အခန်း (၁၄၂၉-၁၄၃၁)
Vol. 96 Ch. 1429-1431
အခန်း(၁၄၂၉)
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့အဘိုး ကျွန်တော် ထွက်မပြေးပါဘူး"
ယခုအခါတွင် ကျန်းချန်သည် ကုန်သည်ယာဥ်တန်းတွင် လိုက်ပါပြီး သူ၏ ဒဏ်ရာများကို သက်သောင့်သက်သာ ကုသနိုင်မည့် အခွင့်အရေးအား ရရှိခဲ့သည်။
လဝက်ခန့်သာ အချိန်ရလျှင် အသက်နယ်မြေ စွမ်းအားကို အသုံးပြု၍ သူ၏ခွန်အားကို အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ရရှိနိုင်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် ယန်ရှန်မျိုးနွယ်စုမှ ကြယ်ရှစ်ပွင့်သွေးစစ်သည်နှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်အနေဖြင့် ကြောက်နေစရာ မလိုအပ်တော့ပေ။
အဘိုးအိုကူအန်နှင့် တစ်ခဏမျှ စကားပြောပြီးနောက်တွင် ကျန်းချန်သည် သွေးစွန့်ပစ်နယ်မြေ၏ အကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် အသက်စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသနေလိုက်သည်။
ဤသို့ဖြင့် လဝက်ခန့် ကြာမြင့်သွားပြီးနောက်တွင် ကျန်းချန်သည် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသရန် အသက်နယ်မြေ စွမ်းအားကို အသုံးပြုခဲ့ရာ အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်သည် ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာခဲ့သည်။
"နောက်ဆုံးတော့ စွမ်းအားတချို့ ပြန်လည် ကောင်းမွန်လာခဲ့ပြီ"
သူ၏ခန္ဓာကိုယ်မှ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
ယခုအခါ သူသည် အကျွမ်းမဝင်သောနေရာသို့ ရောက်ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စွမ်းရည်အချို့ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ အထွတ်အထိပ်ကာလက အခြေအနေသို့ ပြန်လည် ကောင်းမွန်လာရန်မှာမူ အလှမ်း ဝေးလွန်းနေပါသေး၏။
အထူးသဖြင့် ခန္ဓာကိုယ်ထဲမှ သွေးကြောများကို ပြန်လည်ကုသရန် အချိန်မရှိသေးပေ။
သို့သော်လည်း ကျန်းချန်သည် မူလကတည်းကပင် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာနှစ်မျိုးလုံးကို ကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် အင်ပါယာနယ်ပယ်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏အင်ပါယာခန္ဓာကိုယ်သည် သာမန်အင်ပါယာခန္ဓာကိုယ်ထက် များစွာပိုမို၍ အားကောင်း၏။
ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာသော လက်ရှိအင်ပါယာ ခန္ဓာကိုယ်ကပင် သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူကို တစ်စက္ကန့်အတွင်း သတ်ပစ်ရန် လုံလောက်နေချေပြီ။
ဆိုရလျှင် ယခုအခါ၌ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် မတွေ့ဆုံသရွေ့ မည်သူမှ သူ့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။
"ကောင်လေး မကြာခင် ရောက်တော့မယ်.. ယန်ရှန်မျိုးနွယ်စုက အရမ်းကို ရက်စက်တယ်.. မျိုးနွယ်စုကို ရောက်ရင် ယန်ရှန်မျိုးနွယ်စုက လူတွေကို မပြစ်မှားမိဖို့ သတိထားပါ.. မဟုတ်ရင်တော့ ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် သူ၏နံဘေးရှိ ကူအန်သည် ကျန်းချန်ကို အလေးအနက် သတိပေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးပြကာ ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့ အဘိုး.. ကျွန်တော်နားလည်ပါတယ်"
ယခုအခါတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိနေခဲ့ပြီ ဖြစ်ရာ ယန်ရှန်မျိုးနွယ်စု ကဲ့သို့ မျိုးနွယ်စုငယ်လေးကို ဂရုစိုက်စရာ မလိုအပ်တော့ပေ။
ယန်ရှန်မျိုးနွယ်စုသာ သူ့ကို အမှန်တကယ် ဒုက္ခပေးဝံ့လျှင် ကြီးမားသော ကပ်ဘေးကို မျိုးနွယ်စုအား သက်ရောက်စေလိမ့်မည် ဖြစ်သည်။
သူတို့နှစ်ယောက် စကားပြောနေရင်း ကုန်သွယ်ယာဥ်တန်းသည် တဖြည်းဖြည်း အရှေ့သို့ ခရီးဆက်လာခဲ့ရာ များမကြာမီမှာပင် ကျန်းချန်၏ မြင်ကွင်းထဲသို့ သစ်သားတဲများဖြင့် တည်ဆောက်ထားသော မျိုးနွယ်စုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
မျိုးနွယ်စု၏ အိမ်များတွင် နံရံများမရှိဘဲ ဆယ်ပေခန့်မြင့်မားသော ခြံစည်းရိုးများသာ ရှိသည်။
ခြံစည်းရိုးကို ခတ်ထားသည့် ဝါးလုံး၏ ထိပ်သည် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ချွန်မြနေခဲ့ပြီး ကောင်းကင်ကို မျက်နှာမူထားကာ အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ယန်ရှန်မျိုးနွယ်စုသို့ ရောက်ရှိလာပြီးနောက်တွင် ဆံပင်အနီရောင် ရှိသည့် အမျိုးသားသည် ကုန်သွယ်ယာဥ်တန်းမှ ကုန်ပစ္စည်းများကို သစ်သားတဲ တစ်လုံးထဲသို့ ရွှေ့ပြောင်းရန် အမိန့်ပေးလိုက်သည်။
ကျန်းချန်နှင့် ပတ်သက်၍မူ ဆံပင်အနီရောင်ရှိသည့် အမျိုးသားသည် လုံးဝ စိတ်မပူခဲ့ပေ။
ယန်ရှန်မျိုးနွယ်စု၏ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ဆံပင်အနီရောင် အမျိုးသားသည် ယန်ရှန်မျိုးနွယ်စုတွင် အဆင့်အတန်းရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ မူလဘူတ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကို မည်ကဲ့သို့ ဂရုစိုက်နိုင်ပါမည်နည်း။
သူက ကျန်းချန်ကို ကူအန်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးခဲ့ပြီးနောက်တွင် သောက်စားပျော်ပါးရန် အတွက် သူ၏တဲထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ကောင်လေး ငါနေတဲ့နေရာကို သွားကြစို့.. ဘာမှသိပ်မတွေးနဲ့ ငါမင်းကို မနက်ဖြန်မှပဲ စာရင်းသွင်းဖို့အတွက် ခေါ်သွားပေးမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကူအန်သည် ကျန်းချန်ကို မျိုးနွယ်စု၏ အစွန်းရှိ သစ်သားတဲပုလေး တစ်လုံးဆီသို့ ခေါ်သွားခဲ့သည်။
သူတို့ သစ်သားတဲအနီးသို့ ရောက်ရှိသွားသောအချိန်တွင် ဆံပင်ကို မြင်းမြှီးပုံစံ စည်းနှောင်ထားသော အသက်(၁၄)နှစ် (၁၅)နှစ်ခန့် ရှိသည့် မိန်းကလေးတစ်ဦးသည် သစ်သားတဲလေးထဲကနေ ရုတ်တရက် ထွက်လာခဲ့သည်။
သူမ၏ အဝတ်အစားက နွမ်းလျနေပြီး အဖာအထေးများဖြင့် ပြည့်နှက်နေခဲ့၏။
သူမ၏ မရင့်ကျက်သေးသောမျက်နှာထက်တွင် ချောမွေ့သောအလှတရားက ထင်ရှားစွာ ရှိနေခဲ့သည်။
အထူးသဖြင့် တောက်ပသော မျက်ဝန်းလေးများသည် သွက်လက်ဖျတ်လတ်မှု၏ ရနံ့များကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ထိုမိန်းကလေးထံမှ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ခပ်ရေးရေး ခံစားမိခဲ့ခြင်းပင်။
"ဒင်.. သင်က နိုးထခြင်းမရှိသေးတဲ့ ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို နိုးထစေနိုင်မဲ့နည်းလမ်းကို နားလည်သွားခဲ့ပါပြီ"
ထိုအချိန်တွင် သတိပေးချက်တစ်ခုသည် သူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိသွားခဲ့သည်။
ကောင်းကင်ဖီးနစ်ခန္ဓာကိုယ်သည် နတ်ဘုရားနယ်မြေမှ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
ထိုခန္ဓာကိုယ်ပိုင်ရှင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့်အမျှ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး မုချ ဖြစ်လာပေလိမ့်မည်။
ကျန်းချန်သည် နတ်ဘုရားနယ်မြေရှိ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သော ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်က ရွှယ်လင်ကုန်းမြေတိုက်တွင် အမှန်တကယ်ပေါ်ပေါက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"အဘိုး ပြန်ရောက်ပြီလား"
ကျန်းချန်၏ စိတ်နှလုံးထဲကနေ အံ့သြ တုန်လှုပ်နေချိန်တွင် မိန်းကလေးသည် တံခါးဝရှိ ကူအန်နှင့် ကျန်းချန်တို့ကို ကြည့်ကာ ပြောလိုက်သည်။
သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးထက်တွင် ပျော်ရွှင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"အင်း ငါတို့ ပြန်ရောက်ပြီ"
ကူအန်က ခေါင်းညိတ်လိုက်ပြီး မိန်းကလေးကို ချစ်ခင်သောအပြုံးဖြင့် ကြည့်လိုက်သည်။
"ဖုန်းအာ ဒီရက်တွေမှာ အဆင်ပြေရဲ့လား.. တစ်ယောက်ယောက်ကများ မင်းကို အနိုင်ကျင့်ခဲ့သေးလား"
"သမီးအဆင်ပြေပါတယ်.. အဘိုးစိတ်မပူပါနဲ့"
ဖုန်းအာဟု ခေါ်သော မိန်းကလေးက ချိုသာစွာ ပြုံးလိုက်ပြီးနောက်တွင် သူမ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူမက သိချင်စိတ်ဖြင့် ကူအန်ကို မေးလိုက်သည်။
"အဘိုး သူက ဘယ်သူလဲ"
ကူအန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်၏။
"သူ့နာမည်က ကျန်းချန်.. သူက ဒီနေ့မှ ယန်ရှန်မျိုးနွယ်စုကို ရောက်လာတာပဲ.. အနာဂတ်မှာ ငါတို့နဲ့အတူ နေထိုင်လိမ့်မယ်"
"မင်္ဂလာပါ အကိုကျန်းချန်.. အခုမှ ရောက်လာတာဆိုတော့ အဘိုးနဲ့ စကားပြောလိုက်ပါဦး.. ကျွန်မ အစ်ကိုကျန်းချန်နဲ့ အဘိုးတို့အတွက် ချက်ပြုတ်လိုက်ဦးမယ်"
ဖုန်းအာက ချိုသာစွာ ပြုံး၍ ပြောလိုက်ပြီးနောက်တွင် တဲထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကူအန်၏ မိတ်ဆက်ပေးမှုအရ ဖုန်းအာ၏ အမည် အပြည့်အစုံမှာ ကူဖုန်းအာ မှန်းသိခဲ့ရသည်။
ကူအန်သည် ထိုမိန်းကလေးကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောက်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။
သူမက ငယ်စဥ် ကလေးဘဝကတည်းကပင် ဥာဏ်ရည်ထက်မြက်ကာ ကိုယ်ကျင့်တရား ကောင်းမွန်၍ ကူအန်၏ ချစ်ခြင်းကို နက်နက်ရှိုင်းရှိုင်းပင် ခံခဲ့ရသည်။
ယန်ရှန်မျိုးနွယ်စုက ကူအန်တို့ မျိုးနွယ်စုကို တိုက်ခိုက်သောအခါတွင် ကူအန်သည် သူ၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ခွန်အားဖြင့် ထိုအရှုပ်အထွေးကနေ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရှိခဲ့သော်လည်း ဖုန်းအာကို မစွန့်ပစ်နိုင်သောကြောင့် ယန်ရှန်မျိုးနွယ်စု၏ ကျေးကျွန် ဖြစ်လာခဲ့ရသည်။
တဲထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် တဲအတွင်း၌ ပစ္စည်းပစ္စယ သိပ်မရှိသည်ကို တွေ့ရှိခဲ့သည်။
သိပ်မကြာလိုက်သော အချိန်မှာပင် ကူဖုန်းအာသည် မွှေးကြိုင်သော ထမင်းပန်ကန် နှစ်လုံးနှင့် ဟင်းနှစ်ပန်းကန်ကို ယူလာခဲ့သည်။
ကူအန်နှင့် ကူဖုန်းအာတို့၏ နွေးထွေးသော ဧည့်ဝတ်ပြုမှုအောက်တွင် ကျန်းချန်သည် အနည်းငယ်မျှ စားသုံးခဲ့သည်။
ကျန်းချန်တို့ သုံးဦး ပျော်ရွှင်စွာ စားသောက်နေသော အချိန်မှာပင် တဲအပြင်ဘက်ကနေ ကျယ်လောင်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကူဖုန်းအာ.. ငါက သခင်လေးရဲ့အမိန့်နဲ့ မင်းကိုခေါ်ဖို့ရောက်လာတာပဲ.. ချက်ချင်း ထွက်လာခဲ့စမ်း"
အပြင်ဘက်မှ ရုတ်တရက် အော်ဟစ်သံကို ကြားလျှင် ကူဖုန်းအာ၏ ခန္ဓာကိုယ်လေးသည် တုန်ယင်သွားခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် ဖြူဖျော့သွားခဲ့သည်။
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကူအန်၏ အမူအရာသည် အနည်းငယ် လေးနက်သွားခဲ့သည်။
"ဖုန်းအာ ဘာတွေဖြစ်နေတာလဲ.. ငါထွက်သွားပြီးနောက်မှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ခဲ့တာလား"
ကူဖုန်းအာက ထိတ်လန့်တကြားပင် ပြန်ဖြေလိုက်သည်။
"အဘိုး ထွက်သွားပြီးတဲ့နောက်မှာ ယန်ရှန်မျိုးနွယ်စုရဲ့ သခင်လေးယန်ရှင်းက သမီးကို မတော်တဆ တွေ့သွားခဲ့တယ်.. သူက သမီးကို သူ့ရဲ့အစေခံအဖြစ် ခိုင်းစေချင်ပေမဲ့ သမီးက သဘောမတူခဲ့ဘူး.. သခင်လေးယန်ရှင်းက သူ့ရဲ့လူတွေကိုပါ စေလွှတ်ပြီး ခေါ်ခိုင်းလိမ့်မယ်လို့ သမီး မထင်ထားခဲ့ဘူး"
ကူဖုန်းအာထံမှ စကားကိုကြားလျှင် ကူအန်သည် ဒေါသထွက်လာခဲ့သည်။
သူက ယန်ရှန်မျိုးနွယ်စုတွင် လအနည်းငယ် နေထိုင်ခဲ့ပြီ ဖြစ်၍ ယန်ရှန်မျိုးနွယ်စု၏ သခင်လေးယန်ရှင်းက မည်ကဲ့သို့သော လူစားမှန်း ကောင်းစွာ သိထားခဲ့သည်။
ထိုအကောင်က လုံးဝအမှိုက် ဖြစ်ပြီး သူ၏လက်ထဲတွင် လူသားမိန်းကလေး မည်မျှ ပျက်စီးခဲ့သည်ကိုပင် မရေတွက်နိုင်တော့ပေ။
ဤကာလအတွင်း ကူအန်သည် ကူဖုန်းအာကို သိုသိုသိပ်သိပ်သာ နေထိုင်စေခဲ့ပြီး မည်သူမျှ သတိမထားမိစေရန် ကြိုးစားခဲ့သော်လည်း ယန်ရှင်းနှင့် တွေ့သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယန်ရှင်းသာ ကူဖုန်းအာကို ခေါ်သွားခဲ့လျှင် ကူဖုန်းအာ၏ ဘဝသည် ယန်ရှင်း၏ လက်ထဲတွင် တစစီ ကြေမွ ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။
အခန်း(၁၄၂၉)ပြီး၏။
အခန်း(၁၄၃၀)
"ဖုန်းအာ စိတ်မပူပါနဲ့.. ငါ့ရဲ့ အသက်ကို ရင်းရရင်တောင် မင်းကိုခေါ်သွားဖို့ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး"
ကူအန်က အသက်ကိုခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါကို ထုတ်လွှတ်နေသည့် လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးသည် တဲထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ကူအန်က မတ်တပ်ရပ်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို ဦးညွှတ်ကာ မေးလိုက်သည်။
"အကြီးအကဲနှစ်ဦး ဒီကို ဘာကိစ္စနဲ့ လာတယ်ဆိုတာ သိပါရစေ"
"သခင်လေးက သူ့ကို အစေခံဖို့အတွက် ကူဖုန်းအာကို ခေါ်လာခဲ့ဖို့ အမိန့်ပေးလိုက်တယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စက် ပြန်ဖြေလိုက်၏။
ထိုစကားကိုကြားလျှင် ကူအန်က ရယ်မောလိုက်ပြီး ချက်ချင်းပင် တုံ့ပြန် ပြောဆိုလိုက်သည်။
"အကြီးအကဲနှစ်ဦး ဖုန်းအာက အသက်ငယ်သေးတဲ့ အတွက် အလိုက် မသိတတ်သေးဘူး.. သခင်လေးဆီ ခစားဖို့ ခက်ခဲမှာကို ကျွန်တော်စိုးရိမ်မိတယ်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါဦး"
ထိုစကားကို ပြောဆိုနေရင်း ကူအန်သည် သွေးရောင် တောက်ပနေသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းပေးလိုက်သည်။
"ကူအန် သခင်လေးက မင်းရဲ့ မြေးမကို သဘောကျလို့ ခစားခိုင်းတယ်ဆိုတာ မင်းအတွက် ကောင်းချီးပဲ.. မင်းက ဘာလို့ဆန့်ကျင်ချင်နေရတာလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကူအန်ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
"ပြဿနာမတက်ချင်ဘူးဆိုရင် မင်းရဲ့မြေးမကို ခေါ်သွားဖို့ ခွင့်ပြုလိုက်ပါ.. မဟုတ်ရင်တော့ ငါတို့ကို ရက်စက်တယ်ဆိုပြီးအပြစ်မတင်နဲ့"
ထိုစကားကိုကြားလျှင် ကူအန်၏ မျက်နှာအမူအရာသည် အနည်းငယ် အကျည်းတန်သွားခဲ့သည်။
"အကြီးအကဲနှစ်ဦး.."
သို့သော် ကူအန်၏ စကားမဆုံးခင်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကူအန်၏ စကားကို ဖြတ်တောက်ကာ ပြောလိုက်သည်။
"ကူအန် မင်းက အခြေအနေကို ကောင်းကောင်း နားမလည်သေးဘူးကိုး.. ဒီလိုဆိုမှတော့ တစ်ခါတည်း သွားသေလိုက်တော့"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကူအန်ကို ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို ရုန့်ရင်းသော စွမ်းအားများ ပါဝင်နေသောလက်သီးချက်ဖြင့် ကူအန်ကို ထိုးနှက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကူအန်၏ မျက်နှာအမူအရာက အကြီးအကျယ်ပင် ပြောင်းလဲသွားခဲ့သည်။
သူက လူလတ်ပိုင်းအရွယ် အမျိုးသား၏ သန်မာသောလက်သီးချက်ကို ပိတ်ဆို့ရန် အတွက် သူ၏ ခွန်အားများကို အစွမ်းကုန် ထုတ်သုံးကာ ခုခံလိုက်သည်။
သို့သော်လည်း ကူအန်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အစောပိုင်းအဆင့်တွင်သာ ရှိပြီး ၎င်းနှင့် တိုက်ခိုက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကမူ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်သော အဆင့်တွင် ရှိ၏။
ထို့ကြောင့် ကူအန်၏ ခုခံမှုသည် လူလတ်ပိုင်းအရွယ်အမျိုးသား၏ လက်သီးချက်ကို မည်ကဲ့သို့ ရပ်တန့်နိုင်ပါအံ့နည်း။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကူအန်သည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်သီးချက် ထိမှန်ကာ ခုနစ်ပေ၊ ရှစ်ပေခန့်အထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။
"အဘိုး"
သူမ၏ အဘိုးကို လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးဖြင့် ထိုးနှက်လိုက်သည်ကို မြင်လျှင် ကူဖုန်းအာသည် မျက်ရည်စများ ကျလာခဲ့ပြီး ကူအန်ဆီသို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ကာ ထွေးပွေ့လိုက်သည်။
ထို့နောက်တွင် သူမက ဆန့်ကျင်ဘက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို မော့ကြည့်ကာ ထိတ်လန့်တကြား တောင်းပန်ပြောဆိုလိုက်သည်။
"ကျွန်မ.. ကျွန်မ သခင်လေးကို ခစားပါမယ်.. ကျေးဇူးပြုပြီး ကျွန်မရဲ့ အဘိုးကို လွှတ်ပေးပါ"
"ဖုန်းအာ သူတို့နဲ့ မလိုက်သွားရဘူး"
ကူအန်က ထိုစကားကို ပြောဆိုပြီးနောက်တွင် နောက်ထပ် သွေးတစ်ပွက်ကို ထပ်မံ အန်ထုတ်လိုက်ရသည်။
"အဘိုးက ဖုန်းအာကို ဒီအရွယ်အထိ ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်ခဲ့တယ်.. အဘိုးက ဖုန်းအာရှေ့မှာ သေတာကို ဖုန်းအာ ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ.. အဘိုး ဖုန်းအာက အဘိုးဘေးနားမှာ မရှိနိုင်တော့ဘူး.. အဘိုး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်"
ဖုန်းအာက ထိုစကားကို ပြောပြီးနောက်တွင် တဲအပြင်ဘက်သို့ ထွက်သွားရန် အတွက် ထရပ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရုတ်တရက် လက်ဝါးတစ်ဖက်သည် ဖုန်းအာ၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့သည်။
"အစ်ကို ကျန်းချန်"
ကူဖုန်းအာက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး သူ၏ နံဘေးတွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို ခေါင်းလှည့်၍ ကြည့်လိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
"ဖုန်းအာ မင်းရဲ့အဘိုးကိုပဲ ဂရုစိုက်ပါ.. ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်"
"အစ်ကိုကျန်းချန် စိတ်မပူပါနဲ့.. အနာဂတ်မှာ ကျွန်မရဲ့အဘိုးကိုပဲ ဂရုစိုက်ပေးပါ"
ဖုန်းအာက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
သူမသည် ငယ်စဥ် ကလေးဘဝကတည်းကပင် အကင်းပါးပြီး ထက်မြက်သော ကလေးတစ်ယောက် ဖြစ်သည်။
သူမ နံဘေးတွင် ရှိနေသော ကျန်းချန်က တစ်စုံတစ်ရာ ထူးခြားသည်ကို သူမ ခံစားမိသော်လည်း ယန်ရှန် မျိုးနွယ်စုနှင့် ယှဥ်ပြိုင်နိုင်မည်ဟု သူမ မထင်ပေ။
ထို့ကြောင့် ဤအချိန်တွင် သူမသည် ကျန်းချန်ကို ပြဿနာထဲ ဆွဲမထည့်ချင်ခဲ့ပေ။
"မင်းက ငါ့ကို အစ်ကို ကျန်းချန်လို့ ခေါ်တဲ့အတွက် မင်းဒုက္ခရောက်နေမှာကို ငါ ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါခွင့်မပြုရင် မင်းကိုဘယ်သူမှ ခေါ်သွားလို့မရစေရဘူး"
"ဟေ့ကောင် မင်းက ဘယ်က မလောက်လေး မလောက်စားလဲ သခင်လေး ယန်ရှင်းကိုတောင် ဆန့်ကျင်ရဲတယ် ဆိုတော့ မင်းသေချင်နေပြီလား"
ကျန်းချန်က သူတို့၏ အစီအစဥ်ကို ဖျက်ဆီးရဲသည်အား မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသထွက်သွားခဲ့ပြီး ကျန်းချန်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"အစ်ကိုကျန်းချန် သတိထား"
ကူဖုန်းအာက ထိတ်လန့်တကြား သတိပေးလိုက်သည်။
ထိုခဏတွင် သူမ၏ မျက်နှာသေးသေးလေးသည် ဖြူဖျော့သွားခဲ့၏။
ကျန်းချန်ကမူ အေးစက်စက် အမူအရာဖြင့်ပင် ရှိနေခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုသား၏ လက်သီးချက်က သူနှင့်တစ်ပေခန့် အကွာသို့ ရောက်သောအခါမှသာ ကျန်းချန်သည် သူ၏ လက်ကို ဆန့်ထုတ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်သီးကို ဖမ်းဆုပ်လိုက်သည်။
"မင်း"
လူလတ်ပိုင်းအရွယ် အမျိုသား၏ မျက်နှာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ခွန်အားကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။
သို့သော်လည်း သူမည်မျှပင် ရုန်းကန်နေပါစေ၊ ကျန်းချန်၏လက်ချောင်းများသည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားဆဲပင်။
ထို့ကြောင့် သူ့အနေဖြင့် လုံးဝ လှုပ်ရှားရန် မဖြစ်နိုင်ခဲ့ပေ။
"လူသားအစေခံတစ်ယောက်ကများ ငါတို့ ယန်ရှန်မျိုးနွယ်စုမှာ ရမ်းကားရဲတယ်.. သွားသေလိုက်စမ်း"
ထိုအချင်းအရာကိုမြင်လျှင် နောက်ထပ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရုန့်ရင်းသော မျက်နှာထားဖြင့် ကျန်းချန်၏ ခေါင်းသို့ ရည်ရွယ်ကာ လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ နောက်ထပ် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုလူလတ်ပိုင်းအရွယ်အမျိုးသား၏ လက်သီးချက်ကို ဖမ်းဆုပ်ထားလိုက်သည်။
"မင်း မင်းက ယန်ရှန်မျိုးနွယ်စုရဲ့ အစေခံမဟုတ်ဘူး.. မင်းဘယ်သူလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ကျန်းချန်ကို ကြည့်ရင်း အဆုံးသတ်တွင် ထိတ်လန့်သော အရိပ်အယောင်များ မျက်ဝန်းထဲ၌ ထွက်ပေါ်လာခဲ့သည်။
သိထားရမည့်အချက်မှာ သူတို့နှစ်ဦးစလုံးသည် ယန်ရှန်မျိုးနွယ်စု၏ သခင်လေးယန်ရှင်း နံဘေးရှိ အစောင့်များ ဖြစ်ကြ၍ နှစ်ဦးစလုံးသည် ကြယ်ငါးပွင့် သွေးစစ်သည်တော် အဆင့်ကျင့်ကြံသူများ ဖြစ်ကြကာ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများနှင့်ပင် ယှဥ်ပြိုင်နိုင်ကြသည်။
သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ပေ့ါပါးသော လှုပ်ရှားမှုဖြင့်ပင် သူတို့နှစ်ဦးစလုံး၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့၏။
ဤကဲ့သို့ စွမ်းဆောင်ရည်ကို သိုင်းသခင်နယ်ပယ်အဆင့်ကျင့်ကြံသူသာလျှင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သိထားရမည့်အချက်မှာ မျိုးနွယ်စုချင်း ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်စုမှ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြသည် သို့မဟုတ် တိုက်ရိုက်ပင် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။
ဆိုရလျှင် သိုင်းသခင် နယ်ပယ်အဆင့်သည် အနည်းငယ် ဂရုမစိုက်မိသည်နှင့် ယန်ရှန် မျိုးနွယ်စုကိုပင် ပြင်းထန်စွာ ထိခိုက် ပျက်စီးစေနိုင်သော အဆင့်အတန်း ဖြစ်သည်။
ထို့ကြောင့် ယန်ရှန်မျိုးနွယ်စုတွင် သိုင်းသခင် နယ်ပယ်အဆင့် လူသားအစေခံ မရှိပေ။
သို့ဆိုလျှင် ဤအနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ယန်ရှန်မျိုးနွယ်စုတွင် မည်ကဲ့သို့ ထွက်ပေါ်လာရပါသနည်း။
ဤကောင်လေးသည် အခြားသော လူသားမျိုးနွယ်စုများမှ ယန်ရှန် မျိုးနွယ်စုသို့ စေလွှတ်ထားသော သူလျှိုတစ်ဦး ဖြစ်နေပါသလော။
"ငါဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အရည်အချင်း မပြည့်မီသေးဘူး.. အခုချက်ချင်း မင်းတို့ ယန်ရှန်မျိုးနွယ်စုခေါင်းဆောင်ကို ငါ့ဆီ လာတွေ့ဖို့ သွားအကြောင်းကြားလိုက်"
ကျန်းချန်က အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ လက်နှစ်ဖက်ကို အသာအယာလှုပ်ရှားလိုက်ရာ ကြည်လင်သော အရိုးကျိုးသံနှစ်ခုသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည်လည်း ခုနစ်ပေ ရှစ်ပေ အကွာအဝေးသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူတို့၏ လက်တစ်ဖက်စီသည် ကျန်းချန်၏ ခွန်အားကြောင့် သွင်သွင် ကျိုးသွားခဲ့၏။
"ကောင်လေး ငါတို့ ယန်ရှန်မျိုးနွယ်စုမှာ ရမ်းကားရဲတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
သို့သော် သူ၏ စကားမဆုံးမီမှာပင် ကျန်းချန်သည် သူ၏ နံဘေးကို တစ္ဆေကဲ့သို့ ရိပ်ခနဲ ရောက်လာခဲ့ပြီး ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ထို့နောက်တွင် ကျန်ရှိနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ကျန်းချန်သည် အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါနောက်ဆုံးအကြိမ် ထပ်ပြောမယ်.. မင်းမသေချင်ဘူးဆိုရင် မင်းတို့ ခေါင်းဆောင်ကို ငါ့ဆီလာတွေ့ဖို့ ချက်ချင်း သွားအကြောင်းကြားလိုက်"
ထိုစကားကိုကြားပြီးနောက်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် ထိတ်လန့်သွားခဲ့ပြီး တဲအပြင်ဘက်သို့ အူယားဖားယား ပြေးထွက်သွားခဲ့သည်။
အခန်း(၁၄၃၀)ပြီး၏။
အခန်း(၁၄၃၁)
"အစ်ကိုကျန်းချန်.. အစ်ကိုကျန်းချန် လူသတ်လိုက်တာလား"
သူမရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကူဖုန်းအာ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးထက်တွင် ကြောက်ရွံ့သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နံဘေးရှိ ကူအန်၏ မျက်နှာသည်ပင် တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့၏။
တစ်ချိန်က ယန်ရှန် မျိုးနွယ်စုတွင် လူသားအစေခံများစွာသည် ပုန်ကန်၍ ထွက်ပြေးခဲ့ကြသည်။
အဆုံးသတ်တွင် ၎င်းတို့သည် ယန်ရှန်မျိုးနွယ်စု၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သေဒဏ်ပေးခံခဲ့ရ၏။
ကူအန်က ထပ်မံ၍ မစဥ်းစားနိုင်တော့ပေ။
ယန်ရှန်မျိုးနွယ်စု၏ လက်ထဲသို့သာ ကျရောက်သွားလျှင် သူတို့၏ အဆုံးသတ်သည် အလွန်တရာ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလား။
သူက အသက်(၆၀)ကျော် ရှိနေပြီဖြစ်၍ သူ၏ သေရေးရှင်ရေးကို သိပ်ဂရုမစိုက်တော့ပေ။
သို့သော်လည်း ကျန်းချန်နှင့် ကူဖုန်းအာတို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ယန်ရှန်မျိုးနွယ်စု လက်ထဲတွင် ရက်ရက်စက်စက်သေဆုံးမည်ကို မမြင်လိုခဲ့ချေ။
"ကျန်းချန် မင်းအတော်လေး မဆင်မခြင် လုပ်ခဲ့တာပဲ.. ယန်ရှန် မျိုးနွယ်စုဝင်ကို သတ်လိုက်တဲ့အတွက် ယန်ရှန်မျိုးနွယ်စုက ငါတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်တော့ဘူး.. ငါမင်းတို့ကို တောင့်ခံထားပေးမယ်.. မင်းက ဖုန်းအာကို ခေါ်ပြီး အခုချက်ချင်း ထွက်ပြေးတော့"
သူ၏အမြင်တွင် ကျန်းချန်သည် ကြယ်ငါးပွင့် သွေးစစ်သည်တော်နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်သော သိုင်းသခင်နယ်ပယ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ယန်ရှန်မျိုးနွယ်စုသည် အလွန်တရာပင် အစွမ်းထက်သော မျိုးနွယ်စု ဖြစ်ရာ ကျန်းချန်က သိုင်းသခင်နယ်ပယ်အဆင့် သို့မဟုတ် နတ်ဝိညာဥ်ဘုရင်အဆင့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလျှင်ပင် သူတစ်ဦးတည်းဖြင့် ယန်ရှန်မျိုးနွယ်စု တစ်ခုလုံးကို ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။
"ကျွန်တော်တို့က ဘာလို့ထွက်ပြေးရမှာလဲ.. ယန်ရှန်မျိုးနွယ်စုက ကျွန်တော့်ရဲ့ မျက်စိထဲမှာ သာမန် မျိုးနွယ်စုလေးပါပဲ.. သူတို့ရဲ့လူကို သတ်ပစ်လိုက်တော့ရော ယန်ရှန်မျိုးနွယ်စုက ကျွန်တော့်ကို ဘာလုပ်နိုင်မှာမို့လဲ.. အဘိုးစိတ်မပူပါနဲ့.. ဒီနေ့ ကျွန်တော် ကျန်းချန် ရှိနေသရွေ့ ဘယ်သူမှ အဘိုးနဲ့ ဖုန်းအာကို ဆံချည်တစ်မျှင်တောင် ထိခိုက်အောင် လုပ်လို့ မရစေရဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် တဲအလယ်ရှိ သစ်သားထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
သူက စိတ်အေးလက်အေးပင် ပြုံးပြလိုက်ပြီး ကူအန်ကို ပြောလိုက်သည်။
"သူတို့ကို ဂရုစိုက်မနေနဲ့.. ကျွန်တော်တို့ ဆက်ပြီးစားကြစို့"
"စားဦးမလို့လား"
ကျန်းချန်၏ စိတ်အေးလက်အေး အမူအရာကို ကြည့်ကာ ကူအန်သည် စိတ်ထဲကနေ ရုတ်တရက် မချိပြုံး ပြုံးလိုက်သည်။
ဤကဲ့သို့ သေရေးရှင်ရေးအချိန်တွင် ဤကောင်လေးသည် အဘယ်ကြောင့် စားချင်စိတ် ရှိနေပါသနည်း။
"အဘိုး.. အစ်ကိုကျန်းချန်စကားကို နားထောင်လိုက်ပါ.. အကယ်၍ သေခဲ့ရင်တောင်မှ ဗိုက်ဆာတဲ့ သရဲမတော့ သမီး မဖြစ်ချင်ဘူး"
ကူဖုန်းအာက အစောပိုင်းက ထိတ်လန့်နေသော်လည်း တဖြည်းဖြည်း စိတ်သက်သာရာ ရလာခဲ့ပြီးနောက်တွင် ကူအန်ကို ကျန်းချန်၏ နံဘေးတွင် ထိုင်စေခဲ့သည်။
ကူဖုန်းအာသည် ငယ်စဥ် ကလေးဘဝကတည်းကပင် အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်တတ်သူ ဖြစ်သည်။
ယခု ခက်ခဲသောအခြေအနေသို့ ကျရောက်နေခဲ့သည့်တိုင် သူမသည် စိတ်အေးလက်အေးပင် အခြေအနေကို လက်သင့်ခံခဲ့သည်။
ထို့အပြင် ပြောနေစရာ မလိုလောက်အောင်ပင် ကူဖုန်းအာ၏ နှလုံးသားတွင် ကျန်းချန်နှင့် ပတ်သက်၍ ရှင်းပြ၍ မရနိုင်သော ယုံကြည်မှုတစ်ခု ရှိနေခဲ့၏။
"ဒီအစ်ကိုကျန်းချန်က တကယ်ပဲ အံ့သြစရာ ကိစ္စရပ်တွေကို ဖန်တီးနိုင်မယ် ထင်တယ်"
------------------
ယန်ရှန်မျိုးနွယ်စု၏ အလယ်ဗဟိုရှိ အကောင်းမွန်ဆုံး တဲထဲတွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် အဓိကနေရာတွင် ထိုင်နေခဲ့သည်။
ထိုလူငယ်၏ ရှေ့တွင် ဝိုင်နှင့်အစားအစာများ ပြည့်နှက်နေသော စားပွဲတစ်ခု ရှိနေခဲ့၏။
တဲထဲတွင်လည်း အဝတ်အစား မပါသော အမျိုးသမီးအချို့သည် လူငယ်လေးကို ကခုန်၍ ဖျော်ဖြေနေကြသည်။
လူငယ်က အမျိုးသမီးများ အဝတ်ဗလာဖြင့် ကခုန်နေသည်ကို အရသာခံကာ ရှုစားနေခဲ့ပြီး အရက်နှင့် အစားအစာများကို စိမ်ပြေနပြေ သုံးဆောင်နေခဲ့သည်။
ဤလူငယ်သည် တခြားသူမဟုတ်ပေ။
ယန်ရှန်မျိုးနွယ်စု၏သခင်လေး ယန်ရှင်းပင်ဖြစ်သည်။
"သခင်.. သခင်လေး မကောင်းတော့ဘူး"
ထိုအချိန်မှာပင် ထိတ်လန့်နေသော ပုံရိပ်တစ်ခုသည် အပြင်ဘက်ကနေ ရုတ်တရက် ပြေးဝင်လာခဲ့သည်။
"ယန်လီ.. မင်းဘာတွေ ဒီလောက်တောင် စိုးရိမ်နေတာလဲ"
ယန်ရှင်းက တဲထဲသို့ အပြေးအလွှား ဝင်ရောက်လာသော ပုံရိပ်ကိုမြင်လျှင် ရုတ်တရက် လေးနက်သွားခဲ့သည်။
"ကူဖုန်းအာရော ဘယ်မှာလဲ မင်းကိုခေါ်လာခိုင်းခဲ့တယ် မဟုတ်လား"
"သခင်လေး.. ကျွန်တော်သခင်လေးရဲ့အမိန့်ကို နာခံပြီး ကူဖုန်းအာကို သွားခေါ်ခဲ့ပါတယ်.. ဒါပေမဲ့ မထင်မှတ်ဘဲ အင်အားကြီးမားတဲ့ လူသားကျင့်ကြံသူတစ်ယောက် အဲဒီနေရာမှာရောက်နေခဲ့တယ်.. ယန်ဝူက အဲဒီ လူသားကျင့်ကြံသူ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီ"
ယန်လီက ကြောက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာ"
ယန်ရှင်းက ဒေါသထွက်သွားခဲ့ပြီး သူ၏ ရှေ့ရှိ စားပွဲကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"လူသားကျင့်ကြံသူ တစ်ယောက်ကများ ငါသခင်လေးကို ဆန့်ကျင်ရဲတယ်"
"သခင်လေး အဲဒီလူက သိုင်းသခင်နယ်ပယ်အဆင့် စွမ်းရည်ရှိနိုင်တယ်.. သူက ကျွန်တော်တို့ ယန်ရှန်မျိုးနွယ်စုက အစေခံ မဟုတ်တဲ့ပုံပဲ.. ကျွန်တော့်ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် တခြား လူသားမျိုးနွယ်စုကနေ ယန်ရှန် မျိုးနွယ်စုဆီကို စေလွှတ်ထားတဲ့ သူလျှိုတစ်ယောက် ဖြစ်နိုင်တယ်.. ဒီလူသားကျင့်ကြံသူ သူလျှိုကို ချက်ချင်း ဖမ်းဆီးပေးဖို့ သခင်လေးကို တောင်းဆိုပါတယ်"
ယန်လီက ခပ်သွက်သွက်ပင် ပြောလိုက်သည်။
"ဟမ့် လူသားကျင့်ကြံသူတွေရဲ့ သူလျှိုလား.. ဘယ်လို လူသားမျိုးနွယ်စုက ဒီလောက်တောင် အတင့်ရဲပြီး ငါတို့ ယန်ရှန်မျိုးနွယ်စုကို ရမ်းကားဝံ့လဲဆိုတာ ငါကြည့်ချင်သေးတယ်"
ထိုစကားကို ပြောနေရင်း ယန်ရှင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"အခုချက်ချင်း ယန်ဟဲကို အကြောင်းကြားပြီး လူသားကျင့်ကြံသူ သူလျှိုကို ငါနဲ့အတူ ဖမ်းဆီးဖို့ ဆင့်ခေါ်လိုက်"
မကြာမီမှာပင် ယန်ရှင်းသည် အစွမ်းထက်ကျင့်ကြံသူများ အဖွဲ့ကို စုစည်းခဲ့သည်။
ခေါင်းဆောင်ဖြစ်သူ ယန်ဟဲသည် ကျန်းချန်ကို ယန်ရှန် မျိုးနွယ်စုဆီသို့ ခေါ်ဆောင်လာခဲ့သည့် ဆံပင်အနီရောင်ရှိသည့် အမျိုးသားဖြစ်သည်။
ယန်ဟဲသည် နေအိမ်သို့ ပြန်ရောက်ပြီး ကောင်းစွာ မပျော်ပိုက်ရသေးခင်မှာပင် ယန်ရှင်း၏ အမိန့်ကို လက်ခံရရှိခဲ့၏။
လူသားမျိုးနွယ်စု၏ သူလျှိုက ယန်ရှန်မျိုး နွယ်စုထဲသို့ ရောနှော ဝင်ရောက်လာခဲ့ပြီး သူ၏ ထိန်းချုပ်မှုအောက်ရှိ အစေခံ ကူအန်နှင့် ရောနှောနေသည်ကို သိလျှင် သူက ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး သူ၏ လူများကို ခေါ်ကာ ယန်ရှင်းနဲ့ အလျင်အမြန် ပူးပေါင်းခဲ့သည်။
ထို့နောက်တွင် သူတို့အဖွဲ့သည် ယန်လီ၏ လမ်းပြမှုဖြင့် ကျန်းချန် ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြပြီး ကျန်းချန်တို့၏တဲကို ဝိုင်းရံလိုက်ကြသည်။
"ကူအန် မင်းက လူသားမျိုးနွယ်စု သူလျှိုတစ်ဦးကို ခေါ်သွင်းရဲတယ်.. မင်းချက်ချင်းထွက်လာပြီး အသေခံစမ်း"
တဲပတ်ပတ်လည်ကို သူ၏လူများဖြင့် ဝိုင်းရံထားခဲ့ပြီးနောက်တွင် ယန်ဟဲ၏ အေးစက်စက် ကြုံးဝါးသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သွားပြီ. ယန်ဟဲ ကိုယ်တိုင် ရောက်လာခဲ့ပြီ"
အပြင်ဘက်မှ ဒေါသတကြီး ကြုံးဝါးသံကို ကြားလျှင် ကူအန်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်နှာသည်ပင် တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အဘိုး မစိုးရိမ်ပါနဲ့.. ဒါနဲ့ ဒီယန်ဟဲက ယန်ရှန် မျိုးနွယ်စုရဲ့ခေါင်းဆောင်လား"
"သူက ခေါင်းဆောင်မဟုတ်ဘူး.. ယန်ရှန်မျိုးနွယ်စုရဲ့ခေါင်းဆောင်က ယန်ထျဲရှန်လို့ခေါ်တယ်.. သူက တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေလေ့ရှိပြီး မျိုးနွယ်စုထဲမှာ ကိစ္စကြီးတစ်ခုခု ဖြစ်လာမှပဲ ထွက်လာလေ့ ရှိတယ်"
ကူအန်က ခေါင်းခါရမ်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
"အခု ရောက်လာတဲ့ ယန်ဟဲက မင်းကို ယန်ရှန်မျိုးနွယ်စုဆီ ခေါ်ဆောင်လာခဲ့တဲ့ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်ပဲ"
"ဟားဟား ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် တစ်ဦးကများ ကျွန်တော်နဲ့ ယှဥ်ပြိုင်ချင်တယ်လား.. ဒီယန်ရှန်မျိုးနွယ်စုက ကျွန်တော့်ကို မျက်လုံးထဲ လုံးဝ မထည့်ထားတဲ့ပုံပဲ.. သူ့တို့ကို စောင့်နေတာကြာပြီ.. ရောက်လာပြီဆိုမှတော့လည်း ထွက်တွေ့ရသေးတာပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ တဲအပြင်သို့ ထွက်လာခဲ့သည်။
တဲအပြင်သို့ ထွက်လာသော ကျန်းချန်ကို မြင်လျှင် ယန်ဟဲသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်။
"ကောင်လေး မင်းနှင့် ကူအန်နှစ်ယောက်လုံး ဒီနေ့ ငါ့လက်ထဲကနေ လုံးဝ မလွတ်မြောက်စေရဘူး"
ထိုအချိန်တွင် နံဘေးရှိ ယန်လီသည် အလျင်အမြန် အော်ဟစ်ပြောဆိုလိုက်သည်။
"ခေါင်းဆောင် ယန်ဟဲ.. ဒီကောင်က လူသားမျိုးနွယ်စုရဲ့သူလျှိုပဲ.. ယန်ဝူကိုလည်း ဒီကောင် သတ်ပစ်လိုက်ပြီ"
"ဘာ"
ထိုစကားကိုကြားလျှင် ယန်ဟဲ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ယန်လီကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီကောင်က ငါတို့ ယန်ရှန်မျိုးနွယ်စုထဲကို ဝင်ရောက်လာတဲ့ လူသားမျိုးနွယ်စု သူလျှို တစ်ယောက်လို့ မင်းပြောလိုက်တာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကောင်က မူလဘူတနယ်ပယ်အဆင့်ပဲ ရှိနေတာ မဟုတ်လား ဘယ်လိုလုပ်ပြီး ကြယ်ငါးပွင့် သွေးစစ်သည်တော် တစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ လူသားမျိုးနွယ်စုရဲ့ သူလျှိုတစ်ယောက် ဖြစ်နိုင်မှာလဲ"
ယန်ဟဲ၏ စကားကိုကြားလျှင် ယန်လီက အတည်ပြုသောအမူအရာဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်ယန်ဟဲ.. ယန်ဝူကို သူသတ်လိုက်တာ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ"
"ကောင်လေး မင်းက ငါတို့ ယန်ရှန်မျိုးနွယ်စုထဲကို အကြံအစည်နဲ့ ဝင်ရောက်ပြီး အခွင့်အရေးယူလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ယန်ဟဲက ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
သူ၏ ပေါ့လျော့မှုကြောင့် လူသားမျိုးနွယ်စု၏ သူလျှိုက ယန်ရှန်မျိုးနွယ်စုထဲထိ ဝင်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် သခင်လေးယန်ရှင်းသည် လူသားမျိုးနွယ်စု၏ သူလျှိုကို မတော်တဆ ရှာတွေ့သွားခဲ့သည်။
သို့မဟုတ်လျှင် ထိုကောင်လေးသည် သူတို့ ယန်ရှန်မျိုးနွယ်စုအတွက် အလွန်အန္တရာယ်ရှိသော လူတစ်ယောက် ဖြစ်လာမည်မှာ သေချာ၏။
အခန်း(၁၄၃၁)ပြီး၏။