အခန်း (၁၄၃၅-၁၄၃၇)
Vol. 96 Ch. 1435-1437
အခန်း(၁၄၃၅)
ယန်တျဲရှန် အပါအဝင် ယန်ရှန်မျိုးနွယ်စု၏ အဆင့်မြင့် ကျင့်ကြံသူများကို ကျန်းချန်က သတ်ဖြတ်ပြီးနောက်တွင် ကူအန်သည် ယန်ရှန် မျိုးနွယ်စု၏ ကျွန်ပြုခြင်းကို ခံထားရသည့် လူသားကျင့်ကြံသူ အဖွဲ့ကို လျင်မြန်စွာ ကယ်တင်ခဲ့သည်။
ကယ်တင်ခံလိုက်ရသော လူသား ကျင့်ကြံသူ တစ်ရာကျော်ခန့်မှာ စိတ်လှုပ်ရှားနေကြပြီး ကျန်းချန် နောက်သို့ လိုက်ပါမည်ဟု ပြောဆိုခဲ့ကြသည်။
ကျန်းချန်ကို သူတို့၏ ခေါင်းဆောင် ဖြစ်လာရန်လည်း တောင်းဆိုခဲ့ကြ၏။
ကျန်းချန်က ဤကိစ္စကို လက်ခံခဲ့သည်။
သူ၏ ဒဏ်ရာများမှာ ယခုထိ မသက်သာသေးပေ။
ယခု ခိုလှုံစရာ နေရာတစ်ခု ရရှိလာသဖြင့် အေးအေးဆေးဆေးဖြင့် သူ၏ ဒဏ်ရာများကို ကုသနိုင်တော့မည် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ဤတစ်ခေါက် ရွှယ်လင်တိုက်သို့ သူ ရောက်လာခြင်းသည် သူ၏ မိဘများနှင့် တွေ့ဆုံရန် ဖြစ်သည်။
ထို့အပြင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဉ် မျိုးနွယ်စုကြားမှ ပဋိပက္ခများကို ကူညီဖြေရှင်းပေးရန်လည်း ပါဝင်၏။
ရွှယ်လင်တိုက်ကြီးရှိ လူသားမျိုးနွယ်စုနှင့် ရှန်းဝူတိုက်တို့ ကြားတွင် ထာဝရငြိမ်းချမ်းမှုကို ရရှိစေရန် ဖြစ်သည်။
ယခု သူက ဤသွေးစွန့်ပစ်နယ်မြေသို့ ရောက်လာပြီ ဖြစ်ရာ သွေးဝိညာဉ် မျိုးနွယ်စုကို တိုက်ခိုက်ရန်အတွက် အင်အားစုတစ်ခုကို ဦးစွာ တည်ထောင်ပြီး သွေးစွန့်ပစ်နယ်မြေကို သိမ်းပိုက်လွှမ်းမိုးရန် ဆုံးဖြတ်ခဲ့သည်။
ယန်ရှန်မျိုးနွယ်စု၏ အင်အားများကို စုစည်းပြီးနောက်တွင် ကျန်းချန်သည် ကူအန်နှင့် အခြားသူများ၏ ခွန်အားကို မြှင့်တင်ရန်အတွက် ဆေးလုံးများ နှင့် ကျင့်ကြံခြင်း အရင်းအမြစ်အချို့ကို ထုတ်ပေးခဲ့သည်။
ထို့နောက်တွင် သူက ခန္ဓာကိုယ်မှ ဒဏ်ရာများကို တံခါးပိတ်ကျင့်ကြံကာ ကုသနေခဲ့၏။
ထိုအချိန်တွင် ကျန်းချန်က ယန်တျဲရှန်ကို သတ်ပြီး ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးခဲ့သည့် သတင်းသည် သွေးစွန့်ပစ်နယ်မြေတစ်ခုလုံးကို လျင်မြန်စွာပင် ပြန့်နှံ့သွားခဲ့သည်။
ရုတ်တရက်ဆိုသလို သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
လူသားမျိုးနွယ်စုဖြစ်စေ၊ သွေးဝိညာဉ်မျိုးနွယ်စုဖြစ်စေ၊ အားလုံးသည် အံ့အားသင့်သွားကြသည်။
"ဟားဟား.. ငါတို့ လူသားမျိုးနွယ်စုမှာ ဒီလို အစွမ်းထက်တဲ့လူတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ငါတို့ လူသားမျိုးနွယ်စုတွေ စိတ်ချမ်းသာရပြီထင်တယ်"
လူသားမျိုးနွယ်စု၏ ခေါင်းဆောင်အချို့က ဤသတင်းကိုရလျှင် ဝမ်းသာအားရ ရယ်မောခဲ့ကြသည်။
တစ်ကိုယ်တော် စွမ်းရည်ဖြင့် ကြယ်၈ပွင့် သွေးစစ်သည်တော်ရှိသည့် သွေးဝိညာဉ်မျိုးနွယ်စု တစ်စုကို ဖျက်ဆီးပစ်လိုက်ခြင်းသည် မည်မျှပင် အင်အားကြီးမားကြောင်း ပြသနေခဲ့၏။
သွေးဝိညာဉ်မျိုးနွယ်စု၏ ခေါင်းဆောင်အချို့၊ အထူးသဖြင့် ယန်ရှန် မျိုးနွယ်စုနှင့် ပိုမို နီးစပ်သော သွေးဝိညာဉ် မျိုးနွယ်စုများကမူ ၎င်းတို့၏ ရန်သူကြီးတစ်ဦး ကဲ့သို့ ကျန်းချန်ကို မြင်ခဲ့ကြပြီး ကျန်းချန် ရောက်လာမည်ကို စိုးရွံ့နေကြသည်။
-------------
သွေးစွန့်ပစ်နယ်မြေ၏ အဓိကနယ်မြေတွင် အခြေစိုက်သော စန်းယွင်မျိုးနွယ်စု။
ဤနေရာသည် သွေးစွန့်ပစ်နယ်မြေထဲတွင် အစွမ်းအထက်ဆုံး လူသားမျိုးနွယ်စု၏ နေရာ ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဦးမက ရှိသည်။
အထူးသဖြင့် စန်းယွင်မျိုးနွယ်စု၏ ခေါင်းဆောင် စန်းယွမ်လုံသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။
စန်းယွင် မျိုးနွယ်စု ရှိနေခြင်းကြောင့် ဤသွေးစွန့်ပစ်နယ်မြေမှ လူသားမျိုးနွယ်စုများသည် သွေးဝိညာဉ် မျိုးနွယ်စုနှင့် အမြဲတစေ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် စန်းယွင်မျိုးနွယ်စု၏ အဓိကခန်းမထဲတွင် ထူးခြားသော စွမ်းအားရှိသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် စင်မြင့် အထက်မှ ထိုင်ခုံတွင် ထိုင်နေခဲ့သည်။
သူက အောက်ဘက်ရှိ အကြီးအကဲတစ်ဦး၏ အစီရင်ခံစာကို တိတ်တဆိတ် နားထောင်နေခဲ့သည်။
"ခေါင်းဆောင်... ကျန်းချန်လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူသား ကျင့်ကြံသူ တစ်ယောက်ဟာ သွေးစွန့်ပစ်နယ်မြေထဲမှာ ရုတ်တရက် ပေါ်ထွက်လာပြီး တစ်ကိုယ်တော် စွမ်းရည်နဲ့ ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်တယ်.. ကျွန်တော်တို့ စန်းယွင်မျိုးနွယ်စု သူ့ကို ဘယ်လိုဆက်ဆံသင့်လဲ"
"လူသားမျိုးနွယ်စုမှာ ဒီလို အင်အားကြီးမားတဲ့ ကျင့်ကြံသူ တစ်ယောက် ပေါ်ပေါက်လာတာ ငါတို့အတွက် သတင်းကောင်းပဲ"
လူလတ်ပိုင်းအရွယ်လူက ခပ်ယဲ့ယဲ့ပြုံးကာ ဆက်ပြောလိုက်သည်။
"ယန်ရှန်မျိုးနွယ်စုက ဖျက်ဆီးခံလိုက်ရပြီ.. သွေးဝိညာဉ်မျိုးနွယ်စုက ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး.. အခုချက်ချင်း ယန်ရှန်မျိုးနွယ်စုဆီ သံတမန် တစ်ယောက် စေလွှတ်ပြီး ငါစန်းယွမ်လုံက ကိစ္စကြီးတွေ အတွက် ဆွေးနွေးဖို့ သူ့ကို ဖိတ်ခေါ်တယ်လို့ အကြောင်းကြားလိုက်"
"ဟုတ်ကဲ့"
စန်းယွမ်လုံထံမှ အမိန့်ကို လက်ခံရရှိပြီးနောက်တွင် အကြီးအကဲက စန်းယွမ်လုံကို အရိုအသေပေးလိုက်ပြီး ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့သည်။
------------------
တစ်ချိန်တည်းမှာပင် သွေးစွန့်ပစ်နယ်မြေ၏ နောက်ထပ် နယ်မြေတစ်ခု ဖြစ်သည့် သွေးဝိညာဉ်မျိုးနွယ်စုဝင်ဖြစ်သည့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုတွင်လည်း ကျန်းချန်နှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။
"ခေါင်းဆောင်... လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူက အတော်ကို အစွမ်းထက်တယ်.. သူက ကျွန်တော်တို့ သွေးဝိညာဉ်မျိုးနွယ်စုရဲ့ ယန်ရှန်မျိုးနွယ်စုကို တစ်ကိုယ်တော် ဖျက်ဆီးပစ်လိုက်တယ်.. ကျွန်တော် စစ်တပ်တချို့ကို ဦးဆောင်ပြီး ကျန်းချန်ဆိုတဲ့ကောင်ကို သတ်ပစ်ဖို့ ဆန္ဒရှိတယ်.. ဒါမှပဲ ကျွန်တော်တို့ရဲ့ သွေးဝိညာဉ်မျိုးနွယ်စုက ပြန်လည် လက်မထောင်နိုင်လိမ့်မယ်"
အဓိကခန်းမထဲတွင် သွေးရောင် ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးသည် ဒေါသတကြီး တင်ပြလိုက်သည်။
ဤသွေးရောင် ဝတ်စုံဝတ် အကြီးအကဲသည် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်ပြီး ယန်ရှင်း၏ အဘိုးတော်စပ်သည့် တုလီ ဖြစ်သည်။
တုလီက သူ၏သမက်နှင့် မြေးကို ကျန်းချန် ဆိုသော လူသားက သတ်လိုက်သည့် သတင်းကို ကြားပြီးနောက်တွင် ဒေါသ အကြီးအကျယ် ထွက်နေခဲ့၏။
သူက ယန်ရှန်မျိုးနွယ်စု အတွက် လက်စားချေရန် လူတချို့ကို ခေါ်ဆောင်ကာ ချက်ချင်းပင် စစ်ချီချင်နေခဲ့သည်။
သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ ခေါင်းဆောင် တုဝမ်လီက မျက်မှောင်ကြုတ်၍ စဥ်းစားခန်းဝင်နေခဲ့သည်။
သူ၏ မျက်လုံးထဲမှ သွေးရောင်အလင်းတန်းများ တောက်ပနေ၏။
"ဒီကျန်းချန်က ယန်ရှန်မျိုးနွယ်စုကို တစ်ယောက်တည်းဖျက်ဆီးနိုင်တယ် ဆိုတော့ အတော်လေး အစွမ်းထက်ပုံရတယ်.. သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်တောင် သူကို ယှဥ်နိုင်မယ် မထင်ဘူး"
"ဒါ့အပြင် လူသားမျိုးနွယ်စုဖြစ်တဲ့ စန်းယွင် မျိုးနွယ်စုကလည်း ဒီကိစ္စကို လက်ပိုက်ကြည့်နေမှာ မဟုတ်လောက်ဘူး"
"ငါ့အမြင်တော့ သူ့ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိမချင်း အလောတကြီးမလုပ်တာ အကောင်းဆုံးပဲ"
နောက်ထပ် အကြီးအကဲတစ်ဦးက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်မည့် တုလီ၏ အဆိုကို ကန့်ကွက်ခဲ့သည်။
"စန်းယွင်မျိုးနွယ်စုက ဘာမို့လို့လဲ.. ငါတို့ သွေးသတ်ဖြတ်သူမျိုးနွယ်စုရဲ့ ခွန်အားနဲ့ဆို ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး"
တုလီက နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် တုဝမ်လီကို ပြောလိုက်သည်။
"ခေါင်းဆောင်.. ကျန်းချန် ဆိုတဲ့ကောင်က အရမ်း ဂြိုဟ်ကြွနေတယ်.. သူ့ကို မဖယ်ရှားရင် နောက်တစ်ခါ ကျွန်တော်တို့ သွေးဝိညာဉ်မျိုးနွယ်စုကို တိုက်ခိုက်လာမလား မပြောနိုင်ဘူး.. ကျွန်တော့်ကို လူတချို့ ဦးဆောင်စေပြီး ကျန်းချန်ကို သတ်ဖို့ စေလွှတ်လိုက်ပါ"
"ကောင်းပြီ.. မင်း နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ယန်ရှန်မျိုးနွယ်စုဆီ ခေါ်သွားလိုက်"
"စန်းယွင်မျိုးနွယ်စုဘက်က ကျင့်ကြံသူတွေ ရှိနေရင်တော့ အလောတကြီး မလုပ်နဲ့.. စန်းယွင်မျိုးနွယ်စုက လူတွေမရှိဘူးဆိုရင်တော့ တစ်ခါတည်း သတ်ပစ်လိုက်"
တုဝမ်လီ၏ မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြည့်နှက်နေခဲ့၏။
နှစ်များစွာ ကြာလာသည်နှင့်အမျှ သူတို့ သွေးဝိညာဉ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စုနှင့် ပဋိပက္ခ ဖြစ်ရာ၌ အမြဲတစေ အသာစီးရခဲ့သည်။
သူတို့ သွေးဝိညာဉ်မျိုးနွယ်စုကသာ လူသားမျိုးနွယ်စုကို ဖျက်ဆီးခဲ့သည်ချည်း ဖြစ်၏။
မမျှော်လင့်ဘဲ ဤတစ်ကြိမ်တွင် လျှို့ဝှက်ဆန်းကြယ်သော လူသား တစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ သွေးဝိညာဉ် မျိုးနွယ်စုဝင် ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်သည်။
ဖျက်ဆီးခံလိုက်ရသည့် ယန်ရှန်မျိုးနွယ်စုသည် ကြယ်၈ပွင့်သွေးစစ်သည်တော် ဦးဆောင်သည့် မျိုးနွယ်စု ဖြစ်သည်။
စန်းယွင်မျိုးနွယ်စုက မည်သို့ပင် ကာကွယ်စေကာမူ သွေးဝိညာဉ်မျိုးနွယ်စုဝင် ယန်ရှန်မျိုးနွယ်စုအား ဖျက်ဆီးခဲ့သည့် ဤလူငယ်လေးကို သတ်ပစ်ရပေလိမ့်မည်။
.................
သွေးစွန့်ပစ်နယ်မြေထဲမှ မျိုးနွယ်စုများစွာက ကျန်းချန်ကြောင့် တုန်လှုပ်နေကြချိန်တွင် ကျန်းချန်ကမူ ဘာကိုမှမသိဘဲ သူ၏ ဒဏ်ရာများကိုသာ ကုသနေခဲ့သည်။
လဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည့်အပြင် အတွင်းအင်္ဂါဒဏ်ရာများပါ လုံးဝနီးပါး ပျောက်ကင်းသွားခဲ့ပြီး သွေးကြောများလည်း ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာခဲ့၏။
"နောက်ဆုံးတော့ ပျောက်ကင်းလုနီးပါး ဖြစ်သွားပြီ"
သူ၏ခန္ဓာကိုယ်ထဲမှ အင်အားကြီးမားသော စွမ်းအားကို ခံစားရလျှင် ကျန်းချန်၏မျက်နှာတွင် အဆုံးသတ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏ခွန်အားက အထွတ်အထိပ် အခြေအနေထိ အပြည့်အဝ ပြန်လည် ကောင်းမွန် မလာသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည် ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို ပြန်လည်ရရှိနေပြီ ဖြစ်၏။
အင်ပါယာ နယ်ပယ်အဆင့် အင်အားကြီးမားသူ မရှိသော သွေးစွန့်ပစ် နယ်မြေထဲတွင် မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
"အခု ငါ့ရဲ့ခွန်အားက ပြန်ကောင်းလာပြီ ဆိုတော့ ကူဖုန်းအာရဲ့ ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ် ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ပြီ"
ကျန်းချန်က စိတ်နှလုံးထဲတွင် အနည်းငယ် တွေးမိလိုက်သည်။
ကူဖုန်းအာ၏ ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်သည် နတ်ဘုရားနယ်မြေရှိ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်သည်။
ထိုနတ်ခန္ဓာကိုယ် နိုးထလာသည်နှင့် ကူဖုန်းအာသည် ရွှယ်လင်တိုက်တွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦး ဖြစ်လာနိုင်ပြီး သွေးဝိညာဉ်မျိုးနွယ်စုကို ဖျက်ဆီးရာတွင် သူ့အတွက် ကြီးမားသော အကူအညီ ဖြစ်လာမည်မှာ သေချာ၏။
အတွေးထဲ နစ်မြောနေသည့် ကျန်းချန်သည် သူ၏အတွေးများကို ရပ်တန့်လိုက်ပြီး အခန်းထဲကနေ လှမ်းထွက်လာခဲ့သည်။
"အကိုကျန်းချန်.. တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား.. ဝမ်းသာလိုက်တာ"
အခန်းထဲမှ ထွက်ထွက်ခြင်းမှာပင် ကျန်းချန်သည် စိတ်ပူပန်သော အမူအရာဖြင့် သူ့ဆီသို့ လာနေသည့် ကူဖုန်းအာကို မြင်လိုက်ရသည်။
"ကူဖုန်းအာ.. ဘာဖြစ်လို့လဲ... မင်းအဘိုး တစ်ခုခုများ ဖြစ်လို့လား"
ကျန်းချန်က ကူဖုန်းအာ၏ အမူအရာကိုမြင်လျှင် အလေးအနက် မေးလိုက်သည်။
"အဘိုး ဘာမှမဖြစ်ပါဘူး"
ကူဖုန်းအာက ခေါင်းခါလိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။
"အကိုကျန်းချန်.. စန်းယွင်မျိုးနွယ်စုက သံတမန် စေလွှတ်လိုက်တယ်"
"စန်းယွင်မျိုးနွယ်စုလား"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဤသွေးစွန့်ပစ်နယ်မြေထဲမှ အင်အားအကောင်းဆုံး လူသားမျိုးနွယ်စုကို ကျန်းချန်က မစိမ်းပေ။
သို့သော်လည်း စန်းယွင်မျိုးနွယ်စုက ရုတ်တရက် သူ့ဆီ သံတမန် စေလွှတ်လိုက်ခြင်းသည် မည်သည့်ကိစ္စအတွက် ဖြစ်နိုင်ပါသနည်း။
အခန်း(၁၄၃၅) ပြီး၏။
အခန်း(၁၄၃၆)
"ဖုန်းအာ.. စန်းယွင်မျိုးနွယ်စုရဲ့ သံတမန်ဆီ ငါ့ကို လိုက်ပို့ပေး"
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
သူက သွေးစွန့်ပစ်နယ်မြေ၏ လူသားမျိုးနွယ်စုကို စုစည်းပြီး အင်အားစု တစ်ခု တည်ထောင်ရန် အစီစဉ်ရှိခဲ့သည်။
ယခု စန်းယွင်မျိုးနွယ်စု၏ သံတမန် ရောက်လာသည် ဖြစ်ရာ သူ့အနေဖြင့် သွားတွေ့သင့်ပေသည်။
ခဏအကြာတွင် ကူဖုန်းအာနှင့်အတူ လိုက်လာသော ကျန်းချန်သည် ဧည့်သည်များကို လက်ခံတွေ့ဆုံရန် ယန်ရှန်မျိုးနွယ်စုရှိ တဲကြီးတစ်လုံး ဆီသို့ ရောက်ရှိလာခဲ့သည်။
တဲထဲတွင် ကူအန်သည် စားစရာ၊ သောက်စရာများနှင့်အတူ စန်းယွင်မျိုးနွယ်စု၏ သံတမန် သုံးဦးအား ပြုံးရွှင်စွာ ဧည့်ခံနေခဲ့သည်။
သံတမန် သုံးဦးအနက် ပထမဆုံး တစ်ဦးသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ခန့် ရှိသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦး ဖြစ်သည်။
ထိုလူက အပြာရောင်တိမ်တိုက်ပုံကို ပန်းထိုးထားသော ပိုးထည်ဝတ်ရုံအား ဝတ်ဆင်ထား၏။
သူ၏ အရှိန်အဝါက ထူးခြားပြီး နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
"ကူအန်.. မင်းတို့ခေါင်းဆောင်က ငါတို့ကို မျက်လုံးထဲတောင် မထည့်တဲ့ပုံပဲ.. ငါတို့ သုံးယောက်ကို ဒီလောက် အချိန်အကြာကြီး စောင့်ခိုင်းထားတယ်"
ထိုလူက ကူအန်ကို မထီမဲ့မြင် ကြည့်လိုက်၏။
သူ၏ မျက်နှာတွင် စိတ်မရှည်သည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်.. မင်းတို့ ခေါင်းဆောင်ကို ငါနဲ့လာတွေ့ဖို့ ချက်ချင်း ခေါ်လိုက်ပါ"
"သံတမန် စိတ်အေးအေးထားပါ.. ကျွန်တော်တို့ ခေါင်းဆောင်က တံခါးပိတ် ကျင့်ကြံနေလို့ပါ.. ကျွန်တော် လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါပြီ...ခေါင်းဆောင် မကြာခင် ရောက်လာပါလိမ့်မယ်"
ကူအန်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
စန်းယွမ်မျိုးနွယ်စု၏ သံတမန်ခေါင်းဆောင်က နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်၏။
"နောက်ဆုံးအနေနဲ့ မိနစ်သုံးဆယ် အချိန်ပေးမယ်.. မလာရင်တော့ မင်းတို့ဆီ ကျရောက်လာမဲ့ အန္တရာယ်ကို မင်းတို့ဘာသာ ရင်ဆိုင်ပေတော့"
"ဟားဟား... ခင်ဗျားတို့က သွေးစွန့်ပစ်နယ်မြေထဲက အင်အားအကောင်းဆုံး လူသားမျိုးနွယ်စု ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. ခင်ဗျားတို့က ဒီလောက်တောင် အင်အားကြီးတာ.. ကျွန်တော်က ခင်ဗျားတို့ကို လာမတွေ့လို့ ဘယ်ဖြစ်မလဲ"
ထိုအချိန်တွင် တဲ၏ တံခါးဝမှ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သံတမန်ခေါင်းဆောင်က လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် တဲထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
"မင်းက ကျန်းချန်လား"
တဲထဲသို့ လျှောက်ဝင်လာသော ကျန်းချန်ကို မြင်လျှင် သံတမန်ခေါင်းဆောင်သည် အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်က ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးခဲ့သော နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သူသိရှိထားခဲ့သည်။
သို့သော်လည်း ဤမျှအထိ ငယ်ရွယ်သော လူငယ်လေး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသက်သုံးဆယ်ပင် မကျော်သေးပုံရ၏။
အသက်သုံးဆယ်အောက် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ။
သူတို့ စန်းယွင်မျိုးနွယ်စု တည်ထောင်ပြီးသည့် အချိန်မှစ၍ စန်းယွင်မျိုးနွယ်စုတွင် အသက်သုံးဆယ် မတိုင်မီ နတ်သန္ဓေအင်ပါယာ နယ်ပယ်သို့ ထိုးဖောက်နိုင်ခဲ့သူများသည် လက်ချိုးရေတွက်၍ပင် ရ၏။
"ဟုတ်တယ်.. ငါက ကျန်းချန်ပါ"
ကျန်းချန်က လူလတ်ပိုင်းအရွယ် လူသုံးဦးကို အနည်းငယ် အကဲခတ်လိုက်ပြီးနောက် အရေးမစိုက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"စန်းယွင်မျိုးနွယ်စုက သံတမန်သုံးယောက် ငါ့ကို လာတွေ့တာ ဘာကိစ္စရှိလို့လဲ"
သံတမန်ခေါင်းဆောင်က ခဏမျှ မှင်တက်ပြီးနောက်တွင် သူ၏ မောက်မာသော အမူအရာက ပြန်လည် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. ငါ ဒီကိုလာတာက ခေါင်းဆောင်ရဲ့အမိန့်အရ မင်းကို စန်းယွင်မျိုးနွယ်စုဆီ ဖိတ်ခေါ်ဖို့ပဲ"
"စိတ်မရှိပါနဲ့.. ခင်ဗျားတို့ စန်းယွင်မျိုးနွယ်စုဆီ သွားဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ ခေါင်းဆောင်က ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် ကိုယ်တိုင်သာ လာခိုင်းလိုက်ပါ"
"ကျန်းချန်.. မင်းက အတော် ရိုင်းစိုင်းတာပဲ.. မင်းက ဘာကောင်မို့လို့ ငါတို့ခေါင်းဆောင်က မင်းကို ကိုယ်တိုင် လာတွေ့ရမှာလဲ"
သံတမန် ခေါင်းဆောင် မပြောရသေးခင်မှာပင် ၎င်း၏ နောက်လိုက် နှစ်ယောက်က ကျန်းချန်ကို အော်ဟစ်လိုက်မိသည်။
"သံတမန်သုံးဦး.. ကျွန်တော်တို့ ခေါင်းဆောင်က ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးပြီး အင်အား အသစ်တစ်ခုကို တည်ထောင်နေတာပါ.. ဒီအချိန်မှာ အလုပ်တအားများနေတဲ့ အတွက် ကျွန်တော်တို့ ခေါင်းဆောင်အနေနဲ့ စန်းယွင်မျိုးနွယ်စုဆီ သွားဖို့က တကယ်ပဲ မဖြစ်နိုင်သေးပါဘူး.. သံတမန်သုံးဦး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"
အခြေအတင် ဖြစ်လာတော့မည့် လက္ခဏာများကို မြင်လျှင် ကူအန်သည် ကူကယ်ရာမဲ့စွာဖြင့် စန်းယွင် မျိုးနွယ်စုမှ သံတမန်သုံးဦးကို အလျင်အမြန် ရှင်းပြလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ညာဘက်ရှိ လူငယ်ထံမှ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်သည် ကူအန် ဆီသို့ တိုက်ရိုက်ပင် တိုးဝင်လာခဲ့သည်။
"ငါတို့က မင်းတို့ ခေါင်းဆောင်နဲ့ စကားပြောနေတာကို မင်းက ဖြတ်ပြောရဲတယ်လား"
ကူအန်သည် ကျန်းချန်၏ အစွမ်းထက် ဆေးဝါးများကြောင့် မကြာသေးမီကစ၍ တိုးတက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ်အဆင့်ကိုပင် ထိုးဖောက်နိုင်ခဲ့သည်။
သို့သော်လည်း တစ်ဖက်မှလူသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ဖြစ်နေခဲ့ရာ သူ့တွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။
လူငယ်ထံမှ ကြောက်မက်ဖွယ်စွမ်းအင်သည် ကူအန်ကို လေထဲတွင် ခုနစ်ပေ၊ ရှစ်ပေခန့်အထိ လွင့်စင်သွားစေခဲ့ပြီး သွေးတစ်လုတ်ကိုပင် အန်ထွက်စေခဲ့သည်။
"အဘိုး"
ဤမြင်ကွင်းကိုမြင်လျှင် ကူဖုန်းအာသည် ကူအန်၏ ဘေးသို့ အလျင်အမြန်သွားကာ ထူမ ပေးလိုက်သည်။
သူမက ကူအန်ကို တိုက်ခိုက်လိုက်သည့် လူငယ်ကို မော့ကြည့်လိုက်သည်။
သူမ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်နေခဲ့၏။
"ကျွန်မအဘိုးက စကားတစ်ခွန်းလောက်ပဲ ဝင်ပြောတာကို ရှင်တို့က ဒီအတိုင်းအတာထိ လုပ်ခဲ့တယ်.. ရှင်တို့ စန်းယွင်မျိုးနွယ်စုက အရမ်း အနိုင်ကျင့်လွန်းတာပဲ"
ထိုလူငယ်က ကူဖုန်းအာကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"မင်း နောက်ထပ် ရိုင်းစိုင်းရဲရင် မင်းဒီနေ့ သေချာပေါက် သေစေရမယ်"
"ငါ့အမြင်မှာတော့ ရိုင်းစိုင်းတဲ့သူက မင်းပဲ.. ငါ ကျန်းချန်ရဲ့လူကို မင်းစိတ်ရှိတိုင်း ရိုက်နှက်လို့ရမယ် ထင်နေလား"
ကျန်းချန်၏ မျက်နှာက ဓားကဲ့သို့ အေးစက်နေခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ငါးချောင်းကို ကွေးလိုက်ရာ လေထဲတွင် ဆွဲငင်အားတစ်ခု ပေါ်လာခဲ့ပြီး ထိုလူငယ်ကို တစ်ခဏအတွင်း ဖမ်းဆီးလိုက်သည်။
"လူသားမျိုးနွယ်စုဝင် ဖြစ်တဲ့အတွက် မင်းကို အခွင့်အရေးပေးမယ်... ဒူးထောက်ပြီး ကူအန်နဲ့ ဖုန်းအာကို တောင်းပန်လိုက်.. အဲဒါဆိုရင် မင်းအသက်ရှင်ခွင့်ရမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် လူငယ်က ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
"ငါက စန်းယွင်မျိုးနွယ်စုရဲ့ သံတမန်ပဲ.. ပုရွက်ဆိတ်နှစ်ကောင်ကို ဘာလို့ တောင်းပန်ရမှာလဲ.. အိပ်မက်မက်မနေနဲ့"
ကျန်းချန်က နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိရှိထားသော်လည်း သူ၏ နှလုံးသားထဲတွင် မည်သည့် ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပေ။
ကျန်းချန်က စန်းယွင်မျိုးနွယ်စုဝင် ဖြစ်သည့် သူ့ကို သတ်ရဲမည်ဟု သူ မယုံကြည်ချေ။
"ငါ့အမြင်မှာတော့ မင်းကမှ ပုရွက်ဆိတ်ပဲ"
ကျန်းချန်က ခံစားချက်ကင်းမဲ့စွာဖြင့် လက်ဖဝါးကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သည်။
ထို့နောက်တွင် "ဝုန်း"ဟူသော ပေါက်ကွဲသံနှင့်အတူ စန်းယွင်မျိုးနွယ်စုမှ လူငယ်သည် လေထဲတွင် သွေးအမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
သံတမန်ခေါင်းဆောင်၏ အေးစက်စက် အမူအရာသည် ချက်ချင်းပင် ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကျန်းချန်.. မင်း.. မင်း စန်းယွင် မျိုးနွယ်စုဝင်ကိုတောင် သတ်ရဲတယ်လား"
"ဘာလဲ… ခင်ဗျားတို့ စန်းယွင် မျိုးနွယ်စုကပဲ တိုက်ခိုက်လို့ရပြီး ငါက ခင်ဗျားတို့ စန်းယွင်မျိုးနွယ်စုက လူတွေကို တိုက်ခိုက်လို့ မရဘူးလား"
"စန်းယွင်မျိုးနွယ်စုက သံတမန် တစ်ယောက်လောက်ကို မပြောနဲ့.. ခင်ဗျားတို့ရဲ့ ခေါင်းဆောင် ကိုယ်တိုင် ရောက်လာပြီး ငါ့လူတွေရဲ့ ဆံချည်တစ်မျှင်ကို ထိရဲရင်တောင် ငါ သူ့ကို သတ်မှာပဲ"
ကျန်းချန်၏ မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"ငါ မင်းကို သတ်ချင်စိတ်မရှိတုန်း ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း"
"ကျန်းချန်.. မင်းက အတော် ရိုင်းစိုင်းလွန်းတာပဲ"
"မင်းက နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်တာနဲ့ပဲ ဒီသွေးစွန့်ပစ်နယ်မြေထဲမှာ မင်းစိတ်တိုင်းကျ ခြယ်လှယ်လို့ရတယ် မထင်နဲ့"
"မင်းက ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်ပြီ ဆိုတော့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုက မင်းကို မကြာခင် တိုက်ခိုက်တော့မယ်.. ငါတို့ခေါင်းဆောင်က သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ လက်ထဲမှာ မင်း ဖျက်ဆီးခံရမှာကို မကြည့်ရက်လို့ မင်းကို စန်းယွင် မျိုးနွယ်စုဆီ ဖိတ်ခေါ်ဖို့ ငါတို့ကို လွှတ်လိုက်တာပဲ.. ဒါပေမဲ့ မင်းက အကောင်းအဆိုးကို နားမလည်ခဲ့ဘူး"
သံတမန် ခေါင်းဆောင်က ကျန်းချန်ကို ဒေါသထွက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ငါ မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. ငါနဲ့အတူ စန်းယွင်မျိုးနွယ်စုကို လိုက်လာပြီး ခေါင်းဆောင်ကို တောင်းပန်လိုက်.. မဟုတ်ရင်တော့ ငါ့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့"
"မင်းက စကား အရမ်းများလွန်းတယ်.. မထွက်သွားရင် သွားသေလိုက်တော့"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သံတမန် ခေါင်းဆောင်ဆီသို့ ချက်ချင်းပင် တိုးဝင်သွားခဲ့သည်။
တစ်ခဏအတွင်း ခမ်းနားထည်ဝါသော အရှိန်အဝါ တစ်ခုသည် ထိုက်စန်းတောင်ကဲ့သို့ သံတမန်ခေါင်းဆောင်ကို ဖိနှိပ်လိုက်၏။
"ဖူး"
သံတမန်ခေါင်းဆောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ကြောက်မက်ဖွယ်ဖိအားကြောင့် သူ၏ တစ်ကိုယ်လုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားခဲ့သည်။
သူ့ဘေးနားရှိ နောက်ထပ် သံတမန်တစ်ဦးကမူ ကျန်းချန်၏ ကြောက်မက်ဖွယ်အရှိန်အဝါ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ လဲကျကာ ဒွါရကိုးပေါက်မှ သွေးများထွက်ပြီး သေဆုံးသွားခဲ့သည်။
"မင်း.. မင်း"
သံတမန်ခေါင်းဆောင်က မျက်နှာဖြူဖျော့သွားခဲ့၏။
ထိုခဏတွင် ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
အခန်း(၁၄၃၆) ပြီး၏
အခန်း(၁၄၃၇)
သံတမန်ခေါင်းဆောင်ဖြစ်သည့် စန်းယုချန်သည် စန်းယွင်မျိုးနွယ်စု၏ အကျော်ကြားဆုံး ပါရမီရှင်တစ်ဦး ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ်ကို အသက် (၃၀) အရွယ်မှာပင် ထိုးဖောက်နိုင်ခဲ့သူ ဖြစ်သည်။
ယခု အသက် (၄၀) ကျော်အရွယ်၌ နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေချေပြီ။
သူက သွေးစွန့်ပစ် နယ်မြေတစ်ခုလုံးမှာပင် အစွမ်းထက် ကျင့်ကြံသူ တစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်၏။
ထို့ကြောင့်လည်း စန်းယုချန်သည် အမြဲတစေ မာနထောင်လွှားနေခဲ့ပြီး သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးတွင် သူအလေးထားရသူ ဟူ၍ မရှိသလောက်ပင်။
ဤတစ်ကြိမ် သံတမန် အဖြစ် ရောက်လာချိန်တွင် စန်းယုချန်သည် ကျန်းချန်က ယန်ရှန်မျိုးနွယ်စုကို တစ်ကိုယ်တော်ဖျက်ဆီးခဲ့သည်အား သိရှိထားသော်လည်း အလေးအနက် သိပ်မထားခဲ့ပေ။
သူ့အမြင်တွင်မူ ယန်ရှန်မျိုးနွယ်စု ဆိုသည်မှာ ကြယ်၈ပွင့်သွေးစစ်သည်တော် ရှိသည့် သွေးဝိညာဉ်မျိုးနွယ်စု တစ်ခုသာဖြစ်ပြီး သာမန် မျိုးနွယ်စုတစ်ခုထက် မပိုပေ။
သူ၏ အစွမ်းအစဖြင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အင်အားကြီးမားသော ကျင့်ကြံသူကိုပင် မကြောက်ရွံ့ခဲ့ရာ ယခုလို သွေးဝိညာဉ်မျိုးနွယ်စု တစ်ခုကို ဖျက်ဆီးရန်သည် သူ့အတွက် မိနစ်အနည်းငယ်မျှသာ ကြာမြင့်လိမ့်မည် ဖြစ်၏။
သို့သော်လည်း စန်းယုချန်သည် ကျန်းချန်နှင့် အမှန်တကယ် တွေ့ဆုံရသောအခါ ကျန်းချန်၏ ကြောက်မက်ဖွယ် အစွမ်းထက်မှုသည် သူစိတ်ကူးထားသည်ထက်ပင် များစွာ ကျော်လွန်နေသည်ကို သိရှိကာ ထိတ်လန့်သွားခဲ့သည်။
ဆိုရလျှင် သူ၏ နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ခွန်အားနှင့်ပင် ကျန်းချန်၏ အရှိန်အဝါနှင့် ဖိအားကို မတားဆီးနိုင်ခဲ့ပေ။
ကျန်းချန်ကို ရင်ဆိုင်ရသည့်အခါ စန်းယုချန်သည် သူတို့ စန်းယွင် မျိုးနွယ်စုခေါင်းဆောင်ကို ရင်ဆိုင်ရသလိုမျိုး နက်နဲသည့် ခံစားချက်မျိုးအား ခံစားခဲ့ရသည်။
"ကျန်းချန်.. ငါတို့ စန်းယွင်မျိုးနွယ်စုက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး"
"ခေါင်းဆောင်က မင်းကို သွေးဝိညာဉ် မျိုးနွယ်စု တိုက်ခိုက်လာမှာ စိုးရိမ်လို့ ငါတို့ကို စေလွှတ်ပြီး အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပါ"
"ဒါပေမဲ့ မင်း ငါတို့ စန်းယွင်မျိုးနွယ်စုက လူတွေကို အခုလိုမျိုး သတ်ဖြတ်လိုက်တာကတော့ အရမ်းကို လွန်လွန်းတယ်"
စန်းယုချန်သည် သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ပြောလိုက်သည်။
သူတို့ စန်းယွင် မျိုးနွယ်စုသည် သွေးစွန့်ပစ်နယ်မြေထဲတွင် အစွမ်းအထက်ဆုံး လူသားမျိုးနွယ်စု ဖြစ်ပြီး လူသားမျိုးနွယ်စု ဒါဇင်ပေါင်းများစွာသည် သူတို့ စန်းယွင်မျိုးနွယ်စုကို အလေးထားကြသည်။
နှစ်ကာလကြာရှည်လာသည်နှင့်အမျှ သူတို့ စန်းယွင်မျိုးနွယ်စုမှ သံတမန်များသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ အခြား လူသားမျိုးနွယ်စုများသည် သံတမန်များကို အထူး ဧည့်သည်တော်များ အဖြစ် အလေးပေး ဆက်ဆံခဲ့ကြသည်။
ထို့ကြောင့်လည်း သူနှင့်အတူ လိူက်ပါလာသော သံတမန်နှစ်ဦးကို ကျန်းချန်က တိုက်ရိုက်ပင် သတ်ပစ်ရဲလိမ့်မည်ဟု စန်းယုချန် တစ်ခါမှမတွေးဖူးပေ။
ဤကောင်လေးသည် သူတို့ စန်းယွင်မျိုးနွယ်စုကို မျက်လုံးထဲပင် မထည့်သည်မှာ ထင်ရှားနေ၏။
"စန်းယွင်မျိုးနွယ်စုမကလို့ ဘယ်လို မျိုးနွယ်စုပဲ ဖြစ်ဖြစ် ငါ့နယ်မြေထဲမှာ ငါ့လူကို တိုက်ခိုက်ရဲရင်တော့ တန်ရာတန်ကြေး ပေးဆပ်ရမှာပဲ"
ကျန်းချန်က စန်းယုချန်ကို မထီတရီ အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းမှာ တခြားပြောစရာမရှိရင် ဒီကနေ ထွက်သွားလို့ရပြီ"
"ကောင်းပြီ ကျန်းချန်.. မင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွေးဝိညာဥ်မျိုးနွယ်စုကို ရင်ဆိုင်ဖို့ဆန္ဒ ရှိနေမှတော့ ငါ ထွက်သွားတော့မယ်"
စန်းယုချန်က ပြုံးလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
သွေးစွန့်ပစ်နယ်မြေတွင် သွေးဝိညာဉ် မျိုးနွယ်စုသည် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကြောင့် ထူးခြားသည့် အားသာချက်များ ရှိကြသည်။
ထို့ကြောင့် လူသား မျိုးနွယ်စုများသည် အမြဲတစေ ဆိုးရွားသည့် အခြေအနေဖြင့်သာ ရင်ဆိုင်ရလေ့ရှိ၏။
ရှင်းလင်းစွာဆိုရလျှင် သွေးစွန့်ပစ်နယ်မြေတွင် လူသားမျိုးနွယ်စုသည် သွေးဝိညာဉ်မျိုးနွယ်စုနှင့် ယှဉ်ပြိုင်နိုင်ရုံမျှသာ အဆင့်ရှိသည်။
အထူးသဖြင့် သွေးစွန့်ပစ်နယ်မြေရှိ အင်အားအကြီးဆုံး သွေးဝိညာဉ်မျိုးနွယ်စု ဖြစ်သည့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုသည် လူသားမျိုးနွယ်စုဘက်မှ အင်အားအကောင်းဆုံး စန်းယွင်မျိုးနွယ်စုထက် များစွာပို၍ အစွမ်းထက်၏။
ကျန်းချန်သည် အလွန်အစွမ်းထက်ကြောင်း သူလက်ခံသည်။
ထိုကောင်လေးက သူတို့ ခေါင်းဆောင်နှင့် ယှဉ်နိုင်သည့် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့လျှင်ပင် သွေးသတ်ဖြတ်သူ မျိုးနွယ်စုကို တစ်ယောက်တည်း ယှဉ်နိုင်မည် မဟုတ်ပေ။
ထိုကောင်လေးသည် သူတို့ စန်းယွင်မျိုးနွယ်စု၏ အကူအညီမပါရှိဘဲ ဤသွေးစွန့်ပစ်နယ်မြေတွင် မည်ကဲ့သို့ အသက်ရှင်နိုင်မလဲ ဆိုသည်ကို စန်းယုချန် သိချင်နေမိ၏။
စန်းယုချန် တဲထဲမှ ထွက်ခါနီးအချိန်တွင် ယန်ရှန်မျိုးနွယ်စုအပြင်ဘက်မှ ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. မင်းက ငါတို့ သွေးဝိညာဉ်မျိုးနွယ်စုဝင် ယန်ရှန်မျိုးနွယ်စုကို ဖျက်ဆီးခဲ့ပြီး ငါ့ရဲ့မြေးကို သတ်ပစ်ခဲ့တယ်.. အပြင်ထွက်လာပြီး အသေလာခံစမ်း"
ရုတ်တရက် ထွက်ပေါ်လာသည့် ဒေါသတကြီး ကြုံးဝါးသံကြောင့် စန်းယုချန် အံ့အားသင့်သွားခဲ့သည်။
စန်းယွင်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦး အနေဖြင့် စန်းယုချန်သည် ယန်ရှန်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုကြားမှ ဆက်ဆံရေးအကြောင်းကို ရှင်းလင်းစွာ သိရှိထားခဲ့သည်။
ထို့ကြောင့် အပြင်ဘက်မှ ဒေါသတကြီး ကြုံးဝါးသံကို ကြားပြီးနောက်တွင် စန်းယုချန်သည် ရောက်လာသူ၏ အထောက်အထားကို ချက်ချင်းနီးပါးပင် သိရှိခဲ့သည်။
အကြီးအကဲတုလီ။
၎င်းက သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အလွန်ကျော်ကြားသော အကြီးအကဲတစ်ဦး ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးမှာပင် ထိပ်တန်း ဆယ်ဦးထဲ၌ ပါဝင်နိုင်သည့် အလွန်အစွမ်းထက်သော လူတစ်ဦး ဖြစ်၏။
ဤအကြောင်းကို တွေးမိပြီးနောက်တွင် စန်းယုချန်သည် အေးစက်စက် ပြုံးလိုက်သည်။
"ကျန်းချန်.. သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ အကြီးအကဲတုလီရောက်လာပြီ.. ဒီလူက သွေးစွန့်ပစ်နယ်မြေထဲမှာ နာမည်ကျော်ကြားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ.. သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့်ကို ရောက်နေခဲ့ပြီ...မင်းဘယ်လို ရင်ဆိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
"ဟမ့်.. ခပ်ညံ့ညံ့ နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံမှုလောက်နဲ့များ.. ငါ သူ့ကိုသတ်ချင်ရင် ကြက်သတ်သလောက်တောင် မခက်ခဲဘူး"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး စန်းယုချန်ကို လျစ်လျူရှု လိုက်သည်။
ထို့နောက် သူ၏ပုံရိပ်က ယန်ရှန်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။
သူက ယန်ရှန်မျိုးနွယ်စုဆီ ရောက်ရှိလာသည့် လေထဲမှ ပုံရိပ်သုံးခုကို ကြည့်လိုက်သည်။
ထိုလူသုံးယောက်၏ ကိုယ်ပေါ်တွင် သွေးစွမ်းအင်များ အပြည့်အဝ ရှိနေပြီး အရှိန်အဝါက အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။
သုံးယောက်လုံးသည် နတ်သန္ဓေ အင်ပါယာနယ်ပယ် အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အထူးသဖြင့် မျက်နှာညိုညိုနှင့် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။
"ကောင်လေး.. မင်းက ကျန်းချန်လား"
အောက်ဘက်မှ ပျံတက်လာသည့် ကျန်းချန်ကို မြင်လျှင် သွေးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာသည် ဓားတစ်ချောင်းလို စူးရှသွားခဲ့ပြီး ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များလည်း ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. ငါပဲ"
"ကောင်းတယ်... သိပ်ကောင်းတယ်.. ကျန်းချန်.. မင်းက ယန်ရှန်မျိုးနွယ်စုကို သတ်ခဲ့ပြီး ငါ့ရဲ့သမက်နဲ့ မြေးကိုပါ သတ်ပစ်ခဲ့တယ်.. ဒီနေ့တော့ မင်းရဲ့သွေးနဲ့ ကောင်းကင်ဘုံက သူတို့ရဲ့ဝိညာဉ်ကို ပူဇော်ပသရမယ်"
အကြီးအကဲတုလီက ရက်စက်စွာ ပြုံးလိုက်သည်။
သူ့မျက်လုံးထဲတွင် သွေးရောင် အလင်းတန်းတစ်ခု တောက်ပသွားခဲ့၏။
စကားဆုံးသည်နှင့် တုလီက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင် တစ်ခုသည် သွေးလျှပ်စီးအလင်း အဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ပေါက်ကွဲထွက်သွားခဲ့သည်။
ကျန်းချန်က နေရာမှာပင် မတ်မတ် ရပ်နေခဲ့ပြီး လှုပ်ရှားခြင်း မရှိခဲ့ပေ။
သွေးလျှပ်စီးအလင်းသည် သူနှင့် သုံးပေအောက် အကွာအဝေးသို့ ရောက်လာမှသာ သူက လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်တသည်။
"ဝုန်း"
ချက်ချင်းဆိုသလို သွေးရောင် လျှပ်စီးအလင်းသည် တစ်ခဏအတွင်းမှာပင် ပေါက်ကွဲသွားခဲ့သည်။
"အဘိုးကြီး...မင်းမှာ ငါ့ကို လက်စားချေဖို့ လုံလောက်တဲ့အရည်အချင်း မရှိဘူး.. ပြန်သွားပြီး မင်းတို့ သွေးသတ်ဖြတ်သူမျိုးနွယ်စုထဲက အင်အားကြီးမားတဲ့ ကျင့်ကြံသူ အားလုံးကို ခေါ်လာခဲ့လိုက်"
တုလီ၏ တိုက်ခိုက်မှုကို လက်ညှိုးဖြင့် ဖျက်ဆီးလိုက်ပြီးနောက် ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ကောင်လေး.. ငါ့ရှေ့မှာ လေလုံးမထွားစမ်းနဲ့.. မင်းခေါင်းကို ဒီနေ့ ငါ ရအောင်ဖြတ်ပြမယ်"
အကြီးအကဲတုလီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကြောက်မက်ဖွယ် သွေးဓားတစ်လက်သည် သူ၏ လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် ပေတစ်ရာကျော် ရှည်လျားသည့် သွေးဓားအလင်းသည် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာခဲ့သည်။
ထိုသွေးဓားအလင်းက ထိုက်စန်းတောင်ကို ပိုင်းဖြတ်နိုင်လောက်သော အင်အားမျိုးဖြင့် ကျန်းချန်၏ ဦးခေါင်းပေါ်သို့ သက်ဆင်းလာခဲ့၏။
၎င်းက ကျန်းချန်နှင့် ပတ်ဝန်းကျင်မှ နေရာလွတ်ကိုပင် အမှုန့်အဖြစ် ပြောင်းလဲပစ်တော့မည့်အလား ထင်ရသည်။
"ငါ မင်းကို ပြန်သွားပြီး လူခေါ်လာဖို့ ပြောခဲ့ပေမဲ့ မင်းက နားမထောင်ခဲ့ဘူး.. မင်းက ဘာလို့ ဒီလောက်ထိတောင် သေချင်နေရတာလဲ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ကို အသာအယာမြှောက်ကာ သူ၏ ခေါင်းပေါ်သို့ သက်ဆင်းလာသည့် သွေးဓားအလင်းကို လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သည်။
"ဝုန်း"
ကျန်းချန်၏ ဓားစွမ်းအင်က ပေတစ်ရာရှိသည့် သွေးဓားအလင်းကို ထိမှန်သွားပြီးနောက်တွင် ပေတစ်ရာရှိသည့် သွေးဓားအလင်းနှင့် အကြီးအကဲတုလီ၏ လက်ထဲမှ သွေးဓားသည် ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
"ဖူး"
အကြီးအကဲတုလီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
သူ၏ တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲတွင် လွင့်ထွက်သွားခဲ့သည်။
အခန်း(၁၄၃၇) ပြီး၏။