ်ရဲ့ဂိုဏ်းချုပ် ဧကရာဇ်တတိယအဆင့် ပညာရှင် တွမ့်စန်းခိုင် ကျင့်ကြံသွားတဲ့ ကျင့်စဉ်တစ်ခုရှိတယ်… မင်းတို့သာ ဒါကို ကျင့်ကြံနိုင်မယ်ဆိုလို့ရှိရင် ဖျက်ဆီးလို့မရနိုင်တဲ့ သတ္တုခန္ဓာကိုယ်ကို ရမှာ… ငါဒါကို အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တစ်သောင်းနဲ့ပဲ ရောင်းပေးနေတာ… လုံးဝကိုမှ တန်တန်လေးရောင်းပေးနေတာနော်… မင်းတို့ ဒီလို တစ်သက်မှ တစ်ကြိမ်ပဲတွေ့နိုင်တဲ့ အခွင့်အရေးမျိုးကို လုံးဝ လက်လွတ်မခံလိုက်ရစေနဲ့…”

“ဘာကွ… ဘယ်ကောင်က အတုလို့ပြောတာလဲ… မင်း သတ္တိရှိရင် ငါ့ရှေ့လာပြီး ပြောလိုက်စမ်း…”

“အဆင့်ဆယ့်နှစ် အမြီးခြောက်ချောင်းရဲ့ မြေခွေးပေါက်လေးရဲ့ တည်နေရာရမယ်… ဒီမြေခွေးပေါက်လေးက အမြီးကိုးချောင်းမြေခွေးရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာနော်… အဲ့မြေခွေးကို ထိန်းကျောင်းချင်တဲ့လူတွေ ငါ့ဆီကိုလာပြီး ဆွေးနွေးလို့ရတယ်…”

ကျန်းရို့ရှီမှာ ပျားပန်းခတ်မျှ စည်ကားသိုက်မြိုက်နေသော ဈေးတန်းကြီးကိုကြည့်ရင်း သူမ၏ခေါင်းလေးမှာ ဘယ်မှညာသို့ အဆက်မပြတ် ကူးကလန်ခတ်နေခဲ့လေသည်။ ဤကဲ့သို့သော အရာများသည် သူမအတွက် လုံးဝကို အသစ်အဆန်းဖြစ်လေ၏။

တစ်ခဏမျှကြာသည့်အခါ ကျန်းရို့ရှီသည် ရန်ကိုင့်၏ အင်္ကျီလက်စကိုဆွဲ၍ တိုးတိုးလေး မေးလိုက်လေသည်။ “ဆရာ… ဒါ ဘယ်နေရာလဲ.. ဘာဖြစ်လို့ ဒီမှာ ဧကရာဇ်အဆင့် ပစ္စည်းတွေ၊ ကျင့်စဉ်တွေနဲ့ မွန်းစတားသားရဲပေါက်လေးတွေရဲ့ နေရာတွေကို ရောင်းနေရတာလဲ… ပြီးတော့ သူတို့ပြောနေတဲ့ ရှေးဟောင်းနယ်မြေဆိုတာရော ဘာကြီးလဲ…”

ဧကရာဇ်အဆင့် ပစ္စည်းများကို ရောင်းချလျှင် ကျန်းရို့ရှီ နားလည်နိုင်ပေသေးသည်။ သို့သော်ငြား ဧကရာဇ်အဆင့်ကျင့်စဉ်များနှင့် မွန်းစတားသားရဲပေါက်များ၏ တည်နေရာများကိုလည်း ရောင်းချ၍ ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်ငြား ခဏမျှကြာအောင် နားထောင်နေပြီးသည့်နောက်တွင် ထိုလူများ‌ရောင်းချနေသည့်ပစ္စည်းများနှင့် မွန်းစတားသားရဲပေါက်များ၏ တည်နေရာတို့သည် ရှေးဟောင်းကုန်းမြေဟုခေါ်သော နေရာတစ်ခုဆီမှ ရောက်လာခြင်းဖြစ်ကြောင်း သိသွားခဲ့ရလေသည်။

မြို့တစ်ခုလုံးမှာ ကသောင်းကနင်းဖြစ်နေသော်ငြား အလွန်ကိုမှလည်း သက်ဝင်စည်းကားလှသည်။ ထို့အပြင် မြို့ထဲ၌ရှိနေသော ကျင့်ကြံသူတိုင်းလိုလိုသည် တာအိုသခင်အဆင့် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဧကရာဇ်အဆင့်များ ဖြစ်နေကြကြောင်း တွေ့လိုက်ရသည်။

ဤနေရာတွင် ဘာကြောင့်များ အဆင့်မြင့်ပညာရှင်ပေါင်းများစွာ စုဝေးနေရလေသနည်း။

ရန်ကိုင်က ပြုံးကာ ရှင်းပြလိုက်လေသည်။ “ဒီနေရာက ရှေးဟောင်းတောအုပ်ကြီးရဲ့ အစွန်အဖျားပိုင်းမှာ ရှိနေတာလေ… သူတို့ပြောနေတဲ့ ရှေးဟောင်းကုန်းမြေဆိုတာ အဲ့ရှေးဟောင်းတောအုပ်ကြီးကို ပြောနေတာ…”

(ရှေးဟောင်းတောအုပ်နဲ့ ရှေးဟောင်းကုန်းမြေက အတူတူပါပဲ။ အဲ့စကားလုံးနှစ်လုံးကို အလျင်းသင့်သလို သုံးသွားပါ့မယ်)

“ရှေးဟောင်းတောအုပ်ကြီး…” ကျန်းရို့ရှီ မျက်လုံးအပြူးသားလေး ဖြစ်သွားခဲ့လေသည်။

“ရှေးဟောင်းတောအုပ်အကြောင်းကိုတော့ ငါ နည်းနည်းပါးပါးတော့သိထားတယ်.. သူများတွေပြောတာတော့ အဲ့နေရာက မွန်းစတားသားရဲတွေနဲ့ နတ်သားရဲတွေ နေတဲ့နေရာဆိုပဲ… ဧကရာဇ်အဆင့် ပညာရှင်တွေတောင် အဲ့ထဲဝင်သွားလို့ရှိရင် အသက်အာမခံချက် မရှိဘူးတဲ့…”

“အဲ့လိုအန္တရာယ်တွေနဲ့ ပြည့်နေတာတောင် လူတွေအများကြီးက အဲ့ထဲကို သွားနေတာဆိုတော့ အဲ့နေရာတစ်ခုလုံးက ရတနာတွေနဲ့ ပြည့်နေလို့နေမှာပေါ့…” ကျန်းရို့ရှီက ပြောလိုက်လေသည်။

“ဒီလောကကြီးတစ်ခုလုံးကို လူတွေကပဲ သက်ဝင်လှုပ်ရှားအောင် လုပ်ပေးနေတာ… အဲ့လူတွေကိုလည်း အကျိုးအမြတ် ရတနာတွေကပဲ သက်ဝင်လှုပ်ရှားအောင် ပြန်ပြီးလုပ်ပေးတာ… ဒါကြောင့်ပဲ ဒီနေရာမှာ အဆင့်မြင့်ပညာရှင်တွေ အများကြီးရှိနေရတာ… ရှေးဟောင်းတောအုပ်ကြီးက အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့နေရာတစ်ခုလုံးကလည်း ရတနာတွေနဲ့ ပြည့်နေတာလေ… ပြီးတော့ ဒီကလူတွေ ရောင်းနေတဲ့ ပစ္စည်းတွေအများစုမှာ ရှေးဟောင်းတောအုပ်ရဲ့ အရှိန်အဝါတွေ ကပ်ပါနေတယ်… အဲ့တစ်ချက်ကိုကြည့်ရုံနဲ့တင် အဲ့ပစ္စည်းတွေအကုန်လုံးက ရှေးဟောင်းတောအုပ်ထဲက ရလာတယ်ဆိုတာ သိနိုင်တယ်… ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းတောင် အဲ့ရှေးဟောင်းတောအုပ်ထဲက လာခဲ့တာပဲကို…”

“တောင်နဲ့မြစ်ခေါင်းလောင်း…” ကျန်းရို့ရှီ၏မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တလက်လက်တောက်ပလာလေသည်။ ကျန်းရို့ရှီမှာ ကြယ်ပျက်ပင်လယ်ထဲ ရောက်သွားပြီးသည့်နောက် တောင်နဲ့မြစ်ခေါင်းလောင်းအကြောင်း သိလာခဲ့ရသည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းအား ရန်ကိုင်ပိုင်ဆိုင်ထားသည်ဟူသော အချက်ကိုတော့ မသိခဲ့ပေ။

အသက်ပြင်းပြင်းရှူသွင်းပြီးသည့်နောက်တွင် ကျန်းရို့ရှီက မေးလိုက်လေသည်။ “ဆရာ… ဆရာက ရှေးဟောင်းတောအုပ်ထဲသွားချင်လို့ ဒီကိုရောက်လာတာလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ငါ ရှေးဟောင်းတောအုပ်ထဲကိုသွားဖို့ ဒီကိုလာခဲ့တာ…”

ယင်လဲ့ရှန်းပြောပုံအရ ရှောင်ရှောင်အား လိုက်ဖမ်းနေစဉ်အတောအတွင်း ရှောင်ရှောင်သည် ရှေးဟောင်းတောအုပ်ထဲသို့ ဝင်ပြေးသွားခဲ့သည်ဟု ပြောခဲ့ပေသည်။ ထိုစဉ်က ရှေးဟောင်းတောအုပ်ဆိုသည်မှာ မည်ကဲ့သို့သော နေရာမျိုး ဖြစ်သလဲဆိုသည်ကို ယင်လဲ့ရှန်းမသိခဲ့ပေ။ သို့သော်ငြား ထိုရှေးဟောင်းတောအုပ်ဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည့်အတွက်ကြောင့် ရှောင်ရှောင်နောက်သို့ လိုက်မဝင်သွားခဲ့ဘဲ လမ်းတစ်ဝက်၌ပင် လက်လျှော့ခဲ့လေသည်။ ထို့နောက်ပိုင်း ရှောင်ရှောင်အား တစ်ခါမျှ ပြန်မတွေ့ရတော့ချေ။

ယင်လဲ့ရှန်းပြောသည်သာ အမှန်ဖြစ်မည်ဆိုပါက ရှောင်ရှောင်သည် ရှေးဟောင်းတောအုပ်ထဲတွင် ရှိနေပေလိမ့်မည်။

ဝိဉာဉ်စာချုပ် ချုပ်ဆိုထားသည့်အတွက်ကြောင့် ယင်လဲ့ရှန်းသည် ဘေးထွက်ဆိုးကျိုးကို တန်ပြန်နိုင်မည့် ကျင့်စဉ်တစ်မျိုးမျိုးကိုသာ သိမထားပါက ရန်ကိုင့်အား လိမ်ပြောခဲ့လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင့်အနေဖြင့် ရှေးဟောင်းတောအုပ်ထဲသို့ သွားရပေလိမ့်မည်။

ရန်ကိုင်ကိုယ်တိုင်သည် အရှေ့ဘက်နယ်မြေ၏ ဒေသခံတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ရှေးဟောင်းတောအုပ်အကြောင်း များများစားစား မသိပေ။ ယင်လဲ့ရှန်းသာမပြောလျှင် ရှေးဟောင်းတောအုပ်အကြောင်းကိုပင်လျှင် သိလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် ရှေးဟောင်းတောအုပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အရင်ဦးစွာ လိုက်လံစုံစမ်းရပေလိမ့်မည်။

ရန်ကိုင့်စိတ်ထဲတွင် ဘယ်သူ့ဆီသို့ သွားမေးရမလဲဆိုသည်ကို ကြိုတင်စဉ်းစားထားပြီးသားပင်။ ချီမိသားစုမှ ချီဟိုင်အား ရှေးဟောင်းတောအုပ်အကြောင်းကို သွားရောက်မေးမြန်းနိုင်ပေသည်။

ကြယ်ပျက်ပင်လယ်ထဲတွင်ရှိစဉ်က ထိုလူသည် ရန်ကိုင့်အား အရှေ့ဘက်နယ်မြေသို့ လာပါက သူတို့ချီမိသားစုဆီသို့ ဧည့်သည်တစ်ဦးအဖြစ် လာရောက်ရန် ဖိတ်ခေါ်ခဲ့ပေသည်။ ချီဟိုင်သည် ချီမိသားစုဝင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရှေးဟောင်းတောအုပ်နှင့် ပတ်သက်သည့်လျှို့ဝှက်ချက်များကို ကျိန်းသေ သိထားရပေလိမ့်မည်။

ချီဟိုင်၏အကူအညီကိုသာ ရလိုက်မည်ဆိုပါက ရှေးဟောင်းတောအုပ်ထဲသို့ ဝင်သည့်အခါ အသက်ရှင်နိုင်ချေ ပိုမြင့်သွားနိုင်ပေသည်။

ရန်ကိုင်မှာ ကျန်းရို့ရှီနှင့် စကားပြောနေစဉ် အတောအတွင်း ဉာဏ်နီဉာဏ်နက်များဟန်ရသည့် လူတစ်ဦး သူတို့နားသို့ကပ်လာပြီး တိုးတိုးလေးပြောလိုက်လေသည်။ “ရောင်းရင်း… ငါ့မှာ ဧကရာဇ်အဆင့် ဘုံကိုးသွယ် နတ်တိမ်တိုက်အသီးတစ်လုံးရှိတယ်… မင်းလိုချင်လား… ငါမင်းကို ဈေးပေါပေါနဲ့ ရောင်းပေးလို့ရတယ်…” ပြောပြီးသည့်နောက် သူ့လက်ကိုဖွင့်ပြလိုက်ရာ သူ့လက်ထဲတွင် သိပ်သည်းလှသည့် ချီစွမ်းအင်ကို ထုတ်လွှတ်နေသော အနီရောင်တောက်နေသည့် အသီးတစ်လုံး ပေါ်လာခဲ့လေသည်။ သူ့လက်အား တစ်ချက်ကလေးသာ ဖွင့်ပြလိုက်ခြင်း ဖြစ်သော်ငြား အသီးဆီမှ ထွက်ပေါ်လာသည့် စိတ်စွမ်းအင်လှိုင်းများသည် အနီးအနားတွင်ရှိနေသည့် ကျင့်ကြံသူများအား အလန့်တကြား ဖြစ်သွားစေခဲ့သဖြင့် အကုန်လုံးမှာ ရန်ကိုင်တို့ဆီသို့ လှည့်ကြည့်လာကြလေသည်။

“ဘုံကိုးသွယ် နတ်တိမ်တိုက်အသီး…” ရန်ကိုင့်၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည်။

ကျန်းရို့ရှီသည် မျက်မှောင်ကျုံ့လျက် နောက်သို့ဆုတ်သွားခဲ့သည်။ ထိုလူသည် ဖိုသီဖတ်သီ ဝတ်စားထားရုံမက ၎င်း၏ကိုယ်နံ့မှာလည်း အလွန်ကိုမှ ဆိုးရွားလှသည်။ မသိသာမသိလျှင် ရက်ပေါင်းများစွာကြာအောင် ရေမချိုးထားသည့်ပုံပင်။ ထို့အပြင် သူစကားပြောလိုက်သည့်အခါတွင်လည်း ပေါ်လာသည့် သူ၏သွားများမှာ ဝါကျင့်ကျင့်ဖြစ်နေလေ၏။

“မင်းလိုချင်လား…” ထိုလူက လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “ဒီအသီးကို ရှေးဟောင်းတောအုပ်ထဲကနေ ပြန်ယူလာဖို့ ငါ့အသက်ကို စွန့်စားခဲ့ရတာ… ရှင်းရှင်းပြောရရင် ဒီအသီးကို သွားယူတုန်းက ဒီအသီးကိုစောင့်ကြပ်နေတဲ့ အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်တောင်ရှိသေးတယ်…”

“အဆင့်ဆယ့်နှစ်မွန်းစတားသားရဲတစ်ကောင်က စောင့်ကြပ်နေတာ…” ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။

ဧကရာဇ်အဆင့် ဆေးပင်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤဘုံကိုးသွယ်နတ်တိမ်တိုက်အသီးမှာ အတုမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ အစစ်အမှန် ဘုံကိုးသွယ်နတ်တိမ်တိုက်အသီးသည် ဧကရာဇ်အဆင့် အသီးတစ်မျိုးဖြစ်ပြီး အလွန်တရာကိုမှ ရှားပါးလှသည်။ ထို့အပြင် ဘုံကိုးသွယ်နတ်တိမ်တိုက်အသီး၏ အရှိန်အဝါမှာ ယခုကဲ့သို့ အလွန်ကိုမှ ပြင်းထန်နေခြင်း မရှိချေ။

ဘုံကိုးသွယ် နတ်တိမ်တိုက်အသီးအား မွန်းစတားသားရဲတစ်ကောင်မှသာ စောင့်ကြပ်ကာကွယ်လေ့ရှိသည်။ ထိုမွန်းစတားသားရဲမှာ ဘုံကိုးသွယ် မိုးကြိုးစပါးအုံးသာ ဖြစ်လေသည်။ ထိုမိုးကြိုးစပါးအုံးမှာ အဆင့်ဆယ့်နှစ် မွန်းစတားသားရဲဖြစ်၏။ သို့သော်ငြား ဤအသီးကို လာရောင်းနေသည့်လူ၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ပထမအဆင့်သာ ရှိပေသေးသည်။ သူသာ ဘုံကိုးသွယ်မိုးကြိုးစပါးအုံးနှင့်တွေ့ပါက လုံးဝကို အသက်ရှင်လျက် ထွက်ပြေးလာနိုင်စရာအကြောင်းမရှိချေ။

All Chapters