အခန်း (၁၄၃၂-၁၄၃၄)
Vol. 96 Ch. 1432-1434
အခန်း(၁၄၃၂)
"ငါသူလျှို မဟုတ်ဘူး.. ယန်ရှန်မျိုးနွယ်စုနဲ့ ပတ်သက်ဖို့လည်း တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး.. ငါ့ကို ယန်ရှန်မျိုးနွယ်စုဆီ ခေါ်လာခဲ့တာ မင်းပဲလေ.. မင်းမေ့သွားပြီလား"
ကျန်းချန်က ယန်ဟဲကို ခပ်ပြုံးပြုံး ကြည့်၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက ယန်လီကို စူးစိုက်ကြည့်ကာ ပေ့ါပါးစွာ ပြောလိုက်သည်။
"ငါမင်းကို ယန်ရှန်မျိုးနွယ်စု ခေါင်းဆောင်နဲ့ တွေ့ချင်တယ်လို့ မှာလိုက်တာလေ.. ဘာလို့ ဒီသောက်ရေးမပါတဲ့ အုပ်စုကို ခေါ်လာရတာလဲ"
"ဟမ့် မလောက်လေး မလောက်စားကများ ငါတို့ ယန်ရှန်မျိုးနွယ်စုမှာ ရမ်းကားရဲတယ်.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ.. ယန်ဟဲ သူ့ကိုဖမ်းလိုက်"
ကျန်းချန်၏ စကားကိုကြားလျှင် ယန်ရှန်မျိုးနွယ်စု၏ သခင်လေး ယန်ရှင်းသည် အေးစက်စက် အမိန့်ပေးလိုက်သည်။
"ကောင်လေး ဒီနေ့ ယန်ရှန်မျိုးနွယ်စုကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ မမျှော်လင့်နဲ့"
ယန်ဟဲက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အနောက်ရှိ ကြယ်ခြောက်ပွင့်သွေးစစ်သည်တော် နှစ်ဦးသည် ကျန်းချန် ဆီသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။
သူ့ဆီသို့ ပြေးဝင်လာသော ကြယ်ခြောက်ပွင့် သွေးစစ်သည်တော်နှစ်ဦးကိုကြည့်ရင်း ကျန်းချန်သည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက မည်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်ဘဲ နေရာမှာပင် ရပ်နေခဲ့သည်။
ကြယ်ခြောက်ပွင့် သွေးစစ်သည်တော် နှစ်ဦးသည် အလွန်လျင်မြန်စွာပင် ကျန်းချန်နှင့် သုံးပေအောက်သာ ဝေးကွာသောနေရာသို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ လက်သီးများက ကျန်းချန်၏ ဦးခေါင်းဆီသို့ ကျရောက်ခါနီးအချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရွှေရောင်ချီ စွမ်းအင်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဒေါင်"
အလွန်ပြင်းထန်သော သတ္တုချင်း ထိရိုက်သံသည် လေထုထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
ကြယ်ခြောက်ပွင့် သွေးကျင့်ကြံနှစ်ဦးသည် သူတို့၏ လက်သီးချက်များက အလွန်မာကျောသော သံပြားတစ်ခုကို ထိုးနှက်မိသကဲ့သို့ ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော တန်ပြန်စွမ်းအား တစ်ခုသည် သူတို့၏ လက်သီးမှတစ်ဆင့် သူတို့ထံသို့ သက်ရောက်လာခဲ့၏။
ကြယ်ခြောက်ပွင့် သွေးစစ်သည်တော် နှစ်ဦးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ဆယ်ပေခန့် အကွာအဝေးသို့ လွင့်စင်သွားခဲ့ပြီး တစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ပေ။
သူတို့၏ရှေ့မှ အံ့သြထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ယန်ဟဲနှင့် အခြားသော ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် တဲထဲမှ ထွက်လာကြသော ကူအန်နှင့် ကူဖုန်းအာတို့ ဖြစ်စေ မှင်တက်ရာကနေ အချိန်အတော်ကြာ ပြန်လည် မသက်သာခဲ့ကြပေ။
"အရမ်းကို သန်မာလွန်းတာပဲ"
ကူအန်က ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်ပြီး သူ၏ စိတ်နှလုံးထဲတွင် ချီးကျူးမိလိုက်သည်။
မကြာသေးခင်က ကျန်းချန်သည် ကြယ်ခြောက်ပွင့် သွေးစစ်သည်တော် နှစ်ဦးကို အလွယ်တကူ ဖြေရှင်းခဲ့ပြီး ကူအန်ကို အံ့အားသင့်စေခဲ့၏။
သို့သော် ကျန်းချန်သည် ဤတစ်ကြိမ်တွင်လည်း သိုင်းသခင်နယ်ပယ်အဆင့်နှင့် ယှဥ်နိုင်သော ကြယ်ခြောက်ပွင့် သွေးစစ်သည်တော် နှစ်ဦးကို အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်ဟု ကူအန် လုံးဝ မတွေးထားခဲ့ပေ။
"ဒီကောင်လေးက နတ်ဝိညာဥ်ဘုရင် တစ်ပါးများ ဖြစ်နေမလား"
ဤကဲ့သို့ အသက်အရွယ်ဖြင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးမှာပင် အလွန်ရှားပါးသော ပြိုင်ဘက်ကင်း ပါရမီရှင်ဟု သတ်မှတ်၍ ရပေသည်။
"ကောင်လေး ငါမင်းကို အထင်သေးမိသွားခဲ့တယ်.. မင်းက ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်နဲ့ ယှဥ်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အထူးပြု ကျင့်ကြံသူ တစ်ယောက်ဆိုတာ အခုတော့ ငါသိလိုက်ရပြီ.. ငါသိရသလောက်တော့ သွေးစွန့်ပစ်နယ်မြေရဲ့လူသားမျိုးနွယ်စုမှာ မင်းလို ပါရမီရှင်မရှိပါဘူး.. မင်း ဘယ်သူလဲ"
မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် ယန်ဟဲ၏ ကျန်းချန်ကို ကြည့်သည့်အကြည့်သည် အစောပိုင်းကနှင့် မတူတော့ဘဲ ပြောင်းလဲသွားခဲ့သည်။
သူနှင့် စတွေ့စဥ်က ကျန်းချန်သည် အပြင်းအထန် ဒဏ်ရာရရှိနေသည့် မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ကို စစ်ဆေးမနေတော့ဘဲ ယန်ရှန်မျိုးနွယ်စုဆီသို့ ဖမ်းခေါ်သွားခဲ့ခြင်း ဖြစ်သည်။
သူ၏ ပေ့ါလျော့မှုကြောင့် ယခုအခါတွင် ယန်ရှန် မျိုးနွယ်စုသည် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်နှင့် ယှဥ်နိုင်သည့် အစွမ်းထက် ရန်သူတစ်ဦးကို မျိုးနွယ်စုထဲသို့ ခေါ်သွင်းမိခဲ့ပြီ မဟုတ်ပါလော။
"ငါက မင်းတို့ ယန်ရှန်မျိုးနွယ်စု စော်ကားလို့မရတဲ့ သူတစ်ယောက်ပဲ"
ကျန်းချန်က လက်ပိုက်၍ ရပ်နေရင်း ယန်ဟဲကို တည်ငြိမ်စွာပြောလိုက်သည်။
"ငါနောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်.. မင်းတို့ခေါင်းဆောင် ယန်ထျဲရှန်ကို ချက်ချင်းထွက်လာပြီး ငါနဲ့လာတွေ့ခိုင်းလိုက်.. မဟုတ်ရင်တော့ မင်းတို့ ယန်ရှန်မျိုးနွယ်စု တစ်ခုလုံးကို ဒီနေ့ ငါရှင်းလင်းပစ်လိုက်မယ်"
"ကောင်လေး မင်းမှာ စွမ်းအားတချို့ ရှိတာနဲ့ပဲ ငါတို့ ယန်ရှန်မျိုးနွယ်စုမှာ မာနထောင်လွှားလို့ရမယ် မထင်နဲ့.. ငါ့လက်ထဲမှာ သေဖို့သာ ပြင်ထားပေတော့"
ယန်ဟဲက ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို သိုလှောင်လက်စွပ်ထဲမှ အလွန်လေးလံသော ပုဆိန်တစ်လက်ကို ထုတ်ယူလိုက်သည်။
ထို့နောက်တွင် သူ၏ခြေထောက်ကို မြေပြင်ပေါ်သို့ တစ်ချက်ဆောင့်နင်းလိုက်ပြီး ကျန်းချန် ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူက လက်ထဲတွင် ကိုင်စွဲထားသော ပုဆိန်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
သူ၏ ပုဆိန်ခုတ်ချက်သည် ထိုက်စန်းတောင်ကို ပိုင်းဖြတ်နိုင်လောက်အောင်ပင် အလွန်တရာ အားကောင်း၏။
သို့သော်လည်း ကျန်းချန်သည် ယန်ဟဲ၏ ကြောက်မက်ဖွယ်ပုဆိန်ခုတ်ချက်ကို တည်ငြိမ်စွာဖြင့်ပင် ရင်ဆိုင်နိုင်ခဲ့သည်။
ကျန်းချန်၏ လက်သီးချက်သည် ရိုးရှင်းစွာပင် ယန်ဟဲ၏ ပုဆိန်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ယန်ဟဲ၏ ပုဆိန်သည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့ပြီး သံမဏိ အပိုင်းအစများသည် ပတ်ဝန်းကျင်တွင် လွင့်စင်သွားခဲ့သည်။
ပုဆိန်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက်တွင် ကျန်းချန်၏ လက်သီးချက်သည် အားမလျော့သွားဘဲ ယန်ဟဲ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
"ဝုန်း.."
ယန်ဟဲ၏ ရင်ဘတ်ကြွက်သားများသည် တစ်ခဏအတွင်းမှာပင် ပေါက်ကွဲထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောလက်သီးချက်သည် ယန်ဟဲ၏ ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးဖောက်ကာ ယန်ဟဲ၏ နှလုံးကိုပင် ဖျက်ဆီးပစ်လိုက်သည်။
မျက်စိတစ်မှိတ်မှာပင် လက်သီးဆုပ် အရွယ်အစားရှိသော အပေါက်ကြီးတစ်ခုသည် ယန်ဟဲ၏ ရင်ဘတ်တွင် ပေါ်လာခဲ့သည်။
သွေးများသည် ယန်ဟဲ၏ ရင်ဘတ်ကနေ ကြောက်မက်ဖွယ်ရာ ပန်းထွက်လာခဲ့သည်။
"မင်း.. မင်း"
ယန်ဟဲက ဖြူဖျော့သောမျက်နှာဖြင့် ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။
သူ၏ပုံစံက ကမ္ဘာတစ်ခုလုံးတွင် သူအကြောက်ဆုံးအရာကို တွေ့ကြုံလိုက်ရသကဲ့သို့ပင်။
သို့သော် သူ၏နှလုံးက ကျန်းချန်၏ လက်သီးချက်ဖြင့် ပေါက်ကွဲသွားပြီးနောက်တွင်မူ ယန်ဟဲသည် စကားဆုံးအောင်ပင် မပြောနိုင်တော့ဘဲ မြေပြင်ထက်ကို တအိအိ ပြိုလဲသွားခဲ့သည်။
"ဒီလိုပဲ သေဆုံးသွားပြီလား"
ယန်ရှန် မျိုးနွယ်စုတွင် အဆင့်အတန်း တစ်ခုရှိသော ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ယန်ဟဲသည် ကျန်းချန်၏ လက်ထဲတွင် အသတ်ခံလိုက်ရသည်။
သူတို့ရှေ့မှမြင်ကွင်းကို မြင်လျှင် ကူအန်သည် ကျောက်ရုပ်ကဲ့သို့ပင် တောင့်တင်းသွားခဲ့သည်။
ယန်ဟဲသည် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ဖြစ်သည်။
ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်၏ ခန္ဓာကိုယ်စွမ်းအားသည် လူသားကျင့်ကြံသူထက် ပိုမို၍ အားကောင်းသည်။
သို့သော်လည်း ထိုကဲ့သို့သော အစွမ်းထက် ကျင့်ကြံသူကို ကျန်းချန်သည် အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်၏။
ဤသည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် စွမ်းဆောင်ရည် ဖြစ်သည်။
ကျန်းချန်၏ လက်သီးချက် တစ်ချက်တည်းဖြင့် သေဆုံးသွားသော ယန်ဟဲကို ကြည့်ပြီး ယန်ရှင်းသည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
သတိ ပြန်ဝင်လာပြီးနောက်တွင် ယန်ရှင်းသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ကောင်လေး မင်းက ယန်ဟဲကိုတောင် သတ်ရဲတယ် ဆိုတော့ မင်းရဲ့အသက်ကို ငါတို့ ယန်ရှန် မျိုးနွယ်စုဆီမှာပဲ ထားခဲ့ရလိမ့်မယ်"
ယန်ရှင်းက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
သူတို့ ယန်ရှန်မျိုးနွယ်စုသည် သွေးစွန့်ပစ်နယ်မြေတွင် ကျော်ကြားသော သွေးဝိညာဥ်မျိုးနွယ်စုတစ်စု ဖြစ်သည်။
ယခုအခါတွင် လူသားမျိုးနွယ်စုမှ ကောင်လေး တစ်ဦးသည် သူတို့၏ စခန်းအတွင်း ဝင်ရောက်ကာ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်ကို လူအများရှေ့တွင် ခေါင်းဖြတ်သတ်ဖြတ်လိုက်သည် ဖြစ်ရာ ယန်ရှင်းအနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ချက်ချင်းဆိုသလိုပင် ယန်ရှင်းက သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ပြီး အချက်ပြ မီးပန်းကို ပစ်ဖောက်လိုက်ရာ ကောင်းကင်ယံတစ်ခုလုံးသည် တစ်ခဏအတွင်း လင်းလက်သွားခဲ့သည်။
အချက်ပြ မီးပန်းများကို ဖောက်ပြီး မကြာမီမှာပင် ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူ အုပ်စုတစ်စုသည် ကျန်းချန်တို့ ရှိရာသို့ လျင်မြန်စွာပင် ရောက်ရှိလာခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူရာပေါင်းများစွာသည် ထိုနေရာတွင် စုဝေးခဲ့ကြ၏။
ယန်ရှန်မျိုးနွယ်စုရှိ ကျင့်ကြံသူ အများစုသည် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် သွေးစစ်သည်တော်များ ဖြစ်ကြပြီး ကြယ်ခြောက်ပွင့်သွေးစစ်သည်တော် အနည်းအကျဥ်းသာ ရှိသည်။
အရှေ့ဆုံးတွင် ယန်ရှင်းနှင့် ဘေးချင်းယှဥ်လျက် ရပ်နေသော ပုံရိပ်(၇)ခုကမူ ယန်ဟဲ၏ အဆင့်အောက်တွင် လုံးဝမရှိသည့် ယန်ရှန်မျိုးနွယ်စု၏ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်(၇)ဦးဖြစ်သည်။
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကူအန်၏ မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။
ယန်ရှန်မျိုးနွယ်စုတွင် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်(၈)ဦး ရှိ၏။
ကျန်းချန် သတ်ဖြတ်လိုက်သော ယန်ဟဲက လွဲလျှင် ကျန်ရှိသော ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် (၇)ဦးစလုံးသည် ဤနေရာတွင် စုဝေးနေခဲ့ကြပြီ မဟုတ်ပါလား။
ကျန်းချန် ဟူသော ကောင်လေးသည် သူ၏ ခွန်အားဖြင့် ယန်ရှန်မျိုးနွယ်စုမှ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်(၇)ဦးကို အမှန်တကယ် ရင်ဆိုင်နိုင်ပါမည်လော။
အခန်း(၁၄၃၂)ပြီး၏။
အခန်း(၁၄၃၃)
“သခင်လေး ကျွန်ုပ်တို့ကို ဆင့်ခေါ်ဖို့ ဘာအတွက် အချက်ပြလိုက်တာလဲ ဆိုတာ သိပါရစေ”
ထိုအချိန်တွင် သွေးရောင်ဝတ်စုံ ဝတ်ထားသော လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ယန်ရှင်းကို ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုသွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွမ်းအင်များ ပြည့်နှက်နေ၏။
၎င်းက ယန်ရှန်မျိုးနွယ်စုရှိ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်များထဲတွင် အသန်မာဆုံး ဖြစ်ပုံရသည်။
ယန်ရှင်းက သူတို့ကို ရုတ်တရက် အချက်ပြမီးပန်းပစ်ဖောက်၍ ဆင့်ခေါ်လိုက်ခြင်းကို ထူးဆန်းနေဟန် ရှိ၏။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ယန်ရှင်း ပစ်ဖောက်လိုက်သည့် အချက်ပြမီးပန်းသည် ယန်ရှန် မျိုးနွယ်စု၏ အရေးပေါ် အချက်ပြစနစ်ဖြစ်ပြီး အများအားဖြင့် မျိုးနွယ်စုတွင် အဓိကပြဿနာတစ်ခု ပေါ်ပေါက်မှသာ အသုံးပြုသည့် အချက်ပြစနစ် ဖြစ်သောကြောင့်ပင်။
“အကြီးအကဲချုပ်.. လူသားမျိုးနွယ်စု သူလျှိုက ကျွန်တော်တို့ ယန်ရှန် မျိုးနွယ်စုထဲကို ရောနှော ဝင်ရောက်လာလို့ပါ.. အခုဆိုရင် ယန်ဟဲတောင် အသတ်ခံလိုက်ရပြီ.. ဒါကြောင့် အကြီးအကဲချုပ်တို့ အားလုံးကို အချက်ပြမီးပန်းနဲ့ ဆင့်ခေါ်လိုက်ရတာပါ”
ယန်ရှင်းက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
“ဘာ… ယန်ဟယ် သေပြီ ဟုတ်လား”
ယန်ရှင်း၏ စကားကို ကြားလျှင် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်လူသည် အံ့အားသင့်သွားသည်။
သူက စူးစမ်းသော အကြည့်ဖြင့် မြေပြင်သို့ ကြည့်လိုက်ရာ ယန်ရှင်း၏ ဆိုးရွားလှသည့် ပုံစံကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ပုံမှန်အားဖြင့် သူတို့သည် ယန်ရှန်မျိုးနွယ်စုထဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို ခံစားသိရှိနိုင်သင့်သည်။
အကြောင်းရင်းမှာ ဤတိုက်ပွဲသည် ကြယ်ခုနှစ်ပွင့်သွေးစစ်သည်တော် ဆင်နွှဲနေသောတိုက်ပွဲ ဖြစ်၍ပင်။
သို့သော်လည်း ယန်ဟဲ၏ လှုပ်ရှားမှု အရှိန်အဝါကို သူတို့ လုံးဝ မခံစားရဘဲ ယန်ဟဲက ဤနေရာတွင် သေဆုံးသွားခဲ့သည်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ယန်ဟဲသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ပြိုင်ဘက်၏ လက်ထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပုံရ၏။
ယန်ဟဲသည် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ဖြစ်၍ ၎င်းကို အလွယ်တကူ သတ်ဖြတ်နိုင်သူသည် သာမန် လူတစ်ယောက် မဖြစ်နိုင်ပေ။
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ်လူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
“ကောင်လေး.. ယန်ဟယ်ကို သတ်လိုက်တာ မင်းလား”
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်.. သူ့ကို သတ်လိုက်တာငါပဲ”
“ငါတို့ ယန်ရှန်မျိုးနွယ်စုရဲ့ နယ်မြေထဲမှာ ငါတို့ ယန်ရှန်မျိုးနွယ်စုရဲ့ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်ကို သတ်ရဲတာက ယန်ရှန်မျိုးနွယ်စုကို မထီမဲ့မြင် လုပ်တာပဲ”
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရုန့်ရင်းသည့် လူသတ်ငွေ့များကို ထုတ်လွှတ်နေခဲ့၏။
“ခပ်ညံ့ညံ့ ယန်ရှန်မျိုးနွယ်စု တစ်စုလောက်ကို ငါက ဘာလို့ အလေးထားရမှာလဲ”
ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။
သူ၏ မျက်လုံးအစုံတွင် မထီမဲ့မြင် အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
ယန်ရှန်မျိုးနွယ်စု၏ အင်အားသည် ကျန်းချန် တစ်ချိန်က ရင်ဆိုင်ခဲ့ရသည့် ရွှယ်ပင်းနန်းတော်နှင့် အတူတူပင်ဖြစ်ပြီး ရှန်ဝူတိုက်ကြီးတွင် ကြယ်သုံးပွင့်အင်အားစုအဖြစ်သာ သတ်မှတ်နိုင်ပေသည်။
ထိုအချိန်က ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ်သို့အဆင့်သို့ ထိုးဖောက်ကာစသာ ဖြစ်သော်လည်း တစ်ကိုယ်တော် စွမ်းရည်ဖြင့် ရွှယ်ပင်းနန်းတော် တစ်ခုလုံးကို အောင်နိုင်ခဲ့သည်။
ယခုအခါ သူသည် အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၏။
သူ၏ ခွန်အားက ငါးပုံ သုံးပုံခန့်သာ ပြန်လည်ကောင်းမွန်သေးသည့်တိုင် ရွှယ်ပင်းနန်းတော်နှင့် အဆင့်တူ ဖြစ်သည့် ယန်ရှန်မျိုးနွယ်စုကို ဖြေရှင်းရန် မခက်ခဲပေ။
“ကောင်းတယ်.. သိပ်ကောင်းတယ်.. မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလို့ ငါတို့ ယန်ရှန်မျိုးနွယ်စုကို မထီမဲ့မြင် လုပ်ရဲတယ်ဆိုတာ ငါ ကြည့်ချင်သေးတယ်”
“အားလုံး.. ငါနဲ့အတူတူ သူ့ကို ဖမ်းကြစမ်း”
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ်လူသည် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းပင် နံဘေးရှိ ကြယ်ခုနစ်ပွင့်သွေးစစ်သည်တော် ခြောက်ယောက်ကို လှုံ့ဆော်လိုက်သည်။
ယန်ရှန်မျိုးနွယ်စု၏ အကြီးအကဲချုပ် အနေဖြင့် အထွတ်အထိပ် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် အဆင့်သို့ ရောက်ရှိနေသည့် သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းသည် အမြဲတစေ သတိကြီးသူ တစ်ယောက် ဖြစ်သည်။
သူ့ရှေ့မှ ကောင်လေးသည် ယန်ဟဲကို အလွယ်တကူ သတ်နိုင်သည် ဖြစ်ရာ သူ၏ အင်အားထက် လုံးဝ မနိမ့်ကျနိုင်ပေ။
သူ တစ်ယောက်တည်းဆိုလျှင် အလွယ်တကူ ဖမ်းနိုင်မည်ဟု မသေချာ၍ သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် ကျန်ရှိသည့် ကြယ်ခုနှစ်ပွင့် သွေးစစ်သည်တော် ခြောက်ယောက်ကိုပါ ကျန်းချန်ကို အတူတကွ တိုက်ခိုက်ရန် ချက်ချင်း လှုံ့ဆော်လိုက်၏။
“ခပ်ညံ့ညံ့ အမှိုက်တစ်စုကများ ငါကျန်းချန်ကို ဖမ်းချင်သေးတယ်.. ဝေးပါသေးတယ်”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်ကို မြှောက်ကာ သူ့ကို ဦးဆုံး တိုက်ခိုက်လာသည့် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
စစ်မှန်သောစွမ်းအားဖြင့် စုစည်းထားသည့် ရွှေရောင် လက်သီးချက်သည် ကြယ်ခုနစ်ပွင့်သွေးစစ်သည်တော်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရာ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာသည် ပေါက်ကွဲထွက်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း လေထဲတွင် ဘောလုံးတစ်လုံးကဲ့သို့ အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးနောက်တွင် ပေဒါဇင်နှင့်ချီဝေးသော နေရာသို့ လွင့်စင်သွားခဲ့ကာ ပြုတ်ကျလာသောအခါဝယ် မြေပြင်ထက်တွင် တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့၏။
ကြယ်ခုနစ်ပွင့်သွေးစစ်သည်တော်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် မြေပြင်ကို ခြေတစ်ချက်ဆောင့်နင်းကာ လုံးဝတုံ့ဆိုင်းမနေဘဲ အခြားသော ကြယ်ခုနစ်ပွင့်သွေးစစ်သည်တော် ထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
“ဒီကောင်လေးက အရမ်းသန်မာတယ်.. အတူတူ ဝင်တိုက်ကြ”
သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူ၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ကျန်ရှိနေသည့် ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ငါးယောက်ကို အော်ဟစ် အမိန့်ပေးကာ ကျန်းချန်ကို တစ်ပြိုင်နက် တိုက်ခိုက်စေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်ဖော်ထားသော သွေးပုံရိပ် ၆ခုသည် ကျန်းချန်ထံသို့ တစ်ချိန်တည်းမှာပင် ဦးတည်လာခဲ့သည်။
ကြယ်၇ပွင့် သွေးစစ်သည်တော် ၆ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့၏။
ထို့နောက် သူ၏ လက်သီးပေါ်၌ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ကျန်းချန် ထံကနေ ရွှေရောင်တောက်ပနေသည့် ပေတစ်ရာ အရွယ်အစားရှိ လက်သီးရိပ်သည် လေထုကို ထိုးခွဲကာ ကြောက်မက်ဖွယ်စွမ်းအားဖြင့် သွေးရောင်ဝတ်စုံဝတ် လူခြောက်ယောက်ထံသို့ ဝင်ရောက်သွားခဲ့၏။
ပေတစ်ရာ အရွယ်အစားရှိ လက်သီးရိပ်သည် ကမ္ဘာကြီးကို ထိုးခွဲနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားဖြင့် သွေးပုံရိပ် ခြောက်ခုကို ထိမှန်သွားခဲ့သည်။
“ဝုန်း”
ကြောက်မက်ဖွယ် ပေါက်ကွဲသံသည် တသိမ့်သိမ့် မြည်ဟီးသွားပြီး ယန်ရှန်မျိုးနွယ်စု တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။
လေထဲတွင် အရိုးများ ကျိုးကြေသည့် အသံနှင့် နာကျင်စွာ အော်ဟစ်သံများသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့၏။
ထို့နောက်တွင် သွေးပုံရိပ် ခြောက်ခုသည် ပေရာချီအကွာအဝေးထိ နောက်ပြန် လွင့်စဉ်ကာ မည်သူမှ မြေပြင်ကနေ ပြန်ထနိုင်ခြင်း မရှိတော့ပေ။
သူတို့ရှေ့က မယုံနိုင်စရာ မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ဤအချိန်တွင် ယန်ရှင်း အပါအဝင် သွေးဝိညာဉ် မျိုးနွယ်စုဝင် အားလုံး၏ မျက်နှာထက်တွင် ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ ယန်ရှန်မျိုးနွယ်စုမှ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် ခြောက်ယောက် ပူးပေါင်း တိုက်ခိုက်သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရ၏။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့ရှေ့မှ ကောင်လေးသည် ကြယ်ရှစ်ပွင့် သွေးစစ်သည်တော်နှင့် ယှဥ်နိုင်သည့် နတ်သန္ဓေအင်ပါယာ တစ်ပါးများ ဖြစ်နေပါသလော။
“အကိုကျန်းချန်က တကယ်ကို အံ့ဩစရာပဲ”
ယန်ရှန်မျိုးနွယ်စု၏ ကြယ်ခုနစ်ပွင့် သွေးစစ်သည်တော် များစွာကို တစ်ကိုယ်တော် အနိုင်ယူခဲ့သည့် ကျန်းချန်ကို ကြည့်ကာ ကူဖုန်းအာ၏ မျက်လုံးထဲတွင် လေးစားသော အမူအရာများ ပေါ်လာခဲ့သည်။
သူမသည် ကျန်းချန်ကို ပထမဆုံး မြင်တွေ့ရစဥ်ကပင် ထူးခြားသော လူတစ်ဦး ဖြစ်သည်ဟု ခံစားခဲ့ရသော်လည်း ဤမျှအထိ အစွမ်းထက်မည်ဟု မထင်ထားခဲ့ပေ။
လူတစ်ယောက်တည်းက မျိုးနွယ်စု တစ်ခုလုံးကို ရင်ဆိုင်နိုင်သည့် အစွမ်းသည် မည်မျှပင် လွှမ်းမိုးနိုင်စွမ်း ရှိလိုက်ပါသနည်း။
“ဒီကောင်လေးရဲ့ အင်အားက ဒီအဆင့်အထိတောင် ရောက်နေမယ်လို့ မထင်ခဲ့မိဘူး.. ယန်ဟဲက ယန်ရှန် မျိုးနွယ်စု အတွက် ကြီးမားတဲ့ ရန်သူကို ခေါ်လာမိခဲ့ပြီပဲ”
ကူအန်က သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးများတွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်သည် ယန်ရှန် မျိုးနွယ်စု၏ ကြယ်၇ပွင့် သွေးစစ်သည်တော် ခြောက်ယောက်ကို လက်သီး တစ်ချက်တည်းဖြင့် နှိမ်နင်းလိုက်ရာ ယန်ရှန်မျိုးနွယ်စု တစ်စုလုံးရှိ ကြယ်၇ပွင့် သွေးစစ်သည်တော် ရှစ်ယောက်စလုံးသည် ကျန်းချန်၏ လက်ထဲတွင် အသတ်ခံလိုက်ရပြီ ဖြစ်၏။
ဤသို့သော စွမ်းဆောင်ရည်သည် အနည်းဆုံး နတ်သန္ဓေ အင်ပါယာ နယ်ပယ်အဆင့် နှင့် ညီမျှသည်။
ဆိုရလျှင် ယန်ရှန်မျိုးနွယ်စု၏ ခေါင်းဆောင် ယန်တျဲရှန်ပင် ကျန်းချန်ကို ရင်ဆိုင်ရလျှင် ချင့်ချိန်ရပေလိမ့်မည်။
ယန်တျဲရှန်ကို ဖြေရှင်းနိုင်မှသာ သူတို့သည် အမှန်တကယ် ကယ်တင်ခံရပေလိမ့်မည်။
“မင်း.. မင်းက ငါတို့ ယန်ရှန် မျိုးနွယ်စုရဲ့ ကြယ်၇ပွင့် သွေးစစ်သည်တော် ရှစ်ယောက်လုံးကို သတ်ပစ်ရဲတယ်.. ငါ့အဖေက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ယန်ရှင်းသည် ဖြူဖျော့သောမျက်နှာဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများတွင် ကြောက်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
“ဟုတ်လား.. အဲဒါဆို မင်းအဖေကို ခေါ်လိုက်လေ.. သူ ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာ ငါကြည့်လိုက်ဦးမယ်”
ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“ငါ့ရဲ့မျက်လုံးထဲမှာတော့ ကြယ်ရှစ်ပွင့်အဆင့် သွေးစစ်သည်တော်က ပုရွက်ဆိတ် တစ်ကောင် သာသာပဲ”
အခန်း(၁၄၃၃) ပြီး၏။
အခန်း(၁၄၃၄)
"ကြယ်၈ပွင့်သွေးစစ်သည်တော်က ပုရွက်ဆိတ်တစ်ကောင်သာသာပဲ"
ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် လူတိုင်းသည် မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထိုကောင်လေးသည် ကြယ်၈ပွင့် သွေးစစ်သည်တော်ကိုပင် မျက်လုံးထဲ မထည့်လောက်သည်အထိ အမှန်တကယ် အစွမ်းထက်နေပါသလော။
"ဟမ့် မင်းမို့ အရှက်မရှိ လေလုံးထွားရဲတယ်.. မင်းမှာ ကြယ်၈ပွင့် သွေးစစ်သည်တော်ကို မျက်လုံးထဲ မထည့်နိုင်တဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ငါကြည့်လိုက်ပါဦးမယ်"
ယန်ရှင်းက စကားဆုံးသည်နှင့် သွေးရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အစိတ်စိတ်အမြွှာမြွှာ ချိုးဖျက်ပစ်လိုက်သည်။
"ဝုန်း"
ကျောက်တုံးပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ယန်ရှန်မျိုးနွယ်စု၏ ဗဟိုချက်မှ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါသည် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုသွေးအရှိန်အဝါက ယန်ရှန်မျိုးနွယ်စု တစ်ခုလုံး၏ ကောင်းကင်ယံကိုပင် လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်တွင် သွေးပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ကျန်းချန်တို့ရှိရာဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
"ယန်ရှင်း.. ယန်ရှန်မျိုးနွယ်စုမှာ သေရေးရှင်ရေး ပြဿနာ မဖြစ်သ၍ ငါ တံခါးပိတ်ကျင့်ကြံနေတာကို အနှောင့်အယှက်မပေးဖို့ ငါအကြိမ်ကြိမ် မှာထားခဲ့တာကို ဘာလို့ ငါ့ကိုရုတ်တရက် ဆင့်ခေါ်ရတာလဲ"
သွေးပုံရိပ်က မရောက်ခင်ကပင် ၎င်း၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ရောက်နှင့်နေပြီ ဖြစ်သည်။
ယခု ရောက်လာသူမှာ တခြားသူ မဟုတ်ပေ။
ယန်ရှန်မျိုးနွယ်စု၏ခေါင်းဆောင် ယန်တျဲရှန်ပင် ဖြစ်သည်။
“အဖေ.. လူသားမျိုးနွယ်စုရဲ့ သူလျှိုက ကျွန်တော်တို့ ယန်ရှန်မျိုးနွယ်စုထဲကို ဝင်ရောက်လာလို့ပါ.. အကြီးအကဲ ရှစ်ဦးစလုံး ကျဆုံးသွားခဲ့ပါပြီ”
“ယန်ရှန်မျိုးနွယ်စုက သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီ ဖြစ်လို့ ရွေးချယ်စရာ မရှိတော့ဘဲ အဖေ့ကို အနှောင့်အယှက် ပေးရတာပါ”
“အဖေ့ကိုသာ မဆင့်ခေါ်ခဲ့ရင် ကျွန်တော်တို့ ယန်ရှန် မျိုးနွယ်စုက သွေးစွန့်ပစ်နယ်မြေထဲကနေ ဖယ်ရှားခံရနိုင်ပါတယ်”
ယန်ရှင်းက လေထဲမှ သွေးပုံရိပ်ကို ကြည့်ပြီး ငိုယို၍ ပြောလိုက်သည်။
ယန်ရှင်း၏ စကားကြောင့် ယန်တျဲရှန်သည် တုန်လှုပ်သွားပြီး မျက်လုံးများကို အနည်းငယ် ဝေ့ကြည့်လိုက်၏။
ထိုအခါ သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် အလောင်းရှစ်လောင်းကို ချက်ချင်းပင် တွေ့လိုက်ရပြီး သူ့မျက်နှာက ရုတ်တရက် အကျည်းတန်လာခဲ့သည်။
ယန်ရှန်မျိုးနွယ်စု၏ အကြီးအကဲ ရှစ်ဦးသည် ယန်တျဲရှန် ကိုယ်တိုင် အရင်းအမြစ်များ အကုန်အကျခံ၍ ပျိုးထောင်ခဲ့သည့် ကြယ်၇ပွင့် သွေးစစ်သည်တော်များ ဖြစ်၏။
ယခု ကြယ်၇ပွင့် သွေးစစ်သည်တော် ရှစ်ယောက်စလုံး အသတ်ခံလိုက်ရခြင်းသည် ယန်ရှန် မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးလိုက်ခြင်းနှင့် မခြားနားပေ။
ထို့ကြောင့် ယန်တျဲရှန်က အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သွေးဆာသော မျက်ဝန်းများဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်၏။
“ကောင်လေး.. ဒါ မင်းလက်ချက်လား”
“ဟုတ်တယ်.. ငါ့လက်ချက်ပဲ”
ကျန်းချန်က ယန်တျဲရှန်ကို အရေးမစိုက်သော အမူအရာဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။
“မင်းက ယန်ရှန်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ယန်တျဲရှန်လား.. အခုချိန်ကစပြီး ဒီယန်ရှန်မျိုးနွယ်စုက ငါ့အပိုင်ပဲ.. မင်းကို ယန်ရှန်မျိုးနွယ်စုနဲ့အတူ ငါ့လက်အောက်မှာ အညံ့ခံဖို့ အခွင့်အရေးပေးမယ်.. ငါ့ကို အညံ့ခံရင်တော့ မင်း အသက်ရှင်ခွင့်ရလိမ့်မယ်”
“ဟားဟား.. လူသား ကောင်လေးတစ်ယောက်က ငါယန်တျဲရှန်ကို အညံ့ခံခိုင်းဖို့ ထိုက်တန်မှုရှိလို့လား”
“ကောင်လေး.. မင်းက ယန်ရှန်မျိုးနွယ်စုရဲ့ အကြီးအကဲ ရှစ်ယောက်ကို သတ်ခဲ့ပြီး နှစ်ပေါင်းများစွာ ငါကြိုးစားခဲ့သမျှကို ဖျက်ဆီးပစ်ခဲ့တယ်.. ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”
ယန်တျဲရှန်သည် အလွန်ပင် ဒေါသထွက်နေခဲ့၏။
သူက ဧရာမ သွေးလက်သည်းကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ တန်ဖိုးကို နားမလည်မှတော့ သွားသေလိုက်တော့”
ကျန်းချန်က သူ့ဆီသို့ သက်ရောက်လာသည့် ဧရာမ သွေးလက်သည်းကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။
ထိုခဏတွင် တောက်ပသော ရွှေရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
"ဝုန်း"
ရွှေရောင်အလင်းက ကောင်းကင်သို့ ထိုးတက်လာပြီးနောက်တွင် ကျန်းချန်၏ပုံရိပ်သည် ချက်ချင်းဆိုသလို ပေတစ်ရာကျော်အမြင့်ရှိ ရွှေရောင် ဧရာမလူကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုပုံစံသည် နေနှင့်လကို ဖြတ်သန်းသွားလာနိုင်သည့် ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူ၏။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် သူ၏ ကြီးမားသော ရွှေရောင်လက်ဖဝါးဖြင့် ကောင်းကင်ပေါ်ကနေ ဖိချလိုက်သည်။
“ဝုန်း”
ယန်တျဲရှန်၏ တုန်လှုပ်ချောက်ချားနေသည့် အကြည့်အောက်မှာပင် သွေးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော သူ၏ ဧရာမသွေးလက်သည်းသည် ကျန်းချန်၏ ရွှေရောင် လက်ဖဝါးရိုက်ချက်ဖြင့် တစ်ခဏအတွင်း အမှုန့် ဖြစ်သွားခဲ့၏။
ထိုရွှေရောင်လက်ဖဝါးကြီးသည် လက်ငါးချောင်းတောင်နှင့်ပင် ဆင်တူနေခဲ့သည်။
“ဒါ ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ”
ယန်တျဲရှန်သည် စိတ်နှလုံးထဲကနေ ကြောက်လန့်သွားခဲ့သည်။
သူက သွေးစွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်ကာ ရွှေရောင်လက်ဖဝါးကြီးကို ခုခံရန်အတွက် သူ၏ ခေါင်းအထက်တွင် သွေးအကာအရံ တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ ရွှေရောင်လက်ဖဝါးကို အဆင့်နိမ့် ကြယ်၈ပွင့် သွေးစစ်သည်တော်သာ ဖြစ်သည့် ယန်တျဲရှန်သည် မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်ပါအံ့နည်း။
ရွှေရောင်လက်ဖဝါးက မျက်တောင်တစ်ခတ်အတွင်း လေထုကို ဖြတ်ကျော်ကာ ယန်တျဲရှန်၏ သွေးစွမ်းအင် အကာအရံကို ရိုက်ချလိုက်သည်။
"ဝုန်း"
ကျယ်လောင်သောအသံကိုသာ ကြားလိုက်ရပြီး သွေးစွမ်းအင်အကာအရံသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။
ယန်တျဲရှန်၏ လက်နှစ်ဖက်ပင်လျှင် ရွှေလက်ဖဝါး၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် လေထဲ၌ ပေါက်ကွဲသွားခဲ့သည်။
“မဖြစ်နိုင်…”
ယန်တျဲရှန်သည် မျှော်လင့်ချက်မဲ့စွာနှင့် အထိတ်တလန့် ကြည့်နေခဲ့ရင်း “မဖြစ်နိုင်” ဟူသောစကားကိုသာ ပြောနိုင်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် လေထု အလယ်မှနေ၍ ရွှေရောင်လက်ဖဝါးကြီး၏ ဖိချခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်တွင် ပေဒါဇင်ချီ အနက်ရှိသည့် ကြီးမားသည့် တွင်းတစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် သူ၏ အစွမ်းထက် ခန္ဓာကိုယ်သည် ရွှေရောင်လက်ဝါး ရိုက်ချက်ဖြင့် တိုက်ရိုက်ပင် ကြေမွသွားခဲ့သည်။
ယန်တျဲရှန်၏ ဝိညာဉ်ပင်လျှင် ကျန်းချန်၏ လက်ဖဝါးဖြင့် ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
မြေပြင်ပေါ်တွင် သေဆုံးနေသည့် ယန်တျဲရှန်ကို ကြည့်ရင်း ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူ များစွာသည် ရှေးဟောင်းနတ်ဘုရား တစ်ပါးနှင့် ဆင်တူသည့် ရွှေရောင် ဧရာမ လူကြီးကို ကြည့်နေခဲ့ကြ၏။
သူတို့၏ မျက်နှာထက်တွင် အဆုံးမဲ့ ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ယန်တျဲရှန်က ဒီလိုပဲ သေသွားခဲ့တယ်လား”
ကူအန်က မှင်တက်သွားခဲ့ပြီး သူ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။
၎င်းသည် ယန်ရှန် မျိုးနွယ်စု၏ ခေါင်းဆောင်၊ ကြယ်၈ပွင့်သွေးစစ်သည်တော် ယန်တျဲရှန် ဖြစ်သည်။
ကြယ်၈ပွင့် သွေးစစ်သည်တော်သည် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးတွင်ပင် အဆင့်မြင့် အင်အားကြီးမားသူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် ထိုသို့သော အင်အားကြီးသူသည် ကျန်းချန်၏ လက်ဖဝါးဖြင့် ရိုက်သတ်ခံလိုက်ရ၏။
ကြယ်၈ပွင့် သွေးစစ်သည်တော်ကို လက်ဖဝါးဖြင့် ရိုက်သတ်လိုက်သော ကျန်းချန်၏ အင်အားက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ကူအန် မတွေးတောနိုင်တော့ပေ။
“ခေါင်းဆောင် သေပြီ.. ယန်ရှန်မျိုးနွယ်စုရဲ့ ကံကြမ္မာက ပြီးဆုံးသွားခဲ့ပြီ.. အားလုံး ဘေးလွတ်ရာကို ပြေးကြတော့”
ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူ များစွာသည် သတိပြန်ဝင်လာခဲ့ကြသည်။
သူတို့က ဤနေရာတွင် အနည်းငယ်မျှပင် ဆက်နေရဲခြင်း မရှိတော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြ၏။
ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ရွှေရောင်လက်ဖဝါးကို ထပ်မံ ထုတ်ဖော်၍ ဖိချလိုက်ရာ ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူ များစွာသည် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ကျန်းချန်၏ လက်ဖဝါးအောက်တွင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယန်ရှင်းတစ်ဦးတည်းသာ ခန္ဓာကိုယ်ပေါ်မှ အသက်ကယ်ဝှက်ဖဲကြောင့် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်ကနေ ကပ်သီလေး လွတ်မြောက်ခဲ့၏။
သူက ကြောက်လန့်တကြားဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
“မင်း.. မင်း ငါ့ကို သတ်လို့မရဘူး.. ငါ့အဖိုးက သွေးစွန့်ပစ်နယ်မြေမှာ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်တဲ့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ အကြီးအကဲပဲ.. မင်း ငါ့ကိုသတ်ရင်..”
သို့သော် ယန်ရှင်း၏ စကားက တစ်ဝက်တစ်ပျက်သာ ရှိသေးသည်။
ကျန်းချန်က ချက်ချင်းဆိုသလို လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ရွှေရောင်စွမ်းအင် တစ်ခုသည် လေထုထဲတွင် လက်ခနဲ လင်းသွားခဲ့ပြီး ယန်ရှင်း၏ ကိုယ်ပေါ်ကို ထိမှန်ကာ ယန်ရှင်း၏ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
နောက်ထပ် တစ်ခဏတွင် ယန်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲသွားတော့၏။
“သခင်.. သခင်လေး.. ကျွန်တော်တို့ သခင်လေးရဲ့ လက်အောက်မှာ ခစားဖို့ ဆန္ဒရှိပါတယ်.. ကျေးဇူး.. ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
သွေးဝိညာဉ်မျိုးနွယ်စုမှ အချို့သည် ကျန်းချန်၏ ရှေ့တွင် တုန်ယင်စွာ ဒူးထောက်လိုက်ပြီး ကျန်းချန်၏ ခွင့်လွှတ်မှုကို တောင်းခံခဲ့ကြသည်။
“အဘိုးက ယန်ရှန် မျိုးနွယ်စုမှာ ကျွန်ပြုခံထားရတဲ့ လူသား ကျင့်ကြံသူတွေကို စုစည်းပြီး ယန်ရှန် မျိုးနွယ်စုကို ထိန်းချုပ်လိုက်ပါ”
“အခုချိန်ကစပြီး ယန်ရှန်မျိုးနွယ်စုကို ကျွန်တော်တို့ လူသားမျိုးနွယ်စုကပဲ အုပ်ချုပ်မယ်.. ဆန့်ကျင်ရဲတဲ့သူ ကွပ်မျက်ခံရမယ်”
ကျန်းချန်သည် အင်မော်တယ် ရွှေကိုယ်ခန္ဓာကို ဖယ်ရှားလိုက်ပြီး နံဘေးရှိ ကူအန်ကို ပြုံးကာ ပြောလိုက်သည်။
“ဟုတ်.. ဟုတ်ကဲ့.. ငါ အခုပဲ သွားလိုက်ပါ့မယ်”
ကူအန်က မှင်တက်ရာကနေ သတိ ပြန်ဝင်လာခဲ့သည်။
သူ၏ ဇရာထင်လာသော မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ပြည့်နှက်နေခဲ့၏။
ယန်ရှန်မျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်သွားပြီးနောက်တွင် လွတ်မြောက်ရန် မည်သည့် အခွင့်အရေးမှ ရှိတော့မည်မဟုတ်ဟု ကူအန် မူလက ထင်ထားခဲ့သည်။
သို့သော် ကျန်းချန်သည် ရုတ်တရက် ဤနေရာကို ရောက်လာခဲ့ပြီး တစ်ကိုယ်တော် စွမ်းရည်ဖြင့် ယန်ရှန် မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်၏။
ယင်းသို့ ဖြစ်လာမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ကျန်းချန်၏ ခွန်အားကြီးမားမှုကြောင့် ယန်ရှန် မျိုးနွယ်စုကို သိမ်းပိုက်ပြီး မျိုးနွယ်စု အသစ်တစ်ခု တည်ထောင်ခဲ့လျှင် အနာဂတ်၌ သွေးစွန့်ပစ်နယ်မြေရှိ အသန်မာဆုံး လူသားမျိုးနွယ်စုများထဲမှ တစ်စု ဖြစ်လာမည်မှာ သေချာသည်။
အခန်း(၁၄၃၄) ပြီး၏