ပြန်လည်ဝင်စားခြင်း
Vol. 1 Ch. 1
ချင်းရွှမ်ဂိုဏ်း။
ခေါင်းလောင်းသံများ အဆက်မပြတ် ကြားနေရပြီး မိုးကြိုးပစ်နေသကဲ့သို့ပင် ခံစားရ၏။
ထိုဆူညံသံကြောင့် ရှန်မိုတစ်ယောက် ရုတ်တရက် နိုးလာလေသည်။
သူသည် သီးခြားအခန်းငယ်တစ်ခုထဲ ရောက်နေသည်ကို တွေ့ရ၏။
ရင်ဘက်၌လည်း နာကျင်မှုကို ခံစားရသည်။
ပါးစပ်နားကို သုတ်ကြည့်လိုက်သောအခါ ခြောက်ကပ်နေသော သွေးစအချို့ကို စမ်းမိသွားသည်။
“ငါ ဘယ်မှာလဲ…”
ရှန်မို ထပ်မစဉ်းစားနိုင်မီ မရင်းနှီးသော မှတ်ဉာဏ်အချို့ တိုးဝင်လာလေ၏။
သူ ခဏခေါင်းကိုက်သွားပြီးနောက် သဘောပေါက်သွား၏။
“ငါ တကယ်ပဲ တခြားလောကကို ပြန်ဝင်စားလာတာပဲ”
ယခု ခန္ဓာကိုယ်မှာလည်း ရှန်မိုဟု အမည်ရသူဖြစ်ပြီး ချင်ရှန်မြို့၌ မွေးဖွားကာ အသက် (၁၂) နှစ်အရွယ်တည်းက ချင်းရွှမ်ဂိုဏ်းထဲ ဝင်ရောက်ခဲ့လေသည်။
အစပိုင်းတွင်တော့ ထူးချွန်သော အရည်အချင်းရှိသည့် လူငယ်လေးဖြစ်ပြီး အသက် (၁၆) နှစ်၌ ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့်သို့ ရောက်ရှိကာ တစ်နှစ်အတွင်း ချီစုစည်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့၏။
ထို့ကြောင့် သူ့ဂုဏ်သတင်းမှာ ချင်းရွှမ်ဂိုဏ်းအတွင်း ထိပ်တန်း အပြင်ဂိုဏ်းတပည့်အဖြစ် မွှေးပျံ့လျက် အာရုံစိုက်ခံရလေသည်။
ဂိုဏ်း၏ စည်းမျဉ်းများအရ ချီစုစည်းခြင်းအဆင့် ရောက်သည့် ထိပ်တန်း အပြင်ဂိုဏ်းတပည့် (၃) ဦးမှာ အတွင်းဂိုဏ်းတပည့်များကို စိန်ခေါ်နိုင်၏။ ထိုပွဲတံင် အနိုင်ရရှိပါက အတွင်းဂိုဏ်းတပည့်ဟူသော ဂုဏ်ကို ရရှိပေမည်။
သို့သော် ထိုစိန်ခေါ်ပွဲမတိုင်မီ (၃) ရက်တွင် သူ့ကျင့်ကြံမှုများ လျော့ကျ၍ ခန္ဓာကိုယ်ထိန်းညှိခြင်း အစပိုင်းအဆင့်သို့ ရောက်ရှိသွား၏။
ထိုအဖြစ်အပျက်ကို အကြီးအကဲတစ်ဦးမှ သတိထားမိပြီး စစ်ဆေးကြည့်သောအခါ ရှန်မိုသည် သွေးကျဲအဆိပ်မိခြင်းဟု ကောက်ချက်ချနိုင်ပြီး ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် (၄) နှစ်တာနှင့် ချီစုစည်းခြင်းအဆင့် (၁) နှစ် အချိန်များအားလုံး အလဟဿ ဖြစ်သွားရတော့သည်။
ထိုသွေးကျဲအဆိပ်သည် သူ့စိတ်ဝိညာဉ်အခြေခံကိုလည်း သွယ်ဝိုက်သောအားဖြင့် ပျက်စီးစေသောကြောင့် အထူးအင်အားကြီးဆေးသာ မရှိလျှင် အလွန်ဆုံး ခန္ဓာကိုယ်ထိန်းညှိခြင်း၏ အမြင့်ဆုံးအဆင့်အထိသာ ရောက်နိုင်ပြီး ချီစုစည်းခြင်းအဆင့်ပင် ကူးနိုင်တော့မည် မဟုတ်ချေ။
အကြီးအကဲမှာ ထိထိရောက်ရောက် စစ်ဆေး ရှာဖွေခဲ့သော်လည်း တရားခံ ရှာမတွေ့ခဲ့ပေ။
တစ်နှစ်ကြာသွားပြီးနောက် ထိုကိစ္စလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
အသုံးမဝင်သည့်လူတစ်ယောက် အကြောင်းကို မည်သူမျှ အချိန်ကုန်ခံ၍ ဂရုစိုက်မည်မဟုတ်။
သူကတော့ ဘယ်တော့မှ ပြန်လည် အင်အားကြီးနိုင်တော့မည် မဟုတ်ပေ။
ပိုဆိုးသည်မှာ အပြင်ဂိုဏ်းတပည့်များသည် နောက်ဆုံးအဆင့် ထုတ်ပယ်ခြင်းစနစ်ကို ရင်ဆိုင်နေရသည်။
ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့်မှာ အစပိုင်း၊ အောင်မြင်မှုငယ်၊ အောင်မြင်မှုကြီး၊ ပြီးပြည့်စုံခြင်း၊ ထိပ်ဆုံးဟူ၍ ခွဲခြားထား၏။
တစ်နှစ်အတွင်း ခန္ဓာကိုယ်ထိန်းညှိခြင်း အစပိုင်းအဆင့်မှ အောင်မြင်မှုငယ်သို့ မတိုးတက်နိုင်လျှင် ကျင့်ကြံမှုအရည်အချင်းမရှိဟု သတ်မှတ်ကာ တပည့်အဖြစ်မှ ထုတ်ပယ်၍ တောင်ခြေသို့ ပို့ခံရပေမည်။
သူ့အရင်လူလည်း ထိုအခြေအနေကို အတော်လေး စိုးရိမ်နေ၏။
သို့သော် မနေ့ကတင် နှလုံးသွေးဖောက်၍ ရုတ်တရက် ဆုံးသွားပြီး ထိုအချိန်တွင် ရှန်မိုတစ်ယောက် ယခုခန္ဓာကိုယ်ထဲ ဝင်စားလာခြင်း ဖြစ်သည်။
“ရက်စက်လိုက်တာ…”
ရှန်မို စိတ်မသက်မသာဖြင့်
“အခုတော့ အပြင်ဂိုဏ်းတပည့် စစ်ဆေးရေးစဖို့ (၂) လပဲ ကျန်တော့တာကို။ ခန္ဓာကိုယ်ထိန်းညှိခြင်း အစပိုင်းအဆင့်တက်ဖို့က တော်တော် ခက်မှာပဲ”
“နောက်ဆုံးတော့ ဂိုဏ်းက အထုတ်ခံရပြီး တောင်ခြေ ရောက်တော့မယ်”
“လိုတဲ့အချိန်ဆိုရမယ့် ရွှေလက်ညှိုးဆိုတာ ဘယ်မှာလဲ။ အဘိုးရယ် ကယ်ပါဦး”
သူ စိတ်ထဲမှ တမ်းတနေသော်လည်း သူ့အဘိုးထံမှ တုံ့ပြန်မှု မရှိပေ။
ထိုအစား စနစ်မျက်နှာပြင်တစ်ခုကို တွေ့ရ၏။
[အမည်: ရှန်မို]
[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အစပိုင်း]
[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ သာမာန်ကံ]
[အနာဂတ်: ယခုမှစ၍ နောက် (၂) လတွင် အပြင်ဂိုဏ်း တပည့်စစ်ဆေးခြင်း ကျရှုံး၍ တောင်ခြေသို့ မောင်းထုတ်ခံရမည်။ အိမ်ပြန်လမ်းတွင် အရည်အချင်းရှိ ကျင့်ကြံသူနှင့်ဆုံ၍ ချောက်ကမ်းပါးမှ ပြုတ်ကျကာ သေဆုံးမည်]
[လတ်တလော အခွင့်အရေး: မရှိ]
ရှန်မို ဖတ်ကြည့်ရင်း သက်ပြင်းချမိ၏။
ကံကြမ္မာကလည်း ကြမ်းတမ်းလိုက်တာ။
ထို့နောက် စနစ်ကို သေချာ ပြန်ကြည့်မိ၏။
[ဆေးဆရာ၏သား: အဖြူရောင်ကြမ္မာ။
ချင်ရှန်မြို့၏ ဆေးဆရာမိသားစုတွင် မွေးဖွားကာ မျိုးဆက် (၃) ခုလုံး အခြားသူများကို ကုသပေးခဲ့ပြီး သင်လည်း အခြားသူများကို ကူညီ၍ အပင်ပန်းခံနိုင်သော သဘာဝကို အမွေရရှိပါသည်။]
[မွေးရာပါ ဉာဏ်ရည်: အပြာရောင်ကြမ္မာ။ နားလည်နိုင်စွမ်းမြင့်ပြီး ထို့ကြောင့် ကျင့်ကြံမှုနှင့် သိုင်းပညာတို့တွင် အလွယ်တကူ သဘောပေါက်ကာ အမြင်သစ်များ ရရှိတတ်ပါသည်။]
[ဓားတာအို ကျွမ်းကျင်မှု: အပြာရောင်ကြမ္မာ။ ဓားရေးတွင် စိတ်အားထက်သန်မှုရှိပြီး အရည်အချင်း ပြည့်မီကာ အင်အားကြီးဓားများ မွမ်းမံနိုင်မည်]
[ပုံမှန်ကံကြမ္မာ: အဖြူရောင်ကြမ္မာ။ သင့်ကံမှာ အလွန် သာမာန်ဖြစ်ပြီး လမ်းသွားရင်း ပိုက်ဆံကောက်ရသည့် ဖြစ်စဉ်မျိုး လုံးဝကြုံရမည် မဟုတ်ပေ]
ရှန်မို သေချာဖတ်ပြီးနောက် အတွေးများ ဝင်လာ၏။
ကံကြမ္မာမှာ လူတစ်ယောက်၏ဘဝကို များစွာ သက်ရောက်နေပုံ ရသည်။
ကံကြမ္မာများကို အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ လိမ္မော်၊ အနီ၊ ရွှေဟူ၍ အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ သတ်မှတ်ထားသည်။
“ငါ့ကံကြမ္မာ၊ အနာဂတ်နဲ့ အခွင့်အလမ်းတွေကို မြင်နေရတာဆိုတော့ ဒါက ငါ့ရဲ့ရွှေလက်ညှိုး ထင်တယ်”
“နေပါဦး။ တခြားသူတွေကိုရော မြင်ရလား”
ထိုအတွေး တွေးမိစဉ်ပင် အပြင်ဘက်မှ ခြေသံအချို့ ကြားရပြီး
ဘုံး…
ခန္ဓာကိုယ်ထွားထွား လူငယ်လေးတစ်ဦးမှာ မျက်နှာထားမာမာဖြင့် တံခါးကိုစောင့်ကန်၍ အခန်းထဲ ဝင်လာ၏။
ထိုလူငယ်လေးသည် ရှန်မို ကုတင်ပေါ်၌ ထထိုင်နေသည်ကိုတွေ့ပြီး နှာခေါင်းရှုံ့လျက်
“နိုးနေပြီလား။ အတော်ပဲ။ မင်းအတွက် အလုပ်ရှိတယ်”
ထိုစဉ် ထိုလူနှင့်ပတ်သက်သော မှတ်ဉာဏ်များ တိုးဝင်လာတော့၏။ ထိုလူမှာ လဲ့ယုံးဖြစ်ပြီး အပြင်ဂိုဏ်းတပည့်တစ်ဦးပင် ဖြစ်သည်။
သူ့အရင်လူကဲ့သို့ ချင်ရှန်မြို့မှ ရောက်လာခြင်းဖြစ်ပြီး တစ်ချိန်တည်းအတူတူ ချင်းရွှမ်ဂိုဏ်းထဲ ဝင်ခဲ့ကြသည်။
အရင်ကတော့ သူ့မတိုင်မီလူမှာ ထိပ်တန်း အပြင်ဂိုဏ်းတပည့်ဖြစ်ပြီး လဲ့ယုံးသည် သူ့သစ္စာရှိတပည့်ဟု ထင်ရသည်။
သို့သော် ထိုအရင်လူမှ ကျင့်ကြံမှုကျသွားသည်နှင့် မည်သူမျှ သူ့ဘက်တွင် မရှိကြတော့ဘဲ လဲ့ယုံးလည်း သူ့သရုပ်မှန်ပုံစံ ထွက်လာသည်။
အရင်လူ စုဆောင်းခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများလည်း လဲ့ယုံးတို့အဖွဲ့မှ တိတ်တဆိတ် ခိုးယူသွားကြ၏။
လဲ့ယုံးသည် အတွင်းဂိုဏ်းတပည့်ဖြစ်နေသော သူ့ညီအစ်ကိုဝမ်းကွဲကို အားကိုး၍ အပြင်ဂိုဏ်းတပည့်များအတွက် တစ်ယောက်လျှင် (၂) ပုလင်းရမည့် လစဉ်ပေးသော နှစ်တစ်ရာဆေးမြက်ပင်များကိုလည်း ခိုးနေသေးသည်။
လဲ့ယုံးမှာ ဉာဏ်တော့ကောင်း၏။ သူသည် အားနည်းသော အပြင်ဂိုဏ်းတပည့်များကိုသာ ပစ်မှတ်ထားပြီး အင်အားကြီး၍ အလားအလာကောင်းသူများကိုမူ ဂရုတစိုက် ပေးလေသည်။
ပြောရလျှင် လဲ့ယုံးမှာ အပြင်ဂိုဏ်းတပည့်အများအပြားကို သူ့ဩဇာအောက် ထည့်သွင်းချင်နေခြင်းပင်။
ဤသို့ဖြင့် အမှန်တကယ်လည်း လွှမ်းမိုးနိုင်သူဖြစ်လာပြီး မည်သူမျှ ရန်မစရဲကြတော့ချေ။
ရှန်မို၏ အရင်လူမှာ ထိပ်တန်းအပြင်ဂိုဏ်းတပည့် တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သူ့စွမ်းအင်များ အားလုံး ပျက်စီး၍ လဲ့ယုံး၏ အနိုင်ကျင့်ခြင်းကို ခံနေရ၏။
ရှန်မို ပြန်မဖြေ၍ လဲ့ယုံးမှ ပို၍အသံမာမာဖြင့်
“ငါပြောနေတာ မကြားဘူးလား”
ရှန်မို သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။
“ကြားပါတယ်”
ထိုအခါမှ လဲ့ယုံး ကျေနပ်သွားပြီး ခေါင်းငြိမ့်ပြ၍
“သေချာနားထောင်”
ထို့နောက် သူ့အနောက်မှ လူငယ်များကိုပါ လှည့်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“မင်းတို့အားလုံးလည်း နားထောင်ကြ။ ဒီနေ့ လူတိုင်း စိတ်ဝိညာဉ်ထင်း (၄) ခုစီ ခုတ်ရမယ်။ တစ်ဝက်ထက် နည်းတဲ့သူက နှစ်ဝက်လောက် အိပ်ရာထဲက မထွက်နိုင်အောင် လုပ်ပစ်မယ်မှတ်”
“ဟုတ်ကဲ့ပါ”
အားလုံး ပြန်ဖြေလိုက်၏။
ရှန်မို မျက်မှောင်ကြုတ်သွားမိသည်။
လဲ့ယုံးမှာ ထိုကဲ့သို့ကိစ္စများ ဖန်တီး၍ အားနည်းသူများ ပေါ်ထွက်ရန် ပြင်ဆင်လေ့ရှိသည်။
ရှန်မို ငြင်းချင်လှသော်လည်း ထိုစကားကို ပြောမိသည်နှင့် နေရာ၌ပင် သေလောက်အောင် အရိုက်ခံရနိုင်သည်။
ထို့ကြောင့် သည်းခံ၍ အဖွဲ့နှင့်လိုက်ရန်သာ ရှိတော့သည်။
သို့ရာတွင် သူ လဲ့ယုံးနောက်ကျောကိုကြည့်ရင်း အဖြေရှာနေမိသည်။
ထိုစဉ် လဲ့ယုံး၏ ကံကြမ္မာအချက်အလက် စနစ်ကို တွေ့လိုက်ရ၏။
[အမည်: လဲ့ယုံး]
[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီး]
[ကြမ္မာ: လက်နက်ပညာရှင်၊ အနည်းငယ် ကံကောင်းသူ]
[အနာဂတ်: ချီစုစည်းခြင်းအဆင့် ထိပ်ဆုံးသို့ ရောက်ရှိမည်။ ချင်းရွှမ်ဂိုဏ်း၏ အကြီးအကဲ ဖြစ်လာမည်။ ဂိုဏ်းအတွင်း ပုန်ကန်မှုများအပြီး (၁၀) နှစ်အကြာတွင် သေဆုံးမည်]
[လတ်တလောအခွင့်အရေး: စိတ်ဝိညာဉ်ထင်း ခုတ်ရန် သွားရင်း သစ်ပင်အခေါင်းထဲ၌ ခန္ဓာကိုယ် သန့်စင်ခြင်းဆေးပါဝင်သည့်အိတ်တစ်လုံး တွေ့မည်]
ရှန်မို ဆက်ကြည့်လိုက်သောအခါ ကံကြမ္မာ (၃) ခု ဆက်ပေါ်လာ၏။
[မိသားစု: အစိမ်းရောင်ကြမ္မာ။ လက်နက်များကို မြတ်နိုးပြီး ဓားပြုလုပ်ခြင်း၊ လှံပြုလုပ်ခြင်း၌ အရည်အချင်း ပြနိုင်သည်]
[ကံအနည်းငယ်ကောင်းခြင်း: အပြာရောင် ကြမ္မာ။ သင့်ကံမှာ ပုံမှန်ထက် ကောင်းပါသည်။ လမ်းသွားရင်း မကြာခဏ ပိုက်ဆံကောက်ရတတ်ပြီး ဘေးအန္တရာယ်များကိုလည်း ဖယ်ရှားနိုင်၏]
ရှန်မိုဖတ်ရင်း မှင်တက်နေမိသည်။
လဲ့ယုံးမှာ ကံအတော်လေး ကောင်းနေသည်။
လောကတွင် ရတနာများကို အဝါ၊ သိမ်မွေ့နက်နဲခြင်း၊ ကမ္ဘာ၊ ကောင်းကင်အဆင့်ဟူ၍ ရှိပြီး တစ်ခုချင်းစီကို အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့်၊ ထိပ်တန်းအဆင့်ဟု ထပ်ခွဲထား၏။
ယခု ခန္ဓာကိုယ်သန့်စင်ခြင်းဆေးမှာ ထိပ်တန်းအဆင့် သိမ်မွေ့နက်နဲသည့်ဆေး ဖြစ်လေသည်။
တစ်လုံးသောက်ရုံမျှဖြင့် ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များ စင်ကြယ်၍ ပိုမိုကောင်းမွန်စေရန် ပြုပြင်ပေး၏။
သူ့အခြေခံကျင့်ကြံမှု ပြန်ကုသရန် အကောင်းဆုံး ရွေးချယ်မှုပင်။
ချင်းရွှမ်ဂိုဏ်းမှာ ထိုကဲ့သို့ဆေးမျိုး ရောင်းလေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် သဘာဝ သစ်ပင်၌သာ ရှားပါးရှိတတ်သောကြောင့်ဖြစ်၏။
သို့သော် ရှန်မိုမှာ ထိုလျှို့ဝှက်ချက်ကို သိထားပြီး ကျင့်ကြံမှု ပြန်လည်ရရှိနိုင်လေသည်။
အနည်းဆုံး နှစ်လအတွင်း အပြင်ဂိုဏ်းတပည့် စစ်ဆေးခြင်း၌ အောင်မြင်သွားနိုင်၏။
မကြာမီ အားလုံး ချင်းရွှမ်ဂိုဏ်းအနောက်ဘက် တောအုပ်သို့ ရောက်လာကြတော့သည်။
ရှားပါးသစ်ပင်များလည်း ရှိနေပြီး ထိုသစ်ပင်များမှာ ချင်းရွှမ်ဂိုဏ်းမှ ကျင့်ကြံ၍ ရရှိသည့် စိတ်ဝိညာဉ် သစ်ပင်များပင်။ သစ်ပင်များအား ဆောက်လုပ်ရေးအတွက်ဖြစ်စေ၊ ဆေးဖော်ရန် ဖြစ်စေ သုံးနိုင်ပါသည်။
သို့သော် စိတ်ဝိညာဉ်သစ်ပင်များမှာ သာမာန်ထက် မာကြောပြီး ခုတ်ရန် အင်အားအလွန်လို၏။
ရှန်မိုကဲ့သို့ တပည့်မျိုးမှာမူ ပုဆိန်လွှဲရုံဖြင့် တစ်နေကုန် နာကျင်ကာ လုံးဝ မဖြစ်နိုင်သောကိစ္စ ဖြစ်၏။
“မြန်မြန် စလုပ်ကြတော့။ လိုက်ပြောမနေရစေနဲ့”
လဲ့ယုံးမှ မာထန်ထန် ပြောသည်။
ရှန်မိုမှာမူ ရတနာရှိမည့် ထိုသစ်ပင်ကိုသာ လိုက်ရှာနေ၏။
မကြာမီ လူဖန်တီးထားသော အပေါက်ဖြင့် သစ်ပင်ကို တွေ့လေသည်။
သို့သော် သူ ချက်ချင်း သွားမယူသေးပေ။
လဲ့ယုံးသည် သူတို့ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေ၏။
ယခုအချိန် ယူလိုက်ပါက လဲ့ယုံး သေချာပေါက် တွေ့သွားပေမည်။
အချိန်ကောင်းကို စောင့်ရလိမ့်မည်။
မကြာမီ နေ့လယ်စောင်းသွား၏။
ရှန်မိုတို့အားလုံး ချွေးများရွှဲကာ ပင်ပန်းနေသည်။
လဲ့ယုံးမှ
“စားဖို့သောက်ဖို့ အချိန်နာရီဝက် ပေးမယ်။ မြန်မြန် စားကြ”
တစ်မနက်လုံး ပင်ပန်းထား၍ ယခုအချိန်မှ မနားလျှင် မူးလဲသွားကြတော့မည်။
တပည့် (၅) ဦးမှာ အချိန်ကို အကျိုးရှိစွာ အသုံးချ၍ အမြန်စားသောက်ကာ အနားယူကြလေသည်။
လဲ့ယုံးလည်း ထိုင်ကြည့်မနေနိုင်တော့၍ မြက်ခင်းပြင်၌ စားသောက်ရင်း သွားအိပ်နေ၏။
ရှန်မိုကတော့ အခွင့်ကောင်းကို ယူ၍ အခေါင်းပေါက်ရှိသော သစ်ပင်အနား အမြန် ထွက်သွားတော့သည်။
သူ တုတ်သံငယ်လေးဖြင့် အထဲကို ထိုးကြည့်၏။ အဆိပ်ရှိသောမြွေကဲသို့ တိရစ္ဆာန်များ ရှိမနေစေရန် ဖြစ်သည်။ ထို့နောက်မှ အိတ်ငယ်လေးကို အမြန် ယူလိုက်သည်။
ဖွင့်ကြည့်လိုက်သောအခါ အဖြူရောင်ဘူးလေးတစ်ခု ရှိနေသည်။
ဘူးထဲ၌ လက်မအရွယ်ခန့် မြစိမ်းရောင်ဆေးတစ်လုံးကို တွေ့ရ၏။
ရှန်မို ရင်ဘက်ထဲထည့်သိမ်းကာ စားသောက်ရာနေရာသို့ ဘာမှမဖြစ်ခဲ့သလို ပြန်လာလိုက်သည်။
မကြာမီ အချိန်နာရီဝက် ကုန်သွားတော့သည်။
လဲ့ယုံးသည် ခက်ထန်စွာ အော်ဟစ်ရင်း အိပ်နေသူများအား ကန်ကျောက်၍ နှိုးလေသည်။
“အလုပ်ပြန်လုပ်ကြတော့”
ထိုလူတို့မှာ ဒေါသထွက်သွားသော်လည်း မတတ်သာဘဲ ပုဆိန်ယူ၍ အလုပ်ထလုပ်ရတော့သည်။
အချိန်မှာ လျင်မြန်စွာ ဆက်လက်ကုန်ဆုံးသွား၏။
ရှန်မိုလည်း အရိုက်မခံရရန် ကြိုးစားနေရသည်။
ထိုအချိန်အတွင်း လဲ့ယုံးတစ်ယောက် ထိုသစ်ပင်အခေါင်းပေါက်နား ရောက်သော်လည်း ရှဉ့်တစ်ကောင် ခုန်ထွက်လာသည်ကိုသာ တွေ့ရလေသည်။
သူ ရှဉ့်ကိုသာ ဆွဲထုတ်၍ အားလုံးရှေ့တွင် ရက်စက်စွာ သတ်ပြလိုက်သည်။
“တစ်ခုခုများ ရှိမလားလို့။ ရှဉ့်ပဲ ထွက်လာတာပံ”
လဲ့ယုံး ရေရွတ်၍ အလုပ်လုပ်နေသည်ကို လိုက်ကြည့်ပြန်သည်။
ရှန်မိုတို့မှာ အလွန်ကြိုးစားရင်း စိတ်ဝိညာဉ် (၄) ပင်လုံး ခုတ်ပြီးသွားလေသည်။
“ကောင်းပြီ။ ပြန်ကြတော့”
လဲ့ယုံး ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။
အားလုံး နေရာသို့ ပြန်သွားကြပြီး ရှန်မိုလည်း အမြန် ပြေးတော့၏။