အခန်း (၁၄၂၆-၁၄၂၈)
Vol. 96 Ch. 1426-1428
အဆတစ်ရာစနစ် စာစဥ်(၉၆)
အခန်း(၁၄၂၆)
ကျန်းချန်က သွေးဝိညာဉ်မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း အဆင့် (၃)ယောက်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့သည်။
ယင်းက နောက်ဆုံးကျန်ရှိနေသော အရပ်ပုပု လူငယ်ကို အကြောက်လန့်ကြီး ကြောက်လန့်စေခဲ့၏။
ထို့ကြောင့် သူက ကျန်းချန်ကို ရွှယ်လင်ကုန်းမြေတိုက်၏ အခြေအနေများအား အလျင်အမြန် ပြောပြခဲ့သည်။
ရွှယ်လင်ကုန်းမြေတိုက်သည် လူသားမျိုးနွယ်စုများနှင့် သွေးဝိညာဉ်မျိုးနွယ်စုများ အဓိကကြီးစိုးသော အလယ်အလတ်အဆင့် ဂြိုဟ်တစ်ခု ဖြစ်သည်။
ရှန်းဝူ ကုန်းမြေတိုက်သည် ရွှယ်လင်ကုန်းမြေတိုက်၏ လူသားမျိုးနွယ်စုများမှ ထိန်းချုပ်ထားသော အဆင့်နိမ့် ဂြိုဟ်တစ်ခုသာ ဖြစ်သည်။
ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဉ်မျိုးနွယ်စုများ အကြားတွင် အဆုံးမရှိသော တိုက်ပွဲများ နှစ်ပေါင်းထောင်ချီ ဖြစ်ပွားခဲ့သည်။
မူလက သွေးဝိညာဉ်မျိုးနွယ်စုနှင့် ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်စုက အမြဲတမ်း အသာရခဲ့သည်။
ရှန်းဝူ ကုန်းမြေတိုက်နှင့် ရွှယ်လင်ကုန်းမြေတိုက်ကို ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိသည့် ဒေသကိုလည်း လူသားမျိုးနွယ်စုမှ ထိန်းချုပ်ထားခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ်သည် ရုတ်တရက် လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချက်ကို အခွင့်ကောင်းယူ၍ သွေးဝိညာဉ်မျိုးနွယ်စုသည် တိုက်ခိုက်မှု စတင်ခဲ့သည်။
လူသားမျိုးနွယ်စုက သွေးဝိညာဉ်မျိုးနွယ်စု၏ တိုက်ခိုက်မှုအောက်တွင် အခြေမလှစွာဖြင့် နောက်ဆုတ်ခဲ့ရသည်။
ရှန်းဝူ ကုန်းမြေတိုက်နှင့် ရွှယ်လင်ကုန်းမြေတိုက်ကို ဆက်သွယ်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိရာ ဒေသကိုလည်း သွေးဝိညာဉ်မျိုးနွယ်စုက သိမ်းပိုက်လိုက်သည်။
ထိုဒေသကို သိမ်းပိုက်ပြီးနောက်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ
ကျိုးယိုသည် သွေးဝိညာဉ်မျိုးနွယ်စုမှ စစ်တပ်များကို ဦးဆောင်၍ ရှန်းဝူ ကုန်းမြေတိုက်သို့ ကျူးကျော်လာခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ကမ္ဘာပျက်တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့တော့သည်။
သို့သော် အင်ပါယာ ဟောင်ထျန်းနှင့် အခြားလူများ၏ ခုခံမှုအောက်တွင် ရှန်းဝူ ကုန်းမြေတိုက်ကို တိုက်ခိုက်သိမ်းပိုက်မည့် ကျိုးယို၏ အစီအစဉ်သည် အဆုံးသတ်တွင် မအောင်မြင်ခဲ့ပေ။
ထို့အပြင် သွေးဝိညာဉ်မျိုးနွယ်စုသည် ဤတိုက်ပွဲကြောင့် အရေးပါသော အင်အားစုများစွာကို ဆုံးရှုံးခဲ့ရပြီး လူသားမျိုးနွယ်စုနှင့် ယာယီ အတိုက်အခိုက် ရပ်စဲရန်ပင် ရွေးချယ်ခဲ့ရသည်။
ထိုသို့ တိုက်ပွဲရပ်စဲသော ကာလတွင် လူသားမျိုးနွယ်စုမှ ကျန်းဝူရ အမည်ရှိ ထက်မြက်သော ပါရမီရှင်တစ်ဦးသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ထိန်းချုပ်ကာ လူသားမျိုးနွယ်စု၏ လူသားဧကရာဇ် အသစ် ဖြစ်လာခဲ့သည်။
လူသားဧကရာဇ် ကျန်းဝူရ၏ ဦးဆောင်မှုအောက်တွင် လူသားမျိုးနွယ်စုသည် သွေးဝိညာဉ်မျိုးနွယ်စုနှင့် ပြိုင်ဆိုင်နိုင်သော အခြေအနေထိ တဖြည်းဖြည်း ပြန်လည် တိုးတက်လာခဲ့ပြီး သွေးဝိညာဉ် မျိုးနွယ်စုထက်ပင် အနည်းငယ် အသာစီးရလာခဲ့သည်။
သွေးဝိညာဉ်မျိုးနွယ်စုက ထိုအရာကို မမြင်လိုသည်မှာ သဘာဝပင် ဖြစ်ရာ ဆယ်စုနှစ်များစွာ အကြာတွင် လူသားဧကရာဇ် ကျန်းဝူရကို လျှို့ဝှက် ကြံစည်မှုတစ်ခု ပြုလုပ်ခဲ့သည်။
သွေးဝိညာဉ်မျိုးနွယ်စု၏ လျှို့ဝှက်ကြံစည်မှုအောက်တွင် လူသားဧကရာဇ် ကျန်းဝူရနှင့် ဧကရီ ကျီဝူရွှမ်တို့ နှစ်ဦးစလုံးသည် ရွှယ်လင်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားခဲ့တော့သည်။
ဤသို့ဖြင့် လူသားဧကရာဇ်ကို ဆုံးရှုံးလိုက်ရသော လူသားမျိုးနွယ်စုသည် နောက်တစ်ကြိမ် ခက်ခဲသော အခြေအနေသို့ ကျရောက်ခဲ့ရပြန်သည်။
သွေးဝိညာဉ်မျိုးနွယ်စုသည် ဤအခွင့်အရေးကို အသုံးချ၍ လူသားမျိုးနွယ်စုကို နောက်တစ်ကြိမ် တိုက်ခိုက်ကာ လူသားမျိုးနွယ်စုကို တစ်ချက်တည်းနှင့် ဖျက်ဆီးပြီး ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးကို အုပ်စိုးလိုခဲ့သည်။
သို့သော်လည်း ဧကရီ ကျီဝူရွှမ်နှင့် လူသားဧကရာဇ် ကျန်းဝူရ တို့သည် အချိန်ကြာကြာ ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ ရှေ့ဆင့် နောက်ဆင့် ရွှယ်လင်ကုန်းမြေတိုက်သို့ ပြန်ရောက်လာခဲ့ကြပြီး သွေးဝိညာဉ်မျိုးနွယ်စုကို အနိုင်ယူခဲ့ကြသည်။
စစ်ပွဲ၏ ရလဒ်အနေဖြင့် သွေးဝိညာဉ်မျိုးနွယ်စု၏ စစ်တပ်သည် နောက်ဆုတ်ခဲ့ရပြီး ရှန်းဝူ ကုန်းမြေတိုက်နှင့် ချိတ်ဆက်ထားသော ဒေသကိုပင် စွန့်လွှတ်ရန် ရွေးချယ်ခဲ့ရသည်။
ရွှယ်လင်ကုန်းမြေတိုက်၏ အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် သူ့စိတ်ထဲရှိ သံသယများစွာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
ရွှမ်းဝူကောင်းကင်အစီအရင် ကွယ်ပျောက်သွားချိန်တွင် သွေးဝိညာဉ်မျိုးနွယ်စု၏ စစ်တပ် အဘယ်ကြောင့် ရောက်မလာဘဲ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ (၄)ဦးသာ ကျိုးယိုကို ကယ်တင်ရန် စေလွှတ်ခဲ့ခြင်းကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့၏။
သူ့အဖေ ရွှယ်လင်ကုန်းမြေတိုက်သို့ ပြန်ရောက်လာပြီးနောက်တွင် သွေးဝိညာဉ်မျိုးနွယ်စု အပေါ် ကြီးမားသော ဖိအားများ ပေးခဲ့ခြင်းကြောင့် သွေးဝိညာဥ်မျိုးနွယ်စုသည် ရှန်းဝူ ကုန်းမြေတိုက်ကို ဂရုစိုက်ရန် အချိန်မရခဲ့ပုံပင်။
ဆိုရလျှင် ရွှယ်လင်ကုန်းမြေတိုက်ဆီ သူ့အဖေ ကျန်းဝူရ ပြန်ရောက်သွားခြင်းသည် ရှန်းဝူ ကုန်းမြေတိုက်အတွက် ပြဿနာများစွာကို တစ်နည်းတစ်ဖုံ ဖြေရှင်းပေးနိုင်ခဲ့၏။
"သခင်... သခင်ကြီး.. ရွှယ်လင်ကုန်းမြေတိုက်ရဲ့ အခြေအနေကို အားလုံးပြောပြပြီးပါပြီ.. ကျွန်တော့်ကို လွှတ်ပေးလို့ရပြီလား"
ကျန်းချန် အတွေးထဲ နစ်မြောနေစဥ်မှာပင် သွေးဝိညာဉ်မျိုးနွယ်စုမှ အရပ်ပုပု လူငယ်၏ အားနည်းသော အသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အရပ်ပုပုလူငယ်ကို ပေါ့ပေါ့တန်တန် ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"မင်းကို လွှတ်ပေးမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"
"သခင်ကြီး... သခင်ကြီးပဲ ရွှယ်လင်ကုန်းမြေတိုက်ရဲ့ အခြေအနေကို ပြောပြသရွေ့ ကျွန်တော့်ကို မသတ်ဘူးလို့ ပြောခဲ့တယ်လေ.. သခင်ကြီးက ကတိဖျက်ချင်တာလား"
သွေးဝိညာဉ်မျိုးနွယ်စုမှ လူငယ်သည် ချက်ချင်းဆိုသလို ကြောက်လန့်သွားခဲ့သည်။
"စိတ်မပူပါနဲ့.. ငါ မင်းကို အသက်ချမ်းသာပေးမယ်လို့ ပြောခဲ့တဲ့အတွက် မင်းကို အသက်ချမ်းသာပေးမှာပါ"
"ဒါပေမဲ့ ငါ မင်းကို လွှတ်ပေးလိုက်ပေမဲ့ သူတို့ကလည်း မင်းကို လွှတ်ပေးမယ်လို့ မဆိုလိုဘူးလေ"
ကျန်းချန်က နံဘေးရှိ ယဲ့ထျန်းကျီနှင့် အခြားသူများကို လက်ညှိုးထိုးပြလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"အကြီးအကဲ ယဲ့.. မင်းကို လွှဲလိုက်ပြီ"
"ကောင်းပါပြီ"
ယဲ့ထျန်းကျီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ လက်ကို မြှောက်၍ ကျန်းချန် ချုပ်နှောင်ထားသည့် သွေးဝိညာဉ်မျိုးနွယ်စုမှ အရပ်ပုပု လူငယ်ကို ရိုက်ချလိုက်သည်။
"အား... ခွေးကောင်.. မင်း ငါ့ကို ကလိမ်ကကျစ် လုပ်ရဲတယ်.. မင်း အေးအေးချမ်းချမ်း မသေနိုင်ပါစေနဲ့"
သွေးဝိညာဉ်မျိုးနွယ်စုမှ လူငယ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက်တွင် ယဲ့ထျန်းကျီ၏ တိုက်ခိုက်မှုကြောင့် အမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးကျန်ရှိနေသော သွေးဝိညာဉ်မျိုးနွယ်စုမှ လူငယ်ကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်တို့အဖွဲ့သည် အင်ပါယာမြုပ်နှံခြင်းချောက်နက် အပြင်ဘက်ရှိ ခံတပ်သို့ ပြန်လာခဲ့ကြပြီး အနားယူခဲ့ကြသည်။
ရက်ပေါင်းများစွာကြာအောင် အနားယူပြီးနောက်တွင် ကျိုးယိုနှင့် တိုက်ခိုက်စဥ် ကျန်းချန် ရရှိခဲ့သော ဒဏ်ရာများသည် အဆုံးသတ်၌ ပြန်လည် ကောင်းမွန်လာခဲ့သည်။
ထို့နောက်တွင် ရှားကျန့် နှင့် အခြားသော လျှို့ဝှက်နယ်မြေ (၈)ခုမှ လူများသည် ကျန်းချန်ကို နှုတ်ဆက်ပြီး သက်ဆိုင်ရာ နယ်မြေများဆီ ပြန်သွားခဲ့ကြသည်။
ယဲ့မိသားစုဝင်များ ဖြစ်ကြသော ယဲ့ထျန်းကျီ၊ ယဲ့ချန်ကျွင်းတို့ကမူ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် ရွှယ်လင်ကုန်းမြေတိုက်သို့ မပြန်ခင် ကျန်းချန်ကို နှုတ်ဆက်ခဲ့ကြသည်။
"အကြီးအကဲယဲ့.. တကယ်ပဲ ရွှယ်လင်ကုန်းမြေတိုက်ကို သွားတော့မှာလား"
"သွေးဝိညာဉ်မျိုးနွယ်စုကို တွန်းလှန်နိုင်ခဲ့ပေမဲ့ ရွှယ်လင်ကုန်းမြေတိုက်မှာ လူသားမျိုးနွယ်စုနဲ့ သွေးဝိညာဉ်မျိုးနွယ်စုတို့က အဆုံးမရှိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေခဲ့ကြတယ်.. ဒီအချိန်မှာ သွားရင် လုံခြုံမှုမရှိမှာ ကျွန်တော် စိုးရိမ်မိတယ်"
ကျန်းချန်က အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်။
"ရှန်းဝူ ကုန်းမြေတိုက်မှာ ကျွန်တော် ဖြေရှင်းစရာ ကိစ္စတွေ ရှိနေသေးတယ်.. ကျွန်တော့်ကိစ္စတွေ အားလုံး ပြီးသွားမှ ရွှယ်လင်ကုန်းမြေတိုက်ဆီ အတူတူသွားကြတာ ပိုကောင်းမယ်ထင်တယ်.. ဒါဆို တစ်ယောက်ကို တစ်ယောက် ပိုပြီး ဂရုစိုက်ပေးနိုင်မယ်"
ရွှယ်လင်ကုန်းမြေတိုက်တွင် သူ့အဖေနှင့်အမေ ရှိသောကြောင့် သူသည်လည်း ရွှယ်လင်ကုန်းမြေတိုက်သို့ သေချာပေါက် ခရီးဆက်ရပေမည် မဟုတ်ပါလား။
"မလိုပါဘူး သခင်လေးကျန်း.. ရွှယ်လင်ကုန်းမြေတိုက်က ရှန်းဝူ ကုန်းမြေတိုက်နဲ့ ဝေးပေမဲ့ အင်ပါယာအဆင့် ကျင့်ကြံသူက နေရာတိုင်းမှာ မရှိလောက်ပါဘူး"
ယဲ့ထျန်းကျီက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် အင်ပါယာအဆင့် ကျင့်ကြံသူနဲ့ မတွေ့မချင်း ဘယ်သူကမှ ကျွန်တော့်ကို အန္တရာယ် ပေးနိုင်မှာ မဟုတ်ဘူး"
ယဲ့ထျန်းကျီက စိတ်ပိုင်းဖြတ်ထားကြောင်း မြင်ရသောအခါတွင် ကျန်းချန်သည် ဘာမှ ထပ်မပြောတော့ဘဲ ရွှယ်လင်ကုန်းမြေတိုက်ဆီ ပြန်သွားရန် ခွင့်ပြုလိုက်သည်။
ယဲ့ထျန်းကျီနှင့် အခြားသူများ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ရှန်းဝူ ကုန်းမြေတိုက်ရှိ ကိစ္စအချို့ကို စတင် ဖြေရှင်းခဲ့သည်။
သူက ကျန်းအိမ်တော်သို့ အရင် ပြန်လာခဲ့ပြီး ကျန်းခိုင်နှင့် အခြားသူများကို ကျုံးကျိုးကုန်းမြေရှိ လူသားဧကရာဇ် နန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။
အင်ပါယာမြုပ်နှံခြင်းချောက်နက်ရှိ ခံတပ်ကိုမူ ရွှယ်လင်ကုန်းမြေတိုက်ရှိ သွေးဝိညာဉ်မျိုးနွယ်စု ရောက်ရှိလာခြင်းအား ကာကွယ်ရန်အတွက် အင်ပါယာအဆင့် အင်အားကို အသုံးပြု၍ အစီအရင် တည်ဆောက်ကာ ခိုင်ခံ့သောခံတပ်အဖြစ် အားဖြည့်ခဲ့သည်။
ဆိုရလျှင် အင်ပါယာအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာခြင်း မရှိသ၍ အင်ပါယာမြုပ်နှံခြင်းချောက်ရှိ ခံတပ်ကို မည်သူမျှ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
ထို့နောက်တွင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်တွင် ဆေးလုံး အများအပြား ထပ်မံ သန့်စင်ခဲ့ပြီး လူသားဧကရာဇ် နန်းတော်၏ အင်အားကို များစွာ မြှင့်တင်ပေးခဲ့သည်။
ရှန်းဝူ ကုန်းမြေတိုက်၏ မူလအင်အား ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ကျင့်ကြံသူများ၏ အဆင့်တက်နှုန်းသည်လည်း များစွာ အရှိန်မြှင့်လာခဲ့၏။
ဤသို့ဖြင့် လူသားဧကရာဇ် နန်းတော်၏ အင်အားသည် အလွန် အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
နှစ်လ သုံးလ အတွင်းမှာပင် လူသားဧကရာဇ် နန်းတော်၏ နတ်သန္ဓေအင်ပါယာ အရေအတွက်သည် (၅၀)အထိ ရောက်ရှိခဲ့သည်။
ရှောင်တူလီနှင့် အခြားလူအနည်းငယ်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။
ယခုအခါ ရှန်းဝူ ကုန်းမြေတိုက်၏ မူလစွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ လျှို့ဝှက်နယ်မြေ၈ခု ရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ရှေးဟောင်း မွန်းစတားများစွာသည်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို ထိုးဖောက်သွားကြသည်။
လူသားဧကရာဇ် နန်းတော်တွင်မူ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။
ထို့ကြောင့် ကျန်းချန်သည် အင်ပါယာရုပ်အလောင်း ထိန်းချုပ်မှုကို ရှောင်တူလီ လက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
ကိစ္စအားလုံးကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ခေါ်ဆောင်ကာ အင်ပါယာမြုပ်နှံခြင်းချောက်နက် ဆီသို့ သွားခဲ့သည်။
ရွှယ်လင်ကုန်းမြေတိုက်သည် အမြဲတစေ မငြိမ်မသက်ဖြစ်နေသောကြောင့် မူလက ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ရွှယ်လင်ကုန်းမြေတိုက်သို့ ခေါ်ဆောင်ရန် အစီအစဉ် မရှိခဲ့ပေ။
သို့သော် မုန်ချင်းရွှယ်သည် ထိုနှစ်က ကျန်းချန်ကို ပေးထားသော ကတိအား ဖြည့်ဆည်းရန်အတွက် ကျန်းချန်၏ နံဘေးတွင် အမြဲတစေ လိုက်ပါခွင့်ရရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်က သဘောတူလိုက်ပြီး မုန့်ချင်းရွှယ်ကို ခေါ်ဆောင်ကာ ရွှယ်လင်ကုန်းမြေတိုက်သို့ ပို့ဆောင်ပေးမည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ ခြေချခဲ့သည်။
အခန်း(၁၄၂၆) ပြီး၏
အခန်း(၁၄၂၇)
နေရာလွတ်လိုဏ်ခေါင်း၏ နံရံသည် နက်မှောင်သော အလင်းများဖြင့် တောက်ပနေခဲ့သည်။
ကျန်းချန်နှင့် မုန့်ချင်းရွှယ်တို့၏ ပုံရိပ်များသည် နက်မှောင်သော နေရာလွတ် လိုဏ်ခေါင်းကနေ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ကြသည်။
"ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း နေရာလွတ်လိုဏ်ခေါင်းလား.. တကယ်ကို ဆန်းကြယ်တာပဲ"
ကျန်းချန်က နေရာလွတ် လမ်းကြောင်းထဲရှိ အခြေအနေကို အကဲခတ်ပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်သည်။
သူက အင်ပါယာနယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး နေရာလွတ် ဥပဒေသကို ကိုးဆယ်ရာခိုင်နှုန်းနီးပါး ကျွမ်းကျင်သူလည်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာလွတ် လိုဏ်ခေါင်းက မည်မျှထူးခြားကြောင်း ကောင်းစွာ ခံစားနိုင်ခဲ့၏။
ဆိုရလျှင် နေရာလွတ်လိုဏ်ခေါင်းသည် အလွန်ပင်အဆင့်မြင့်မားပြီး နက်နဲသော နေရာလွတ် ဥပဒေသများဖြင့် တည်ဆောက်ထားပုံ ရသည်။
ပြီးပြည့်စုံသော နေရာလွတ် ဥပဒေသပင်လျှင် ဤနေရာလွတ်လိုဏ်ခေါင်း အတွင်းရှိ ဥပဒေသ စွမ်းအားနှင့် ယှဥ်လျှင် အလွန် အလှမ်းကွာဝေးလှ၏။
ဤနေရာရှိ နေရာလွတ်ဥပဒေသတွင် အင်ပါယာနယ်ပယ်အဆင့်စွမ်းအားကို ကျော်လွန်သော စွမ်းအားတစ်ခု ပါဝင်နေကြောင်း ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
ဤကဲ့သို့ တည်နေရာရှိရွှေ့ပြောင်းခြင်း နေရာလွတ် လိုဏ်ခေါင်း အမျိုးအစားကို အင်ပါယာနယ်ပယ်အဆင့်အထက်ရှိ နတ်အဆင့် ကျင့်ကြံသူသာလျှင် တည်ဆောက်နိုင်သည့် စွမ်းရည် ရှိလောက်၏။
သူတို့နှစ်ဦးစလုံးက နက်မှောင်သော လိုဏ်ခေါင်းထဲကနေ ဖြတ်ကျော်သွားခဲ့ကြသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိရပေ။
သူတို့ရှေ့ရှိ နေရာလွတ်လိုဏ်ခေါင်းတွင် ရုတ်တရက် တုန်ခါသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တုန်လှုပ်သွားခဲ့ပြီး ရှေ့သို့ မျှော်ကြည့်လိုက်သည်။
ထိုအခါ သူ့အရှေ့ရှိ ပေတစ်ရာအကွာတွင် နေရာလွတ်အက်ကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ်လိုဏ်ခေါင်းသည် အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ထိုနေရာလွတ်အက်ကြောင်းမှ တစ်ဆင့် ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် ရုတ်တရက် စိမ့်ဝင်လာခဲ့သည်။
"ကျန်းချန် သတိထား.. ကျွန်မတို့ နေရာလွတ်မုန်တိုင်းနဲ့ ကြုံတွေ့နေရပြီ"
သူ၏ရှေ့မှ အခြေအနေကိုကြည့်ကာ မုန့်ချင်းရွှယ်၏ လှပသော မျက်နှာလေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ခါးသီးစွာပြုံးလိုက်၏။
"ငါတို့ ကံနည်းနည်း ဆိုးသွားတာထင်တယ်"
"ဒါက ရှင် အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်လို့ဖြစ်နိုင်တယ်.. ကျွန်မတို့ စန်းယွဲ့သူတော်စင်နယ်မြေရဲ့ ရှေးဟောင်းစာအုပ်မှာ တည်နေရာရွှေ့ပြောင်းခြင်း နေရာလွတ်လိုဏ်ခေါင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို ဖတ်ခဲ့ဖူးတယ်.. အဲဒီကျမ်းစာထဲမှာ လူတစ်ယောက်က ပိုမိုသန်မာလေ နေရာလွတ်လိုဏ်ခေါင်းက ပိုပြီး မတည်မငြိမ်ဖြစ်လေလို့ ရေးမှတ်ထားတယ်.. ဒါ့အပြင် ရှန်းဝူကုန်းမြေတိုက်နဲ့ ရွှယ်လင်ကုန်းမြေတိုက်ကို ဆက်သွယ်ထားတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က အနည်းဆုံး နှစ်ပေါင်း(၁၀၀၀၀)ကြာအောင် တည်ရှိခဲ့တဲ့အတွက် သိပ်မတည်ငြိမ်တော့ဘူး.. ဒါကြောင့် အင်ပါယာနယ်ပယ်အဆင့်က နေရာလွတ် လိုဏ်ခေါင်းကို ဖြတ်သန်းရာမှာ ခက်ခဲနေတာပဲ"
မုန့်ချင်းရွှယ်က ရှင်းပြလိုက်သည်။
"ချင်းရွှယ် မင်းဘာမှ စိတ်မပူပါနဲ့.. ငါမင်းကို အသေခံမှာ မဟုတ်ဘူး"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ရှိ စွမ်းအားများကို အဆုံးအစွန်ထိ မြှင့်တင်လိုက်ကာ သူတို့နှစ်ဦးစလုံး၏ ပတ်ပတ်လည်တွင် ခန္ဓာကိုယ်ကာကွယ်ရေး အတားအဆီး တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထို့နောက်တွင် သူက မုန့်ချင်းရွှယ်နှင့် အတူ သူတို့ရှေ့တွင် ပိတ်နေသည့် နေရာလွတ်မုန်တိုင်း ထဲသို့ ပြေးဝင်သွားခဲ့သည်။
"ဝုန်း.."
နေရာလွတ်မုန်တိုင်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ကာကွယ်ရေး အတားအဆီးသည်လည်း တစ်ခဏအတွင်း မှေးမှိန်သွားခဲ့သည်။
ဤအချိန်တွင် ကျန်းချန်သည် တောင်နှစ်လုံးဖြင့် တစ်ပြိုင်တည်း အညှစ်ခံရသကဲ့သို့ ခံစားခဲ့ရသည်။
သူက အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ဖိအားကို မခုခံနိုင်ဘဲ သူ၏အတွင်းအင်္ဂါများပင် ကွဲအက်သွားသကဲ့သို့ ခံစားခဲ့ရသည်။
ထိုအချိန်မှာပင် နက်မှောင်သော နေရာလွတ် လိုဏ်ခေါင်းထဲတွင် တောက်ပသော အလင်းတန်းတချို့ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
"ချင်းရွှယ် ရွှယ်လင်ကုန်းမြေတိုက်ကို အရင်သွားပြီး ငါ့ကိုစောင့်နှင့်နေပါ"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သူ၏ပတ်ဝန်းကျင်ရှိ နေရာလွတ် မုန်တိုင်းကို ချေမှုန်းရန် သူ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူက မုန့်ချင်းရွယ်ကို နေရာလွတ် ဥပဒေသဖြင့် ရစ်ပတ်ကာ နေရာလွတ်မုန်တိုင်းထဲကနေ အတင်းအကျပ် တွန်းထုတ်ပစ်လိုက်သည်။
"ကျန်းချန်"
မုန့်ချင်းရွှယ်က အော်ဟစ်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူမ၏အရှေ့ရှိ တောက်ပသောအလင်းထဲတွင် တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချင်းရွှယ် ပျောက်ကွယ်သွားသည့် အချိန်မှာပင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော နေရာလွတ်မုန်တိုင်းတစ်ခုသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အင်ပါယာနယ်ပယ်အဆင့် စွမ်းအားကို အဆုံးစွန်ထိ ထုတ်ဖော်ကာ အရှေ့ကို ဆက်လက် ပြေးလွှားခဲ့သည်။
နေရာလွတ်မုန်တိုင်း၏ တိုက်ခိုက်မှုကနေ ခုခံနိုင်ခဲ့ပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ လွတ်မြောက်လာခဲ့ပြီး သူ၏ရှေ့ရှိ တောက်ပသော အလင်းထဲသို့ ခုန်ဝင်သွားခဲ့သည်။
-----------------
ဤနေရာသည် လူသူကင်းမဲ့သော လွင်ပြင်တစ်ခု ဖြစ်သည်။
ထိုလွင်ပြင်ပေါ်တွင် လေပြင်းများ တိုက်ခိုက်နေခဲ့ပြီး အေးစက်စက်အရှိန်အဝါကို မှိန်ဖျော့စွာ ထုတ်ဖော်နေခဲ့သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ထိုလွင်ပြင်ပေါ်ရှိ မြက်ရိုင်းများကြားတွင် လဲလျောင်းနေခဲ့သည်။
ထိုလူငယ်၏ အဝတ်အစားများက စုတ်ပြတ်သတ်နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးများက ဖုံးလွှမ်းနေခဲ့၏။
ထိုအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်၏ ရင်ဘတ်သာ အနည်းငယ် မလှုပ်ရှားနေခဲ့လျှင် မည်သူမဆို ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လွင်ပြင်တွင် လာပစ်ချထားသည့် အလောင်းအဖြစ် မှတ်ယူသွားလိမ့်မည်ဖြစ်သည်။
မည်မျှ ကြာမြင့်သွားသည် မသိရပေ။
သွေးများစွန်းပေနေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အဆုံးသတ်တွင် သူ၏ပိတ်ထားသော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"ကြည့်ရတာ ဒီတစ်ခေါက်လည်း တည်နေရာရွှေ့ပြောင်းတဲ့နေရာကို မရောက်ခဲ့ပုံပဲ"
အနက်ရောင်ဝတ်စုံဝတ်လူငယ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် ခါးသီးစွာပြုံး၍ ရေရွတ်လိုက်သည်။
ထိုလူငယ်လေးသည် တခြားသူမဟုတ်ပေ။
တည်နေရာရွှေ့ပြောင်းခြင်း လိုဏ်ခေါင်းကနေ ထွက်ပေါ်လာသော ကျန်းချန်ပင် ဖြစ်သည်။
သူက အဆုံးသတ်တွင် သူ၏ စွမ်းအားအလုံးစုံကို အဆုံးစွန်အထိ ထုတ်ဖော်ကာ နေရာလွတ်မုန်တိုင်းကနေ လွတ်မြောက်လာခဲ့သော်လည်း ပေါက်ကွဲထွက်လာသော စွမ်းအားသည် အလွန်တရာ ပြင်းထန်သောကြောင့် တည်နေရာကို ပြောင်းလဲစေခဲ့သည်။
ဤတစ်ကြိမ် တည်နေရာ ရွှေ့ပြောင်းခြင်းသည် ပထမဆုံးအကြိမ်က မြောက်ပိုင်းတောရိုင်းဒေသကနေ တည်နေရာရွှေ့ပြောင်းစဥ်က ကဲ့သို့ပင် သတ်မှတ်နေရာသို့ မရောက်ရှိခဲ့ပေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီးနောက်တွင် ပတ်ဝန်းကျင် အခြေအနေကို ဆက်လက် မစူးစမ်းတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို စတင် စစ်ဆေးခဲ့သည်။
ထိုအခါ အလွန်အစွမ်းထက်သော နေရာလွတ် မုန်တိုင်းသက်ရောက်မှုအောက်တွင် သူ၏ သွေးကြောများသည် ထက်ဝက်ကျော်ခန့် ပျက်စီးသွားခဲ့ပြီး သူ၏ အရေးပါသောစွမ်းအားကို ချောမွေ့စွာ မလည်ပတ်နိုင်တော့မှန်း တွေ့ရှိသွားခဲ့သည်။
အဆိုးဆုံးအချက်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများသည် အကြီးအကျယ် ပျက်စီးခဲ့ခြင်းပင်။
ဆိုရလျှင် ကျန်းချန်သည် ဤကမ္ဘာသို့ ရောက်ရှိပြီးနောက်တွင် ယခုလောက်ထိ ကြီးမားသော ထိုးနှက်ချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်း ဖြစ်သည်။
သူ၏ အင်ပါယာနယ်ပယ်အဆင့် ခန္ဓာကိုယ်ဖြင့်ပင် ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်ယူရလိမ့်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးပြီးနောက်တွင် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး ချက်ချင်းဆိုသလို သိုလှောင်လက်စွပ်ထဲကနေ အစိမ်းရောင်အလင်းများကို ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ဓာတ်လုံး တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သောဓာတ်လုံးသည် ဒြပ်စင်ငါးပါးခေါင်းတလားကနေ ကျန်းချန်ရရှိခဲ့သည့် သစ်သားဓာတ်ကို အထူးပြုသော အင်ပါယာ၏ အရိုးဓာတ်ကြွင်း ဖြစ်သည်။
သစ်သားဂုဏ်သတ္တိသည် ဒဏ်ရာများကို ကုသရာတွင် အထူးပြုသော စွမ်းအားတစ်မျိုး ဖြစ်သည်။
သူက ဤသစ်သားဓာတ် အထူးပြုသော အရိုးဓာတ်ကြွင်းကို မျိုချလိုက်လျှင် သူ၏ ဒဏ်ရာများသည် အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းမွန်လာလိမ့်မည် ဖြစ်၏။
ကျန်းချန်က ခန္ဓာကိုယ် တစ်ခုလုံးမှ ကိုက်ခဲနေသော နာကျင်မှုများကို ကြိတ်မှိတ်သည်းခံကာ အင်ပါယာ အရိုးဓာတ်ကြွင်းကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဒင်.. သင်က သစ်သားအထူးပြု အင်ပါယာရဲ့ အရိုးဓာတ်ကြွင်းကို မျိုချပြီး အတွေ့အကြုံရမှတ် သန်းတစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က သစ်သားအထူးပြု အင်ပါယာရဲ့ အရိုးဓာတ်ကြွင်းကို မျိုချလိုက်တဲ့အတွက် အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က အသက်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က အသက်နယ်မြေကို အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့ပါပြီ"
ဤသစ်သားအထူးပြု အင်ပါယာ အရိုးဓာတ်ကြွင်းသည် ကျန်းချန်ကို စိတ်ပျက်စေခဲ့ခြင်း မရှိခဲ့ပေ။
အင်ပါယာအရိုးဓာတ်ကြွင်းကို မျိုချလိုက်ရုံဖြင့် သူက အသက်၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရုံသာမက အသက်နယ်မြေကိုပါ တစ်ချိန်တည်းတွင် ကျွမ်းကျင်သွားခဲ့သည်။
အသက်နယ်မြေကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် အသက်စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်ကာ သူ၏ခန္ဓာကိုယ်မှဒဏ်ရာများကို စတင်ကုသခဲ့သည်။
ဤသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။
ရက်အနည်းငယ်အတွင်း ကျန်းချန်သည် သူ၏ ဒဏ်ရာများကို အသက်စွမ်းအားများဖြင့် ကုသနေခဲ့၏။
ယနေ့တွင် ကျန်းချန်သည် သူ၏ ဒဏ်ရာအနည်းငယ်ကောင်းမွန်လာသည်ဟု ခံစားခဲ့ရပြီး ယာယီနေထိုင်ရန် အတွက် နေရာတစ်ခုကို ရှာဖွေရန် စီစဥ်နေခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် မြင်းခွာသံများနှင့် ဘီးများလှိမ့်လာသော အသံများသည် အဝေးကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၄၂၇)ပြီး၏။
အခန်း(၁၄၂၈)
ကျန်းချန်က အဝေးကနေ ဖြည်းညင်းစွာ လာနေသော ကုန်သည်ယာဥ်တန်းကို ငေးကြည့်နေခဲ့သည်။
ဤသည်က လူတစ်ရာခန့်ပါသော ရှည်လျားသည့် ကုန်သည်ယာဥ်တန်းတစ်ခု ဖြစ်သည်။
ထိုကုန်သည်ယာဥ်တန်း၏ အရှေ့ဆုံးတွင် မြင်းကိုယ်စီ စီးနင်းထားသော အင်အားကြီးမားသော ကျင့်ကြံသူ(၁၂)ဦးခန့် ရှိနေခဲ့သည်။
ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကနေ အံ့အားသင့်ဖွယ်ကောင်းသော သွေးအရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
"သွေးဝိညာဥ်မျိုးနွယ်စုကများလား"
ကျန်းချန်က တုန်လှုပ်သွားခဲ့သည်။
သူ ယခုရောက်ရှိနေသော နေရာသည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေ ဖြစ်နိုင်ပါသလော။
ကျင့်ကြံသူ(၁၂)ဦးကို အသေးစိတ် အကဲခတ်လိုက်ရာ ထိုကျင့်ကြံသူများသည် သူမြင်တွေ့ဖူးသော သွေးဝိညာဥ်မျိုးနွယ်စုများနှင့် အနည်းငယ် ကွာခြားသည်ကို သတိပြုမိလိုက်သည်။
သွေးဝိညာဥ်မျိုးနွယ်စုမှ လူများသည် သွေးလမ်းစဥ်ကို ကျင့်ကြံကြသော်လည်း ကျင့်ကြံခြင်း အဆင့်သတ်မှတ်မှုသည် လူသားကျင့်ကြံသူများနှင့် အတူတူပင် ဖြစ်သည်။
သူ၏ရှေ့ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်တွင်မူ အရေးပါသော စွမ်းအားလှိုင်းများ ရှိမနေ၍ မည်သည့်အဆင့်ကို ရောက်ရှိနေမှန်း မသိရပေ။
သို့သော်လည်း ကျန်းချန်၏ အဆင့်ဖြင့် ဤကျင့်ကြံသူများ၏ ခန္ဓာကိုယ်က အလွန်တရာ အားကောင်းသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ဆိုရလျှင် ထိုအထဲမှ အားအနည်းဆုံးသူ ပင်လျှင် သိုင်းသခင်နယ်ပယ်အဆင့် လူသားကျင့်ကြံသူများနှင့် ယှဥ်ပြိုင်နိုင်လောက်သည် အထိ အစွမ်းထက်၏။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သော ဆံပင်အနီရောင် ရှိသည့်အမျိုးသား၏ စွမ်းအားသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူထက် မနိမ့်ပေ။
"သွေးဝိညာဥ်မျိုးနွယ်စုမှာ တခြား ကျင့်ကြံခြင်း လမ်းစဥ်တွေ ရှိနေသေးတယ်လား"
သူ၏ရှေ့ရှိ ကျင့်ကြံသူ(၁၂)ဦးကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စုဟု သံသယရှိသော ကျင့်ကြံသူများကို အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် ၎င်းတို့ နောက်ရှိ ကုန်သည်ယာဥ်တန်းကို ကြည့်လိုက်သည်။
ထိုအခါ ကုန်သည်ယာဥ်တန်းမှ လူများအားလုံးသည် လူသားများ ဖြစ်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရ၏။
ကုန်သည်ယာဥ်တန်းနှင့်အတူ အမျိုးသမီးနှင့် အမျိုးသား ဒါဇင်ပေါင်းများစွာ လိုက်ပါလာကြသည်။
အများစုမှာ မူလဘူတ နယ်ပယ်အဆင့်တွင်သာ ရှိကြပြီး အသန်မာဆုံးမှာ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ထက် မပိုပေ။
ကုန်သည်ယာဥ်တန်း၏ လှည်းများကို မောင်းနှင်သူဖြစ်စေ၊ကုန်ပစ္စည်းများကို လိုက်ပါပို့ဆောင်သူ ဖြစ်စေ၊ ၎င်းတို့၏ အဝတ်အစားများသည် နွမ်းပါးကာ စုတ်ပြဲနေကြသည်။
"ခေါင်းဆောင် ဟိုမှာ လူသားကျင့်ကြံသူတစ်ယောက် ထင်တယ်"
ထိုအချိန်တွင် ခွန်အားကြီးမားသော ကျင့်ကြံသူ(၁၂)ဦးထဲမှ တစ်ဦးသည် ကျန်းချန်ကို သတိထားမိသွားခဲ့ပြီး ကျန်းချန်ရှိနေသည့်နေရာကို လက်ညှိုးညွှန်ပြကာ ခေါင်းဆောင်ဖြစ်သည့် ဆံပင်အနီရောင်ရှိသည့် အမျိုးသားကို ပြောလိုက်သည်။
ဆံပင်အနီရောင်ရှိသည့် အမျိုးသားသည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
"မူလဘူတ နယ်ပယ်အဆင့်ကို ရောက်နေတဲ့ လူသားကျင့်ကြံသူ တစ်ဦးပါလား.. မျိုးနွယ်စုဆီ ဖမ်းခေါ်သွားခဲ့ရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများအပြားနဲ့ လဲလှယ်နိုင်မှာ သေချာတယ်"
ကျန်းချန်သည် ဤတစ်ကြိမ်တွင် နေရာလွတ် လိုဏ်ခေါင်းထဲမှ နေရာလွတ်မုန်တိုင်း၏ ဒဏ်ကြောင့် အင်ပါယာခန္ဓာကိုယ် ပျက်စီးမတတ် ဖြစ်သွားခဲ့ပြီး သွေးကြောများသည်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
အသက်စွမ်းအားကို နားလည်ပြီးနောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အရေးပါသော စွမ်းအားအချို့သည် ရက်အနည်းငယ် အတွင်း ပြန်လည် ကောင်းမွန်လာခဲ့ပြီး ယခုအခါတွင် မူလဘူတ နယ်ပယ်အဆင့်နှင့် ညီမျှသော အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ကောင်လေး စဥ်းစားဖို့အတွက် အသက်သုံးရှိုက်စာ အချိန်ပေးမယ်.. ငါတို့ ယန်ရှန်မျိုးနွယ်စုဆီ အညံ့ခံမလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေမလား.. မင်းဘာသာရွေးချယ်လိုက်"
ဆံပင်အနီရောင်ရှိသည့် အမျိုးသားက မြင်းပေါ်ကနေ ကျန်းချန်ကို လှမ်းကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
လက်ရှိ အချိန်တွင် သူသည် ဤလူအုပ်ကို ရင်ဆိုင်ရန် ခွန်အားလုံးဝ နီးပါးမရှိပေ။
ထို့ကြောင့် တစ်ခုတည်းသော အစီအစဥ်မှာ ခေတ္တခဏသည်းခံပြီး ဒဏ်ရာ ပြန်လည်ကောင်းမွန်လာအောင် ကုသရန် ဖြစ်သည်။
ဒဏ်ရာ ပြန်လည်ကောင်းမွန်လာမှသာလျှင် ထိုလူများကို ကောင်းစွာ စာရင်းရှင်းနိုင်မည် မဟုတ်ပါလား။
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ ကုန်သည်ယာဥ်တန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
"ငါသဘောတူပါတယ်"
ကျန်းချန်က သူ့ကို လုံးဝ မဆန့်ကျင်ဘဲ သဘောတူလိုက်သည်ကို မြင်လျှင် ဆံပင်အနီရောင်ရှိသည့် အမျိုးသားသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် သူ၏ လက်ကို ဝှေ့ယမ်းကာ ကုန်သည်ယာဥ်တန်းကို ဆက်လက် ခရီးဆက်စေခဲ့သည်။
"ကောင်လေး ငါ့ဆီကိုလာခဲ့"
ကျန်းချန်က ကုန်သည်ယာဥ်တန်း ထဲသို့ ရောက်လာပြီးနောက်တွင် မြင်းရထားတစ်စီးကို မောင်းနေသော အဘိုးအိုတစ်ဦးသည် ကျန်းချန်ကို လက်ယပ်ခေါ်လိုက်ပြီး သူ၏ နံဘေးတွင် ထိုင်စေခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ကာ စိတ်နှလုံးထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤကဲ့သို့သော အသက်အရွယ်ဖြင့် မူလဘူတ နယ်ပယ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာခြင်းသည် သွေးစွန့်ပစ်နယ်မြေတွင် အလွန်ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ကံဆိုးစွာဖြင့် ဤလူသားပါရမီရှင် ကျင့်ကြံသူသည် ယန်ရှန်မျိုးနွယ်စု၏ လက်ထဲတွင် နိုင်ထက်စီးနင်း ပြုကျင့်ခံရတော့မည် ဖြစ်သည်။
"ကောင်လေး မင်းပြင်ပနယ်မြေကနေ သွေးစွန့်ပစ်နယ်မြေဆီ ထွက်ပြေးလာတာလား"
ရထားလုံး မောင်းနေသော အဘိုးအိုက ကျန်းချန်ကို ခပ်တိုးတိုး မေးလိုက်သည်။
"ဟုတ်တယ် အဘိုး.. ကျွန်တော် ပြင်ပနယ်မြေကနေ လာခဲ့တာပါ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် စူးစမ်းသောအမူအရာဖြင့် မေးလိုက်သည်။
"အဘိုးရဲ့လေသံကို နားထောင်ရသလောက် ပြင်ပနယ်မြေကလူတွေ ဒီကို မကြာခဏ ထွက်ပြေးလာကြတဲ့ပုံပဲ"
"ဟုတ်တယ် ဒီသွေးစွန့်ပစ်နယ်မြေမှာ ခိုလှုံဖို့အတွက် ပြင်ပနယ်မြေကလူတွေ မကြာခဏ ထွက်ပြေးလာကြလေ့ ရှိတယ်"
အဘိုးအိုက သက်ပြင်းကို ဖြည်းညင်းစွာ ချ၍ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် အဘိုးအိုသည် ကျန်းချန်ကို သွေးစွန့်ပစ်နယ်မြေ၏ အခြေအနေကို ရှင်းပြခဲ့၏။
အဘိုးအို၏ ရှင်းပြမှုမှတစ်ဆင့် ကျန်းချန်သည် သူယခု ရောက်ရှိနေသော နေရာကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သွေးစွန့်ပစ်နယ်မြေသည် ရွှယ်လင် ကုန်းမြေတိုက်၏ အနောက်ဘက် အစွန်ဆုံးရှိ အလွန်ကြီးမား ကျယ်ပြန့်သော နယ်မြေတစ်ခု ဖြစ်သည်။
ဤနေရာတွင် အရင်းအမြစ်များ နည်းပါးရုံသာမက သားရဲများကလည်း အလွန်ပေါများပြီး ပတ်ဝန်းကျင် အလွန် ကြမ်းတမ်းသည်။
ထို့ကြောင့် သွေးစွန့်ပစ်နယ်မြေသည် အမြဲတစေ စွန့်ပစ်နယ်မြေတစ်ခုသာ ဖြစ်ခဲ့ပြီး ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုများရှိ မည်သည့်အင်အားစုကမှ သိမ်းပိုက်ခြင်း မရှိခဲ့ပေ။
ဆိုရလျှင် လွန်ခဲ့သောကာလများတွင် သွေးစွန့်ပစ်နယ်မြေသည် ရွှယ်လင်ကုန်းမြေတိုက်၌ အသက်မဝင်ခဲ့ချေ။
နောက်ပိုင်းတွင် လူသားမျိုးနွယ်စုများနှင့် သွေးဝိညာဥ်မျိုးနွယ်စုများအကြား၌ အဆုံးမဲ့စစ်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီး ရွှယ်လင်ကုန်းမြေတိုက်ရှိ လူပေါင်းများစွာသည် ထိုစစ်ပွဲအတွင်းသို့ ကျရောက်သွားခဲ့ကြသည်။
ထိုအခါ လူပေါင်းများစွာသည် စစ်ပွဲကင်းမဲ့ဇုန်လို ဖြစ်နေသည့် သွေးစွန့်ပစ်နယ်မြေသို့ ထွက်ပြေးလာခဲ့ကြပြီး သွေးစွန့်ပစ်နယ်မြေတွင်သာ အခြေချနေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။
ဤနေရာသို့ ထွက်ပြေးလာသူများတွင် အချို့မှာ လူသားများဖြစ်ကြပြီး အချို့မှာ သွေးဝိညာဥ်မျိုးနွယ်စုမှ ဖြစ်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သွေးစွန့်ပစ်နယ်မြေတွင် မျိုးနွယ်စုများစွာ ဖြစ်ပေါ်လာခဲ့ကြသည်။
အစပိုင်းတွင် သွေးစွန့်ပစ်နယ်မြေ၌ ခိုလှုံလာသောသူများအားလုံးသည် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးမူကို လိုက်နာခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။
သို့ရာတွင် မျိုးနွယ်စုများ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မျိုးနွယ်စုများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အရင်းအမြစ်များနှင့် နယ်မြေများအတွက် စတင် တိုက်ခိုက်ခဲ့ကြသည်။
ထိုကိစ္စများကြောင့် သွေးစွန့်ပစ်နယ်မြေသည် မူလကလို မဟုတ်တော့ဘဲ အလွန်ရှုပ်ထွေးသော နယ်မြေတစ်ခု ဖြစ်လာခဲ့တော့သည်။
အထူးသဖြင့် ဤနေရာတွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုများကြား၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ၏။
ဆိုရလျှင် ယနေ့အခါ၌ သွေးစွန့်ပစ်နယ်မြေသည် စစ်ပွဲကင်းမဲ့ဇုန် နယ်မြေတစ်ခု မဟုတ်တော့ဘဲ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုများ အကြားရှိ နောက်ထပ် စစ်မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
ကျန်းချန်၏ နံဘေးရှိ ရထားလုံးမောင်းနှင်သူ အဘိုးအိုသည် လူသားမျိုးနွယ်စုမှ ဖြစ်ပြီး အမည်မှာ ကူအန် ဖြစ်သည်။
မကြာသေးမီကပင် သူတို့၏ မျိုးနွယ်စုကို သွေးဝိညာဥ်မျိုးနွယ်စုဝင် ယန်ရှန်မျိုးနွယ်စုက ဖျက်ဆီးခဲ့၍ သူတို့သည် ယန်ရှန်မျိုးနွယ်စု၏ ကျေးကျွန်များ ဖြစ်လာခဲ့ကြသည်။
သွေးစွန့်ပစ်နယ်မြေ၏ အခြေအနေများကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် အဘိုးအို ကူအန်ကို မေးခွန်းထုတ်လိုက်သည်။
"အဘိုး ဒီယန်ရှန် မျိုးနွယ်စုက အစွမ်းအထက်ဆုံး ကျင့်ကြံသူရဲ့ခွန်အားက ဘယ်အဆင့်မှာရှိလဲ"
ကျန်းချန်က ဆံပင်အနီရောင်ရှိသည့် အမျိုးသားနှင့် အခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် သူအသိချင်ဆုံးသော မေးခွန်းကို အဘိုးအို ကူအန်အား မေးလိုက်သည်။
ကူအန်က လေသံတိုးတိုးဖြင့် ကျန်းချန်ကို ပြန်ဖြေလိုက်သည်။
"ယန်ရှန်မျိုးနွယ်စုက သွေးစွန့်ပစ်နယ်မြေမှာ ကျော်ကြားတဲ့မျိုးနွယ်စု တစ်ခုပဲ.. သူတို့ရဲ့ခွန်အားက ထိပ်တန်းအဆင့်မဟုတ်ပေမဲ့ အလယ်အလတ်အဆင့်မှာတော့ ရှိတယ်.. ယန်ရှန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က ကြယ်ရှစ်ပွင့် သွေးစစ်သည်တော် တစ်ယောက်ပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
"ကြယ်ရှစ်ပွင့် သွေးစစ်သည်တော်က ဘာလဲ"
"ဒါက သွေးဝိညာဥ်မျိုးနွယ်စုက ကျင့်ကြံသူတွေကို အဆင့်သတ်မှတ်ထားတဲ့ အမည်တစ်ခုပဲ.. ဒီကြယ်ရှစ်ပွင့် သွေးစစ်သည်တော် ဆိုတာက ငါတို့ လူသားမျိုးနွယ်စုရဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်နဲ့ ယှဥ်နိုင်တဲ့ အဆင့်ပဲ"
ကူအန်က ကျန်းချန်ကို ရှင်းပြလိုက်ပြီးနောက်တွင် ကျန်းချန်၏ နားရွက်နားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ကောင်လေး ဒီနေရာကနေ ယန်ရှန်မျိုးနွယ်စုကို ရောက်ဖို့ အဝေးကြီးလိုသေးတယ်.. ဒါပေမဲ့ မင်းထွက်ပြေးဖို့ လုံးဝ မကြိုးစားနဲ့.. မဟုတ်ရင်တော့ မင်းဘဝက ဆိုးဆိုးရွားရွား အဆုံးသတ်သွားလိမ့်မယ်"
အခန်း(၁၄၂၈)ပြီး၏။