← Chapters

အခန်း (၂၅၃၃-၂၅၃၅)

Vol. 105 Ch. 2533-2535

အခန်း (၂၅၃၃-၂၅၃၅)

Vol. 105 Ch. 2533-2535

အပိုင်း (၂၅၃၃)

“သူ့ဘာသာ သေတာရှင်တာကို ဒီသခင်မလေးက ဂရုစိုက်နေရမှာလား… ဒီသခင်မလေးရဲ့အချိန်တွေက အဖိုးတန်တယ်… တစ်ချက်ကလေးမှတောင် နှောင့်နှေးနေလို့မရဘူး… အဖိုးကြီး၊ ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ် ထပ်မေးမယ်… ရှင် ကျွန်မအတွက် လမ်းပြ လုပ်ပေးမှာလား မလုပ်ပေးဘူးလား…” အနီရောင်ဝတ်ရုံဝတ် ကောင်မလေးက အေးစက်စက်လေသံဖြင့် ထပ်မေးလိုက်လေသည်။

လူအိုကြီးက ခါးသက်သက်အမူအယာဖြင့် ထပ်မံ၍ တောင်းဆိုလိုက်လေသည်။ “၂ရက်ပါပဲ… ဒီလူအိုကြီး ၂ရက်လောက်ပဲ နေမှာပါ… ၂ရက်ပြီးတာနဲ့ ဒီလူအိုကြီး သခင်မလေးတို့ကို ရှေးဟောင်းကုန်းမြေထဲ လုံလုံခြုံခြုံနဲ့ ရောက်အောင် လိုက်ပို့ပေးပါမယ်…”

“ဒီလောက်တောင် ခေါင်းမာနေမှတော့လည်း သေလိုက်ပေတော့ပေါ့ဟယ်…” ထိုသို့အော်ပြောပြီးသည့်နောက်တွင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် သူမ၏ကျာပွတ်ကို လွှဲရိုက်ချလိုက်လေသည်။

ကောင်မလေး၏ကျင့်ကြံခြင်းမှာ နိမ့်ကျခြင်းမရှိ။ ကျန်းရို့ရှီကဲ့သို့ပင် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည်။ သူမ၏ကျာပွတ်သည်သာ တာအိုသခင်ပထမအဆင့်သာ ရှိသေးသော လူအိုကြီးပန်အား သွားရောက်ထိမှန်မည်ဆိုပါက လူအိုကြီးပန်အနေဖြင့် လူသေတစ်ပိုင်း ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား ကျာပွတ်မှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ အနီရောင်ဝတ်ကောင်မလေးမှာ မည်သို့ပင် အားစိုက်ထုတ်နေစေကာမူ ကြာပွတ်အား တစ်ချက်ကလေးမှပင် ရွေ့အောင် မလုပ်နိုင်တော့‌ချေ။

ကောင်မလေးမှာ ဒေါသထွက်ထွက်ဖြင့် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ သူမအရွယ် ကောင်မလေးတစ်ဦးမှ ကျာပွတ်အား လှမ်းဆွဲထားကြောင်းကို တွေ့လိုက်ရလေသည်။ ထိုကောင်မလေး သူမနောက်၌ မည်ကဲ့သို့ ပေါ်လာလို့ ပေါ်လာမှန်းကိုပင် အနီရောင်ဝတ်ရုံဝတ် ကောင်မလေး မသိခဲ့ချေ။

ကြာပွတ်ကိုလှမ်းဖမ်းဆွဲထားသည့်လူမှာ ကျန်းရို့ရှီသာ ဖြစ်ပေသည်။ ကျန်းရို့ရှီသည် အခြားသူများနှင့် တိုက်ခိုက်သည့်အခါ ရက်စက်သွေးဆာတတ်ပါသော်ငြား သူမ၏ပင်ကိုစရိုက်မှာ ကြင်နာသနားတတ်ပေသည်။ ထို့အတွက်ကြောင့် အနီရောင်ဝတ်ရုံဝတ် ကောင်မလေး၏ လုပ်ရပ်ကိုမြင်သော် ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင့်၏ခွင့်ပြုချက်ကိုပင် မတောင်းတော့ဘဲ ဝင်ပါလိုက်ခြင်း ဖြစ်လေသည်။

“နင် ဘာဖြစ်နေတာလဲ…” ကျန်းရို့ရှီက အော်မေးလိုက်လေသည်။

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေ၏။ “နင်ကရော ဘယ်သူလဲ ကောင်မလေး… ဘယ်လိုလုပ်ပြီး ဒီသခင်မလေးရဲ့ ကိစ္စထဲမှာ ဝင်ပါရဲတာလဲ…”

ကျန်းရို့ရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ဘယ်သူ့ကို ကောင်မလေးလို့ ခေါ်နေတာလဲ… သူများကို ကောင်မလေးလို့ မခေါ်ခင် နင့်ကိုယ်နင်လည်း အရင် ပြန်ကြည့်ဦး ကောင်မလေးရဲ့… ပြီးတော့ ဘာဖြစ်လို့ လူတွေကို ဒီလောက်တောင် ရိုက်ချင်နေတာလဲ… အဖိုးက သူ့ကို ၂ရက်ပဲ အချိန်ပေးဖို့ ပြောတာလေ… ဟိုကောင်မလေးဖျားနေတာကို နင်မမြင်ဘူးလား…”

“နင် ငါ့ကို ပြန်ပြောရဲတယ်လား…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ ဒေါမာန်တကြီးဖြင့် ထအော်ပြောလေ၏။ “ငါ နင့်ကိုသတ်မယ်…”

ပြောပြီးသည့်နောက် သူမ၏ကျာပွတ်အား ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူမ မည်သို့ပင် ကြိုးစားနေစေကာမူ ကျာပွတ်သည် ကျန်းရို့ရှီ၏ လက်ထဲတွင် လုံးဝကို အမြစ်တွယ်နေခဲ့လေသည်။

ကျန်းရို့ရှီသည် လွယ်ကူသည့်ပြိုင်ဘက်မဟုတ်မှန်း နားလည်လိုက်သည့်နောက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပါသော်ငြား သူမ၏ခွန်အားသည် ကျန်းရို့ရှီအား မယှဉ်နိုင်ပေ။

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် ကျာပွတ်အား ထပ်တလဲလဲ ပြန်ဆွဲယူလေသည်။ သို့သော်ငြား အကြိမ်တိုင်း မအောင်မြင်ခဲ့ချေ။ ထို့အတွက်ကြောင့် သူမ၏မျက်နှာမှာ ရှက်ရှက်ဖြင့် နီရဲလာတော့သည်။

“ရှင်ဘာလို့ မလှုပ်သေးတာလဲ လူအိုကြီးဖု…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက ဒေါသတကြီးဖြင့် ခြေဆောင့်ရင်း အံကြိတ်ကာ အော်ပြောလိုက်လေသည်။ “ရှင့်သခင်မလေး အနိုင်ကျင့်ခံနေရတာကို မတွေ့ဘူးလား… ရှင် ဆက်ပြီး ရပ်ကြည့်နေဦးမယ်ဆိုရင် အခုကိစ္စကို အိမ်ပြန်ရောက်တာနဲ့ အဖေနဲ့ ပြန်တိုင်ပြောမှာနော်… အဲ့အခါကျမှ ရှင့်ခြေထောက်တွေ ရိုက်ချိုးခံရလို့ ကျွန်မကိုလာအပြစ်မတင်နဲ့။ အပြင်ဘက်က အမှိုက်နှစ်ကောင်ကရော ဘာတွေလုပ်နေကြတာလဲ… သူတို့ကို အခြားသူတွေ ဝင်မလာအောင် ရပ်စောင့်နေခိုင်းတာ… ဘာဖြစ်လို့ လူတွေကို ဝင်ခွင့်ပေးလိုက်တာလဲ… အိမ်ပြန်ရောက်တော့မှ သူတို့တွေကို အဖေနဲ့တိုင်ပြီး ကျွန်တွေအဖြစ် ရောင်းစားခိုင်းရမယ်…”

သို့သော်ငြား ကောင်မလေးမှ ထိုကဲ့သို့ ပြောလိုက်သည့်တိုင် လူအိုကြီးဖုမှာ မလှုပ်ရှားသေးပေ။ သူ မလှုပ်ရှားချင်သည်မဟုတ်။ မလှုပ်ရှားနိုင်ခြင်းသာ ဖြစ်လေသည်။

ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ အိမ်ထဲသို့ ဝင်လာသည်ကိုမြင်သည့်အခါက အရမ်းကြီးအာရုံမစိုက်ခဲ့ပေ။ တကယ်တော့ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့နှစ်ဦးစလုံးမှာ ငယ်ငယ်ရွယ်ရွယ်လေးသာ ရှိသေးသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ အားကောင်းမည်ဆိုလျှင်ပင် အရမ်းကြီးတော့ အားကောင်းနိုင်လိမ့်မည်မဟုတ်ဟု ထင်ခဲ့မိသည်။

ကျန်းရို့ရှီမှ သူ့သခင်မလေး၏ကျာပွတ်ကို လှမ်းဖမ်းဆွဲလိုက်သည့်အခါ လူအိုကြီးဖုမှာ ဝင်တားချင်ခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင်နှင့်အကြည့်ချင်းဆုံလိုက်ချိန် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ ထိုကဲ့သို့ ယာယီမျှ မှင်တက်သွားခဲ့ချိန် ကျန်းရို့ရှီမှာ အနီရောင်ဝတ်ရုံဝတ် ကောင်မလေး၏ ကြာပွတ်ကို ဖမ်းဆွဲပြီးနေခဲ့လေပြီ။

ထို့နောက်တွင် သူနှင့်ရန်ကိုင်သည် တစ်ဦးကိုတစ်ဦး မမှိတ်မသုန် စိုက်ကြည့်နေကြတော့လေ၏။

ထိုအခါမှသာလျှင် သူအရေးမစိုက်ခဲ့သော အိမ်ထဲသို့ ဝင်လာသည့်လူငယ်လေးမှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေကြောင်း လူအိုကြီးဖု သိရှိသွားခဲ့ရသည်။

(ဒီလောက်ငယ်ငယ်လေးနဲ့ ဧကရာဇ်အဆင့်ကိုရောက်နေတာ ဒီကောင် ဘယ်အင်အားစုကြီးက ရောက်လာတာလဲ… ဒါမှမဟုတ် ကြယ်ပျက်ပင်လယ်ထဲမှာ အခွင့်အရေးတစ်ခုခု ရပြီးတော့များ ဧကရာဇ်အဆင့်ကို တက်လာတာလား…)

လတ်တလောတွင် ကြယ်ပျက်ပင်လယ်ပိတ်သွားသည့်နောက်ပိုင်း တက်သစ်စပါရမီရှင်ပေါင်းများစွာ ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသည့်အကြောင်း ကြယ်တာရာအစုအဝေးတစ်ခုလုံး သတင်းပြန့်လာခဲ့ပေသည်။ ရန်ကိုင်သည်လည်း ထိုကဲ့သို့သော တက်သစ်စ ဧကရာဇ်အဆင့်ပညာရှင်များအနက်မှ တစ်ဦးဖြစ်လိမ့်မည်ဟု လူအိုကြီးဖု ယုံကြည်နေလေ၏။

သို့သော်ငြား ရန်ကိုင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေမှန်း သိသည့်တိုင် လူအိုကြီးဖုမှာတော့ အရမ်းကြီး ဂရုစိုက်မနေခဲ့ပေ။ လူအနည်းငယ်လောက်သည်သာ သူတို့၏သခင်မလေးကို ရန်စရဲသည်။ ထိုလူများနှင့်ယှဉ်လိုက်သော် ရန်ကိုင်သည် ဘာမှ ထူးခြားမနေခဲ့ချေ။ ထို့အတွက်ကြောင့် သူ့သခင်မလေး၏ အော်ဟစ်သံကိုကြားသော် လူအိုကြီးဖုလည်း စတင်၍ လှုပ်ရှားလိုက်တော့လေ၏။

သူ၏မျက်လုံးထဲမှ ထက်ရှသည့်ဓါးတစ်စင်းအလား အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင့်၏စိတ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

“ဝိဉာဉ်ပညာရပ်လား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။

နှစ်ယောက်စလုံးသည် ဧကရာဇ်ပထမအဆင့် ပညာရှင်များသာ ဖြစ်ကြသည့်အတွက်ကြောင့် လူအိုကြီးဖုသာ သူ့စိတ်စွမ်းအင်အပေါ် ယုံကြည်ချက်မရှိပါက ရန်ကိုင့်အား စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့လုပ်သည်မှာ အလွန်ကိုမှ အန္တရာယ်များပေသည်။ ရန်ကိုင့်၏စိတ်စွမ်းအားသည်သာ လူအိုကြီးဖုထက် ပိုမိုအားကောင်းနေမည်ဆိုလျှင် လူအိုကြီးဖု ဘေးထွက်ဆိုးကျိုး ခံစားသွားရနိုင်ပေသည်။

လူအိုကြီးဖု၏တိုက်ခိုက်မှုကို ကြည့်ရသလောက် သူ၏ဝိဉာဉ်မှာ အတော်ကိုမှ အားကောင်းလှသည်။ ရှင်းရှင်းပြောရလျှင် လူအိုကြီးဖု၏ဝိဉာဉ်သည် ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသော ကျင့်ကြံသူအများစု၏ ဝိဉာဉ်ထက်ပင် ပိုအားကောင်းနေခဲ့လေသည်။ သူ့ဝိဉာဉ်မှာ ဧကရာဇ်ဒုတိယအဆင့်နှင့်ပင် ယှဉ်နိုင်ခါနီး ဖြစ်နေလေ၏။

ထို့ကြောင့်ပင်လျှင် သူ့ကိုယ်သူ ဤမျှ ယုံကြည်နေရခြင်း ဖြစ်လောက်ပေသည်။

ရန်ကိုင့်အား တိုက်ခိုက်ပြီးသည့်နောက်တွင် လူအိုကြီးဖုသည် ကျန်းရို့ရှီအား ချက်ချင်း အာရုံစိုက်လိုက်လေ၏။ သူ့တိုက်ခိုက်မှုသည် ရန်ကိုင့်အား ထိခိုက်အောင် မလုပ်နိုင်လျှင်ပင် အနည်းဆုံးတော့ ရန်ကိုင့်အား နောက်သို့ဆုတ်သွားစေလိမ့်မည်ဟု ယုံကြည်နေခဲ့လေသည်။

လူအိုကြီးဖု စတင်လှုပ်ရှားနေသည်ကိုမြင်သော် အနီရောင်ဝတ်ရုံနှင့်ကောင်မလေးသည် စိတ်လှုပ်ရှားစွာဖြင့် ထအော်လေသည်။ “ကောင်းတယ် ကောင်းတယ် လူအိုကြီးဖု… ဒီကောင်မလေးကို ဖမ်းပေးစမ်း… သူ့မျက်နှာတစ်ခုလုံးကို စုတ်ပြတ်သွားအောင် လုပ်ရမယ်… အဲ့ဒါမှ ဒီသခင်မလေးကို လာရန်စလို့ရှိရင် ဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ သိသွားမှာ…”

လူအိုကြီးဖု သူမအနားသို့ တိုးလာသည်ကိုမြင်သော် ကျန်းရို့ရှီမှာ ဖိအားကြီးကြီး ခံစားလိုက်ရလေသည်။ အသက်ရှူဖို့ရာပင် ခက်ခဲလာတော့သည်။ ထို့‌နောက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ စကားများကို ကြားလိုက်သည့်အခါ သူမ၏မျက်နှာလေး ဖြူလျော်သွားတော့လေသည်။

ကျန်းရို့ရှီမှာ အသက်နှစ်ဆယ်လောက်သာ ရှိပေသေးပြီး လောကကြီး၏ အံ့ဩစရာပေါင်းများစွာကို များများစားစား မမြင်တွေ့ရသေးပေ။ သူမ၏မျက်နှာလေးသာ ပျက်စီးသွားခဲ့ရမည်ဆိုလျှင် မည်သည့်မျက်နှာနှင့် လူရှေ့သူရှေ့သို့ ထွက်ရတော့မည်နည်း။

ကျန်းရို့ရှီမှာ သူမ၏ရုပ်ရည်အပေါ် အရမ်းကြီး ဂရုမစိုက်ပါသော်ငြား ဘယ်သူကများ သူတို့၏မျက်နှာ ပျက်စီးသွားမည်ကို လိုချင်ပါမည်နည်း။

ကျန်းရို့ရှီမျက်နှာ ထိတ်လန့်တုန်လှုပ်သွားသည်ကိုမြင်သော် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

“ဘာလဲ… အခုမှ ကြောက်နေတာလား… နောက်ကျသွားပြီ… ဒီသခင်မလေးက နင့်မျက်နှာကို ဖျက်ဆီးပစ်ရုံတင်မဟုတ်ဘူး… နင့်အဝတ်အစားတွေ အကုန်လုံးကို ချွတ်ပြီး လမ်းမပေါ်မှာ ပစ်ထားဦးမှာ…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက ပျော်ရွှင်စွာအော်ရယ်မောရင်း ခြိမ်းခြောက်လိုက်လေ၏။

ကျန်းရို့ရှီမှာ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်လာပြီး သူမ၏မျက်နှာမှာလည်း ပိုပို၍ ဖြူလျော်သွားခဲ့လေသည်။

မိမွေးဖမွေးအတိုင်း ဖြစ်နေသော သူမအား မရေမတွက်နိုင်သော ယောကျ်ားသားများမှ ဝိုင်းရံထားသည့်အကြောင်း တွေးမိလိုက်သည့်နောက် ကျန်းရို့ရှီမှာ အော်ငိုခါနီးပင် ဖြစ်သွားခဲ့လေသည်။

ရုတ်တရက် ဘေးဘက်ဆီမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ဟမ့်… ဒီလောက်ငယ်ငယ်လေးနဲ့ ရိုင်းစိုင်းနေရအောင် နင့်ကို ဘယ်မိသားစုက ပျိုးထောင်ပေးလိုက်တာလဲ…”

ထိုလူမှာ ရန်ကိုင်သာ ဖြစ်လေသည်။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ စကားလုံးများကို သည်းမခံနိုင်ခဲ့ချေ။ အနီရောင်ဝတ်ရုံဝတ် ကောင်မလေးမှာ မည်မျှပင် အလိုလိုက်ခံထားရလဲမသိ၊ ကမ်းကုန်အောင် မိုက်ရိုင်းကာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ယခုလေးတင် ကျန်းရို့ရှီအား လှမ်းဖမ်းရန် လုပ်နေသော လူအိုကြီးဖုမှာ ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက် ခေါင်းအစ ခြေအဆုံး တုန်လှုပ်လာတော့လေသည်။ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော အားကောင်းလှသည့်အရှိန်အဝါမှာလည်း ရုတ်ချည်း အားနည်းသွားခဲ့လေသည်။ ထို့နောက် ထိတ်လန့်တကြားဖြင့် ဒယီးဒယိုင် နောက်သို့ ဆုတ်သွားရလေသည်။

ရန်ကိုင်မှ သူ့ဝိဉာဉ်ပညာရပ်အား တန်ပြန်တိုက်ခိုက်သွားခဲ့လေပြီ။ ကံကောင်းစွာဖြင့် လူအိုကြီးသည် သူ့သခင်မလေးအား ကာကွယ်သည့်အရေးတွင်သာ အာရုံစိုက်ထားသည့်အတွက်ကြောင့် ရန်ကိုင့်အား တိုက်ခိုက်ရာတွင် ခွန်အားများများစားစားကို အသုံးမပြုခဲ့ပေ။ ထို့ကြောင့်သာမဟုတ်ပါက သူကြုံရမည့်ဘေးထွက်ဆိုးကျိုးမှာ လုံးဝ သေးငယ်လိမ့်မည် မဟုတ်ချေ။

(ဒီလူငယ်လေးရဲ့စိတ်စွမ်းအင်က ငါ့ထက်ပိုအားကောင်းတာလား…)

(ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…)

သူ့စိတ်စွမ်းအင် မည်မျှအားကောင်းကြောင်းကို လူအိုကြီးဖု သေချာသိပေသည်။ ဟိုးယခင်နှစ်များအတွင်း လူအိုကြီးဖုသည် တံခွန်မြက်ဟူသော စိတ်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်သည့် ဆေးပင်တစ်မျိုးနှင့် ကြုံခဲ့ရသည်။ ထိုဆေးပင်ကို ဝါးမျိုသန့်စင်စားသုံးပြီးသည့်နောက်တွင် သူ့စိတ်စွမ်းအင်မှာ သိသိသာသာကို မြင့်တက်လာခဲ့လေရာ သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအင်မှာ သူ့ထက် လုံးဝ ပိုအားမကောင်းနိုင်တော့ချေ။ သို့သော်ငြား ထိုလူငယ်လေး၏ စိတ်စွမ်းအင်သည် သူ့ထက်ပိုအားကောင်းနေခဲ့လေသည်။ ထိုလူငယ်လေးသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးများ ဖြစ်နေလေသလား။

ဤမြို့ထဲတွင် ပုန်းအောင်းတည်ရှိနေကြသည့် ပညာရှင်ပေါင်းများစွာ ရှိနေသည်ဟု အခြားသူများပြောသည်ကို သူကြားခဲ့ရပေသည်။ ကြည့်ရသလောက် ထိုကောလဟာလများမှာ မှန်နေသည့်ပုံပင်။

လူအိုကြီးဖုသည် ရန်ကိုင့်အား သုန်သုန်မှုန်မှုန်ဖြင့် လှမ်းကြည့်လိုက်လေသည်။

သူ၏အဆင့်အတန်းနှင့် ခွန်အားအရ ဤမြို့ထဲတွင် စိတ်ကြိုက် လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုမူ သူထင်ထားသည့်အတိုင်း ဖြစ်မလာတော့မည့်ပုံပင်။

ဤမြို့ထဲတွင် လက်ရှိ သူ့ရှေ့၌ရှိနေသော လူငယ်ကလေးကဲ့သို့ ပါရမီရှင်ပေါင်း မည်မျှပင် ရှိနေလိမ့်မည်နည်း။

လူအိုကြီးဖု၏ ဖိအားမရှိတော့သည့်နောက်တွင် ကျန်းရို့ရှီမှာ လူအိုကြီးဖု၏လက်မှ ချက်ချင်း ရုန်းထွက်လာခဲ့လေသည်။ ထိုအချိန်အတောအတွင်း အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာတော့ ကျန်းရို့ရှီအား သူမ မည်ကဲ့သို့ နှိပ်စက်မည်ဆိုသည့်အကြောင်းကို ကရားရေလွှတ်ပြောနေခဲ့သည်။

ကျန်းရို့ရှီသည် ကျာပွတ်အား လွှတ်ပေးလိုက်ပြီး အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ ရင်ဘတ်ကို ဒေါမာန်တကြီးဖြင့် လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

“အား…” လူအိုကြီးဖုမှ ကျန်းရို့ရှီအား ဖမ်းမည်ကို စောင့်နေသော အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ ကျန်းရို့ရှီ၏ ရုတ်တရက် တိုက်ခိုက်မှုအောက် အလစ်အငိုက်မိသွားခဲ့ရသည်။ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည့်နောက် ကြောက်လန့်တကြား အော်ဟစ်ရင်း နောက်သို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။

လူအိုကြီးဖုမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့လက်ကိုဆန့်ထုတ်၍ ဧကရာဇ်ချီကိုသုံးကာ သူ၏သခင်မလေးကို လှမ်းဖမ်းပေးလိုက်လေသည်။

ကျန်းရို့ရှီ၏လက်ဝါးစာ မိပြီးသည့်နောက်တွင် အနီရောင်ဝတ်ရုံဝတ် ကောင်မလေးမှာ ဒဏ်ရာရသွားခြင်း မရှိသည့်အလား ချက်ချင်းပြန်ကုန်းထလာပြီး ကျန်းရို့ရှီအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ထအော်တော့လေ၏။ “နင် ငါ့ကို ရိုက်ရဲတယ်လား…”

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။

ထို့နောက်တွင် ရုတ်တရက်ဆိုသလို ကျန်းရို့ရှီမှ ခွင့်မလွှတ်နိုင်သည့် အရာတစ်ခုခုကို လုပ်လိုက်သည့်အလား အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ သွေးရူးသွေးတမ်း ဖြစ်လာခဲ့လေသည်။ သူမ၏မျက်လုံးများမှာ နီရဲတောက်လာပြီး သူမမျက်နှာမှာလည်း ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။

“နင် ဘယ်လိုတောင် ငါ့ကို ရိုက်ရဲတာလဲ မိန်းမပျက်မ…”

ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အနီရောင်ဝတ်ရုံဝတ် ကောင်မလေးသည် ကျန်းရို့ရှီအား ကျာပွတ်ဖြင့် ရိုက်ချလိုက်လေသည်။

ကျန်းရို့ရှီမှာလည်း မင်သက်နေခဲ့လေသည်။ ကျန်းရို့ရှီမှာ ထိုကောင်မလေးအား ဒေါမာန်တကြီးဖြင့် တိုက်ခိုက်လိုက်ပါသော်ငြား အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ မည်သည့်ဒဏ်ရာမှ မရဘဲ ချက်ချင်း ပြန်ကုန်းထလာနိုင်ခဲ့လေသည်။ ထို့ပြင် သူမ၏လက်ဝါး အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ ရင်ဘတ်ကို သွားထိစဉ် လူသားတစ်ဦး၏ခန္ဓာကိုယ်ကို ထိလိုက်ရသည်ကို မခံစားရဘဲ ဝါဂွမ်းလုံးကြီးတစ်ခုကို သွားထိလိုက်ရသလိုသာ ခံစားလိုက်ရလေသည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ရှီမှာ တစ်ခဏတာမျှ ငေးငိုင်သွားခဲ့ရလေ၏။

သို့သော်ငြား ကျာပွတ် သူမဆီသို့ ရောက်မလာသေးခင်မှာပင် အသိပြန်ဝင်လာနိုင်ခဲ့လေသည်။ ကျန်းရို့ရှီသည် အံကိုကြိတ်၍ အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ နောက်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။ ထို့‌နောက် အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်လျက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဆီသို့ လက်သီးချက်များ တရစပ် ပစ်သွင်းလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၃၄)

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ အလိုလိုက်ခံထားရသည့် သခင်မလေးတစ်ဦးသာ ဖြစ်ပေသည်။ သူမအားကောင်းသည်မှာ မှန်သော်ငြား တိုက်ပွဲအတွေ့အကြုံ မရှိပေ။ ထို့အပြင် ဒေါသကြောင့် စုံလုံးကန်းနေခဲ့သဖြင့် သူမစိတ်ထဲ ကျန်းရို့ရှီအား ဖျက်ဆီးပစ်ချင်စိတ်များသာ ရှိတော့လေရာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ ကျာပွတ်ဖြင့် မဲမဲမြင်ရာကိုသာ လိုက်ရိုက်နေတော့သည်။ ထို့ကြောင့် သူမ၏တကယ့်စွမ်းအားကို မထုတ်ဖော်နိုင်တော့ချေ။

ကျန်းရို့ရှီကိုယ်တိုင်မှာလည်း တိုက်ပွဲများများစားစား မတိုက်ခိုက်ခဲ့ဖူးပါသော်ငြား ခရမ်းတောင်မြို့တွင် ရှိနေစဉ်ကာလ အတောအတွင်း နဂါးတက်လှမ်းခြင်းပြိုင်ကွင်းထဲ၌ သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပေသည်။ ထို့အတွက်ကြောင့် သူမ၏တိုက်ပွဲစွမ်းရည်မှာ အတော်လေးပြည့်ဝသည်ဟုပင် ပြောနိုင်သည်။

ထိုအကြောင်းကြောင့်ဖြင့်ပင်လျှင် တိုက်ပွဲစလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်စောင်းနင်းဖြစ်သွားကာ အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ လုံးဝကို ဖိနှိပ်ခံလိုက်ရတော့လေသည်။

“ဖုန်း… ဖုန်း… ဖုန်း…”

ကျန်းရို့ရှီ၏လက်ဝါးချက်များသည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးအား တစ်ချက်ပြီးတစ်ချက် ထိမှန်နေခဲ့ပါသော်ငြား အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာတော့ ကျန်းရို့ရှီ၏ အင်္ကျီစကိုပင် ထိအောင် မတိုက်ခိုက်နိုင်ခဲ့ပေ။

သို့သော်ငြား ကျန်းရို့ရှီ၏တိုက်ကွက်များစွာကို ခံစားနေခဲ့ရသည့်တိုင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာတော့ လုံးဝ ဒဏ်ရာရသွားခြင်းမရှိ။ သူမ၏ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါမှာလည်း အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိပေ။ သို့သော်ငြား အဆက်မပြတ် တိုက်ခိုက်ခံရသည့်အတွက်ကြောင့် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ အလွန်တရာကိုမှ ဒေါသထွက်နေလေရာ အဆက်မပြတ်ကို အော်ဟစ်ဆဲရေးနေတော့လေ၏။

“အကာအကွယ် ဧကရာဇ်အဆင့်မှော်ရတနာလား…” ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ယခုမှသာ အနီရောင်ဝတ်ရုံဝတ်ကောင်မလေး ဘာကြောင့် ဒဏ်ရာမရလဲ ဆိုသည်ကို ရန်ကိုင်နားလည်သွားတော့လေသည်။

ကျန်းရို့ရှီ၏တိုက်ကွက် ထိမှန်ခြင်းခံလိုက်ရတိုင်း အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ ခန္ဓာကိုယ်မှာ အလင်းတဖျတ်ဖျတ် လက်သွားလေသည်။ ထိုမျှ အားကောင်းလှသော အကာအကွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်သည့်အရာဆို၍ ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာသာ ရှိပေလိမ့်မည်။ ဧကရာဇ်အဆင့်မှော်ရတနာများမှာ ရှားပါးလှသလို အကာအကွယ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာများမှာတော့ ပို၍ပင် ရှားပါးလှပေသေးသည်။ ထိုကဲ့သို့သော မှော်ရတနာမျိုးအား ဝတ်ဆင်ထားနိုင်သည်ကိုကြည့်လျှင် ဤမိန်းကလေး၏ အဆင့်အတန်းမှာ လုံးဝကို မနိမ့်ကျနိုင်ပေ။

တစ်ခဏမျှကြာအောင် တိုက်ခိုက်နေပြီးသည့်နောက် ကျန်းရို့ရှီ၏ပြိုင်ဘက် မဖြစ်နိုင်မှန်းသိလိုက်သော် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် လူအိုကြီးဖုဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “ရှင် ဘာဖြစ်လို့ သူ့ကိုလာမသတ်သေးတာလဲ လူအိုကြီးဖု…”

သို့သော်ငြား လူအိုကြီးဖုမှာလည်း မည်ကဲ့သို့များ လှုပ်ရှားနိုင်ပါမည်နည်း။ ရန်ကိုင်မှ သူ့ဝိဉာဉ်ပညာရပ်ကို တန်ပြန်တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးခံစားရခဲ့သည်။ ထို့အပြင် ရန်ကိုင်မှလည်း သူ့အား မျက်ခြေမပြတ် စောင့်ကြည့်နေလေသေး၏။ ထိုအကြောင်းကြောင့်ပင်လျှင် လူအိုကြီးဖုမှာ မဆင်မခြင် မလှုပ်ရှားရဲခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူ့သခင်မလေးမှ အော်ခေါ်လာသည်ကိုမြင်သော် လူအိုကြီးဖုလည်း ဆက်၍ ရပ်ကြည့်မနေနိုင်တော့ဘဲ အံကြိတ်ကာ ကျန်းရို့ရှီဆီသို့ ပြေးဝင်သွားလေ၏။ သို့သော်ငြား သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့ရှေ့၌ တစ္ဆေသရဲတစ်ကောင်နှယ် ပေါ်လာပြီး သူ့တည့်တည့်သို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရင်း ပြောလိုက်လေသည်။ “ကလေးမလေးတွေ တိုက်ခိုက်နေတာကို ခင်ဗျား အသက်အရွယ်ကြီးနဲ့ ဘာလို့ သွားဝင်ရှုပ်ချင်နေတာလဲ။ အေးအေးဆေးဆေးပဲ ရပ်ကြည့်နေစမ်းပါ”

ဟူး…

လူအိုကြီးမှာ လေအေးတစ်ရှိုက်ရှူသွင်းလိုက်ရင်း နောက်သို့ ဆုတ်သွားခဲ့ရသည်။ ရန်ကိုင့်၏လက်ဝါးချက်မှာ သာမန်သာဖြစ်ပါသော်ငြား ထိုလက်ဝါးချက်ဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေခဲ့ရသည်။ ထိုလက်ဝါးချက်၏ ထိမှန်ခြင်းသာ ခံလိုက်ရမည်ဆိုပါက အတော်ဆိုးဆိုး ဒဏ်ရာရသွားနိုင်သည်ဟု လူးအိုကြီးဖု ခံစားနေခဲ့ရသည်။

(ဒီကောင် ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ…)

သူ့စိတ်ထဲ သခင်မလေးကို သွားကယ်ချင်ပါသော်ငြား ရန်ကိုင်မှ တားထားသည့်အတွက်ကြောင့် မည်သို့မှ လုပ်မရဖြစ်နေခဲ့လေသည်။

ထိုအချိန်အတောအတွင်း လူအိုကြီးပန်မှာ အိမ်ထောင့်နားသို့ ကပ်နေခဲ့လေ၏။ ရှောင်လင်းအာကို လက်ထဲ တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားရင်း ကျန်းရို့ရှီနှင့် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးတို့ တိုက်ခိုက်နေသည်ကို ကြောက်လန့်တကြားဖြင့် လှမ်းကြည့်နေခဲ့လေသည်။

သူ ဤမြို့ထဲတွင် နေနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ပါသော်ငြား သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ ရှောင်လင်းအာကိုလည်း ဂရုစိုက်ရဦးမည်ဖြစ်သည့်အတွက်ကြောင့် အခြားလူများအား ဒေါသထွက်သွားအောင် လုပ်မိမည်ကို စိုးရိမ်မိပေသည်။ သို့သော်ငြား အခု အချင်းချင်း ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြသည့် မိန်းမပျိုလေးနှစ်ဦးနှင့် ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးကိုကြည့်ရင်း လူအိုကြီးပန်မှာ အနည်းငယ် မှင်တက်မိနေတော့သည်။

နှစ်ဖွဲ့စလုံးသည် အားကောင်းသော နောက်ခံအသီးသီးကို ပိုင်ဆိုင်ထားကြသည့်ပုံပင်။ သူ့အနေဖြင့် ရန်ကိုင်နှင့် ကျန်းရို့ရှီသည် သူ့အား ဝင်ကူညီပေးခဲ့သည့်အပေါ် ကျေးဇူးတင်မိပါသော်ငြား တစ်ဖက်အဖွဲ့အား ရန်စမိလိုက်သလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် စကားတစ်ခွန်းမှ ဝင်မပြောရဲခဲ့ဘဲ အသေအပျောက် မရှိပါစေနှင့်ဟုသာ စိတ်ထဲမှကြိတ်၍ ဆုတောင်းနေခဲ့ရသည်။

“ဘုန်း ဘုန်း ဘုန်း…”

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ ကျန်းရို့ရှီ၏ တိုက်ခိုက်မှုများကြောင့် နောက်သို့ တရစပ် ဆုတ်နေခဲ့ရသည်။ အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ သဲအိတ်ကြီးတစ်လုံးအလား တောက်လျှောက်ကို အတိုက်ခိုက်ခံနေခဲ့ရသည်။ လုံးဝ ရှောင်တိမ်နိုင်ခဲ့ခြင်းမရှိ။ ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည့်အခါတွင်းလည်း ကျန်းရို့ရှီသည် သူမ၏ တိုက်ကွက်အားလုံးကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းပြသွားသခဲ့သည်။

သူမ၏ အကာအကွယ်မှော်ရတနာ အားကောင်းနေသည်မှာ ကံကောင်းသွားခဲ့လေသည်။ ထို့အပြင် ကျန်းရို့ရှီသည် သတ်ဖြတ်လိုစိတ်မပါဘဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ တောက်လျှောက် တိုက်ခိုက်ခြင်းခံနေရသည့်တိုင် သူမအတွက် အသက်အန္တရာယ်မရှိပေ။ သို့သော်ငြား မူလကတည်းက အလွန်ကိုမှ စိတ်ဆတ်သော လူတစ်ဦးဖြစ်သည့်အလျောက် ဤကဲ့သို့ တောက်လျှောက် တိုက်ခိုက်ခံနေရသော် သူမအနေဖြင့် လုံးဝကို ဒေါသူပုန်ထသွားရတော့လေသည်။ မျက်လုံးများ နီရဲတက်လာပြီး ဒေါသထွက်လွန်းသဖြင့် အော်ငိုခါနီးပင် ဖြစ်လာခဲ့ရသည်။

လူအိုကြီးဖုမှာ ရန်ကိုင့်ကို ကြောက်နေရသည့်အတွက်ကြောင့် သူ့သခင်မလေးအား သွားမကူညီပေးနိုင်လေရာ အံကြိတ်၍သာ အော်ပြောလိုက်ရတော့လေ၏။ “ဂျူနီယာ… မင်းလူကို ရပ်လိုက်ဖို့ပြောလိုက်… ပြီးရင် ငါ့သခင်မလေးကို တောင်းပန်ခိုင်းလိုက်… မဟုတ်ရင် မင်းတို့နှစ်ယောက်စလုံး သေရမှာနော်…”

“ခင်ဗျား ကျုပ်ကို လာခြိမ်းခြောက်ရဲတယ် ဟုတ်လား…” ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လူအိုကြီးဖုအား ရေခဲတမျှအေးစက်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင့်၏အကြည့်ကြောင့် လူအိုကြီးဖု ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။

သို့သော်ငြား သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လျက် ပြန်ပြောလိုက်လေ၏။ “ငါမင်းကိုပြောလိုက်မယ်… ငါ့သခင်မလေးက…”

လူအိုကြီးဖု ပြောပြီးသည်အထိပင် မစောင့်တော့ဘဲ ရန်ကိုင်သည် ကျန်းရို့ရှီဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “ရို့ရှီ… သူက ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခုကို ဝတ်ထားတာ… နင် သူ့ကို ဒီအတိုင်း ဆက်တိုက်ခိုက်နေလို့ ဘာမှထူးမှာမဟုတ်ဘူး”

လူအိုကြီးဖုမှာ တစ်ခုခုပြောရန် ကြိုးစားလိုက်ပါသော်ငြား ဘာကြောင့်မှန်းမသိ ခေါင်းတစ်ခုလုံး တဝီဝီမြည်လာပြီး ပြောမည့်စကားအားလုံး ပြတ်တောက်သွားခဲ့ရသည်။

“ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခု…” ကျန်းရို့ရှီ၏မျက်လုံးများထဲ အလင်းတစ်ချက် လက်သွားခဲ့လေသည်။ သူမ၏တိုက်ခိုက်မှုအားလုံးသည် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးအပေါ် အကျိုးသက်ရောက်မှုမရှိသည်မှာ အထူးအဆန်းမဟုတ်တော့။ လက်စသတ်တော့ ထိုကောင်မလေးသည် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခုကို ဝတ်ဆင်ထားသည်ကိုး။

“ဒါဆို ကျွန်မ ဘာလုပ်ရမလဲ…” ကျန်းရို့ရှီသည် ဆက်၍ မတိုက်ခိုက်တော့ဘဲ နောက်သို့ ပြန်ဆုတ်လာခဲ့လေသည်။

သူမမှာ ဒေါသထွက်နေပါသော်ငြား ဤမျှ အချိန်ကြာအောင် ဒေါမာန်တကြီးဖြင့် တိုက်ခိုက်ခြင်းခံရပြီးသည့်နောက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ မျက်နှာလေးမှာ ဖြူလျော်နေတော့လေသည်။ ဤကဲ့သို့ တရစပ်တိုက်ခိုက်ခံလိုက်ရသည့် မည်သူမဆို ကြောက်လန့်တုန်လှုပ်သွားမိမည်မှာ သဘာဝသာဖြစ်လေသည်။

လက်ရှိ ကျန်းရို့ရှီအား ကြည့်နေသည့် သူမ၏အကြည့်ထဲ ကြောက်ရွံ့တုန်လှုပ်ရိပ်တို့ ပြည့်နေခဲ့လေသည်။ သူမငယ်စဉ်ကတည်းက မည်သူမျှ သူမအပေါ် ဤကဲ့သို့ မလုပ်ခဲ့ဖူးချေ။ သူမမှ ကြယ်လိုချင်သည်ဟု ပြောလာလျှင် ကြယ်ကို ခူးဆွတ်ပေးမည့်လူများ အသင့်ရှိနေခဲ့သည်။ လမင်းကြီးကို လိုချင်ပါသည်ဟု ပြောလျှင်လည်း လမင်းကြီးကို ခူးယူပေးမည့်လူများလည်း ရှိနေခဲ့လေသည်။ မည်သူမှ သူမ၏ တောင်းဆိုမှုကို မလွန်ဆန်ရဲခဲ့။ သူမအပေါ် ဤကဲ့သို့ တုံံ့ပြန်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးပင်။

ကျန်းရို့ရှီ၏မေးခွန်းကိုကြားသော် ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “အဲ့ဧကရာဇ်အဆင့်မှော်ရတနာက အားကောင်းရင်ကောင်းလိမ့်မယ်… ဒါပေမဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မကာကွယ်ပေးနိုင်တာမှ မဟုတ်တာ။ ခုနတုန်းက နင့်မျက်နှာကို ဖျက်စီးပစ်ချင်တယ်လို့ သူပြောခဲ့တယ်မလား...”

ကျန်းရို့ရှီက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ “ရို့ရှီနားလည်ပါပြီ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် မိစ္ဆာဆန်ဆန်ပြုံးလျက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ မျက်နှာတည့်တည့်ကို စိုက်ကြည့်လိုက်လေသည်။

“နင်… နင် ဘာလုပ်ချင်နေတာလဲ…” ကျန်းရို့ရှီ၏ အကြည့်စူးစူးကိုမြင်သော် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ တုန်လှုပ်ခြောက်ခြားလာလေတော့သည်။ ကျန်းရို့ရှီ၏ တိုက်ခိုက်ခြင်း ခံနေရသည့်နောက် နောက်သို့ တရစပ်ဆုတ်လာခဲ့ရာ ယခုဆိုလျှင် ဆုတ်စရာနေရာပင် မကျန်တော့ဘဲ ကျောပြင်နှင့်နံရံပင် ကပ်နေခဲ့လေပြီ။ သူမ၏ကျာပွတ်မှာလည်း ကြမ်းပြင်ပေါ်သို့ မည်သည့်အချိန်ကတည်းမှန်းမသိ ကျနေခဲ့လေ၏။

ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက် လူအိုကြီးဖု၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။ လူငယ်လေးပြောသည့်ပုံကိုကြည့်ရသလောက် ထိုကောင်မလေးသည် သူ့သခင်မလေး၏မျက်နှာကို တိုက်ခိုက်တော့မည့်ပုံပင်။ သူ့သခင်မလေး၏ ဒေါသအရ သူမ၏မျက်နှာသာ ပျက်စီးသွားမည်ဆိုလျှင် အရှေ့ဘက်နယ်မြေတစ်ခုလုံး ကသောင်းကနင်းဖြစ်ကုန်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ချက်ချင်း ထအော်ပြောလေ၏။ “ဟိတ်ကောင်လေး… ငါတို့သခင်မလေးက…”

“ကျုပ် ခင်ဗျားပြောတာကိုမကြားဘူး… ကျုပ် ခင်ဗျားပြောတာကို လုံးဝ မကြားဘူး… လုံးဝကိုမကြားဘူး…” ရန်ကိုင်သည် သူ့ခေါင်းကို အဆက်မပြတ် ခါနေခဲ့လေသည်။ နောက်တစ်ဖန် ဘာကြောင့်မှန်းမသိ လူအိုကြီးဖု၏ စကားလုံးများမှာ အကြောင်းအရင်းမရှိ ရပ်တန့်သွားရပြန်လေသည်။ ရန်ကိုင်သည် သူတို့၏နောက်ခံ ပုံမှန်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် သူတို့မည်သူမည်ဝါ ဖြစ်သလဲ ဆိုသည်ကို လုံးဝ မကြားချင်မှန်း လူအိုကြီးဖု ချက်ချင်း နားလည်သွားခဲ့လေသည်။

(သောက်ရှက်မရှိလိုက်တာကွာ…) ပုံမှန်အားဖြင့် အလွန်ကိုမှ အားကောင်းလှသော ရန်သူများပင်လျှင် သူတို့ မည်သူမည်ဝါဖြစ်မှန်း သိပြီးသည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ပြန်ဆုတ်သွားရသည်ချည်းသာ။ သို့သော်ငြား ဤကောင်လေးသည် ထူးဆန်းသော စွမ်းအားတစ်မျိုးကိုသုံးလျက် သူ့အား စကားမပြောနိုင်အောင် လုပ်ထားခဲ့လေရာ လူအိုကြီးဖုမှာ သူတို့ မည်သူမည်ဝါဖြစ်မှန်းကို မပြောနိုင်တော့အောင် ဖြစ်နေခဲ့လေသည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ရို့ရှီ… ငါကလွဲပြီးတော့ ဒီမှာရှိနေတဲ့ ဘယ်သူမဆို စကားတစ်ခွန်းပြောလိုက်တာနဲ့ အဲ့ကောင်မလေးရဲ့ မျက်နှာကိုရိုက်လိုက်…”

“ကောင်းပါပြီ…” ကျန်းရို့ရှီက ပြန်ပြောလိုက်လေသည်။ ရန်ကိုင်ပေးလာသည့်အမိန့်သာဆိုလျှင် သူမရှေ့၌ ရပ်နေသည့်လူသည် ကျောက်စိမ်းဧကရာဇ်ဖြစ်မည်ဆိုလျှင်ပင် ကျန်းရို့ရှီကတော့ ရန်ကိုင့်၏ အမိန့်ကို နာခံပေဦးမည်ပင်။

“နင်လုပ်ရဲလား…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက ထအော်လေသည်။

“ဖြန်း…”

ကြည်လင်ပြတ်သားသည့်အသံနှင့်အတူ မိန်းမငယ်လေး၏ခေါင်း ချာခနဲ လည်ထွက်သွား၏။ အနီရောင်လက်ဝါးရာကြီးမှာလည်း သူမ၏ ဘယ်ဘက်ပါးပေါ်တွင် ထင်ကျန်ရစ်သွားလေသည်။

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ သူမပါးရိုက်ခံလိုက်ရသည့်အပေါ် မယုံကြည်နိုင် ဖြစ်နေသည့်အလား သူမ၏ဘယ်ဘက်ပါးကို လက်ဖြင့်ကိုင်ရင်း ကျန်းရို့ရှီအား ကြက်သေသေနေသည့် အမူအယာဖြင့် ကြည့်လိုက်လေ၏။ ပါးပေါ်ရှိ တဆစ်ဆစ် ပူလောင်လာသော နာကျင်မှုကို ခံစားမိလိုက်သော် ဒေါမာန်တကြီး ထအော်တော့လေသည်။ “နင် ငါ့ကို…”

“ဖြန်း…”

ယခုတစ်ကြိမ်တွင်တော့ သူမ၏ညာဘက်ပါးပေါ်၌ လက်ဝါးရာတစ်ခု ပေါ်လာခဲ့လေ၏။

“ဝါး…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေး မျက်ရည်ရွဲလဲဖြင့် အော်ငိုတော့လေ၏။ မျက်ရည်များသည် ရေတံခွန်အလား သူမ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် ကျန်းရို့ရှီက မျက်မှောင်ကြုတ်လျက် ခြိမ်းခြောက်လိုက်လေ၏။ “တိတ်တိတ်နေစမ်း… နင်ဆက်ပြီးငိုနေဆိုရင် ငါနင့်ကို နောက်တစ်ချက်ထပ်ရိုက်မှာနော်…”

ကျန်းရို့ရှီ၏စကားကို ကြားပြီးသည့်နောက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ လုံးဝကို ကြောက်သွားသည့်အလား ချက်ချင်း အငိုတိတ်သွားခဲ့လေ၏။ သို့သော်ငြား တရှုံ့ရှုံ့တော့ လုပ်နေခဲ့ပေသေးသည်။

နောက်တစ်ကြိမ် ထပ်ရိုက်ခံမည်ကို အနီရောင်ဝတ်ရုံဝတ်ကောင်မလေး အမှန်တကယ်ကို ကြောက်နေခဲ့လေပြီ။

ကျန်းရို့ရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ငါနင့်ကို နှစ်ချက်ပဲရိုက်ရသေးတယ်… အဲ့ဒါကို ကမ္ဘာပျက်တော့မလို အော်ငိုနေတယ်… နင် ဒီလူအိုကြီးကို ကျာပွတ်နဲ့ရိုက်တုန်းက သူ ဘယ်လောက်နာကျင်နေမလဲ နင် စဉ်းစားခဲ့ဖူးလား… သူ နင့်ကို နှစ်ရက်ပဲစောင့်ခိုင်းတာလေ… အဲ့တာကိုတောင် ဘာတွေ ဒီလောက်သည်းမခံနိုင်ဖြစ်ပြီး သူ့ကို ကြာပွတ်နဲ့ သွားရိုက်ရတာလဲ…”

“မောက်မာလိုက်တဲ့ကောင်မလေး…” လူအိုကြီးဖုမှာ ရပ်ကြည့်မနေနိုင်တော့ဘဲ ထအော်တော့လေ၏။ သူ့သခင်မလေး တစ်ချက်ပြီးတစ်ချက် ပါးရိုက်ခံနေရသည်ကို မည်ကဲ့သို့များ ထိုင်ကြည့်နေနိုင်ပါမည်နည်း။

သို့သော်ငြား လူအိုကြီးဖုမှ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရို့ရှီသည် သူမလက်ကို မြှောက်လျက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး၏ ပါးကို နောက်တစ်ချက် ထပ်ရိုက်ချလိုက်လေသည်။

“ဖြန်း…”

“ဆရာကပြောထားတယ်… သူကလွဲပြီးတော့ ဒီအခန်းထဲမှာ တစ်ယောက်ယောက်စကားပြောရဲရင် နင့်မျက်နှာကို ရိုက်ရမယ်တဲ့… အပြစ်တင်ချင်ရင်တော့ စကားပြောလိုက်တဲ့လူကိုပဲ သွားအပြစ်တင်တော့…”

ထိုစကားကိုကြားသော် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လူအိုကြီးဖုအား လှမ်းကြည့်လိုက်လေသည်။

“အာ…” သူ့သခင်မလေး၏ အကြည့်ကြောင့် လူအိုကြီးဖုမှာ စကားတစ်ခွန်းမှပင် ထပ်မပြောရဲတော့ဘဲ လည်ပင်းလေးကျုံ့ဝင်သွားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က ရယ်မောလျက် လူအိုကြီးဖုကိုကြည့်ကာ ပြောလိုက်လေသည်။ “ခင်ဗျားပြောချင်တာရှိသေးလို့လား လူအိုကြီးဖု… ပြောချင်ရင်ပြောနော်… ဒီသခင်လေး နားထောင်နေတယ်…”

လူအိုကြီးဖုသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ရန်ကိုင့်ကိုသာ စူးရဲစွာ စိုက်ကြည့်နေလေသည်။

သူ့အနေဖြင့် မည်ကဲ့သို့များ ပြောရဲပါဦးမည်နည်း။ သူသာပြောလိုက်လျှင် သူ့သခင်မလေး ပါးရိုက်ခံရပေလိမ့်မည်။ ထိုသို့ပါးရိုက်ခံရမည်ဆိုပါက သူ့သခင်မလေးသည် သူမ၏ဒေါသအားလုံးကို သူ့အပေါ်သို့ ပုံချလာပေတော့မည်။ ထိုသို့သာဖြစ်နေမည်ဆိုပါက သူ့အနေဖြင့် နောက်တစ်နေ့နေထွက်သည်ကိုပင် မြင်ရနိုင်တော့လိမ့်မည် မဟုတ်ပေ။

သို့သော်ငြား သူ့သခင်မလေး ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည့် အချိန်ကတည်းက သူ့တာဝန်ကို အောင်မြင်စွာ မလုပ်နိုင်တော့မှန်း လူအိုကြီးဖုသိလိုက်ပေသည်။ အိမ်သို့ပြန်ရောက်သည့်နောက် မည်ကဲ့သို့သော အပြစ်မျိုးသည် သူ့အား စောင့်ကြိုနေလေမည်နည်း။ ထိုအကြောင်းကိုတွေးရင်း လူအိုကြီးဖုမှာ စိတ်ညစ်လာရတော့လေသည်။ သူ့စိတ်ထဲ ဘာအကြောင်းကိုမှ မတွေးနိုင်တော့လေအောင် တစ်ခါတည်း တန်း၍သာ သတိလစ်သွားချင်တော့ပေသည်။ မြင်သာမမြင်ရလျှင် သူလည်း ထိုအရာများကို တွေးပူစရာမလိုသလို စိတ်လည်း ညစ်နေရလိမ့်မည် မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၃၅)

“ခင်ဗျား ဘာမှ ထပ်မပြောချင်တော့ဘူးလား လူအိုကြီးဖု…” ရန်ကိုင်က ပြုံးလျက် မေးလိုက်လေသည်။

လူအိုကြီးဖုသည် တိတ်တိတ်သာ နေနေလေသည်။ တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်ဆိုသည့်အတိုင်း ရန်ကိုင့်၏လှည့်ကွက်ထဲ တစ်ကြိမ်ကျရောက်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် နောက်တစ်ကြိမ် ထပ်အဝင်ခံတော့လိမ့်မည်မဟုတ်ချေ။ သူသာစကားထပ်ပြောလိုက်လျှင် သူ့သခင်မလေး ပါးရိုက်ခံရပေလိမ့်မည်။

လူအိုကြီးဖု ငြိမ်နေသည်ကိုမြင်သော် ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “နင်ရော… နင်ရော ဘာပြောချင်သေးလဲ…”

မျက်ရည်များသည် သူမ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက်စီးကျနေခဲ့သည်။ ရန်ကိုင်မှမေးလာခဲ့သည့်တိုင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ စကားတစ်ခွန်းမှ ပြန်မပြောရဲခဲ့ပဲ ခေါင်းကိုသာ အဆက်မပြတ် ခါယမ်းနေခဲ့သည်။

“အဲ့လိုဆိုရင်…” ရန်ကိုင့်၏အမူအယာ ရုတ်ချည်း ခက်ထန်သွားခဲ့လေသည်။ “ထွက်သွားလိုက်ပေတော့…”

လူအိုကြီးဖုအတွက်မူ ထိုစကားလုံးများသည် အလွန်ကိုမှ နားဝင်ချိုသာလှပေသည်။ ရန်ကိုင့်၏ခွင့်ပြုချက် ရလိုက်သည်နှင့်တစ်ပြိုင်နက် ကြမ်းပြင်ပေါ်တွင် ရှိနေသော ကျာပွတ်ကိုကောက်ယူလျက် သူ့သခင်မလေးအား ဧကရာဇ်ချီဖြင့်လွှမ်းခြုံကာ အိမ်ထဲမှ ချက်ချင်းပြေးထွက်သွားတော့လေသည်။ သို့သော်ငြား တံခါးပေါက်သို့ရောက်ချိန် ရန်ကိုင့်အား သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်သွားသေးသည်။

ရန်ကိုင့်၏ပြိုင်ဘက် မဟုတ်သည့်အတွက်ကြောင့် ပွင့်ပွင့်လင်းလင်း မခြိမ်းခြောက်ရဲပါသော်ငြား ယနေ့ကိစ္စကိုတော့ လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် မသွားခင် ရန်ကိုင့်အား နောက်ဆုံးအကြိမ်အဖြစ် စူးရဲစွာ စိုက်ကြည့်သွားခဲ့လေသည်။

ကျန်းရို့ရှီကမူ သွားမတားခဲ့ဘဲ ထိုလူနှစ်ဦး ထွက်သွားသည်ကိုသာ ဤအတိုင်း ရပ်ကြည့်နေခဲ့လေသည်။

သူတို့ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် လူအိုကြီးပန်အနားသို့ လျှောက်သွားကာ သူ့ရင်ခွင်ထဲတွင်ရှိနေသော ရှောင်လင်းအာဟုခေါ်သည့် ကောင်မလေးကိုကြည့်ရင်း ပြောလိုက်လေသည်။ “မကြောက်တော့နဲ့ ညီမလေး… လူဆိုးကြီးတွေကို အစ်မတို့ မောင်းထုတ်ပစ်လိုက်ပြီ…”

ရှောင်လင်းအာ၏မျက်နှာတစ်ခုလုံး မျက်ရည်ကွက်များဖြင့် ပြည့်နေခဲ့လေသည်။ ကျန်းရို့ရှီသည် သူမနှင့် သူမအဖိုးကို ကယ်ခဲ့သည့်အတွက်ကြောင့်လားမသိရ ရှောင်လင်းအာသည် ကျန်းရို့ရှီအား ကြောက်ရွံ့နေခြင်းမရှိပေ။ ကျန်းရို့ရှီကို မျက်လုံးအပြူးသားဖြင့်သာ စိုက်ကြည့်နေလေ၏။

လူအိုကြီးပန်က ဒယီးဒယိုင်ဖြင့် မတ်တပ်ရပ်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “အခုလိုကူညီပေးတဲ့အတွက် ညီငယ်လေးနဲ့ သခင်မလေးတို့ကို ကျေးဇူးအများကြီးတင်ပါတယ်… ဒီလူအိုကြီး ဒီကျေးဇူးအကြွေးကို လုံးဝမမေ့ပါဘူး…”

ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သာ မကူညီပေးပါက သူ့အနေဖြင့် ရှောင်လင်းအာကိုထား၍ အနီရောင်ဝတ်ရုံဝတ်ကောင်မလေးနောက်သို့ ကျိန်းသေ လိုက်သွားရပေလိမ့်မည်။

“မလိုပါဘူး အဖိုး… အခုလိုမျိုး အနိုင်ကျင့်ခံနေရတာကိုတွေ့တော့ ကျွန်မလည်း ကြည့်မနေနိုင်တော့လို့ ဝင်ကူညီလိုက်တာပါ…” ကျန်းရို့ရှီက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။

လူအိုကြီးပန်က သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။ “ဒီလူအိုကြီးကြောင့် ဒီနေ့ မင်းတို့နှစ်ယောက် ဒီအရှုပ်အထွေးထဲ ပါမိသွားပြီ… ကျေးဇူးရှင်တို့ရဲ့ နာမည်ကို သိလို့ရမလားမသိဘူး…”

ဤမြို့ထဲတွင် နေသည်မှာ အလွန်ကိုမှ ကြာနေပြီဖြစ်သည့်အတွက်ကြောင့် လူအိုကြီးပန်မှာ အတော်လေးကိုမှ အမြင်စူးရှနေပြီဟု ပြော၍ရပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် အလွန်ကိုမှ အဆင့်အတန်းမြင့်မားသည့် လူတစ်ဦးဖြစ်မှန်း လူအိုကြီးပန်ပြောနိုင်ပေသည်။ ဤကျေးဇူးရှင်နှစ်ဦးသည် သူ့အတွက်ကြောင့်နှင့် ထိုကောင်မလေးကို ရန်စမိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ ထိုနှစ်ဦးအပေါ် အပြစ်မကင်းသလို ခံစားလိုက်ရလေ၏။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်မဖြေခဲ့ပေ။ ထို့အစား ပြန်၍သာ ပြောလိုက်လေ၏။ “အကြီးအကဲ… ရှောင်လင်းအာရဲ့အဖျားက တော်တော်လေးဆိုးတယ်နော်… သူမြန်မြန်ပြန်ကောင်းအောင်လုပ်ပြီးတော့ ဒီနေရာကနေ စောစောထွက်သွားလိုက်တာ ကောင်းလိမ့်မယ်.. ကျုပ်တို့ ခင်ဗျားတို့ကို ဆက်မနှောင့်ယှက်တော့ဘူး…”

ပြောပြီးသည့်နောက် ကျန်းရို့ရှီအား တစ်ချက်လှမ်းကြည့်လျက် ထွက်သွားရန် ပြင်လိုက်လေသည်။ ဤနေရာသို့ လာရခြင်းမှာ လူအိုကြီးပန်ဆီမှ အကူအညီတောင်းရန် ဖြစ်ပါသော်ငြား လက်ရှိ လူအိုကြီးပန်၏ အခြေအနေကို မြင်ပြီးသည့်နောက် သူ့ဘာသာ ရှေးဟောင်းကုန်းမြေထဲသွားရန်သာ ဆုံးဖြတ်လိုက်တော့လေ၏။

ထို့အပြင် လူအိုကြီးပန်၏ အကူအညီမပါလျှင်ပင် သူ့ဘာသာ ရှေးဟောင်းတောအုပ်ကြီးထဲသို့ သွားနိုင်သည်ဟု ရန်ကိုင် ယုံကြည်ချက်ရှိပေသည်။

“အဖိုး…” ရှောင်လင်းအာက ရုတ်တရက် အားနည်းသည့်လေသံဖြင့် အော်ခေါ်လိုက်လေ၏။

ထို့နောက်တွင် လူအိုကြီးပန်က အော်ပြောလိုက်လေသည်။ “နေပါဦး…”

ရန်ကိုင်က ပြန်လှည့်ကြည့်လိုက်သည်။

“ညီငယ်လေး… မင်း ဒီကိုရောက်လာတာ ဒီလူအိုကြီးကို လမ်းပြလုပ်ပေးဖို့ တောင်းဆိုချင်လို့မလား…”

ရန်ကိုင်က အမှန်အတိုင်း ဝန်ခံလိုက်လေသည်။ “ဟုတ်တယ်…”

“အဲ့ဒါဆိုလို့ရှိရင် မနက်ဖြန်ကြရင် ရှေးဟောင်းတောအုပ်ကြီးအပြင်ဘက်မှာ သွားစောင့်နေလိုက်… ဒီလူအိုကြီး မင်းတို့နဲ့ အဲ့မှာလာတွေ့မယ်…”

ရန်ကိုင်က မျက်ခုံးပင့်လျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “အခုလိုပြောပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ရှောင်လင်းအာကိုသာ အရင်ဂရုစိုက်လိုက်ပါ အကြီးအကဲရယ်…”

လူအိုကြီးပန်က ရှောင်လင်းအာ၏ခေါင်းကို ပွတ်ပေးရင်းမှ ပြန်ပြောလိုက်လေသည်။ “ရှောင်လင်းအာက အခုလိုမျိုး လုပ်စေချင်တာလေ… ငါသူ့ကို စိတ်ပျက်စေလို့ ဘယ်ဖြစ်ပါ့မလဲ…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ဒါပေမဲ့ ခင်ဗျား ကျုပ်တို့ကို ရှေးဟောင်းတောအုပ်ကြီးထဲ ခေါ်သွားပေးမယ်ဆိုလို့ရှိရင် ရှောင်လင်းအာကို ဘယ်လိုလုပ်မှာလဲ…”

“ငါ ဒီမှာနေနေတာ နှစ်တွေအများကြီးကြာနေပြီ… ဒီတော့ ငါ့မှာ အဆက်အသွယ်တွေမရှိဘဲ နေပါ့မလား… ငါမင်းတို့ကို ရှေးဟောင်းတောအုပ်ထဲခေါ်မသွားခင် ရှောင်လင်းအာကို လုံခြုံတဲ့နေရာတစ်ခုမှာ သွားပို့ထားမှာ…” ခဏရပ်ပြီးသည့်နောက် ဆက်၍ပြောလိုက်လေသည်။ “ငါ့ဆီမှာ ဘာအဖိုးတန်တာမှ မရှိတော့ ကျေးဇူးရှင်တို့နှစ်ဦးအတွက် ဒါ ငါလုပ်ပေးနိုင်တာအကုန်ပဲ… ကျေးဇူးရှင်တို့နှစ်ဦး မငြင်းဖို့ မျှော်လင့်ပါတယ်…”

လူအိုကြီးပန်မှ ဤကဲ့သို့ပြောလာသဖြင့် ရန်ကိုင့်ဘက်မှ ငြင်းနေလျှင်လည်း မသင့်တော်တော့လေရာ ရန်ကိုင်လည်း ခေါင်းညိတ်၍ လက်ခံလိုက်လေသည်။ “ကောင်းပြီလေ… ဒါဆိုရင် ကြိုပြီးတော့ ကျေးဇူးတင်ထားရတာပေါ့ လူအိုကြီးပန်… ရို့ရှီနဲ့ကျုပ် နက်ဖြန်ကြရင် ဝင်ပေါက်မှာ စောင့်နေပါ့မယ်…”

“ကောင်းပြီ… ဂရုစိုက်ဦးနော်…” လူအိုကြီးပန်က လက်သီးဆုပ်လျက် အသာအယာ ဦးညွှတ်လိုက်လေသည်။

ထိုစဉ် ရှောင်လင်းအာက ရုတ်တရက် အော်ပြောလိုက်လေသည်။ “အစ်ကိုကြီး အစ်မကြီး သတိထားဦးနော်… ရှေးဟောင်းတောအုပ်ကြီးက အရမ်းအန္တရာယ်များတယ်လို့ အဖိုးပြောတာ သမီးကြားဖူးတယ်… အစ်ကိုကြီး၊ အစ်မကြီးတို့ အသက်ရှင်လျက် ပြန်လာခဲ့ကြနော်…”

ထိုစကားကိုကြားသော် ကျန်းရို့ရှီက ပြုံးလျက် “စိတ်မပူနဲ့ ညီမလင်းအာ… နင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး…”

ရှောင်လင်းအာက ခေါင်းညိတ်ပြလိုက်လေ၏။ အဖျားကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်နေသော သူမမျက်နှာသည် အနည်းငယ်လေး နီမြန်းလာခဲ့လေသည်။

လူအိုကြီးပန်၏အိမ်မှ ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် ကျန်းရို့ရှီကိုခေါ်၍ မြို့ထဲမှ ထွက်လာခဲ့လိုက်တော့သည်။ ထို့နောက် ရှေးဟောင်းတောအုပ်ကြီး၏ ဝင်ပေါက်ဆီသို့ တိုက်ရိုက်တန်းလာခဲ့လေသည်။ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ဝင်ပေါက်နေရာသို့ ရောက်လာခဲ့လေသည်။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် တိတ်ဆိတ်သည့်နေရာတစ်ခုကိုရှာကာ တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် ရန်ကိုင်သည် ပီစန်းမှပေးခဲ့သော ကျောက်စိမ်းပြားကိုထုတ်၍ စစ်ဆေးကြည့်တော့လေ၏။

ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးသည် အန္တရာယ်ပေါင်းစုံနှင့် ပြည့်နေခဲ့လေသည်။ ထိုနေရာတွင် မွန်းစတားသားရဲများ၊ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အစီအရင်များစွာ ရှိနေသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်ပင် ထိုထဲသို့ ဝင်ရောက်သွားပြီးသည့်နောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မည်ဟု အာမခံချက်မရှိပေ။

ရန်ကိုင်သည် အားကောင်းသည်မှာ မှန်ပါသော်ငြား မည်သည့်ပြင်ဆင်မှုမှ မပြုလုပ်ဘဲ ရှေးဟောင်းတောအုပ်ကြီးထဲ ဝင်သွားရလောက်သည်အထိတော့ မရူးမိုက်သေးပေ။

ထို့အပြင် ဤမြေပုံသုံးလျက် ရှောင်ရှောင်၏တည်နေရာကိုရှာရန် စဉ်းစားထားခဲ့လေသည်။

ရှောင်ရှောင့်အား ရှေးဟောင်းတောအုပ်ကြီး၏ အပြင်ပိုင်းတွင် ရှာတွေ့လျှင်တော့ အကောင်းဆုံးသာ ဖြစ်လေသည်။ ထိုသို့မဟုတ်ပါက အတွင်းပိုင်းသို့ ဆက်၍ ဦးတည်သွားရပေလိမ့်မည်။

“သေစမ်း… သေစမ်း… သေစမ်း… ဘာမှသောက်သုံးမကျတဲ့ကောင်တွေ…” လူအိုကြီးပန်၏အိမ်နှင့် မိုင်တစ်ရာခန့် ဝေးကွာသော ခြောက်ကပ်နေသည့် တောင်တစ်လုံးပေါ်တွင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် သူမ၏ကျာပွတ်အား ဒေါမာန်တကြီးဖြင့် အဆက်မပြတ်ဝှေ့ယမ်းနေခဲ့လေသည်။ သူမဘဝတွင် တစ်ကြိမ်တစ်ခါမျှ ဤကဲ့သို့ အရှက်ခွဲမခံခဲ့ရဖူးချေ။ ယနေ့တွင် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ အလွန်ကိုမှ ကြောက်လန့်တုန်လှုပ်သွားသည့်အတွက်ကြောင့် စကားပြောဖို့ရာပင် သတ္တိမရှိခဲ့တော့ချေ။ ဤနေရာသို့ ထွက်လာပြီးသည့်နောက်မှသာ သူမ၏ ဒေါသအလုံးစုံကို သူမ၏ လက်အောက်ငယ်သားနှစ်ယောက်အပေါ် ဖွင့်ထုတ်နေခြင်း ဖြစ်လေသည်။ ထိုနှစ်ဦးမှာ အခြားမဟုတ် လူအိုကြီးပန်၏ အိမ်ပေါက်ဝကို စောင့်ရန် တာဝန်ပေးထားခြင်း ခံခဲ့ရသည့် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော အစောင့်နှစ်ဦးသာ ဖြစ်လေသည်။

ထိုကျင့်ကြံသူနှစ်ဦးသည် ပါရမီပါသလို အားကောင်းသည့်ဂိုဏ်းမှ လာခဲ့ပါသော်ငြား အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှ သူတို့အား ကျာပွတ်ဖြင့် ရိုက်နေသည်ကို တစ်ချက်ကလေးမှပင် ပြန်မပြောရဲဘဲ အံကြိတ်၍သာ ငြိမ်ခံနေရလေသည်။

ကျာပွတ်ရိုက်ချက် တစ်ချက် ကျဆင်းလာတိုင်း သွေးများပန်းထွက်လာခဲ့ပြီး အသားစများ ပြတ်ထွက်ကုန်လေ၏။ သူတို့၏ စုတ်ပြတ်နေသော အဝတ်အစားအားလုံးမှာလည်း သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။

နှစ်ဦးစလုံးမှာလည်း အလွန်ကိုမှ ဒေါသထွက်နေကြသည်။ သူတို့သခင်မလေးကိုတော့ ဒေါသမထွက်ရဲသည့်အတွက်ကြောင့် ရန်ကိုင့်ကိုသာ ဒေါသထွက်နေရလေသည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီကြောင့်သာ မဟုတ်ပါက သူတို့သခင်မလေး၏ ရိုက်နှက်ခြင်း ခံရလိမ့်မည် မဟုတ်‌ချေ။ အကုန်လုံးမှာ ရန်ကိုင့်၏အပြစ်သာ ဖြစ်လေသည်။

လူအိုကြီးဖုမှာ ဘေးဘက်တွင်ရပ်နေလေ၏။ သူ့သခင်မလေးမှ ဒေါသထွက်ထွက်ဖြင့် သူ့အား ကျာပွတ်ဖြင့် လာရိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် လူအိုကြီးဖုမှာ စကားတစ်ခွန်းမှပင် မပြောရဲခဲ့ပဲ ပါးစပ်ကို တင်းတင်းပိတ်ထားခဲ့လေသည်။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်သော သူသည်သာ သူ့သခင်မလေး၏ ကျာပွတ်ဖြင့် ရိုက်နှက်ခြင်းခံရမည်ဆိုပါက တကယ်ကို အရှက်ကွဲရပေလိမ့်မည်။

ကံကောင်းစွာဖြင့် သူ့သခင်မလေးမှာ သူ့အား အနည်းငယ် မျက်နှာသာပေးခဲ့ပေသေးသည်။ သခင်မလေးမှာ အရူးတစ်ပိုင်းနှယ် ဒေါသထွက်နေပါသော်ငြား သူ့အား ပွင့်ပွင့်လင်းလင်း အပြစ်မပေးခဲ့ပေ။ ထို့အစား တာအိုသခင်တတိယအဆင့်သို့ ရောက်နေ‌သော အစောင့်နှစ်ဦးကိုသာ ဒေါသတကြီးဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်နေလေ၏။ သူတို့နှစ်ဦးစလုံးမှာ ဘာမှပြန်မလုပ်ရဲသလို ခုလည်းမခုခံရဲသည့်အတွက်ကြောင့် လူအိုကြီးဖုအား တောင်းပန်တိုးလျှိုးဖြင့် လှမ်းကြည့်လိုက်လေသည်။ သို့ရာတွင် လူအိုကြီးဖုကမူ မသိချင်ယောင်သာဆောင်နေခဲ့လေသည်။ ယခုလက်ရှိအခြေအနေနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်ပေ။

အချိန်အတော်ကြာအောင် ဒေါမာန်တကြီးဖြင့် ရိုက်နှက်နေပြီးသည့်နောက် အနီရောင်ဝတ်ရုံဝတ်ကောင်မလေး ပင်ပန်းလာသည့်ပုံပင်။ အမောတကောအသက်ရှူရင်း မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ သူမ၏အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲနေသည့်အတွက်ကြောင့် အသားများသို့ကပ်နေကာ ကျော့ရှင်းလှသော သူမ၏ခန္ဓာကိုယ်ကို အထင်းသား ပေါ်လွင်နေစေခဲ့လေသည်။

သို့သော်ငြား မည်သူမှ ဤအလှတရားကို မခံစားနိုင်နေခဲ့ပေ။ လူအိုကြီးဖုမှာ သူ့ခြေထောက်သူသာ မမှိတ်မသုန် ငုံ့ကြည့်နေခဲ့ပြီး အစောင့်နှစ်ဦးမှာ ဆံ့တငင်ငင် ဖြစ်နေကြလေပြီ။ နှစ်ဦးစလုံးမှာ အချိန်မရွေး အသက်ပျောက်သွားနိုင်သည့်အလား နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ရီနေကြလေ၏။

“လူအိုကြီးဖု… နန်းတော်ဆီသတင်းပို့ပြီး အကူတွေ လွှတ်ပေးဖို့ပြောလိုက်…” အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက ရုတ်တရက် အမိန့်ပေးလိုက်လေသည်။

လူအိုကြီးဖု ထိတ်လန့်သွားလေ၏။ “သခင်မလေး ဘာလုပ်ချင်လို့လဲ…”

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဘာလုပ်ရမှာလဲ… ဟိုခွေးနှစ်ကောင်ကို ပြန်လက်စားချေရမှာပေါ့… ကျွန်မကို အခုလိုလုပ်ခဲ့တာအတွက် လုံးဝကို ခွင့်မလွှတ်နိုင်ဘူး… နှစ်ယောက်စလုံး မိလို့ကတော့ အရေခွံခွာ တံစို့ထိုးပြီး မီးကင်ပစ်မှာ…”

“အဲ့လိုလုပ်လို့မရဘူးနော် သခင်မလေး…”

“ရှင်က ဘာဖြစ်နေတာလဲ… ကျွန်မကို အရှက်ခွဲသွားတာကိုတောင် လက်စားပြန်ချေလို့မရဘူးလား…”

လူအိုကြီးဖုက အကြံပေးလိုက်လေသည်။ “သခင်မလေး… လူကြီးမင်း ဒီတစ်ကြိမ် သခင်မလေးကို အပြင်ထွက်ခွင့် ပြုလိုက်ရတာက သခင်မလေးကို အရင်ကထက်ပိုပြီး ရင့်ကျက်လာစေချင်လို့ပဲ… မထွက်သွားခင်ကလည်း လူကြီးမင်းပြောလိုက်တယ်လေ၊ သခင်မလေးရဲ့ အဆင့်အတန်းကိုသုံးပြီး အခြားသူတွေကို လိုက်အနိုင်ကျင့်လို့မရဘူးလို့… လူကြီးမင်းသာ ဒီနေ့ကိစ္စကို ကြားသွားမယ်ဆိုရှိရင် သခင်မလေး နောက်တစ်ကြိမ် နန်းတော်ထဲက ထွက်ခွင့်ရတော့မှာမဟုတ်ဘူးနော်… လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဘာဖြစ်သွားတယ်ဆိုတာကို သခင်မလေး မေ့နေတာလား…”

လူအိုကြီးဖုမှ လွန်ခဲ့တဲ့သုံးနှစ်ကိစ္စအကြောင်း ပြန်အစဖော်လိုက်သော် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် ချောက်ခြားဖွယ်ရာ ကိစ္စတစ်ခုကို ပြန်သတိရသွားသည့်အလား သူမ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်လာခဲ့လေသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က သူမသည် အပြင်သို့ထွက်ရင်းမှ အမှားတစ်ခုကိုလုပ်မိခဲ့လေသည်။ သူမ၏အဆင့်အတန်းကိုသုံး၍ ကျင့်ကြံသူပေါင်းများစွာကို အနိုင်ကျင့်ခဲ့သည်။ နောက်တစ်နေ့တွင် သူမအဖေမှ ထိုအကြောင်းကိုကြားပြီး သူမအား နန်းတော်ထဲတွင် သုံးနှစ်တိုင်တိုင် အကျယ်ချုပ်ချခဲ့လေသည်။

ထိုသုံးနှစ်အတောအတွင်း သူမမှာ အပြင်သို့ ခြေတစ်လှမ်းပင် ထွက်ခွင့်မရပေ။ ထိုသုံးနှစ်တာကာလသည် သူမအတွက် အလွန်ကိုမှ မခံမရပ်နိုင်စရာ ကောင်းလွန်းလှသည့် အချိန်သုံးနှစ်သာ ဖြစ်ပေသည်။

ယခုမှသာလျှင် သူမအနေဖြင့် အပြင်သို့ နောက်တစ်ကြိမ် ပြန်ထွက်ခွင့်ရခြင်း ဖြစ်လေသည်။ သူမ၏အဖေသည်သာ ယနေ့ကိစ္စအကြောင်းကို ထပ်ကြားသွားမည်ဆိုပါက နောက်တစ်ကြိမ် အကျယ်ချုပ် ထပ်ကျမည်မှာ မလွဲမသေပင်။ သို့သော်ငြား ယခုတစ်ကြိမ် အကျယ်ချုပ်သည် သုံးနှစ်လောက်နှင့်ပင် ရပ်တန့်သွားတော့လိမ့်မည် မဟုတ်ပေ။

All Chapters