အခန်း (၁၄၃၈-၁၄၄၀)
Vol. 96 Ch. 1438-1440
အခန်း(၁၄၃၈)
"ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန်းချန်က အကြီးအကဲတုလီကို လျှပ်တစ်ပြက်အတွင်း အလဲထိုးလိုက်ချိန်တွင် စန်းယုချန်သည် တဲထဲမှ ထွက်လာခဲ့သည်။
သူက သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ထိတ်လန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် အကြီးအကဲ တုလီသည် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ နာမည်ကျော် အကြီးအကဲ တစ်ဦးဖြစ်ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ ဖြစ်သောကြောင့်ပင်။
သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူ့ကို အနိုင်ယူနိုင်သည့်သူ သိပ်မရှိပေ။
သို့သော် သူ့ရှေ့မှ ကျန်းချန်ကမူ အကြီးအကဲ တုလီကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။
ဤသို့သော ခွန်အားသည် သာမန် ခွန်အားမျိုး မဟုတ်ချေ။
စန်းယုချန်၏ အနောက်မှ ကူအန်သည်လည်း တိုက်ပွဲ အခြေအနေကို မြင်လျှင် စကားပင်မပြောနိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။
တုလီသည် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးမှာပင် ထိပ်တန်းအဆင့်ရှိသည့် ကျင့်ကြံသူ ဖြစ်၏။
ဤကဲ့သို့ အလွန်အစွမ်းထက်သည့် တုလီကို ကျန်းချန်က လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်ခဲ့သည်။
ကူအန်သည် ကျန်းချန်၏ ခွန်အားကို တစ်ကြိမ်ထက်မက မြင်ဖူးသော်လည်း ကျန်းချန်က သွေးစွန့်ပစ်နယ်မြေမှ ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်သာ စန်းယွင်မျိုးနွယ်စုကို စော်ကားခဲ့လျှင် သွေးစွန့်ပစ်နယ်မြေတွင် ခြေကုပ်ယူရန် ခက်ခဲလိမ့်မည်ဟု သူအရင်က အနည်းငယ် စိုးရိမ်ခဲ့ဖူးသည်။
ယခုမူ စန်းယွင်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုပင် ကျန်းချန်ကို အလွယ်တကူ ဖိနှိပ်နိုင်မည် မဟုတ်ဟု ထင်ရ၏။
"ဘယ်လိုဖြစ်ပြီး ဒီကောင်လေးရဲ့ခွန်အားက ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
အကြီးအကဲ တုလီသည် ဆယ်ပေကျော် အကွာအဝေးသို့ အရှက်တကွဲ လွင့်စင်သွားခဲ့ပြီးမှ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
သူက သူ့ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်ရင်း ကျန်းချန်ကို ကြည့်နေခဲ့၏။
သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သူသိရှိထားသော်လည်း ဤမျှအထိ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့လို နတ်သန္ဓေအင်ပါယာ နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံငူပင် ကျန်းချန်၏ လက်ညှိုးတစ်ချောင်းကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ဆိုရလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် သူ့ကို ဤမျှအထိ အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ချေ။
"အားလုံးအတူတူ ပူးပေါင်းပြီး သူ့ကို သတ်ရအောင်"
သူ့ကိုယ်သူ ကျန်းချန်၏ ပြိုင်ဘက် မဟုတ်မှန်း သိသည်နှင့် အကြီးအကဲ တုလီသည် သူ၏ အနောက်မှ ကျင့်ကြံသူ နှစ်ဦးကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
တစ်ခဏအတွင်းမှာပင် သွေးတိမ်တိုက်များသည် ကောင်းကင်ယံတွင် လှိမ့်တက်လာပြီး ယန်ရှန်မျိုးနွယ်စု တစ်ခုလုံးကို ရင်သပ်ရှုမောဖွယ် သွေးအလင်းများဖြင့် ဖုံးအုပ်သွားခဲ့သည်။
အကြီးအကဲတုလီတို့ သုံးဦးသည် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအားများဖြင့် အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ကာ တစ်ချိန်တည်းမှာပင် ကျန်းချန်ကို တိုက်ခိုက်ခဲ့ကြသည်။
အင်အားကြီးမားသော ကျင့်ကြံသူ သုံးဦး၏ ပေါင်းစပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့သည်။
"ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့သည်။
သူက လက်ဖဝါးကို ဖြည်းဖြည်းချင်းဆန့်ထုတ်ကာ ညင်သာစွာ လှုပ်ရှားလိုက်သည်။
ထိုအခါ အကြီးအကဲတုလီတို့ သုံးဦး၏ ပုံရိပ်များသည် ရုတ်တရက်ကြီး လေထဲတွင် ရပ်တန့်သွားခဲ့သည်။
လေထဲတွင် ရပ်တန့်စေသည့် နေရာလွတ် စွမ်းအားကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်သည် အကြီးအကဲတုလီတို့ သုံးဦး၏ ထိတ်လန့်တကြား အမူအရာများကို လျစ်လျူရှုကာ လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သည်။
ဓားစွမ်းအင်သုံးခုသည် လေထုကို တိုက်ရိုက် ထိုးဖောက်လာခဲ့ပြီး အကြီးအကဲတုလီတို့ဆီ ရောက်ရှိလာခဲ့၏။
ပြင်းထန်သည့် ဓားစွမ်းအင်သည် ရပ်တန့်နေသည့် အကြီးအကဲ တုလီတို့ သုံးဦးကို တစ်ခဏအတွင်းမှာပင် သက်ရောက်သွားခဲ့သည်။
စွမ်းရည်နိမ့်သည့် နတ်သန္ဓေအင်ပါယာ နယ်ပယ် ကျင့်ကြံသူ နှစ်ဦးသည် မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ခဲ့ဘဲ ပြင်းထန်သည့် ဓားစွမ်းအင်ဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေသည့် အကြီးအကဲတုလီကမူ နောက်ဆုံးအခိုက်အတန့်တွင် နေရာလွတ်ဥပဒေသ၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ခဲ့ပြီး သူ့အသက်ကို မသေရုံတစ်မယ် ကယ်တင်နိုင်ခဲ့သည်။
အကြီးအကဲ တုလီသည် ကျန်းချန်၏ ဓားစွမ်းအင်အောက်တွင် အသက် မသေခဲ့သည့်တိုင် ကြီးမားသည့် အဖိုးအခကို ပေးဆပ်ခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ပြင်းထန်သော ဓားစွမ်းအင် သက်ရောက်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးစွန်းနေသည့် လူတစ်ယောက်နှင့်ပင် တူနေခဲ့၏။
စန်းယုချန်က ကောင်းကင်ယံမှ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကိုကြည့်ပြီး တစ်ကိုယ်လုံး ကျောက်ရုပ်ကဲ့သို့ ဖြစ်နေခဲ့ကာ အံ့အားသင့်မှုကနေ အချိန်အတော်ကြာ သတိပြန်ဝင်မလာခဲ့ပေ။
ကျန်းချန်ကို တိုက်ခိုက်ရန်အတွက် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ သုံးဦး ပူးပေါင်းခဲ့ပြီး ထိုအထဲမှ တစ်ဦးသည် နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့် ဖြစ်သည့်တိုင် ကျန်းချန်သည် လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် အနိုင်ယူနိုင်ခဲ့သည်။
ဤကောင်လေး၏ ခွန်အားသည် မည်သည့်အဆင့်သို့ပင် ရောက်ရှိနေပါသနည်း။
"ကျန်း... ကျန်းချန်.. မင်း.. မင်း ငါ့ကို သတ်လို့မရဘူး. ငါက သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ အကြီးအကဲပဲ.. မင်းငါ့ကို သတ်ရင် ဒီနေ့ကစပြီး ငါတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုက မင်းကို အလွှတ်ပေးမှာ မဟုတ်တော့ဘူး"
အကြီးအကဲတုလီသည် တုန်ယင်နေသည့် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်၌ ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
သွေးစွန့်ပစ်နယ်မြေတွင် အကြီးအကဲ တုလီသည် သူ၏ ပြိုင်ဘက်များကို ဆယ်စုနှစ်များစွာ အနိုင်ယူနိုင်ခဲ့သည်။
ဆိုရလျှင် သွေးစွန့်ပစ်နယ်မြေမှ လူသားမျိုးနွယ်စု တစ်ခုလုံးမှာပင် သူ့ကို ခြိမ်းခြောက်နိုင်သည့်သူသည် လက်ချိုးရေတွက်၍ပင် ရ၏။
ထိုကြောင့်လည်း ယန်ရှန်မျိုးနွယ်စု ဖျက်ဆီးခံလိုက်ရသည်ကို သိလိုက်ရသည်နှင့် သူ၏ လူများကို ခေါ်ကာ ယုံကြည်မှု အပြည့်ဖြင့် ရောက်လာခဲ့ခြင်းပင်။
မူလက သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ကျန်းချန်ကို ရှင်းလင်းရန်မှာ လက်လှမ်းမီသည့် ကိစ္စတစ်ခုဟု သူထင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်ဟု ခေါ်သည့် လူငယ်လေးသည် ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူတို့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် သုံးဦး ပူးပေါင်းခဲ့သည့်တိုင် ပြန်လည် တိုက်ခိုက်နိုင်သည့် အခြေအနေပင် မရှိခဲ့ပေ။
ဤကောင်လေးသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်လောက်၏။
သူတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ ခေါင်းဆောင်ထက်ပင် အနည်းငယ်မျှ နိမ့်ကျပုံမရပေ။
"မစိုးရိမ်ပါနဲ့.. ငါ မင်းကို မသတ်ပါဘူး"
ကျန်းချန်က အကြီးအကဲတုလီကို ထီမထင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ မောက်မာသော အသံသည် လေထဲတွင် ချက်ချင်းပဲ့တင်ထပ်သွားခဲ့၏။
"သွေးဝိညာဉ်မျိုးနွယ်စု အားလုံးကို ခေါ်လာပြီး ငါ့ဆီမှာ အညံ့ခံရမယ်လို့ မင်းတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို ပြောလိုက်ပါ"
"ဒီနေ့ကစပြီး ဒီသွေးစွန့်ပစ်နယ်မြေကို ငါ ကျန်းချန်ကပဲ အုပ်ချုပ်မယ်.. လိုက်နာမှုမရှိရင် အသတ်ခံရမယ်"
အကြီးအကဲတုလီသည် ကျန်းချန်၏ စကားများကို ကြားလျှင် တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းဝံ့ဘဲ အဝေးသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ကူအန်နှင့် ယန်ရှန် မျိုးနွယ်စုထဲမှ လူသား ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြသည်။
"သွေးစွန့်ပစ်နယ်မြေကို ကျန်းချန်က အုပ်ချုပ်မယ်"
ဤသည်က ကျန်းချန်ထံတွင် သွေးစွန့်ပစ်နယ်မြေကို ပေါင်းစည်းဖို့ ရည်မှန်းချက် ရှိသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
သူတို့သာ ကျန်းချန်၏ ခေါင်းဆောင်မှုအောက်တွင် သွေးစွန့်ပစ်နယ်မြေကို အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့လျှင် ထိုလုပ်ရပ်သည် အရင်က မည်သူမှမလုပ်နိုင်ခဲ့သည့် အောင်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာ၏။
"ဟမ့်.. သွေးစွန့်ပစ်နယ်မြေကို မင်းက အုပ်ချုပ်မယ် ဟုတ်လား.. မင်းက လေလုံးထွားလှချည်လား.. သွေးစွန့်ပစ်နယ်မြေကို ပေါင်းစည်းဖို့ လွယ်မယ်များ မှတ်နေလား"
စန်းယုချန်က လှောင်ပြောင်လိုက်သည်။
သွေးစွန့်ပစ်နယ်မြေတွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဉ်မျိုးနွယ်စုတို့သည် နှစ်ပေါင်းထောင်ချီ တိုက်ခိုက်ခဲ့ကြ၏။
သွေးစွန့်ပစ်နယ်မြေတွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဉ်မျိုးနွယ်စု နှစ်ခုလုံးကို ပေါင်းစည်းချင်သည့် ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ဦး ထွက်ပေါ်ခဲ့ဖူးသော်လည်း အဆုံးသတ်တွင် ကျရှုံးခဲ့ရသည်။
ဆိုရလျှင် ဤကောင်လေးတွင် သွေးစွန့်ပစ်နယ်မြေကို ပေါင်းစည်းနိုင်သော စွမ်းရည်ရှိသည်ဟု စန်းယုချန် အမှန်တကယ် မယုံကြည်ခဲ့ပေ။
"ငါရှိနေပြီဖြစ်လို့ ဒီသွေးစွန့်ပစ်နယ်မြေထဲမှာ မျိုးနွယ်စုအားလုံး ရှိနေဖို့ မလိုတော့ဘူး"
ကျန်းချန်က စန်းယုချန်ကို ထီမထင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းပြန်သွားပြီး မင်းရဲ့ ခေါင်းဆောင်ကို ပြောလိုက်.. လူသားမျိုးနွယ်စုက ဖြစ်တဲ့အတွက် ငါသူ့ကို အချိန်တစ်လ ပေးလိုက်မယ်.. ဒီတစ်လအတွင်း မျိုးနွယ်စုအားလုံးကို ခေါ်ပြီး ငါ့ဆီ လာအညံ့ခံရမယ်.. မဟုတ်ရင်တော့ ငါ့ကို အညှာအတာကင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
"မင်းရဲ့ စကားတွေကို ခေါင်းဆောင်ကို ပြောလိုက်ပါ့မယ်.. ဒီစကားတွေ အတွက် မင်းနောင်တမရဖို့တော့ ငါမျှော်လင့်တယ်"
စန်းယုချန်က အေးစက်စက် ပြောလိုက်ပြီး ယန်ရှန်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၄၃၈) ပြီး၏
အခန်း(၁၄၃၉)
"ကျန်းချန်.. ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး စန်းယွင်မျိုးနွယ်စုနဲ့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုတို့က လက်လျှော့လိမ့်မယ်လို့ မထင်ဘူး.. မင်းတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ဖို့ တကယ်ပဲ စီစဉ်ထားတာလား"
ကူအန်သည် လေထဲမှ ဆင်းသက်လာသော ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ ဇရာထင်နေသော မျက်လုံးထဲတွင် စိုးရိမ်သည့်အကြည့်တစ်ခု ပေါ်လာခဲ့သည်။
ကျန်းချန်၏ ခွန်အားက အလွန်အမင်း အစွမ်းထက်သော်လည်း စန်းယွင် မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုတို့သည် သွေးစွန့်ပစ်နယ်မြေတွင် နှစ်ပေါင်းထောင်ချီကြာ တည်ရှိခဲ့သည့် အစွမ်းထက် မျိုးနွယ်စုများ ဖြစ်ပြီး အစွမ်းထက် ကျင့်ကြံသူများမှာ တိမ်တိုက်များ ကဲ့သို့ပင် များပြားသည်။
ထိုမျှသာမက ထိုမျိုးနွယ်စု နှစ်ခုလုံးသည် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဉ်မျိုးနွယ်စု တို့တွင် ဂုဏ်သတင်းလည်း ကြီးမားကြ၏။
မျိုးနွယ်စု နှစ်ခုလုံးက အမိန့်ပေးလိုက်သည်နှင့် သွေးစွန့်ပစ်နယ်မြေတစ်ခုလုံးမှ မျိုးနွယ်စုများသည် တုံ့ပြန်ကြလိမ့်မည် ဖြစ်သည်။
ဤအချိန်တွင် သူတို့သည် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံး၏ ရန်သူများ ဖြစ်သွားပေလိမ့်မည်။
လက်နှစ်ဖက်က လက်လေးဖက်ကို အနိုင်ယူရန် ခက်ခဲသည် ဟူသောစကားပုံကဲ့သို့ပင် ကျန်းချန်သည် ဤအခြေအနေကို အမှန်တကယ် ကိုင်တွယ်နိုင်ပါမည်လော။
"ဟုတ်တယ်.. ကျွန်တော်က သူတို့ကို တစ်နေရာတည်းမှာ စုစည်းပြီး သွေးစွန့်ပစ်နယ်မြေရဲ့ ပြဿနာတွေကို တစ်ထိုင်တည်း ဖြေရှင်းချင်တယ်"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့.. ဒါက သွေးစွန့်ပစ်နယ်မြေလေးပါပဲ.. သူတို့အားလုံးရဲ့ ခွန်အားတွေကို စုစည်းလိုက်ရင်တောင်မှ ကျွန်တော့်ကို ဘာမှ မလုပ်နိုင်ပါဘူး"
စန်းယွင်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုတို့က သွေးစွန့်ပစ်နယ်မြေ၏ ခွန်အားများကို စုစည်းပြီး လာရောက်ရန် အနည်းဆုံး တစ်လ ကြာပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူသည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနေလောက်ပေပြီ။
ထိုအခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်နှင့် ကျန်းချန်သည် သွေးစွန့်ပစ်နယ်မြေမှ မျိုးနွယ်စုများကို ဂရုစိုက်စရာမလိုအပ်တော့ပေ။
တစ်လအကြာတွင် စန်းယွင်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူမျိုးနွယ်စုတို့က သွေးစွန့်ပစ်နယ်မြေမှ မျိုးနွယ်စုများစွာကို စုစည်း၍ ရောက်လာခဲ့လျှင် သူသည် ဤအခြေအနေကို အသုံးချကာ သွေးစွန့်ပစ်နယ်မြေကို ပေါင်းစည်းမည် ဖြစ်သည်။
အကယ်၍ ရောက်မလာခဲ့လျှင်လည်း သူကိုယ်တိုင် စန်းယွင်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုတို့ဆီသို့ သွားရောက်ရမည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ သူက သွေးစွန့်ပစ် နယ်မြေကို ထိန်းချုပ်ပြီး အင်အားစု တစ်ခု တည်ထောင်၍ သူ့ဖခင် ဦးဆောင်သည့် လူသားမျိုးနွယ်စုနှင့် ပူးပေါင်းကာ သွေးဝိညာဉ် မျိုးနွယ်စုကို အပြည့်အဝ ဖိနှိပ်ရန် စီစဥ်ထားခဲ့သည်။
ထိုအတွေးများ လျှပ်တစ်ပြက် ပေါ်လာပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ကူဖုန်းအာဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။
သူက ကူဖုန်းအာကို ပြုံး၍ ပြောလိုက်သည်။
"ဖုန်းအာ.. မင်း ကျင့်ကြံသူ တစ်ဦး ဖြစ်ချင်လား"
"ကျွန်မ.. ကျွန်မလည်း အကို့လို ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်လား"
ကျန်းချန်၏ စကားများကိုကြားလျှင် ကူဖုန်းအာ၏ စူးရှသောမျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ လင်းလက်သွားခဲ့သည်။
တောတွင်းဥပဒေသ စိုးမိုးသော ဤကမ္ဘာတွင် ကူဖုန်းအာသည် သူမ၏ ပတ်ဝန်းကျင်မှလူများကို ဘေးအန္တရာယ်မှ ကာကွယ်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူ တစ်ဦးဖြစ်လာရန် ဆန္ဒရှိခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ကူဖုန်းအာသည် ကူအန်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံသူ တစ်ဦး ဖြစ်လာရန် ကြိုးစားခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။
သူမက ဆန်းကြယ်သော သွေးကြောဖြင့် မွေးဖွားလာနိုင်ဖွယ် ရှိပြီး ကျင့်ကြံရန် လုံးဝ မသင့်တော်ကြောင်း ကူအန်က ပြောခဲ့သည်။
ကူဖုန်းအာသည် နောက်ဆုံးတွင် ကျင့်ကြံခြင်းကို စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ရတော့၏။
ကူအန်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
"ကျန်းချန်.. ငါ ဖုန်းအာကို အရင်က သင်ပြခဲ့ဖူးတယ်.. ဒါပေမယ့် သူမက ထူးခြားတဲ့ သွေးကြောနဲ့ မွေးဖွားလာတာကြောင့် ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ဖို့ မသင့်တော်ပုံရတယ်"
"ဟားဟား.. ဖုန်းအာက သာမန် သွေးကြောနဲ့ မွေးဖွားလာတာမဟုတ်ဘူး.. ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ နတ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာပါ.. ပြောရရင် အဘိုးက ဖုန်းအာရဲ့ နတ်ခန္ဓာကိုယ်ကို ဘယ်လိုနိုးထအောင် လုပ်ရမလဲ မသိလို့ ဖုန်းအားကို ကျင့်ကြံလို့မရဘူး ထင်သွားတာပဲ"
"သူမသာ ဆန္ဒရှိရင် ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ဦး ဖြစ်လာမှာ သေချာပါတယ်"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်သည် နတ်ဘုရားနယ်မြေတွင် အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ပြီး အနာဂတ်တွင် နတ်ဘုရားနယ်မြေကို လွှမ်းမိုးမည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူပင် ဖြစ်လာနိုင်စွမ်း ရှိသည်။
စွမ်းရည်အကြောင်းပြောရလျှင် ဤရွှယ်လင်တိုက်ကို အသာထား၊ စကြာဝဠာရှိ ဂြိုဟ်အားလုံးကို ကြည့်လိုက်လျှင်ပင် သူမ၏ ခန္ဓာကိုယ်နှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိ၏။
"အစ်ကိုကျန်းချန်.. ကျွန်မ ကျင့်ကြံသူ တစ်ဦး ဖြစ်ချင်ပါတယ်"
ကျန်းချန်၏ စကားများကို ကြားလျှင် ကူဖုန်းအာ၏ မျက်နှာလေးတွင် အခိုင်အမာ ဆုံးဖြတ်ထားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ကောင်းပြီ.. ဒါဆို ငါ့နောက်ကိုလိုက်ခဲ့"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူနေထိုင်ရာ တဲဆီသို့ ကူဖုန်းအာကို ဦးဆောင်၍ ခေါ်သွားခဲ့သည်။
တဲထဲရှိ အခန်းသို့ ပြန်ရောက်သောအခါ ကျန်းချန်သည် ကူဖုန်းအာကို သူ့ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ဆန်းကြယ်သော စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ကူဖုန်းအာ၏ နတ်ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သုံးရက်အကြာတွင် မီးလျှံကဲ့သို့ ရင်သပ်ရှုမောဖွယ် တောက်ပသော အလင်းသည် ကျန်းချန်၏ အခန်းထဲကနေ ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ယန်ရှန်မျိုးနွယ်စု၏ အထက်တွင် ဧရာမ ဖီးနစ်ပုံရိပ်ယောင် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဖီးနစ်ပုံရိပ်ယောင် ထွက်ပေါ်လာပြီးနောက်တွင် ပုံမှန်မဟုတ်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ယန်ရှန်မျိုးနွယ်စု တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ထိုဖိအားသည် ယန်ရှန်မျိုးနွယ်စုမှ ကျင့်ကြံသူ များစွာကို ဒူးထောက်၍ ကိုးကွယ်ချင်စိတ် ပေါက်လာစေ၏။
ခဏအကြာတွင် ဖီးနစ်ပုံရိပ်ယောင်သည် ယန်ရှန်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ရှေ့ရှိ ကူဖုန်းအာ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။
ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်.. ချီကာကွယ်ရေး အဆင့်.. မူလဘူတအဆင့်.. သဘာဝစွမ်းအားဖွင့်ခြင်းအဆင့်.. စွမ်းအင် သိပ်သည်းခြင်းအဆင့်.. သိုင်းသခင်အဆင့်.. နတ်ဝိညာဥ်ဘုရင်အဆင့်။
၁၅မိနစ်ခန့် အချိန်အတွင်း ကူဖုန်းအာ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် နတ်ဝိညာဉ်ဘုရင်အဆင့်ထိ တစ်ဟုန်ထိုး တိုးမြင့်လာခဲ့သည်။
"ဟားဟား.. နတ်ဘုရားနယ်မြေရဲ့ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဖုန်းအာအတွက် တကယ်ကို ကံကောင်းခြင်းပဲ.. နတ်ခန္ဓာကိုယ်ကို နိုးထစေပြီးတာနဲ့ နတ်ဝိညာဉ်ဘုရင်အဆင့်ကို ချက်ချင်း ရောက်ရှိသွားခဲ့တယ်"
ကူဖုန်းအာ၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားမိလျှင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
နတ်ခန္ဓာကိုယ်ကို နိုးထစေပြီးသည်နှင့် နတ်ဝိညာဉ်ဘုရင် အဆင့် ခွန်အားကို ချက်ချင်းရရှိခြင်းသည် အနည်းငယ် လွန်လွန်းနေသည် မဟုတ်ပါလော။
ကူဖုန်းအာအတွက် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခြင်းသည် ထမင်းစားရေသောက်သလိုပင် ရိုးရှင်းလှ၏။
နတ်ဝိညာဉ်ဘုရင် အဆင့်ကို ရောက်လာသော်လည်း ကူဖုန်းအာသည် သူမ၏ ခွန်အားကို ဆက်လက် မြှင့်တင်ရန် ပတ်ဝန်းကျင်မှ အသက်စွမ်းအားများကို အရူးအမူး စုပ်ယူနေဆဲပင်။
"ဒီကောင်မလေးက အတော်လေး ရည်မှန်းချက် ကြီးမားတယ်.. သူက တစ်ထိုင်တည်းနဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ် အဆင့်အထိ ထိုးဖောက်ချင်ပုံပဲ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကူဖုန်းအာကို လျစ်လျူရှုကာ နောက်ထပ် အခန်းတစ်ခန်းထဲသို့ ဝင်သွားပြီး ကျင့်ကြံနေခဲ့သည်။
---------------
ကျန်းချန်က ကူဖုန်းအာ၏ ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို နိုးထစေပြီးနောက်တွင် သူ၏ ဒဏ်ရာများကို ဆက်လက် ကုသနေစဥ် သွေးစွန့်ပစ် နယ်မြေတစ်ခုလုံးသည် ကျန်းချန်ကြောင့် တစ်ဖန် တုန်လှုပ်သွားရပြန်သည်။
လူသားမျိုးနွယ်စုဖြစ်စေ၊ သွေးဝိညာဉ်မျိုးနွယ်စုဖြစ်စေ ကျန်းချန်က သွေးစွန့်ပစ်နယ်မြေကို အုပ်ချုပ်လိုပြီး သွေးစွန့်ပစ်နယ်မြေကို ပေါင်းစည်းရန်ဆန္ဒ ရှိသည် ဟူသော သတင်းကို လက်ခံ ရရှိခဲ့ကြသည်။
--------------
စန်းယွင်မျိုးနွယ်စု။
စန်းယွင်မျိုးနွယ်စုမှ အကြီးအကဲများစွာသည် ဒေါသထွက်နေကြသည်။
စန်းယွင်မျိုးနွယ်စု ခေါင်ဆောင် စန်းယွမ်လုံ၏ မျက်နှာထက်မှာပင် ဒေါသ အမူအရာ ရှိနေခဲ့သည်။
"ဟမ့်.. ကျန်းချန်က အတော်ရိုင်းစိုင်းတာပဲ.. လူသားမျိုးနွယ်စုခေါင်းဆောင်တွေ အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်.. ငါ့နောက်ကို လိုက်ခဲ့ပြီး ယန်ရှန်မျိုးနွယ်စုဆီကို စစ်ချီကြမယ်.. ငါ့ကို အညံ့ခံခိုင်းရအောင် သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလဲဆိုတာ ငါကြည့်ချင်သေးတယ်"
----------------
သွေးသတ်ဖြတ်သူမျိုးနွယ်စု။
ခေါင်းဆောင် တုဝမ်လီသည် အလွန်အမင်း ဒေါသထွက်နေခဲ့၏။
"လူသားမျိုးနွယ်စုက မလောက်လေးမလောက်စား ကောင်လေးတစ်ယောက်က ငါ့ရဲ့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုထဲက ကျင့်ကြံသူတွေကို သတ်ရဲတယ်.. ဒါက ငါတို့ သွေးသတ်ဖြတ်သူမျိုးနွယ်စုကို သောက်ရေးမစိုက်တဲ့သဘောပဲ"
"သွေးဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်.. ငါကိုယ်တိုင် ဒီကောင့်ကို ဖျက်ဆီးပစ်မယ်"
တစ်ချိန်တည်းတွင် လူသားမျိုးနွယ်စု၏ စန်းယွင်မျိုးနွယ်စုဖြစ်စေ၊ သွေးဝိညာဉ်မျိုးနွယ်စု၏ သွေးသတ်ဖြတ်သူမျိုးနွယ်စုဖြစ်စေ အားလုံးက ဒေါသထွက်နေကြသည်။
သွေးစွန့်ပစ်နယ်မြေကို စန်းယွင်မျိုးနွယ်စုနှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စု တို့သည် နှစ်ပေါင်းထောင်ချီ လွှမ်းမိုးထားကြ၏။
ယခု ကျန်းချန်က သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းကာ အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သည်။
ဤသည်မှာ သူတို့ မျိုးနွယ်စုနှစ်ခုကို အလေးမထားသည့်သဘော သက်ရောက်နေသည် မဟုတ်ပါလား။
စန်းယွင်မျိုးနွယ်စုသည် လူသားမျိုးနွယ်စု ခေါင်းဆောင်များစွာကို လျင်မြန်စွာ ဆင့်ခေါ်ခဲ့ပြီး သွေးသတ်ဖြတ်သူ မျိုးနွယ်စုကလည်း သွေးဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့သည်။
ထို့နောက် သူတို့က ကျန်းချန်ရှိရာ ယန်ရှန်မျိုးနွယ်စု ဆီသို့ ဦးတည်၍ ချီတက်သွားခဲ့ကြသည်။
ဤသို့ဖြင့် စန်းယွင်မျိုးနွယ်စု ဦးဆောင်သည့် လူသားမျိုးနွယ်စု မဟာမိတ်တပ်နှင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စု ဦးဆောင်သည့် သွေးဝိညာဉ်မျိုးနွယ်စု မဟာမိတ်တပ်တို့သည် ယန်ရှန်မျိုးနွယ်စုဆီသို့ ရောက်ရှိလာခဲ့၏။
အခန်း(၁၄၃၉) ပြီး၏
အခန်း(၁၄၄၀)
ယန်ရှန်မျိုးနွယ်စုနှင့် ပေတစ်ထောင် အကွာအဝေးသို့ စန်းယွင်မျိုးနွယ်စု၏ ခေါင်းဆောင် စန်းယွမ်လုံသည် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူ များစွာကို ဦးဆောင်ကာ ရှေးဦးစွာ ရောက်ရှိလာခဲ့သည်။
"ခေါင်းဆောင်.. ကျွန်တော်တို့ တစ်ခါတည်း ဝင်သွားမလား ဒါမှမဟုတ် တိုက်ခိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား"
စန်းယွင်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက တိုက်ရိုက် မေးလိုက်သည်။
"မစိုးရိမ်နဲ့.. သွေးဝိညာဉ်မျိုးနွယ်စုကို ခေါ်လာမဲ့ တုဝမ်လီကို စောင့်လိုက်ရအောင်"
"အားလုံးသိတဲ့အတိုင်းပဲ.. ကျန်းချန်က လူသားမျိုးနွယ်စုက ဖြစ်တဲ့အတွက် ငါတို့ လောနေစရာ မလိုဘူး.. ဒါကြောင့် သွေးဝိညာဉ်မျိုးနွယ်စုကိုပဲ အရင်ဆုံး တိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက်ပါ"
"နှစ်ဖက်အထိနာမှ ငါတို့က အခွင့်အရေးယူလိုက်ရုံပဲ.. ဖြစ်နိုင်ရင်တော့ အဲဒီကောင်လေး ကျန်းချန်ကို သိမ်းသွင်းဖို့ ကြိုးစားရမယ်"
စန်းယွမ်လုံ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
သူတို့ လူသားမျိုးနွယ်စုသည် သွေးဝိညာဉ် မျိုးနွယ်စုနှင့် ရင်ဆိုင်ရချိန်တွင် အမြဲတစေ အားနည်းနေခဲ့၏။
ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် အဋ္ဌမအဆင့်မှ ကျင့်ကြံသူကိုပင် အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရာ ၎င်း၏ ခွန်အားသည် အနည်းဆုံး နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေလောက်၏။
သွေးစွန့်ပစ်နယ်မြေတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သူ အနည်းငယ်သာ ရှိသည်။
ကျန်းချန်ကိုသာ သိမ်းသွင်းနိုင်ခဲ့လျှင် သူတို့ စန်းယွင်မျိုးနွယ်စု၏ ခွန်အားသည် သေချာပေါက်တိုးမြင့်လာမည် မဟုတ်ပါလား။
အကယ်၍ သူတို့က ကျန်းချန်ကို မသိမ်းသွင်းနိုင်ခဲ့လျှင်ပင် သွေးဝိညာဉ်မျိုးနွယ်စုကို ကျန်းချန်အား အရင် တိုက်ခိုက်ခွင့်ပေးခြင်းသည် သွေးဝိညာဉ်မျိုးနွယ်စု၏ ခွန်အားကို သုံးစွဲကာ ကျန်းချန်ကို အားနည်းသွားစေမည် ဖြစ်၏။
ယင်းမှာ သူတို့အတွက် အလွန်အကျိုးရှိသည့် ကိစ္စတစ်ခု ဖြစ်သည်။
စန်းယွမ်လုံတို့အဖွဲ့သည် တုဝမ်လီတို့ သွေးဝိညာဥ်မျိုးနွယ်စု အဖွဲ့ကို စောင့်ဆိုင်းနေခဲ့၏။
နာရီဝက်ခန့်အကြာတွင် တုဝမ်လီသည် သွေးဝိညာဉ် မျိုးနွယ်စုဝင် ရာချီကို ဦးဆောင်ကာ ယန်ရှန်မျိုးနွယ်စု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
"ခေါင်းဆောင်.. စန်းယွင်မျိုးနွယ်စု ခေါင်းဆောင် စန်းယွမ်လုံနဲ့ လူသားမျိုးနွယ်စုက အစွမ်းထက် ကျင့်ကြံသူတွေလည်း ရောက်နေကြပြီ.. ဘာဆက်လုပ်ကြမလဲ"
သွေးသတ်ဖြတ်သူမျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးသည် အခြားတစ်ဖက်မှ စန်းယွမ်လုံတို့ လူစုကို ကြည့်ကာ တင်ပြလိုက်သည်။
တုဝမ်လီက အေးစက်စွာ ပြုံးလိုက်၏။
"မစိုးရိမ်ပါနဲ့.. စန်းယွမ်လုံကို ခဏတော့ လွှတ်ပေးထားလိုက်ပါ.. သူတို့ကို အာရုံမစိုက်နဲ့တော့.. ငါတို့ ကျန်းချန်ဆိုတဲ့ကောင်လေးကိုပဲ အရင်ဆုံး ဖြေရှင်းကြမယ်"
တုဝမ်လီက စန်းယွမ်လုံ၏ စိတ်နှလုံးထဲတွင် မည်ကဲ့သို့ အတွေးမျိုး ရှိနေမှန်း ရိပ်မိခဲ့သည်။
သူသာ ကျင့်ကြံခြင်းတွင် အဆင့်မတက်ခဲ့လျှင် စန်းယွင်လုံနှင့် ရင်ဆိုင်ရန် အနည်းငယ် ချင့်ချိန်ရလိမ့်မည် ဖြစ်သည်။
သို့သော် မကြာမီက တုဝမ်လီသည် အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်အောင်မြင်ခဲ့ရာ စန်းယွမ်လုံနှင့် အခြားလူသားမျိုးနွယ်စုများကို ဂရုစိုက်စရာ မလိုအပ်တော့ပေ။
ကျန်းချန် ထွက်ပေါ်မလာခင်က တုဝမ်လီသည် လူသားမျိုးနွယ်စုကို စတင်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ပြီး လူသားမျိုးနွယ်စုကို တစ်ချက်တည်း ဖြိုခွဲကာ သွေးစွန့်ပစ်နယ်မြေ၏ အရှင်သခင် ဖြစ်လာရန် အစီအစဥ် ရှိခဲ့သည်။
ယန်ရှန်မျိုးနွယ်စုက ကူအန်တို့ လူသားမျိုးနွယ်စုကို ဖျက်ဆီးလိုက်ခြင်းသည် တူဝမ်လီ၏ အစီအစဉ်အစ ဖြစ်သည်။
သို့သော်လည်း သူ၏ အစီအစဉ် စတင်နေချိန်မှာပင် သွေးစွန့်ပစ်နယ်မြေတွင် ကျန်းချန်ကဲ့သို့ အစွမ်းထက် လူသားတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး ယန်ရှန် မျိုးနွယ်စုကို ဖျက်ဆီးပစ်လိမ့်မည်ဟု တုဝမ်လီ မမျှော်လင့်ထားခဲ့ပေ။
အကြီးအကဲတုလီ ဦးဆောင်သည့် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ သုံးဦး သည်လည်း ကျန်းချန်၏ လက်ချက်ဖြင့် နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တုဝမ်လီ ဒေါသအထွက်ဆုံးအရာမှာ ကျန်းချန်၏ သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးကို အုပ်ချုပ်မည် ဟူသော စကားဖြစ်၏။
သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် တုဝမ်လီသည် ယခုအခါတွင် အင်ပါယာတစ်ပိုင်း နယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ချေပြီ။
သူ၏ လက်ရှိခွန်အားဖြင့် သွေးစွန့်ပစ်နယ်မြေမှ လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်ပြီး သွေးစွန့်ပစ်နယ်မြေ၏ တစ်ဦးတည်းသောဘုရင် ဖြစ်လာရန် လုံးဝ လုံလောက်၏။
ကျန်းချန်က သူတို့ သွေးဝိညာဉ်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး သွေးစွန့်ပစ်နယ်မြေတွင် သူ၏ ကြီးစိုးမှုကို အတားအဆီးတစ်ခုနှယ် ဟန့်တားနေခဲ့သည်။
ယနေ့တွင် သူသည် ဤကောင်လေးကို အဆုံးသတ်ပေးရပေမည်။
စန်းယွမ်လုံ ဦးဆောင်သည့် လူသားမျိုးနွယ်စုနှင့် ပတ်သက်၍မူ ကျန်းချန်ကို သတ်ဖြတ်ပြီး နောက်မှသာ ရင်ဆိုင်မည် ဖြစ်သည်။
သူက ဤလူများကို သူ့ခြေဖဝါးအောက်တွင် အညံ့ခံခိုင်းမည်ဖြစ်သည်။
တုဝမ်လီသည် စန်းယွမ်လုံနှင့် အခြားသူများကို လျစ်လျူရှုလိုက်ပြီး အစွမ်းထက် သွေးဝိညာဉ်မျိုးနွယ်စု ဒါဇင်ချီကို တိုက်ရိုက် ခေါ်ဆောင်ကာ ယန်ရှန်မျိုးနွယ်စု၏ တံခါးဝသို့ ရောက်လာခဲ့၏။
"ကျန်းချန်.. မင်းက ငါတူဝမ်လီရဲ့ သွေးဝိညာဉ်မျိုးနွယ်စုကို မင်းဆီမှာ အညံ့ခံဖို့ ပြောခဲ့တယ် မဟုတ်လား.. အခုငါရောက်လာပြီလေ.. မင်းဘာလို့ ထွက်မလာသေးတာလဲ"
တုဝမ်လီသည် ယန်ရှန်မျိုးနွယ်စုဘက်သို့ ကြည့်လိုက်၏။
ထိုခဏတွင် သူ၏ မျက်လုံးထဲ၌ သွေးအလင်းများ ထွက်ပေါ်လာခဲ့သည်။
သူ၏ အေးစက်စက် အသံသည် ယန်ရှန်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားခဲ့၏။
တုဝမ်လီ၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် သူတို့နှင့် ပေရာချီ အကွာအဝေးတွင် နေရာလွတ် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် သူတို့ရှေ့ရှိ လေထုထဲကနေ ထွက်ပေါ်လာခဲ့သည်။
"မင်းက ကျန်းချန်လား"
တုဝမ်လီသည် လေထဲတွင် ရုတ်တရက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်၏။
သူ၏မျက်လုံးများက အနည်းငယ် တည်ငြိမ်သွားသည်။
သူ့ရှေ့မှကောင်လေးက တကယ်ကို ကြောက်စရာကောင်းလောက်အောင် ငယ်ရွယ်သေးသည်။
ဤမျှ ငယ်ရွယ်သည့် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်မှ ကျင့်ကြံသူ တစ်ဦးသည် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးကို မပြောနှင့်ဦး၊ ရွှယ်လင်တိုက် တစ်ခုလုံးမှာပင် ရှားပါးသည့် ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်သည်။
ကျန်းချန်က လက်ပိုက်ကာ ရပ်နေခဲ့သည်။
သူသည် တူဝမ်လီကို မောက်မာသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်။
"တုဝမ်လီ.. မင်းက သွေးဝိညာဉ်မျိုးနွယ်စုကို အညံ့ခံဖို့ ခေါ်လာတာဆိုတော့ မင်းရဲ့သခင်ကို တွေ့နေတာတောင် အခုထိ ဒူးမထောက်သေးဘူးလား"
"ဟားဟား.. ကျန်းချန်.. မင်းက အရမ်းစိတ်ကူးယဉ်လွန်းနေပြီ.. မင်းက ဘာကောင်မို့လို့ ငါက မင်းကိုအညံ့ခံရမှာလဲ"
"မင်းရဲ့ကောင်းမွန်တဲ့စွမ်းရည် အတွက် ငါက မင်းကို ငါ့ရဲ့အစေခံတစ်ဦး ဖြစ်လာဖို့ အခွင့်အရေးပေးမယ်.. မဟုတ်ရင်တော့ ဒီယန်ရှန်မျိုးနွယ်စုက မင်းရဲ့သချိုင်း ဖြစ်သွားလိမ့်မယ်"
တုဝမ်လီက မထီမဲ့မြင် ရယ်မောလိုက်သည်။
"မင်းက အညံ့မခံချင်ဘူးကိုး"
ကျန်းချန်က တုဝမ်လီကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။
သူ၏ မာနကြီးသော အသံသည် ကမ္ဘာအနှံ့ ချက်ချင်းပဲ့တင်ထပ်သွားခဲ့သည်။
"ဒီသွေးစွန့်ပစ်နယ်မြေက အခုကစပြီး ငါပဲ အုပ်ချုပ်မယ်...မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ်.. အခုချိန် ဒူးထောက်ပြီး အညံ့ခံရင် နောက်မကျသေးဘူး.. သဘောမတူရင် သတ်ပစ်မယ်"
ကျန်းချန်၏ တင်စီးသော စကားများကိုကြားလျှင် တုဝမ်လီဘေးမှ သွေးဝိညာဉ်မျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူ များစွာသည် ဒေါသထွက်လာကြ၏။
ထိုခဏမှာပင် တုဝမ်လီ၏ နံဘေးရှိ ငွေရောင်ဆံပင်နှင့် ရုပ်ဆိုးဆိုး အဖိုးအို တစ်ဦးသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ တက်လာခဲ့သည်။
ထိုအဖိုးအိုက သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အကြီးအကဲချုပ် တုထျန်းကွေ့ ဖြစ်သည်။
သူက နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ဖြစ်ပြီး ခေါင်းဆောင် တုဝမ်လီ ပြီးလျှင် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၌ အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။
"လူသားကောင်လေး.. ငါတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုရဲ့ရှေ့မှာ ရိုင်းစိုင်းရဲတယ်.. မင်းက သေချင်နေတာဆိုတော့ ငါမင်းဆန္ဒကို လိုက်လျောပေးလိုက်မယ်"
တုထျန်းကွေ့သည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် တုထျန်းကွေ့သည် တစ္ဆေသရဲများ အော်ဟစ်သံများဖြင့် ဆူညံနေသည့် သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။
ထိုသွေးနယ်မြေက ပတ်ဝန်းကျင်ရှိ အပူချိန်ကို ပြင်းပြင်းထန်ထန် ကျဆင်းစေပြီး လူအများကို ကြောက်လန့်ဖွယ် ခံစားချက်များ ပေးစွမ်းခဲ့သည်။
ကျန်းချန်က လက်ညိုးမှဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်ရာ
မမြင်ရသော ဓားစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားပြီး တုထျန်းကွေ့၏ သွေးနယ်မြေကို တစ်စက္ကန့်အတွင်း ပိုင်းဖြတ်လိုက်၏။
ဓားစွမ်းအင်က သွေးနယ်မြေကို ဖြိုခွဲလိုက်ပြီးနောက်တွင် မျက်စိတစ်မှိတ်အတွင်း တုထျန်းကွေ့၏ ခန္ဓာကိုယ်ဆီသို့ ရောက်လာခဲ့သည်။
တုထျန်းကွေ့က ဘာမှ မတုံ့ပြန်နိုင်သေးမီ သူ၏ တစ်ကိုယ်လုံးသည် ထက်မြက်သော ဓားစွမ်းအင်ဖြင့် ပိုင်းဖြတ်ခံလိုက်ရ၏။
နောက်ထပ် တစ်စက္ကန့်တွင် သွေးပုံရိပ်တစ်ခုသည် တုထျန်းကွေ့၏ ပြတ်တောက်သွားသည့် ခန္ဓာကိုယ်ထဲကနေ အထိတ်တလန့် ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်က အေးအေးလူလူပင် သူ၏လက်ကို ဆန့်ထုတ်ကာ နေရာလွတ်ဥပဒေသကို ထုတ်သုံးလိုက်၏။
ထိုအခါ သွေးပုံရိပ်သည် လေထဲတွင် ရပ်တန့်သွားခဲ့ပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
ကျန်းချန်က နှစ်ကွက်ထဲဖြင့် တုထျန်းကွေ့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို သတ်ဖြတ်ခဲ့၏။
ဤသို့ဖြင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အကြီးအကဲသည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် တုဝမ်လီနှင့် အစွမ်းထက် သွေးဝိညာဉ်မျိုးနွယ်စုဝင်များ ဖြစ်စေ သို့မဟုတ် အဝေးကနေ စောင့်ကြည့်နေသည့် စန်းယွမ်လုံနှင့် အခြားသူများဖြစ်စေ အားလုံးသည် မှင်တက်ရာကနေ အချိန်အတော်ကြာ သတိပြန်မဝင်လာခဲ့ကြပေ။
အခန်း(၁၄၄၀) ပြီး၏။