← Chapters

အခန်း (၂၅၃၀-၂၅၃၂)

Vol. 105 Ch. 2530-2532

အခန်း (၂၅၃၀-၂၅၃၂)

Vol. 105 Ch. 2530-2532

အပိုင်း (၂၅၃၀)

ဤမြို့ထဲတွင် ကြောင်သူတော်ကြွက်သူခိုးများ အလွန်ကိုမှပေါများမှန်း ရန်ကိုင်သိပေသည်။ ရန်ကိုင်သည် ဤမြို့နှင့် မရင်းနှီးသော်ငြား ထိုအချက်ကိုတော့ သေချာသိထားသည်။ ဤလူ ရန်ကိုင်တို့အား လာရောက်ပစ်မှတ်ထားရခြင်းမှာ ရန်ကိုင်နှင့် ကျန်းရို့ရှီသည် ငယ်ငယ်လေးသာ ရှိသေးပြီး ယခုလေးတင်မှ မြို့ထဲသို့ဝင်လာကြသည့် လူသစ်များ ဖြစ်သည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ကံကောင်းလေမလားဟု လာရောက်ကံစမ်းခြင်း ဖြစ်လေသည်။

ရန်ကိုင်ကမူ ထိုလူအား စိတ်ထဲထားမနေခဲ့ပေ။ ထိုလူကိုကြည့်ရင်း အခြားလူတစ်ဦးကို ပြန်မြင်ယောင်မိသွားသည်။ လောကတစ်သောင်းမဟာဧကရာဇ်ပင်။ ရန်ကိုင်မှ လောကတစ်သောင်းမဟာဧကရာဇ်ကိုတွေ့စဉ်က လောကတစ်သောင်းမဟာဧကရာဇ်၏ပုံစံမှာလည်း ယခုလူကဲ့သို့ပင် သူဖုန်းစားတစ်ဦးကဲ့သို့ ဝတ်စားထားခဲ့ပေသည်။

တွမ့်ဟုန်ချန်အကြောင်း စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင့်စိတ်ထဲ အနည်းငယ် စိတ်ပူမိသွားခဲ့လေသည်။ ယခုအချိန်တွင် တွမ့်ဟုန်ချန် မည်ကဲ့သို့ ဖြစ်နေလေမည်နည်း။

“ရောင်းရင်း… မင်း ယူမလား မယူဘူးလား ငါ့ကို ပြောကွာ… မဟုတ်ရင် ငါ အခြားတစ်ယောက် သွားရှာတော့မယ်…” ရန်ကိုင်သည် သူ့အား သိပ်၍ အရေးမစိုက်သည်ကိုမြင်သော် ထိုလူက ထပ်ပြောလိုက်လေသည်။

ရန်ကိုင်သည် ထိုလူကိုကြည့်လျက် သူ၏ဧကရာဇ်အဆင့် အရှိန်အဝါကို မသိမသာလေး ထုတ်ပြလိုက်လေသည်။

ထိုလူ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကပျာကယာဖြင့် နောက်သို့ဆုတ်လျက် အံ့ဩတကြီးဖြင့်ပြောလိုက်လေသည်။ “ဒီတော့ ရောင်းရင်းက အားကောင်းလှတဲ့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေတာကိုး…”

သူကိုယ်တိုင်သည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးရှေ့မှောက်တွင် ဘာဆိုဘာမှ မဟုတ်တော့ချေ။ ရန်ကိုင်မှ ဧကရာဇ်အဆင့်ဖိအားကို ထုတ်ပြလိုက်ခြင်းသည် သူသည် ရန်စလို့ကောင်းသည့် လူတစ်ဦးမဟုတ်ဟု သတိပေးလိုက်ခြင်းနှင့် အတူတူသာဖြစ်လေသည်။

ထို့အတွက်ကြောင့် ထိုလူမှာ အားတင်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “လူကြီးမင်းက မလိုမှတော့ ကျုပ်သွားလိုက်ပါဦးမယ်…”

လိမ်ရန် ရွေးလိုက်သည့်အထဲတွင်မှ သူရွေးလိုက်သည့်လူသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။ ထိုလူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား ရန်စရဲလောက်သည်အထိ သတ္တိမရှိချေ။ ထို့ကြောင့် ချက်ချင်း ပြန်ထွက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ သူသာ ယခုနေမှ ထွက်မသွားပါက တစ်ဖက်လူ၏ ပြဿနာရှာခြင်းကို ခံရပေတော့မည်။

“နေဦး…” ရန်ကိုင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ထိုလူ၏ခြေလှမ်းတို့ တုံ့ခနဲရပ်သွားခဲ့ပြီး သူ၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။

“လူကြီးမင်း ဘာများပြောချင်လို့လဲမသိဘူး..” ထိုလူက ကတုန်ကယင်ဖြင့် ပြန်မေးလိုက်လေ၏။

“မင်းကြည့်ရတာ ဒီမှာရှိနေတာ တော်တော်ကြာပြီနဲ့တူတယ်…”

“ဟုတ်ပါတယ်ဆရာ… ကျုပ် ဒီမြို့မှာရှိနေတာ နှစ်ပေါင်းသုံးဆယ်ကျော်သွားပါပြီ…”

“နှစ်သုံးဆယ်ကျော်…” ရန်ကိုင်က မျက်ခုံးပင့်လျက် “ဒီတော့ မင်းက ရှေးဟောင်းတောအုပ်နဲ့ တော်တော်လေး ရင်းနှီးတာပေါ့…”

ရန်ကိုင့်၏ဖော်ရွေ့သည့်အပြုံးကိုမြင်သော် ထိုလူ၏ ဂနာမငြိမ်ဖြစ်နေသည့်စိတ် အတော်လေး ငြိမ်သက်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏။ “ဟုတ်ပါတယ်…”

“ငါ မင်းကို မေးချင်တာတစ်ခုရှိတယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

“ရှေးဟောင်းတောအုပ်နဲ့ ပတ်သက်တာလား…” ထိုလူသည် ရန်ကိုင့်၏စကားကို အထအနကောက်၍ ရန်ကိုင်ဘာပြောချင်နေသလဲ ဆိုသည်ကို ချက်ချင်း ခန့်မှန်းမိလိုက်လေသည်။

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ငါတို့စကားပြောလို့ရမယ့် နေရာတစ်ခုရှိလား….”

“ဆရာ စိတ်ထဲမထားဘူးဆိုလို့ရှိရင် ဆရာ့ကို နေရာတစ်ခုဆီ ခေါ်သွားပေးလို့ရပါတယ်… ဒါပေမဲ့ အဲ့နေရာက နည်းနည်းလေးဈေးကြီးပါတယ်…”

“ကိစ္စမရှိဘူး… ငါ့ကိုသာခေါ်သွားပေး…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်လေ၏။

ထိုလူမှာ ဝမ်းသာသွားခဲ့ပြီး ချက်ချင်း ရှေ့မှ ဦးဆောင်ခေါ်သွားပေးလေသည်။ မကြာမီတွင် ရန်ကိုင်တို့သုံးဦးသည် စားသောက်ဆိုင်တစ်ခုနှင့်ဆင်တူသည့် အဆောက်အဦးတစ်လုံးထဲသို့ ဝင်လာခဲ့လေ၏။ မြို့ထဲရှိ အခြားသော အဆောက်အဦးများကဲ့သို့ပင် ဤစားသောက်ဆိုင်၏ အပြင်ပန်းမှာ အတော်လေးကိုမှ ပြိုကျယိုယွင်းနေခဲ့လေသည်။ သို့သော်ငြား အတွင်းပိုင်းမှာတော့ အတော်လေးကိုမှ ကောင်းမွန်လှသည်။

အဆောက်အဦး၏ ကြမ်းပြင်ကို ဘယ်ကမှန်းမသိရသော တိရစ္ဆာန်၏အမွေးများဖြင့် ခင်းကျင်းထားခဲ့ပြီး နံရံများတွင်လည်း ညလင်းကျောက်များကို တပ်ဆင်ပေးထားခဲ့သည်။ စားသောက်ဆိုင်အတွင်းရှိ လေထုသည်ပင်လျှင် မွှေးပျံ့သည့်သင်းရနံ့တစ်မျိုးဖြင့် သင်းထုံနေခဲ့လေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤစားသောက်ဆိုင်ပိုင်ရှင်မှာ စွမ်းအား အတော်အသင့် ရှိသည့်လူတစ်ဦးမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက စားသောက်ဆိုင်အတွင်းပိုင်းကို ဤမျှ တခမ်းတနား တန်ဆာဆင်ထားနိုင်လိမ့်မည် မဟုတ်ချေ။

အထဲသို့ ဝင်လာပြီးသည်နှင့် ဆိုင်ဝန်ထမ်းဖြစ်ပုံရသည့် လူငယ်လေးတစ်ဦးသည် သူတို့အား လာရောက်နှုတ်ဆက်လေသည်။ သို့သော်ငြား ရန်ကိုင်တို့အား ဦးဆောင်လာသည့်လူကို မြင်ပြီးသည့်နောက် ကမန်းကတမ်း လက်ဝှေ့ယမ်း၍ “ရှူး ရှူး ရှူး… သွား ထွက်သွားစမ်းကွာ… ပီစန်း… မင်း ဒီထဲကို ဝင်လို့မရဘူး… ငါတို့ကြမ်းပြင်တွေ မညစ်ပတ်ခင် မင်း မြန်မြန် ထွက်သွားလိုက်ပေတော့…”

ဆိုင်လာသည့်ဧည့်သည်များကို ဝန်ဆောင်မှုပေးရသည့် တာဝန်ကိုသာ ယူထားရပါသော်ငြား ဆိုင်ဝန်ထမ်းလေးမှာ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် သူ့ကြည့်ရသည်မှာ အတော်လေးကို ငယ်ရွယ်သေးသည့်ပုံပင်။

ထို့အတွက်ကြောင့် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ရသည်။ ကြည့်ရသလောက် စားသောက်ဆိုင်၏ နောက်ခံသည် အတော်လေးကို ကြီးမားသည့်ပုံပင်။ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် ရန်ကိုင့်အတွက် ဘာဆိုဘာမှ မဟုတ်သော်ငြား ရှင်းရှင်းပြောရလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် ဆိုင်ဝန်ထမ်းတစ်ဦး လုပ်နေဖို့ရာ မသင့်တော်ပေ။

ပီစန်းဆိုသည့်လူကမူ ဆိုင်ဝန်ထမ်းလေး၏စကားကြောင့် ဒေါသူပုန်ထသွားဟန်ရပြီး ပြန်၍အော်ပြောလိုက်လေသည်။ “ငါတို့ကို လာအထင်မသေးနဲ့ကွ… ငါ ဒီနေ့ ဒီကလူကြီးမင်းကို စားသောက်ဖို့ခေါ်လာပေးတာ… မင်းတို့ဆီမှာရှိတဲ့ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေအကုန်လုံးကို မြန်မြန်ချပေးစမ်း… ငါတို့မှာ အရင်းအမြစ်ကျောက်တွေ ရှားပါးမနေဘူး…”

“လူကြီးမင်း…” ဆိုင်ဝန်ထမ်းလေးသည် ရန်ကိုင်နှင့် ကျန်းရို့ရှီဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်သွားလေ၏။

ကျန်းရို့ရှီသည် အသက်နှစ်ဆယ်လောက်သာ ရှိပေသေးသည်။ ထို့ကြောင့် သူမ၏ပါရမီမှာ ကောင်းမွန်မည်ဆိုလျှင်ပင် ဧကရာဇ်အဆင့်တော့ မဖြစ်နိုင်လောက်ပေ။ သို့ရာတွင် ရန်ကိုင်ကမူ အနည်းငယ်ဆန်းကြယ်သည့်ပုံ ပေါက်နေကာ အားနည်းသည့်ပုံမပေါ်ချေ။

ဆိုင်ဝန်ထမ်းလေးမှာ ဤနေရာတွင် တစ်နှစ်ပတ်လုံး အလုပ်လုပ်လာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လူတစ်ဦးကိုကြည့်လိုက်ရုံဖြင့် တစ်ဖက်လူ မည်ကဲ့သို့သောလူ ဖြစ်သလဲဆိုသည်ကို ချက်ချင်း ခန့်မှန်းတတ်နေလေပြီ။ တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ဤအဖွဲ့ထဲတွင် ရန်ကိုင်သည် အားအကောင်းဆုံးမှန်း ချက်ချင်း ပြောနိုင်သွားခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် ပီစန်းသည် သူ့အား လူကြီးမင်းဟု ခေါ်ဝေါ်နေလိမ့်မည်မဟုတ်ချေ။

သူတို့သုံးဦးသည် ဤနေရာသို့ စားသောက်ရန်အတွက် လာရောက်ခြင်းဖြစ်သည့်အတွက်ကြောင့် ဆိုင်ဝန်ထမ်းလေးအနေဖြင့် သူတို့အား မောင်းမထုတ်နိုင်ပေ။ ထို့အတွက်ကြောင့် ဦးညွှတ်၍ တလေးတစားဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ဝင်လာပေးပါ ဧည့်သည်တို့…”

ထိုသို့ဖြင် ပီစန်းသည် ခေါင်းကိုမော့ ရင်ကိုကော့လျက် ရှေ့မှ မြောက်ကြွမြောက်ကြွဖြင့် ဦးဆောင်သွားခဲ့လေ၏။ “အခန်းထဲကြွခဲ့ပေးပါဆရာ… ကျုပ် ဆရာ့ကို သီးသန့်ခန်းထဲဆီ ခေါ်သွားပေးပါ့မယ်…”

ရန်ကိုင်လည်း ခေါင်းညိတ်၍ ပီစန်းနောက်မှ လိုက်ဝင်သွားခဲ့ပေသည်။

ဆိုင်ဝန်ထမ်းလေးနားမှ ဖြတ်သွားချိန် ဆိုင်ဝန်ထမ်းလေးက ရုတ်တရက်ပြောလိုက်လေသည်။ “ဆရာ… ပီစန်းက ဒီမြို့ထဲမှာ အရမ်းနာမည်ကျော်တဲ့လူလိမ်တစ်ယောက်ပါ… အထူးသဖြင့် မြို့ထဲကို အသစ်ရောက်လာတဲ့လူတွေကို လိုက်လိမ်လေ့ရှိတဲ့ လူတစ်ယောက်ပါ… သူ့ကြောင့် အလိမ်ခံလိုက်ရတဲ့လူတွေလည်း နည်းတာမဟုတ်ပါဘူး… ဒီတော့ သူလိမ်တာမခံရအောင်လို့ ဆရာ တစ်ချက်တော့ သတိထားပါ…”

ရန်ကိုင်က ဆိုင်ဝန်ထမ်းလေးအား တစ်ချက်ကြည့်ပြီး ယဲ့ယဲ့လေးပြုံးလျက် “အခုလို သတိပေးတဲ့အတွက် ကျေးဇူးပဲ ညီငယ်လေး… ဒါပေမဲ့ စိတ်မပူနဲ့… သူ ငါ့ကို လာလိမ်ရဲလို့ရှိရင် နောက်တစ်နေ့ နေထွက်တာကို အဲ့ကောင် မြင်ရတော့မှာမဟုတ်ဘူး…”

ဆိုင်ဝန်ထမ်းလေးက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဆရာပြောတာမှန်ပါတယ်…”

အရှေ့ဆုံးမှသွားနေသည့်ပီစန်းသည် ထိုစကားကိုကြားသည့်အခါ ပျာယာခတ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်လှည့်ပြောလေ၏။ “စိတ်မပူပါနဲ့ဆရာ… အခြားသူတွေကိုသာ ကျုပ် လိမ်ရဲရင် လိမ်ရဲမယ်… ဆရာကိုတော့ လုံးဝကို မလိမ်ရဲပါဘူး… ဒါကြောင့် လုံးဝကို စိတ်မပူပါနဲ့ဆရာ… ဆရာကို လိမ်တယ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးနေမှန်းလည်း ကျုပ်ပီစန်းသိပါတယ်… ဒါကြောင့် အလိပ်ခံရမယ့် ကိစ္စနဲ့ ပက်သက်ပြီး ဆရာ လုံးဝ စိတ်ပူစရာမလိုပါဘူး”

သို့သော်ငြား ရန်ကိုင်ကမူ မျက်နှာတည်ဖြင့်သာ ရှိနေသဖြင့် ပီစန်းမှာ ပိုပို၍ စိတ်ပူလာခဲ့ရလေသည်။ မကြာမီတွင် ပီစန်းသည် ရန်ကိုင်နှင့် ကျန်းရို့ရှီအား သီးသန့်ခန်းတစ်ခန်းဆီသို့ ခေါ်သွားပေးလေ၏။

ပီစန်းသည် သူ့ကိုယ်နံ့အကြောင်းသူ သိထားသည့်အလား ရန်ကိုင်နှင့် ကျန်းရို့ရှီတို့အား နေရာချပေးပြီးသည့်နောက် ခပ်ဝေးဝေးတစ်နေရာတွင် သွားထိုင်နေလေ၏။

“ဆရာ… ဆရာတို့က ဒီမြို့ကို အခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ဒီဆိုင်ရဲ့ အကောင်းဆုံးဝိုင်ကို မြည်းစမ်းသင့်တယ်…” ပီစန်းက အားတက်သရောဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မင်းကြိုက်တာသာမှာလိုက်… အဲ့ဒါကို ငါ့မေးခွန်းတွေကို ဖြေပေးတဲ့အတွက် လက်ဆောင်လို့ သဘောထားလိုက်…”

ပီစန်းမှာ ဝမ်းသာသွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ဆရာ…”

ပီစန်းမှာ စားသောက်ဖွယ်ရာများ မရောက်သေးခင်မှာပင် သွားရည်တများများ ဖြစ်နေခဲ့လေသည်။ ရန်ကိုင့်၏ခွင့်ပြုချက်ကို ရလိုက်သည်နှင့် စားပွဲဝိုင်းကိုရိုက်လျက် ဟိတ်ဟန်ကြီးသည့်ပုံစံမျိုးဖြင့် စားပွဲထိုးတစ်ဦးကိုခေါ်ကာ သူစားသောက်ချင်သည့် အစားသောက်ပေါင်းစုံကို မှာတော့လေ၏။

ရန်ကိုင်မှာလည်း ပီစန်းမှာနေသည့် စားသောက်ဖွယ်ရာများ၏ နာမည်ကို ကြားပြီးသည့်နောက် မသိမသာလေး အံ့အားသင့်သွားခဲ့ရလေသည်။ ပီစန်းမှာနေသည့် စားသောက်ဖွယ်ရာအားလုံးမှာ မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများနှင့် ဆေးပင်များကိုအသုံးပြု၍ ချက်ပြုတ်ထားသည့် ဟင်းပွဲများ ဖြစ်ကြပေသည်။ ထိုမျှသာမဟုတ်သေး တချို့သော ဟင်းပွဲများဆိုလျှင် အဆင့်ဆယ့်တစ်မွန်းစတားသားရဲများနှင့် တာအိုအဆင့်ဆေးပင်များကိုသုံး၍ ချက်ပြုတ်ထားခြင်း ဖြစ်လေသည်။

ထိုကဲ့သို့သော ဟင်းအမယ်များကိုသုံး၍ ချက်ပြုတ်ထားသည့်အတွက်ကြောင့် ထိုဟင်းပွဲများမှာ အရသာဆိုးလျှင်ပင် ကျင့်ကြံသူတစ်ဦးအတွက်တော့ အလွန်ကိုမှ အသုံးဝင်ပေသည်။ ရေရှည်မှီဝဲကာ စားသောက်မည်ဆိုပါက မိမိ၏ခွန်အားကိုပင်လျှင် တိုးတက်လာစေနိုင်ပေသည်။

စားပွဲထိုးမလေးမှာ အတော်လေးကိုမှ ငယ်ပေသေးသည်။ ပီစန်းမှာလို့ပြီးသွားသည့်နောက်တွင် ရန်ကိုင့်ဘက်သို့လှည့်၍ ကသိကအောက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဧည့်သည်တို့ရှင့်… မှာသွားတာတွေအားလုံးက အဆင့်နိမ့်အရင်းအမြစ်ကျောက် ငါးသိန်းသုံးသောင်းကျပါတယ်… တစ်ခုခုမှာတော့မယ်ဆိုလို့ရှိရင် ကျေးဇူးပြုပြီး အရင်ငွေချေပေးရပါတယ်ရှင့်…”

ဟင်းပွဲများကို ရှင်းပေးမည့်လူမှာ ရန်ကိုင်မှန်း သူမသိနေလေသည်။ ပီစန်း၏ပုံစံအရ လုံးဝ ရှင်းပေးနိုင်သည့်ပုံမပေါက်။

ထိုစကားကိုကြားသော် ပီစန်းက စားပွဲအား ဒေါသတကြီးဖြင့် ကောက်ရိုက်လိုက်လေ၏။ “ဘာလဲ… ငါတို့ စားပြီး ထွက်ပြေးသွားမှာကို နင်ကြောက်နေတာလား… နင်ရော အပြင်မှာရှိနေတဲ့ဆိုင်ဝန်ထမ်းရော အတူတူပဲ… လာတဲ့ဧည့်သည်တွေအပေါ် အရမ်းကို မိုက်ရိုင်းလွန်းတယ်… ဧည့်သည့်တွေကို ဒီလိုဆက်ဆံရမယ်လို့ နင်တို့ဆိုင်ပိုင်ရှင်က သင်ပေးထားတာလား…”

ထိုစကားကိုကြားသော် စားပွဲထိုးမလေး၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ကမန်းကတမ်း လက်ဝှေ့ယမ်းရင်း ပြန်၍ငြင်းဆိုလိုက်လေသည်။ “မဟုတ်ပါဘူး မဟုတ်ပါဘူး…”

ပီစန်းထပ်ပြောတော့မည်အပြု ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည့်အတွက်ကြောင့် ပီစန်းမှာ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အိတ်တစ်လုံးကိုထုတ်၍ စားပွဲထိုးမလေးကို ပေးလိုက်လေ၏။ “ဒီမှာ…”

စားပွဲထိုးမလေးသည် အိတ်ထဲရှိ အရင်းအမြစ်ကျောက်များကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။ “ခဏလောက်စောင့်ပေးပါနော် ဧည့်သည်တော်တို့… ဟင်းပွဲနဲ့ သောက်စရာတွေက မကြာခင်ရောက်လာပါမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ချက်ချင်း လှည့်ထွက်သွားလေသည်။

စားပွဲထိုးမလေး ပြောသွားသည့်အတိုင်းပင် မကြာခင်မှာပဲ ဟင်းပွဲနှင့် သောက်စရာများ ရောက်လာတော့လေသည်။ ချက်ချင်းဆိုသလို စားပွဲဝိုင်းတစ်ခုလုံး အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာများဖြင့် ပြည့်နှက်သွားတော့လေ၏။

ပီစန်းသည် ဝိုင်အိုးကိုဖွင့်လျက် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ဆီသို့ တလေးတစားဖြင့် လျှောက်သွားလိုက်ပြီး သူတို့၏ခွက်များထဲသို့ ဖြည့်ပေးလိုက်လေသည်။ ထို့နောက် မိတ်ဆက်ပေးလိုက်လေ၏။ “ဒီအရူးဝိုင်ကို ဆရာတို့ သေချာပေါက် မြည်းစမ်းကြည့်သင့်တယ်…”

သို့သော်ငြား ကျန်းရို့ရှီက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။ “မြန်မြန်သွားစားပေတော့… ဆရာ့ရဲ့မေးခွန်းတွေကို ဖြေရဦးမယ်…”

“စိတ်မရှိပါနဲ့ သခင်မလေး… ရှေးဟောင်းတောအုပ်ထဲကို ဝင်ချင်လို့ရှိရင် ဒီဝိုင်ကိုသောက်တာ အကောင်းဆုံးပါပဲ…”

“ဘာဖြစ်လို့လဲ…” ကျန်းရို့ရှီသည် ပီစန်းအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

ပီစန်းက ယဲ့ယဲ့လေးပြုံးလျက် “ဘာဖြစ်လို့လဲဆိုတော့ ဒီဝိုင်ကို လုပ်ထားတဲ့ ပစ္စည်းတွေအကုန်လုံးက ရှေးဟောင်းတောအုပ်ရဲ့ အငွေ့အသက်‌တွေ စွဲကပ်နေတဲ့ ရှေးဟောင်းတောအုပ်ထဲက ပစ္စည်းတွေဖြစ်နေလို့ပါပဲ… ဒီဝိုင်ကို သောက်သုံးပြီးသွားလို့ရှိရင် သခင်မလေးအနေနဲ့ ရှေးဟောင်းတောအုပ်က အရိုင်းစွမ်းအားကို အနည်းငယ် အသားကျပါသွားလိမ့်မယ်… အဲ့ဒါဆိုလို့ရှိရင် ရှေးဟောင်းတောအုပ်ထဲ သွားတဲ့အခါ ပိုပြီး အဆင်ပြေသွားမှာပါ…”

“အရိုင်းစွမ်းအား…” ကျန်းရို့ရှီ နားမလည်သေးချေ။

ထိုအချိန်အတောအတွင်း ရန်ကိုင်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ရို့ရှီ… နင်သောက်ပြီးတော့ အရိုင်းစွမ်းအားကို တစ်ချက် ခံစားကြည့်လိုက်…”

ရန်ကိုင်က ပြောလာသဖြင့် ကျန်းရို့ရှီလည်း ငြင်းမနေတော့ဘဲ ခေါင်းညိတ်လိုက်လေ၏။ “ဟုတ်ကဲ့ပါ…”

ထို့နောက် တစ်ငုံသောက်ကြည့်လိုက်လေ၏။ သောက်ပြီးသည့်နောက် ကျန်းရို့ရှီ အံ့အားသွားဟန်ဖြင့် မျက်မှောင်လေးကြုတ်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား ခုခံနေရသည့်အလား သူမ၏ အရင်းအမြစ်ချီကို စတင်၍ လှည့်ပတ်တော့လေ၏။

ပီစန်းကမူ ထိုကဲ့သို့ဖြစ်မည်မှန်း သိနေသည့်အလား “ဒီအရူးဝိုင်ထဲမှာပါတဲ့ အရိုင်းစွမ်းအားက အရမ်းကို အားကောင်းလွန်းပါတယ်… ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်တောင် ဒီအရူးဝိုင်တစ်အိုးလုံးကိုသောက်ဖို့ တော်တော်လေးကို ကြိုးစားရပါတယ်… ဒါကြောင့် အေးအေးဆေးဆေးလေးနဲ့ သတိထားပြီး သောက်ပါ သခင်မလေး…”

ပီစန်းမှ ထိုကဲ့သို့ပြောနေစဉ်အတောအတွင်း ရန်ကိုင်သည်လည်း တစ်ငုံသောက်ကြည့်လိုက်လေသည်။ သူပြောသည့်အတိုင်းပင် ဝိုင်ထဲ၌ ထူးဆန်းသည့်စွမ်းအားတစ်မျိုး ရှိနေခဲ့လေ၏။ ထိုစွမ်းအားသည် သူ့ဝမ်းဗိုက်ထဲသို့ ရောက်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။

သို့သော်ငြား ထိုစွမ်းအားကို ရန်ကိုင် ရင်းနှီးနေပေသည်။ မည်ကဲ့သို့သော စွမ်းအားမှန်း သိလိုက်သည့်နောက် ရန်ကိုင် မျက်ခုံးပင့်သွားလေ၏။ (ဒါ… သူတို့ခေါ်နေတဲ့ ဒီအရိုင်းစွမ်းအားက ငါ့ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက ထုတ်လွှတ်တဲ့ အရှိန်အဝါနဲ့ အတူတူပါပဲလားဟ…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၃၁)

အရူးဝိုင်ထဲတွင် ပါဝင်သော အရိုင်းစွမ်းအားကို ခံစားမိလိုက်သည့်နောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို အသက်သွင်းလျက် ထိုအရိုင်းစွမ်းအားကို ဖိနှိပ်ပစ်လိုက်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားမှာ အရိုင်းစွမ်းအားနှင့် ဆင်တူပေသည်။ သို့သော်ငြား အရိုင်းစွမ်းအားမှာ အဆပေါင်းများစွာ ပို၍အားနည်း၏။

အရူးဝိုင်၏ လျှို့ဝှက်ချက်ကို နားလည်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်လျက် ထိုစွမ်းအားများကို ဖယ်ရှားပစ်လိုက်လေသည်။

ပီစန်းမှာမူ ထိုင်ခုံနေရာဆီသို့ ပြန်ရောက်သွားခဲ့ပြီး ဆာလောင်နေသည့် မိစ္ဆာတစ်ကောင်နှယ် အစားအသောက်များကို အားပါးတရ စားနေတော့သည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီများမှာ စားပွဲဝိုင်းပေါ်ရှိ အစားအသောက်များကို စိတ်မဝင်စားမှန်း သူသိထားသည့်အတွက်ကြောင့် ဘာမှပြောမနေတော့ဘဲ သူ့ဘာသာကြိတ်၍သာ အားပါးတရ ထိုင်စားနေခဲ့လေသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် သူ့အနေဖြင့် မည်သို့မျှ စားနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်သည် စားကောင်းသောက်ဖွယ်ရာများကို ဆုအဖြစ် သဘောထားရန် ပြောခဲ့သည့်အတွက်ကြောင့် ပီစန်းလည်း ယဉ်ကျေးမနေတော့ပေ။

ခေတ္တခဏ ကြာသွားပြီးသည့်နောက်တွင် ပီစန်းသည် ဗိုက်ပြည့်သွားဟန်ဖြင့် သူ့ဝမ်းဗိုက်ကို ကျေနပ်အားရစွာ ပုတ်လျက် ထိုင်ခုံပေါ် နောက်လှန်ချလိုက်လေ၏။ ထို့နောက် လေချဉ်တစ်ချက် တက်လိုက်လေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့် ကျန်းရို့ရှီမှာတော့ အရူးဝိုင်တစ်ဝက်လောက်ကိုသာ သောက်ပြီးပေသေးသည်။ ရန်ကိုင်သည် တစ်ခွက်သာ သောက်ခဲ့ပြီး လက်ကျန်အားလုံးကို ကျန်းရို့ရှီမှ သောက်သွားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကျန်းရို့ရှီ၏ ပါးများမှာ ရဲတက်နေခဲ့ပြီး သူမ၏မျက်လုံးများမှာ ရီဝေဝေ ဖြစ်နေခဲ့လေသည်။

ကျန်းရို့ရှီမှာ တာအိုသခင် တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် အရူးဝိုင်တစ်ဝက်လောက်ကို သောက်ပြီးသည့်နောက် ဤကဲ့သို့ဖြစ်သွားသည်မှာ သဘာဝသာ ဖြစ်လေသည်။ သို့သော်ငြား ဤကဲ့သို့ ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ကျန်းရို့ရှီသည် ဝိုင်များကို တစ်ခါမှ မသောက်ဖူးသည့်အတွက်ကြောင့်ပင်။

“စားပြီးသွားပြီဆိုမှတော့ ငါ့မေးခွန်းတွေကို ဖြေပေးပေတော့…” ရန်ကိုင်က ပီစန်းဘက်သို့လှည့်၍ ပြောလိုက်လေသည်။

ပီစန်း ချက်ချင်း ထထိုင်လာပြီး အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “မေးပါဆရာ… ကျုပ်သိထားတဲ့ဟာတွေမှန်သမျှကို ပြောပြပေးမှာပါ…”

“အင်း…” ရန်ကိုင်က ပီစန်း၏ပုံစံနှင့် ပတ်သက်၍ ကျေနပ်သွားသည့်အလား ဆက်ပြောလိုက်လေ၏။ “ငါ အခုမှ ဒီကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ရှေးဟောင်းတောအုပ်အကြောင်း ဘာမှမသိသေးဘူး… ဒီတော့ မင်းသိထားသမျှ အရာအားလုံး ပြောပြပေး…”

ပီစန်းသည် တစ်ခဏမျှ တွေးပြီးသည့်နောက် သူပြောရမည့်အကြောင်းအရာများကို စဉ်စားလိုက်လေ၏။ ထို့နောက် စတင်၍ ရှင်းပြတော့လေသည်။ “ဆရာတို့က ဒီမြို့ကို အခုမှရောက်ဖူးတာဆိုတော့ ရှေးဟောင်းတောအုပ်အကြောင်း လုံးဝမသိဘူးလို့ ကျုပ် ယူဆလိုက်ပါမယ်… ရှေးဟောင်းတောအုပ်ဆိုတာက မွန်းစတားသားရဲတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပါ… အဲ့နေရာတစ်ခုလုံးက သဘာဝအန္တရာယ်တွေနဲ့ ပြည့်နေတာမို့လို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်တောင် အဲ့ထဲကို ဘာမှမပြင်ဆင်ဘဲနဲ့ မဝင်သွားရဲပါဘူး… ပြီးတော့ အဲ့ထဲကို ဝင်သွားတဲ့ လူတွေအကုန်လုံးကလည်း သူတို့အတွက် အသက်အာမခံချက် မရှိဘူးဆိုတာကို သိထားကြတဲ့ လူတွေချည်းပါပဲ… ဒါပေမဲ့ အန္တရာယ်များလို့လည်း ကိစ္စတော့မရှိပါဘူး… အဲ့ထဲမှာ အဖိုးတန်ရတနာတွေ အများကြီးပဲ ရှိနေတာပဲကို… ဒါကြောင့်ပဲ ရှေးဟောင်းတောအုပ်က အန္တရာယ်တွေအများကြီး ရှိနေတဲ့တိုင်အောင်ကို လူတွေအများကြီးက အဲ့ထဲကို သွားနေကြတာ… ရှေးဟောင်းတောအုပ်ထဲကိုဝင်ပြီး ကံကောင်းခဲ့တဲ့လူတွေလည်း အများကြီးပဲ… ဥပမာပြောရမယ်ဆိုရင်တော့ ယွမ်တင်းမဟာဧကရာဇ်ပေါ့… ပြောကြတာတော့ သူ့ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းကို ရှေးဟောင်းတောအုပ်ထဲမှာ တွေ့ခဲ့တာတဲ့… အဲ့ခေါင်းလောင်းကြောင့်ပဲ သူကိုယ်တိုင်ကလည်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာရတာလို့ ပြောကြတယ်…”

လက်ရှိ ပီစန်း ပြောပြသွားသည့် အကြောင်းအရာအားလုံးမှာ ရန်ကိုင် သိထားပြီးသားများသာ ဖြစ်ကြလေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ကြားဖြတ်မပြောခဲ့ဘဲ ပီစန်းပြောပြသည်ကိုသာ နားစိုက်ထောင်နေခဲ့လေ၏။

“ရှေးဟောင်းတောအုပ်က လူတိုင်း ဝင်ချင်လို့ရတဲ့ နေရာတစ်ခုတော့ မဟုတ်ဘူး… အဲ့ထဲကို ဝင်မယ်ဆိုလို့ရှိရင် အနည်းဆုံး တာအိုသခင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားဖို့လိုတယ်… အဲ့ထက်ပိုနိမ့်နေမယ်ဆိုရင်တော့ အဲ့ရှေးဟောင်းတောအုပ်ထဲကို ခြေချလို့တောင် ရမှာမဟုတ်ဘူး…”

“ရှေးဟောင်းတောအုပ်ထဲကို ဝင်လို့ရတဲ့လမ်းက တစ်လမ်းပဲရှိတယ်… အဲ့ဒါက တစ်နှစ်ပတ်လုံး မြူတွေဆိုင်းနေတဲ့ လျှိုမြောင်ကြီးပဲ… အဲ့လျှိုမြောင်တစ်ခုလုံးထဲမှာ အုံ့ဆိုင်းနေတဲ့မြူတွေက ဘယ်လောက်ထူလဲဆိုလို့ရှိရင် အဲ့မြူတွေထဲ ရောက်သွားတာနဲ့ ကိုယ့်လက်ချောင်းတွေကိုတောင် ကိုယ်ပြန်မမြင်ရတော့ဘူး… ကောင်းကင်စိတ်အာရုံကိုလည်း အရမ်းကြီး ဖြန့်ကျက်လို့ မရတော့ဘူး… ဒါပေမဲ့ အဲ့တစ်ချက်တည်းနဲ့တင် အန္တရာယ်က အဲ့လောက်မရှိသေးဘူး… တကယ်အန္တရာယ်ရှိတာက မမြင်နိုင်တဲ့ အာကာသလေပြင်းတွေပဲ… အဲ့အာကာသလေပြင်းက တိုက်ခိုက်ချင်သလို တိုက်နေတာ… တာအိုသခင်အဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတွေသာ အဲ့လေပြင်း တိုက်ခံရမယ်ဆိုလို့ရှိရင်တော့ လုံးဝကို သေသွားမှာပဲ… အန္တရာယ်တွေက အဲ့လောက်နဲ့တင်မဟုတ်သေးဘူး… အဲ့လေပြင်းထက်ကို ပိုအန္တရာယ်ရှိသေးတာ ရှိသေးတယ်… အဲ့ဒါက မိုးကြိုးတွေပဲ… အဲ့ထဲမှာ ပစ်ချနေတဲ့ မိုးကြိုးတွေက ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်မှုလောက်ကို အားကောင်းတယ်… ခုခံရတာ အရမ်းခက်တာပေါ့… လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲ့လျှိုမြောင်ထဲကို ဝင်သွားတဲ့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရှိခဲ့ဖူးတယ်… အဲ့ဧကရာဇ်အဆင့် ပညာရှင်က သူ့ခွန်အားအပေါ် အရမ်းယုံကြည်တာ… ဒီတော့ ရှေးဟောင်းတောအုပ်နဲ့ ပတ်သက်တဲ့ ဘာအကြောင်းကိုမှ မစုံစမ်းသွားဘူး… အကျိုးဆက်အနေနဲ့ သူဝင်သွားပြီးတဲ့နောက်ပိုင်း ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူး… လွန်ခဲ့တဲ့သုံးနှစ်ကမှပဲ လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ဝင်ပေါက်နဲ့ မိုင်ငါးဆယ်အကွာမှာ သွားရှာတွေ့တယ်…”

“ရှေးဟောင်းတောအုပ်အကြောင်းကို ဩဇာအာဏာကြီးမားတဲ့ ဂိုဏ်းတွေက ပညာရှင်တွေ လိုက်စုံစမ်းကြည့်ခဲ့ဖူးတယ်… နောက်ဆုံး သူတို့ စုံစမ်းသိရသလောက်တော့ လျှိုမြောင်ဝင်ပေါက်တစ်ခုလုံးက သဘာဝအတိုင်း ဖြစ်နေတဲ့ အစီအရင်တွေနဲ့ ပြည့်နေတာတဲ့… တစ်နှစ်ပတ်လုံး အုံ့ဆိုင်းနေတဲ့ မြူတွေရယ် တိုက်ချင်သလို တိုက်နေတဲ့ အာကာသလေပြင်းတွေရယ် ပစ်ချင်သလိုပစ်နေတဲ့ မိုးကြိုးတွေ အကုန်လုံးက သဘာဝအစီအရင်တွေကနေ ဖြစ်လာတာတဲ့… ဒီတော့ ရှေးဟောင်းတောအုပ်ထဲ ဝင်မယ်ဆိုလို့ရှိရင် ကံက ကိုယ့်ရဲ့ခွန်အားထက်တောင် ပိုပြီး အရေးကြီးသေးတယ်… ကံကောင်းမယ်ဆိုလို့ရှိရင် ဝင်ပေါက်ကို လုံလုံခြုံခြုံနဲ့ ဖြတ်သွားနိုင်တယ်ဆိုပေမဲ့ ကံမကောင်းဘူးဆိုရင်တော့ သေဖို့ပဲ ရှိလိမ့်မယ်…”

“ဒါပေမဲ့ အဲ့ဒါက အကုန်မဟုတ်သေးဘူး… ဘာအန္တရာယ်တွေ ရှိနေသေးလဲဆိုပြီး လူကြီးမင်း ထပ်မေးရင် မေးဦးမှာ… ဟုတ်တယ်မလား… တကယ်တော့ ထပ်ရှိသေးတယ်… အဲ့ဒါကတော့ လူသားတွေရဲ့ အန္တရာယ်ပေါ့… တချို့လူတွေက အဲ့လျှိုမြောင်ထဲကို ဝင်သွားပြီးတဲ့နောက်ပိုင်း အထဲကို ဆက်မသွားဘူး… လျှိုမြောင်ထဲမှာ ပုန်းနေပြီးတော့ အဲ့ထဲကို ဝင်လာတဲ့လူတွေကို အလစ်ချောင်းတိုက်ခိုက်ပြီး သူတို့ပိုင်ဆိုင်မှုတွေကို လုကြတာ… အဲ့လိုလူတွေက ဒီနေရာမှာ ပေါပေါသောသောပဲ… သူတို့လိုလူတွေက လျှိုမြောင်ထဲက သဘာဝဘေးအန္တရာယ်တွေနဲ့ ယှဉ်လို့ရှိရင် ပိုပြီးတော့တောင် ပြဿနာများနိုင်သေးတယ်… ဒါကြောင့် လျှိုမြောင်ထဲကို ဝင်သွားပြီးတာနဲ့ လုံးဝ တစ်ချက်ကလေးမှ သတိလက်လွတ်ဖြစ်လိုက်လို့မရဘူး…”

“အဲ့လျှိုမြောင်ကို ဖြတ်ကျော်သွားပြီးပြီဆိုရင်တော့ ရှေးဟောင်းတောအုပ်ကို ရောက်သွားပြီ… ရှေးဟောင်းတောအုပ်ကလည်း အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ… ရှေးဟောင်းတောအုပ်တစ်ခုလုံးမှာ သဘာဝအရှိန်အဝါလို့ခေါ်တဲ့ အရိုင်းစွမ်းအားတွေနဲ့ ပြည့်နေတာ… အဲ့စွမ်းအားက ဘာစွမ်းအားမှန်း ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ အဲ့ကနေ ပြန်လာတဲ့လူတွေ ပြောကြတာတော့ အရိုင်းစွမ်းအားက သူတို့ရဲ့စွမ်းအားကို လေးပုံတစ်ပုံလောက်ကနေ တစ်ဝက်လောက်ထိ ဖိနှိပ်ပစ်နိုင်တယ်တဲ့… တချို့ပညာရှင်တွေ တော်တော်များများဆိုရင် အဲ့အရိုင်းစွမ်းအားကြောင့်ပဲ ရှေးဟောင်းတောအုပ်ထဲမှာ သေသွားခဲ့ရတာ…”

“ဒါကြောင့်ပဲ လူကြီးမင်းနဲ့ သခင်မလေးကို ဒီပီ အရူးဝိုင်ကို သောက်ခိုင်းတာ… အဲ့ဒါမှ အရိုင်းစွမ်းအားနဲ့ အသားကျပြီး ဟိုထဲရောက်သွားလို့ရှိရင် အရိုင်းစွမ်းအားဖိနှိပ်တာ ဒီလောက်မခံရတော့မှာ…”

“လူတိုင်း ကြုံလေ့ကြုံထရှိတဲ့ အန္တရာယ်တွေကတော့ အဲ့လျှိုမြောင်ထဲမှာ ကြုံရတဲ့ အန္တရာယ်တွေနဲ့ အရိုင်းစွမ်းအားပဲ… ရှေးဟောင်းတောအုပ်ထဲ ဝင်သွားပြီးသွားရင် ဘယ်လိုအန္တရာယ်တွေနဲ့ ထပ်ကြုံနိုင်သေးလဲဆိုတာကတော့ ကျုပ် ပြောစရာလိုတော့မယ် မထင်ပါဘူး… တောအုပ်တစ်ခုလုံးက မွန်းစတားသားရဲတွေနဲ့ ပြည့်နေတာဆိုတော့ မွန်းစတားသားရဲတွေနဲ့က ကျိန်းသေကို ကြုံရမှာပဲ… ပြီးတော့ အဲ့နေရာတစ်ခုလုံးမှာ သဘာဝအတိုင်းဖြစ်နေတဲ့ အစီအရင်တွေလည်း အများကြီးပဲ… ပြောကြတာတော့ အဲ့ရှေးဟောင်းတောအုပ်ထဲမှာ နတ်သားရဲတွေတောင် ရှိတယ်ဆိုပဲ… ဒီတော့ ကြယ်တာရာအစုအဝေးထဲမှာ ရှေးဟောင်းတောအုပ်ထက် ပိုပြီးတော့ အန္တရာယ်များတဲ့ နေရာတစ်ခု ရှိတော့မယ်လို့တော့ ကျုပ်မထင်ဘူး…”

ပီစန်း ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ရန်ကိုင့်၏အမူအယာ တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့လေသည်။

ပီစန်းပြောပုံအရ ဝင်ပေါက်တစ်ခုတည်းနှင့်ပင်လျှင် အတော်လေးကိုမှ အန္တရာယ်များနေလေပြီ။ ဝင်ပေါက်ကိုကျော်လွန်၍ ရောက်ရှိသွားမည့် ရှေးဟောင်းတောအုပ်ကြီးဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။

သူ့လက်ရှိခွန်အားအရ ရန်ကိုင့်အနေဖြင့် ရှေးဟောင်းတောအုပ်ထဲသို့ သွားရမည်ကို စိတ်မပူချေ။ ရန်ကိုင်စိတ်ပူနေသည်မှာ ယခင်က ရှေးဟောင်းတောအုပ်ထဲသို့ တန်ခိုးရှင်ဘုရင် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့် ဝင်သွားခဲ့သော ရှောင်ရှောင်ကိုပင်။ ထိုမျှအန္တရာယ်များလှသော နေရာမျိုးတွင် ရှောင်ရှောင် အသက်ရှင်နိုင်ပါမည်လား။

အရိုင်းစွမ်းအားကိုတော့ ရန်ကိုင် ဂရုစိုက်မနေခဲ့ပေ။ သူကိုယ်တိုင်သည် အရိုင်းစွမ်းအားနှင့် အသားကျနေပြီ မဟုတ်လေလော။

တကယ်‌တော့ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်နေသည့် ရှေးဟောင်းဆန်သော အရှိန်အဝါမှာ ကျင့်ကြံသူများ‌ ပြောပြောနေကြသည့် အရိုင်းစွမ်းအားထက်ပင် အများကြီး ပိုအားကောင်းပေသေးသည်။ ထို့အပြင် ခေါင်းလောင်း၏ ပိုင်ရှင်ဖြစ်သည့်အလျောက် အရိုင်းစွမ်းအားသည် သူ့အပေါ် ကြီးကြီးမားမား သက်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ရန်ကိုင်ယုံကြည်ပေသည်။

ပီစန်းသည် ရှင်းပြနေစဉ်အတောအတွင်း ရန်ကိုင့်၏အမူအယာကို မျက်ခြေမပြတ် အကဲခတ်နေခဲ့လေသည်။

ရန်ကိုင်၏တုံ့ပြန်ပုံမှာ သဘာဝတုံ့ပြန်ပုံတစ်ခုသာ ဖြစ်လေသည်။ ဤနေရာသို့ ရောက်လာကြသည့်လူတိုင်း ရှေးဟောင်းတောအုပ်၏ အန္တရာယ်များကို မသိကြချေ။ ထို့အတွက်ကြောင့် ရှေးဟောင်းတောအုပ် မည်မျှ အန္တရာယ်များကြောင်းကို ကြားသိလိုက်ရပြီးသည့်နောက် တုန်လှုပ်သွားတတ်ကြသည်မှာ သဘာဝသာ ဖြစ်လေသည်။ ပီစန်းသည် ဤမြို့ထဲတွင် နှစ်ပေါင်းသုံးဆယ်ကျော်မက နေလာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရှေးဟောင်းတောအုပ်၏ အန္တရာယ်များပုံကို ကြားလိုက်ရသည့် ကျင့်ကြံသူများ၏ အမူအယာ ဤကဲ့သို့ ပြောင်းလဲသွားတတ်ကြသည်ကို တစ်ကြိမ်မက မြင်တွေ့ခဲ့ဖူးနေလေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပီစန်းက ပြောလိုက်လေသည်။ “ဆရာ… ရှေးဟောင်းတောအုပ်က အခွင့်အလမ်းပေါင်းစုံနဲ့ ပြည့်နေတာဆိုပေမဲ့ အဲ့ထဲက အန္တရာယ်တွေက အရမ်းများလွန်းတယ်… ဒီတော့ ရတနာရှာရုံသက်သက်ပဲဆိုလို့ရှိရင်တော့ အဲ့ထဲကို မဝင်ဖို့ ဆရာ့ကို အကြံပေးချင်တယ်…”

“ငါ့မှာ ရှေးဟောင်းတောအုပ်ထဲကို အခြားအကြောင်းအရင်း ရှိတယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ သူ့အနေဖြင့် ရှောင်ရှောင်ကို ရှာရပေမည်။

“ကျုပ်သိပါပြီ…” ရန်ကိုင်၏ပုံစံကိုမြင်သော် ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ထဲသို့ ဝင်ရန် သံဓိဌာန်ချထားပြီးပြီမှန်း ပီစန်းသိလိုက်လေသည်။ ထို့အတွက်ကြောင့် ဆက်ပြောမနေတော့ဘဲ သူ့သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကိုသာ ထုတ်၍ ပေးလိုက်လေသည်။ “အဲ့လိုဆိုရင်တော့ ဆရာ့ကို ဒါပေးလိုက်ပါမယ်…”

“အဲ့ဒါဘာလဲ…”

ပီစန်းက အဓိပ္ပာယ်ပါပါပြုံးလျက် “ရှေးဟောင်းတောအုပ်ရဲ့ မြေပုံတစ်ခုပါ…”

“အဲ့လိုမျိုးလည်းရှိတာလား…” ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာပြီး ကျောက်စိမ်းပြားကိုယူကာ ကောင်းကင်စိတ်အာရုံထည့်သွင်း၍ စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် မြေပုံနှင့်ဆင်တူသည့် အရာတစ်ခုကို တွေ့လိုက်ရလေသည်။

“ဒါက အပြင်ပိုင်းမြေပုံပါပဲဆရာ… အတွင်းပိုင်း ဘယ်လိုရှိလဲဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး… အပြင်ပိုင်းဟာကိုတော့ လူတွေ ထပ်တလဲလဲ သွားပြီးတဲ့နောက်ပိုင်း အနည်းအကျဉ်း သိလာရတာပါ… အဲ့မှာ သတ်မှတ်ထားတဲ့ အမှတ်အသားတွေကို ဆရာ ရှောင်နိုင်သမျှ ရှောင်သွားသင့်ပါတယ်…”

“ဒီအနက်ရောင်အစက်တွေက ဘာကို ကိုယ်စားပြုတာလဲ…” မြေပုံအား စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေသည်။

“သဘာဝအတိုင်းဖြစ်နေတဲ့ အစီအရင်တွေပါ… အရောင်က ပိုရင့်လေ အဲ့အစီအရင်က ပိုအားကောင်းလေလို့ ပြောတာပါ…”

“အနီရောင်အစက်တွေကရော… မွန်းစတားသားရဲတွေလား…” ရန်ကိုင်က ထပ်မေးလိုက်သည်။

“ဟုတ်ပါတယ်… အနီရောင်အစက်တွေက မွန်းစတားသားရဲတွေပါ… အနက်ရောင်အစက်တွေလိုပဲ။ အဲ့အနီရောင်က ပိုရင့်လေ မွန်းစတားသားရဲက ပိုပြီး အားကောင်းလေပါပဲ…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် မြေပုံအား ထပ်ကြည့်လိုက်ရာ အချို့သော နေရာများသည် အနီရောင်အစက်များဖြင့် ပြွတ်သိပ်ကြပ်နေကြောင်း တွေ့လိုက်ရပေသည်။ ထိုကဲ့သို့သော နေရာများကို သူ့အနေဖြင့် ရှောင်သွားသင့်ပေသည်။

ပီစန်းက ရယ်မောလျက် ပြောလိုက်လေ၏။ “အခြားတစ်ယောက်သာဆိုရင်တော့ ကျုပ် သူတို့ကို ရိုးရိုးရှင်းရှင်းလုပ်ထားတဲ့ ကျောက်စိမ်းပြားတစ်ခုပဲ ရောင်းလိုက်မှာပါ… ဒါပေမဲ့ ဒီတစ်ခုက အဲ့ရိုးရိုးကျောက်စိမ်းပြားတွေနဲ့ မတူပါဘူး… လုံးဝ အသေးစိတ်ဆွဲထားတဲ့ မြေပုံပါတဲ့ ကျောက်စိမ်းပြားပါ… ဒီတော့ ဆရာ စိတ်ချလက်ချနဲ့ သုံးလို့ရပါတယ်…”

ရန်ကိုင်သည် သူ့အား အဆင့်နိမ့်အရင်းအမြစ်ကျောက် ငါးသိန်းသုံးသောင်းတန်သည့် စားပွဲဝိုင်းတစ်ခု တည့်ခင်းဧည့်ခံကျွေးမွေးခဲ့သည့်အတွက်ကြောင့် ပီစန်းမှ ဤကျောက်စိမ်းပြားကို ပြန်ပေးလိုက်ရခြင်း ဖြစ်ပေသည်။

“ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။

“မလိုပါဘူးဆရာ…” ပီစန်းက ပြုံးလိုက်လေသည်။ “အဲ… ကျုပ် ဆရာ့ကို နောက်ထပ်ပြောချင်တာတစ်ခု ရှိပါသေးတယ်…”

“ပြော…”

“ရှေးဟောင်းတောအုပ်ထဲကို ဝင်ချင်တယ်ဆိုလို့ရှိရင် ဆရာ့အနေနဲ့ လူအိုကြီးပန်ကို ရှာတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်…”

“လူအိုကြီးပန်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

ပီစန်းက ခေါင်းညိတ်လိုက်လေသည်။ “သူ့နာမည်အရင်းကိုတော့ ဘယ်သူမှ မသိကြဘူး… လူတိုင်းက သူ့ကို လူအိုကြီးပန်လို့တော့ ခေါ်ကြတာပဲ… သူဒီမှာနေတာ ကျုပ်ထက်တောင် ပိုကြာပါသေးတယ်… ပြီးတော့ အဲ့လျှိုမြောင်နဲ့ပတ်သက်ပြီးတော့လည်း အရမ်းကိုရင်းနှီးပါသေးတယ်… ဒီတော့ ဆရာသာ သူ့ကို လမ်းပြအဖြစ် ခေါ်သွားနိုင်မယ်ဆိုလို့ရှိရင် ရှေးဟောင်းတောအုပ်ထဲကို လုံလုံခြုံခြုံနဲ့ ဝင်သွားနိုင်မှာ သေချာသလောက်ရှိပါတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၃၂)

“လမ်းပြ… ” ရန်ကိုင် အံ့အားသင့်သွားလေသည်။ ရှေးဟောင်းတောအုပ် အလွန်အန္တရာယ်များသည်ကို ကြားပြီးသည့်နောက် ရှေးဟောင်းတောအုပ်ထဲသို့ သွားရာတွင် ကူညီပေးနိုင်မည့် လမ်းပြတစ်ဦး ရှိနေသည်ဆိုသည့်အကြောင်း ကြားလိုက်ရသည့်အခါ ရန်ကိုင် အတော်လေးကိုမှ စိတ်သက်သာရာ ရသွားတော့လေသည်။

“လူအိုကြီးပန်ကို အထင်မသေးလိုက်နဲ့နော် ဆရာ… သူက တာအိုသခင်ပထမအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် ဒီမြို့ထဲမှာ သူ့ထက်ပိုတော်တဲ့ လမ်းပြဆိုတာ မရှိတော့ဘူး… ကျုပ် ဒီမြို့ထဲမှာနေတာ နှစ်သုံးဆယ်ကျော်သွားပြီ… အခြားသူတွေ သူ့အကြောင်းပြောတာကို မကြာခဏ ကြားဖူးတယ်… ဒီလူအိုကြီးပန်နဲ့ပတ်သက်ပြီး အထင်ကြီးစရာအကောင်းဆုံးကတော့ သူက ရှေးဟောင်းတောအုပ်ထဲကို အကြိမ်တစ်ရာမက သွားခဲ့ဖူးတာပဲ… အကြိမ်တစ်ရာမပြောနဲ့ လေးငါးကြိမ်လောက်သွားပြီး အသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုရင်တောင် တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပြီ… ဒါ့ကြောင့် ဒီမြို့ထဲမှာ သူ့ထက်ပိုတော်တဲ့ လမ်းပြ မရှိတော့ဘူးလို့ ကျုပ်ပြောတာ…”

ရန်ကိုင် အံ့အားသင့်သွားလေ၏။ “အကြိမ်တစ်ရာ… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

ပီစန်းက ခါးသက်စွာပြုံးလျက် “ကျုပ်လည်း အဲ့ဒါနဲ့ပတ်သက်ပြီး သိချင်နေတာ… ဒါပေမဲ့ လူအိုကြီးပန်က အဲ့လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ ပြောမပြဘူး… ဒါပေမဲ့ ကျုပ်ထင်တာတော့ လူအိုကြီးပန်က ရှေးဟောင်းတောအုပ်ထဲ သွားလို့ရမယ့် လုံခြုံတဲ့လမ်းကြောင်းတစ်ခုကို သူ့ဘာသာ ဖန်တီးထားတယ်နဲ့တူတယ်…”

“အဲ့ဒါဆိုရင်တော့ သူ့ဆီ လုံးဝကို သွားသင့်သွားပြီ… သူ အခု မြို့ထဲမှာရှိလား…”

လမ်းပြမပါဘဲ သွားခြင်းထက် လမ်းပြတစ်ဦးနှင့်သွားခြင်းက ပိုကောင်းပေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် ဘာကိုမှ ကြောက်မနေတော့သော်ငြား လူအိုကြီးပန်ကဲ့သို့သော ဝါရင့်သမ္ဘာရင့် လမ်းပြတစ်ဦးသာ ရှိနေမည်ဆိုလျှင်တော့ ပိုကောင်းပေသည်။

“ရှိလောက်မယ်ထင်တယ်… မနေ့တုန်းကတောင် သူ့ကို တွေ့လိုက်သေးတယ်… ဒါပေမဲ့ သူ့ကို လမ်းပြအဖြစ် ခေါ်သွားချင်တယ်ဆိုလို့ရှိရင် အရင်းအမြစ်ကျောက် အနည်းဆုံး သုံးသိန်းလောက် ပေးဖို့လိုလိမ့်မယ်…”

“ကိစ္စမရှိဘူး…” ရန်ကိုင်က ပြုံးကာ ပြောလိုက်လေ၏။

အရင်းအမြစ်ကျောက်သုံးသိန်းသည် သူ့အတွက် ပုံးထဲမှ ရေတစ်စက်သာသာ သာ ရှိလေသည်။ လက်ရှိ ပီစန်းစားသွားသည့် စားပွဲဝိုင်းသည်ပင်လျှင် အရင်းအမြစ်ကျောက် ငါးသိန်းကျော်မက တန်ပေသည်။

“လူကြီးမင်းကို သူ့ဆီခေါ်သွားပေးရမလား…” ပီစန်းက ပြောလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်၏။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် စားပွဲထိုးမလေးအား လှမ်းခေါ်လိုက်လေသည်။ ထို့နောက် သူတို့နှင့်အတူ သယ်သွားရန် အရူးဝိုင်ဆယ်အိုးပြင်ပေးရန် ပြောလိုက်လေ၏။

ရန်ကိုင်ကိုယ်တိုင် ထိုအရူးဝိုင်ကို သောက်စရာမလိုသော်ငြား ကျန်းရို့ရှီကမူ သောက်လို့အဆင်ပြေပေသေးသည်။

မကြာမီ အစေခံမလေးသည် အရူးဝိုင်ဆယ်အိုးနှင့် ပြန်ရောက်လာခဲ့လေသည်။ ရန်ကိုင်မှ သိုလှောင်လက်စွပ်ကိုထုတ်၍ ငွေရှင်းတော့မည်အပြု စားပွဲထိုးမလေးက ပြုံးလျက် ပြောလိုက်လေ၏။ “ဆရာ… မန်နေဂျာက ဒီဝိုင်ဆယ်အိုးကို အလကားပေးလိုက်ဖို့ ပြောပါတယ်… ကျေးဇူးပြုပြီး လက်ခံပေးပါ…”

“မန်နေဂျာ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ပီစန်းမှာမူ အံ့ဩသွားလေ၏။

“မန်နေဂျာက ဘာဖြစ်လို့ ငါ့ကို ဒီလိုလက်ဆောင် လာပေးရတာလဲ…” ရန်ကိုင်က စားပွဲထိုးမလေးကိုကြည့်လျက် ပြန်မေးလိုက်သည်။

“အဲ့ဒါကိုတော့ ကျွန်မလည်း မသိပါဘူး…” စားပွဲထိုးမလေးက ခေါင်းခါပြလိုက်လေသည်။

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် လက်ဝှေ့ယမ်းကာ အရင်းအမြစ်ကျောက်များကို စားပွဲခုံပေါ်တွင် ချန်ထားပေးခဲ့လိုက်သည်။ ထို့နောက် ဝိုင်ဆယ်အိုးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းကာ ကျန်းရို့ရှီ၊ ပီစန်းတို့နှင့်အတူ ထွက်လာခဲ့လိုက်လေသည်။

စားပွဲထိုးမလေးမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ကြောင်နေခဲ့လေသည်။ မန်နေဂျာမှ အလကားပေးလိုက်သော်ငြား ရန်ကိုင်မှ ငွေရှင်းပြီး ယူသွားသည့်အပေါ် စားပွဲထိုးမလေး အံ့အားသင့်နေသည့်ပုံပင်။

စားသောက်ဆိုင်အပြင်ဘက်သို့ရောက်သော် ပီစန်းသည် တစ်ခုခုပြောချင်နေသည့်အလား သူ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေလေ၏။ နောက်ဆုံး မအောင့်အည်းနိုင်တော့သည့်အဆုံးတွင် ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ဆရာ… မန်နေဂျာနဲ့သိတာလား…”

“မသိဘူး… ငါ ဒီကို ခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးတာ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“အဲ့ဒါဆို ထူးဆန်းတယ်… ဘာဖြစ်လို့ အရူးဝိုင်တွေ အလကားလာပေးရတာလဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဆိုင်မန်နေဂျာက သူ့ဘာသာသူ ငါ့ကို လာပေးတာ… ငါ သူတို့ဆီက ဘာမှလည်း လိမ်မယူသလို သူတို့ကိုလည်း မလှည့်စားခဲ့ဘူး… ဒီတော့ ဘာမှ ဂရုစိုက်နေစရာ မလိုဘူး…”

တစ်ချက်ရပ်ပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “မင်း ဒီစားသောက်ဆိုင်ရဲ့ နောက်ခံကိုသိလား…”

“အဲ့ဒါတော့မသိဘူး… ဒီစားသောက်ဆိုင်ကို သိထားတာတော့ တော်တော်ကို ကြာနေပြီ… အဲ့လောက်ကြာတာတောင် ဆိုင်မန်နေဂျာက တစ်ခါမှ လူရှေ့သူရှေ့ ထွက်မလာဖူးဘူး… ဒီတော့ မြို့ထဲကလူတွေလည်း ဘယ်သူမှ သူ့အကြောင်းကို သေချာမသိဘူး… ဒါပေမဲ့ ကျုပ် ခန့်မှန်းရသလောက်ဆိုရင်တော့ ဒီဆိုင်မန်နေဂျာကို နောက်ကွယ်ကနေ ထောက်ခံပေးနေတဲ့ အင်အားစုကြီးတစ်ခုခုတော့ ကျိန်းသေရှိလိမ့်မယ်… မဟုတ်ရင် ဒီမြို့ထဲမှာ အခုလိုမျိုး ခြေကုပ်ရယူနိုင်မှာ မဟုတ်ဘူး…”

ပီစန်းကဲ့သို့ ဤမြို့ခံတစ်ဦးသည်ပင်လျှင် စားသောက်ဆိုင်နောက်ခံအကြောင်းကို မသိလေရာ ကြည့်ရသလောက် ဤစားသောက်ဆိုင်အား နောက်ကွယ်မှ အင်အားစုကြီးတစ်ခုမှ ထောက်ပံ့ပေးထားသည့်ပုံပင်။

ရန်ကိုင်မှ အရူးဝိုင်အား ငြင်းဆန်လိုက်ရခြင်းမှာ ဤစားသောက်ဆိုင်နှင့် မပတ်သက်ချင်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

စားသောက်ဆိုင်၏ ဒုတိယအလွှာတွင် လူတစ်ဦးသည် ထွက်ခွာသွားသော ရန်ကိုင့်အား သေသေချာချာကို စိုက်ကြည့်နေခဲ့လေသည်။ တစ်ခဏအကြာ၌ ထိုလူက သက်ပြင်းချလျက် ပြောလိုက်လေ၏။ “သူပြောတဲ့လူ ရောက်လာပြီလို့ သခင်လေးဆီ သတင်းပို့လိုက်တော့… ကြည့်ရတာ အဲ့လူ ရှေးဟောင်းတောအုပ်ထဲ သွားတော့မယ်နဲ့တူတယ်… အကုန်လုံးကို ပြင်ဆင်ထားဖို့ပါ ပြောလိုက် …”

“ဟုတ်ကဲ့…” အမှောင်ထုထဲမှ ပြန်ထူးသံတစ်သံ ထွက်လာခဲ့လေသည်။

ဤမြို့ကြီးမှာ အတော်လေးကိုမှ ကျယ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် ကျန်းရို့ရှီသည် ပီစန်းနောက်သို့ အချိန်အတော်ကြာအောင် လိုက်လာပြီးမှသာလျှင် အနောက်ဘက်ခြမ်းရှိ သူတို့သွားချင်နေသည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။

ပီစန်းသည် အဝေးတစ်နေရာတွင်ရှိနေသော ကျောက်တုံးအိမ်ကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။ “အဲ့ဒါက လူအိုကြီးပန် နေတဲ့နေရာပဲ… သူ့ဆီကို ဆရာတစ်ယောက်တည်း သွားလိုက်ရင် ကောင်းလိမ့်မယ်… လူအိုကြီးပန်က ကျုပ်ကို သိပ်ကြည့်ရတာမဟုတ်ဘူး… ကျုပ်ကိုပါက ဆရာနဲ့ တွဲမြင်ရလို့ရှိရင် ဆရာ အကူအညီတောင်းတဲ့အခါ ငြင်းလွှတ်နေမှာစိုးရတယ်… ဒါကြောင့် ဒီပီ ဒီကနေပဲ သွားလိုက်ပါတော့မယ်…”

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “မင်းတော်တယ်…”

“ဆရာ ချီးကျူးနေတာပဲ… ဆရာ့ရဲ့ခရီး သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…” ပြောပြီးသည့်နောက် ပီစန်း လှည့်ထွက်သွားလေ၏။

“သွားကြရအောင်…” ရန်ကိုင်လည်း ပီစန်းညွှန်ပြသည့်အိမ်ဆီသို့ လျှောက်သွားလေ၏။

ဤနေရာတွင်ရှိနေသည့် အိမ်များမှာ အလွန်ကိုမှ ကြည့်ရဆိုးပါသော်ငြား အတော်လေးကိုမှ ခိုင်ခံ့လှပေသည်။ မကြာမီတွင် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သည် အိမ်ရှေ့သို့ ရောက်လာလေ၏။ အိမ်ပတ်ပတ်လည်တွင် ကျောက်တုံးများဖြင့် ဖန်တီးထားသော ခြံဝန်းတစ်ခု ရှိနေပြီး ထိုခြံဝန်းအလယ်တည့်တည့်၌ ဝင်ပေါက်တစ်ခု ရှိနေခဲ့လေသည်။

လက်ရှိအချိန်တွင် တံခါးမှာ ပွင့်နေပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူနှစ်ဦးမှာ တံခါး၏ တစ်ဖက်တစ်ချက်စီတွင် ရပ်စောင့်နေကြလေ၏။

ရန်ကိုင်တို့ရောက်လာသည်ကိုမြင်သော် ထိုနှစ်ဦးသည် အေးစက်စက်အမူအယာဖြင့် လှည့်ကြည့်လာကြလေသည်။

“ဟမ်…” ရန်ကိုင် အံ့အားသင့်သွားလေ၏။ နေရာမှား၍များ ရောက်လာလေသလားဟုပင် ရန်ကိုင်တွေးမိသွားခဲ့သည်။ ထိုကျင့်ကြံသူနှစ်ဦးသည် ဝင်ပေါက်ကို စောင့်နေရုံသာလျှင် မဟုတ်ဘဲ သူတို့၏ကျင့်ကြံခြင်းမှာလည်း တာအိုသခင်အဆင့်သို့ ရောက်နေခဲ့လေသည်။ သူတို့၏အရှိန်အဝါကို ကြည့်ရသလောက် အတော်လေး အားကောင်းသည့်ပုံပင်။

သို့သော်ငြား ပီစန်းပြောပုံအရ လူအိုကြီးပန်သည် ထူးခြားသည့် အဆင့်အတန်းအား ပိုင်ဆိုင်ထားခြင်းမရှိသည့် သာမန်လူတစ်ဦးသာ ဖြစ်လေသည်။ ထို့ကြောင့်သာမဟုတ်ပါက အသက်ရှင်ရန်အတွက် လမ်းပြအဖြစ် လုပ်နေလိမ့်မည် မဟုတ်ချေ။

“မင်းတို့ ဘာလာလုပ်ကြတာလဲ…” အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးက မေးခွန်းထုတ်လိုက်လေသည်။

“ဒါ လူအိုကြီးပန်နေတဲ့နေရာလား…” ကျန်းရို့ရှီက မေးလိုက်လေ၏။

“မသိဘူး…” ထိုလူက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

ကျန်းရို့ရှီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ၏မေးခွန်းကို ဟုတ်တယ် မဟုတ်ဘူးဟု ဖြေလိုက်ရုံနှင့်ပင်လျှင် ပြီးနေပြီကို မသိဘူးဟုလာဖြေသည့် ထိုလူကို ကြည့်ရင်း ကျန်းရို့ရှီစိတ်ထဲ နေမထိထိုင်မထိ ဖြစ်သွားလေသည်။

“မသိဘူးဆိုတာ ဘာသဘောလဲ… မသိလို့ရှိရင် ရှင်တို့ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ…”

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူသည် ကျန်းရို့ရှီအား တစ်ချက်သာ ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ဘာမျှပြန်မပြောခဲ့ပေ။ သူတို့၏လုပ်ရပ်ကြောင့် ကျန်းရို့ရှီ၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားလေသည်။

ရန်ကိုင်သည် အိမ်အတွင်းပိုင်းကိုကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ငါတို့ရောက်လာတာ နေရာမှန်တယ်… ကြည့်ရတာ အထဲမှာ အခြားတစ်ယောက်ယောက် ရောက်နေတဲ့ပုံပဲ…” ထို့နောက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူဘက်သို့လှည့်၍ “အထဲမှာရောက်နေတာ မင်းတို့ဆရာလား…”

“မင်း အရမ်းစကားများလွန်းတယ်… မြန်မြန်ထွက်သွားစမ်းလိုက်ကွာ…” ဘယ်ဘက်တွင်ရှိနေသော ကျင့်ကြံသူက ရုတ်တရက် ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် “ဘာလို့လဲ…”

ဘယ်ဘက်တွင်ရှိနေသော ကျင့်ကြံသူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့တွေ လာပြဿနာရှာနေတာလား… မင်းတို့ကို ထွက်သွားဖို့ ပြောနေတာ မကြားဘူးလား…”

“ဒါက လူအိုကြီးပန်နေတဲ့နေရာ မဟုတ်ဘူးလား… ငါတို့ကို ထွက်သွားလို့ပြောရအောင် မင်းတို့က ဘာကောင်မို့လို့လဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“ငါတို့သခင်မလေး အထဲမှာရှိနေတယ်… ဒီတော့ မသေချင်ရင် ထွက်သွားလိုက်တော့…”

ရန်ကိုင် အံ့အားသင့်သွားလေသည်။ အထဲတွင်ရှိနေသော သခင်မလေးဆိုသူနှင့် ဝင်ပေါက်ကိုစောင့်ကြပ်နေသော ကျင့်ကြံသူနှစ်ဦး၏ နောက်ခံမှာ မည်ကဲ့သို့ဖြစ်သလဲ ဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား အကြောက်အလန့်ကင်းသည့် သူတို့၏ပုံစံကိုကြည့်ရင်း သူတို့နောက်ကွယ်၌ရှိနေသော အင်အားစုမှာ ကျိန်းသေ အားနည်းလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား သူတို့ဘက်မှ ထိုကဲ့သို့ ဖြဲခြောက်လိုက်ရုံဖြင့် ရန်ကိုင်က ကြောက်သွားရမည်လား။ ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့်သို့ရောက်နေသော ကျင့်ကြံသူတစ်ဦးကိုပင်လျှင် သတ်ထားခဲ့သူတစ်ဦး ဖြစ်ကာ မဟာဧကရာဇ်တစ်ပါးနှင့်လည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပေသည်။ ဤလောကကြီးတွင် သူ့အား ကြောက်အောင် လုပ်နိုင်သည့်လူဆို၍ အနည်းငယ်သာ ရှိပေသည်။

အစောင့်နှစ်ဦး၏ တုံ့ပြန်ပြောဆိုပုံကြောင့် ရန်ကိုင့်မှာ ဒေါသထွက်သွားခြင်းမရှိဘဲ ပြန်၍သာ ပြောလိုက်လေသည်။ “ငါ လူအိုကြီးပန်ကို တွေ့ဖို့ လာခဲ့တာ… ဒါကြောင့် ကျေးဇူးပြုပြီး လမ်းဖယ်ပေးဖို့ ပြောချင်တယ်…”

ပြောနေရင်းမှ သူ့မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။

မာနတစ်ခွဲသားဖြင့် လုပ်နေကြသော အနက်ရောင်ဝတ်ရုံဝတ် ကျင့်ကြံသူနှစ်ဦးမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ရုတ်တရက် ထအော်ငြီးတော့လေသည်။ ထို့နောက် ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ကြလေသည်။

ထို့နောက်တွင် တောင်တစ်လုံးမှ သူတို့အပေါ်သို့ ဖိချလာသည့်အလား နှစ်ဦးစလုံးမှာ အသက်ရှူရ မွန်းကြပ်လာသလို လက်တစ်ချောင်းကိုပင်လျှင် ကောင်းကောင်း မလှုပ်ရှားနိုင်တော့ချေ။ ချွေးသီးချွေးပေါက်များ သူတို့၏နဖူးထက် ဝေ့သီလာပြီး ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ သူတို့အား ဖြတ်ကျော်သွားသည်ကို ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်လေ၏။

ကျန်းရို့ရှီမှာ ထိုလူနှစ်ဦး၏လုပ်ပုံကြောင့် ဒေါသထွက်သွားသည့်အလား ထိုလူနှစ်ဦးအနားမှ ဖြတ်သွားစဉ် သူမလက်သီးဖြင့် ထိုလူများကို ကောက်ထိုးချလိုက်လေသည်။

သို့သော်ငြား ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ အထဲသို့ မဝင်နိုင်သေးခင်မှာပင် အော်ဟစ်သံတစ်သံနှင့်အတူ တစ်ခုခု ပျက်စီးသွားသည့်အသံတို့ ထွက်လာခဲ့လေသည်။

ထို့နောက်တွင် ညီးသံသဲ့သဲ့တစ်သံနှင့်အတူ မိန်းမငယ်လေးတစ်ဦး၏ စူးရှစွာအော်ဟစ်သံ ရန်ကိုင့်နားထဲသို့ ရောက်ရှိလာခဲ့လေ၏။

ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး အိမ်ထဲသို့ အမြန် ပြေးဝင်ကြည့်လေသည်။ လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦး ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူအိုကြီး၏ အရှိန်အဝါမှာ တာအိုသခင်ပထမအဆင့် ဖြစ်ပါသော်ငြား အသက်ကြီးနေပြီဖြစ်သည့်အတွက်ကြောင့် သူ့အသက်စွမ်းအင်မှာ အတော်လေးကို အားနည်းနေလေရာ သူ၏ကျင့်ကြံခြင်းမှာ ပုံမှန် ရှိသင့်ရှိထိုက်သည်ထက် ပို၍ အားနည်းနေလေ၏။

ထိုလူမှာ ပီစန်းပြောသွားသည့် လူအိုကြီးပန် ဖြစ်လောက်သည်။

လက်ရှိအချိန်တွင် လူအိုကြီးသည် ဝင်ပေါက်ကို ကျောပေးရင်း မိန်းမငယ်လေးတစ်ဦးကို ဖက်ထားခဲ့လေသည်။ သူ၏ပုခုံးထက်တွင်တော့ ကျာပွတ်ရိုက်ချက်ကြောင့် ရထားသည့် သွေးသံတရဲရဲ ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုဒဏ်ရာကြီးမှ အသားစ အသားနအချို့ပင်လျှင် ပဲ့ထွက်နေခဲ့လေသည်။

လူအိုကြီး၏ရင်ခွင်ထဲတွင် ရှိနေသော ကောင်မလေးမှာတော့ အလွန်ကိုမှ ကြောက်လန့်နေသည့်အလား အသံကျယ်လောင်စွာ အော်ဟစ်ငိုယိုနေခဲ့လေသည်။

ထိုလူအိုကြီးနှင့် မိန်းမငယ်လေးအပြင် အခန်းထဲ၌ နောက်ထပ်လူနှစ်ဦးလည်း ရှိနေပေသေးသည်။

တစ်ဦးမှာ အေးစက်စက်မျက်နှာထားဖြင့် အသက်ငါးဆယ်လောက်ရှိမည်ထင်ရသော လူကြီးတစ်ဦးဖြစ်သည်။ အခြားတစ်ဦးမှာတော့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်ပေသည်။ ထိုကောင်မလေးမှာ ကျန်းရို့ရှီ၏ အရွယ်လောက်သာ ရှိပြီး လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အပြင် သူမ၏ကောက်ကြောင်းများကို အထင်းသားဖော်ပြပေးနေသည့် တင်းကြပ်လှသော အနီရောင်ဝတ်စုံကြောင့် မိန်းမငယ်လေးမှာ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော နှင်းဆီနီတစ်ပွင့်နှင့်ပင် တူနေပေသေးသည်။

လက်ရှိအချိန်၌ ထိုကောင်မလေးသည် ကျာပွတ်တစ်ချောင်းကို လက်ထဲတွင် ကိုင်ထားပြီး နောက်တစ်ကြိမ် ထပ်ရိုက်တော့မည့်အလား ကျာပွတ်ကိုမြှောက်လိုက်လေသည်။ ထို့နောက် ခက်ထန်သည့် အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “အကောင်းပြောနေတုန်း လာငြင်းမနေနဲ့နော် အဖိုးကြီး… ဒီသခင်မလေးအတွက် လမ်းပြလုပ်ပေးရတာတောင် ရှင့်ကိုယ်ရှင် ဂုဏ်ယူသင့်တယ်… ရှင် ထပ်ပြီးငြင်းရဲတယ်ဆိုရင် ကျွန်မ ရှင့်ကို သတ်ပစ်မှာ…”

လူအိုကြီး၏ပုခုံးထက်တွင် ရှိနေသော ဒဏ်ရာမှာ မိန်းမငယ်လေး၏ ကျာပွတ်ကြောင့် ရထားသည်မှာ သေချာသလောက် ရှိပေသည်။

“ကျွန်မ နောက်တစ်ကြိမ်ထပ်မေးမယ်… ရှင် ကျွန်မအတွက် လမ်းပြလုပ်ပေးမှာလား မလုပ်ပေးဘူးလား…” မိန်းမငယ်လေးသည် လူအိုကြီးအား စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။

လူအိုကြီးက ခေါင်းကိုငုံ့လျက် အံကြိတ်ကာ ပြောလိုက်လေသည်။ “သခင်မလေး… ကျုပ်ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား… ရှောင်လင်းအာက အခု နေမကောင်းဖြစ်နေတာ… ကျုပ်သာ ဒီအတိုင်းထွက်သွားလို့ရှိရင် သူ…”

All Chapters