← Chapters

မိုးကြိုးအရိပ်ဓားသိုင်း

Vol. 1 Ch. 3

မိုးကြိုးအရိပ်ဓားသိုင်း

Vol. 1 Ch. 3

ခဏအကြာတွင် ရှန်မိုတစ်ယောက် ကျမ်းစာအဆောင်ထဲ ဝင်လာသည်။

အလွန်ခမ်းနားကြီးကျယ်သော အဆောက်အဦကြီး ဖြစ်ပြီး ရာစုနှစ်ကြာသက်တမ်းရှိ စိတ်ဝိညာဉ်သစ်များဖြင့် ဆောက်လုပ်ထား၏။ ပိုးမွှားများကြောင့် ပျက်စီးဆွေးမြည့်ခြင်းမျိုး ဘယ်တော့မှ မဖြစ်နိုင်ပေ။

ပထမထပ်ဝင်ပေါက်၌ မျက်နှာတည်ဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ရပ်နေသည်။

ထိုလူမှာ ကျမ်းစာအဆောက်အဦ၏ အစောင့်တာဝန်ကျသူ ဖြစ်၏။

အဆင့်မြင့်အကြီးအကဲကဲ့သို့ ထူးချွန်လွန်းသူတော့ မဟုတ်ပေ။

ချီစုစည်းခြင်းအဆင့်ရှိသည့် သာမာန် အရည်အချင်းရှိသူမျှသာ ဖြစ်သည်။

ရှန်မိုရှေ့တွင် အခြားတပည့် (၂) ဦးလည်း တန်းစီ စောင့်ဆိုင်းနေကြ၏။

နှစ်ဦးလုံးမှာ အပြင်ဂိုဏ်းတပည့်များဖြစ်ပြီး ခန္ဓာကိုယ်တောင့်တောင့်တစ်ဦးမှာ ပုခုံးကျယ်ကျယ်နှင့် ကြောက်စရာအရှိန်အဝါမျိုး ခံစားရသည်။

တစ်ချက်ကြည့်ရုံဖြင့် ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် ထိပ်ဆုံးသို့ရောက်နေကြောင်း သိသာ၏။

အနည်းငယ်လူကောင်သေးသော တပည့်မှာမူ ခန္ဓာကိုယ် ထိန်းညှိခြင်းအဆင့် အစပိုင်းမျှသာ ရှိဦးမည် ထင်ရ၏။

ထိုအပြင်ဂိုဏ်းတပည့်များမှာ အမြဲ လဲ့ယုံး၏ ပစ်မှတ်များ ဖြစ်လေ့ရှိသည်။

အစောင့်မှာ ခန္ဓာကိုယ်ထွားထွားတပည့်ကို တွေ့သောအခါ ချက်ချင်း ထရပ်လာပြီး

“ဝင်ခဲ့ပါဗျ ဝင်ခဲ့ပါ။ လိုအပ်တာရှိရင်လည်း ပြောနော်”

သို့သော် အနည်းငယ် လူကောင်သေးသော တပည့်ဝင်ရန် ပြင်လိုက်သောအခါ အမူအရာ ချက်ချင်း ပြောင်းသွား၏။ ထို့နောက် လက်ညှိုးထိုး၍ ခပ်ရင့်ရင့် ပြောလေသည်။

“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး”

စိတ်ဝိညာဉ်ကျောက်တုံးများမှာ ကျင့်ကြံသူများအတွက် ငွေကြေးဖြစ်ပြီး အထူးအဆင့်၊ အဆင့်မြင့်၊ အလယ်အဆင့်နှင့် အဆင့်နိမ့်ဟူ၍ ခွဲခြားထားပါသည်။

လဲလှယ်ရေးနှုန်းမှာ (၁၀၀) စီရှိ၏။

အလယ်အဆင့်ကျောက်တုံးတစ်တုံးလျှင် အဆင့်နိမ့် (၁၀၀) နှင့် ညီမျှပါသည်။

သို့သော် တစ်ခါတစ်ရံ ပေါက်ဈေးအရ (၁၁၀) အထိ ပေးရတတ်၏။

လူကောင်သေးသည့် တပည့်မှာ ထိုစကားကြောင့် မှင်တက်သွားပြီး အံကြိတ်လျက်

“အရှေ့က အစ်ကိုကျတော့ ပေးဝင်ပြီး ကျွန်တော်က ဘာလို့ ပေးရမှာလဲ”

အစောင့်မှာ အထင်သေးသလိုကြည့်၍ နှာခေါင်းရှုံ့ကာ

“ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အစပိုင်းက နောက်ဆုံးအဆင့်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ပေးစရာရှိတာပေး။ မဟုတ်ရင် ဒီနေ့ မဝင်ရဘူး”

နောက်ဆုံးတော့ မတတ်နိုင်တော့ဘဲ တပည့်လေးမှာ ခေါင်းငိုက်စိုက်လျက် ပြန်သွားရတော့သည်။ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးမှာပင် သူ့ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံမျှ ရှိသောကြောင့် အလွယ်တကူ မပေးနိုင်ချေ။

ထို့နောက် ရှန်မို့အလှည့် ရောက်လာ၏။

အစောင့်သည် ရှန်မိုကိုကြည့်၍

“နာမည်”

ရှန်မို သူ့နာမည်ကို ပြောပြလိုက်သည်။

အစောင့်မှာ သူ့အမည်ကို ရှာပြီးနောက် နှာခေါင်းရှုံ့ကာ

“အဲ့တော့ မင်းက အရင်က နံပါတ်တစ် အပြင်ဂိုဏ်းတပည့်ပေါ့။ အခု အခြေခံ ပျက်စီးသွားပြီးတာတောင် သိုင်းပညာ ရွေးချင်သေးတာလား”

ရှန်မို မျက်မှောင်ကြုတ်သွားပြီး

“ချင်းရွှမ်ဂိုဏ်းက တပည့်တိုင်း သိုင်းပညာ ရွေးချယ်ခွင့်ရှိတယ်လေ။ ကျွန်တော်က ဘာလို့ မရ,ရမှာလဲ”

အစောင့်မှာ ထူးဆန်းသလို ရယ်မော၍

“ဒါပေါ့။ ရပါတယ်။ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးပဲပေး။ ပေးဝင်မယ်”

ရှန်မို စွံ့အနေလေသည်။

ဂိုဏ်းစည်းမျဉ်းများအရ တပည့်များမှာ ကျမ်းစာအဆောင်ထဲ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိပြီး သိုင်းစာအုပ် ရွေးပြီးမှသာ လိုအပ်လျှင် ပေးချေရပါသည်။

သို့သော် အစောင့်မှာ အပိုဝင်ငွေရှာနေပုံ ရ၏။ အင်အားကြီးသူများကိုတော့ ရှောင်ထား၍ မည်သူမျှ ပြန်၍ မတုံ့ပြန်ရဲပေ။

အချိန်မဖြုန်းတော့ဘဲ ရှန်မို ချက်ချင်းပင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး ထုတ်ပေးလိုက်သည်။

ထိုအခါ အစောင့်မှ

“ဒါမှပေါ့။ ကိုယ့်အဆင့်ကိုယ်သိတဲ့သူတွေကို ငါတော့ သဘောကျတယ်။ ဝင်တော့”

သူ လက်ယမ်းပြရင်း ဝင်သွားတော့၏။

အနိမ့်ပိုင်းတွင် ဤသို့ဖြစ်နေသည်ကို ချင်းရွှမ် အထက်လူကြီးများ မသိကြသည်လား။ သို့မဟုတ် တစ်ဂိုဏ်းလုံး ပုပ်သိုးပျက်စီးနေကြသည်လား။

ရှန်မို အစောင့်၏ကံကြမ္မာကို ဖွင့်ကြည့်လိုက်သည်။

သို့သော် သူ့အလားအလာမှာ ဂိတ်ဆုံးနေလေပြီ။ ခြေတည်အဆင့် အောင်မြင်မှုငယ်အထိသာ အလွန်ဆုံး ရောက်ရှိနိုင်၏။

သို့သော် အခွင့်အရေးကောင်းရရန်တော့ ရှိသည်။

[လတ်တလော အခွင့်အလမ်း: (၃) ရက်အတွင်း ချင်ရှန်မြို့သို့ အလည်သွားရင်း ရတနာကြွက်နှင့် ကြုံရမည်ဖြစ်သော်လည်း မဖမ်းနိုင်ဘဲ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၃) ခုသာ ရရှိမည်]

“ရတနာကြွက်ဆိုတာ စိတ်ဝိညာဉ်သားကောင်ပဲ။ တောက်ပတဲ့ရတနာတွေကို သဘောကျတဲ့ကောင်။ တိုက်ခိုက်စွမ်းရည်က အားနည်းပေမဲ့ အရမ်းလျင်လွန်းတယ်။ အထူးအရည်အချင်း မရှိရင် ချီစုစည်းခြင်းအဆင့်တောင် ဖမ်းဖို့ မလွယ်ဘူး”

ရှန်မို ထိုအခွင့်အရေးကို မှတ်ထားလိုက်၏။

(၃) ရက်ကြာချိန်၌ နေရာသေချာသိရလျှင် အခွင့်အရေးကို ဆုပ်ကိုင်ကာ စိတ်ဝိညာဉ်ကျောက်တုံးများ ယူလာရမည်။

ပထမအထပ်တွင် အဝါအဆင့် သိုင်းကျင့်စဉ်များ ရှိလေ၏။

ဒုတိယထပ်တွင်မူ သိမ်မွေ့နက်နဲခြင်းအဆင့် ကျင့်စဉ်များရှိပြီး အတွင်းဂိုဏ်းတပည့်များသာ ဝင်ခွင့်ရှိပါသည်။

ချင်းရွှမ်ဂိုဏ်းမှာ မိုင်တစ်ရာပတ်လည်အတွင်း အကြီးဆုံး အင်အားစု ဖြစ်သော်လည်း သိမ်မွေ့နက်နဲခြင်းအဆင့် ကျင့်စဉ် (၃) အုပ်နှင့် သိမ်မွေ့နက်နဲခြင်းအဆင့် သိုင်းစာအုပ် (၈) အုပ်သာ ရှိလေသည်။

ထိုစာအုပ်များမှာလည်း ထိပ်တန်းပါရမီရှင် တပည့်များသာ ကြည့်ခွင့်ရှိ၏။

ရှန်မို ဖြည်းဖြည်းချင်း လိုက်ကြည့်နေသည်။ နောက်ဆုံး ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။

“အဝါအဆင့် ကျင့်စဉ် ကျားလက်သီးသိုင်းပဲ”

သူ အနီးကပ်ယူကြည့်လိုက်သောအခါ ပုံမှန်ထက် အနည်းငယ် ထူသည်ကို တွေ့ရသည်။

သေချာသာ ယူမကြည့်လျှင် အသေးစိတ်ကို မြင်မည် မဟုတ်ပါ။

အဖုံးအထူအား ဖွင့်ကြည့်လိုက်သောအခါ အဝါရောင် စာရွက် (၂) ရွက် ထွက်လာ၏။

“မိုးကြိုးအရိပ်ဓားသိုင်း”

ရှန်မို အံ့ဩသွားမိသည်။

ထိုဓားသိုင်းအား ကြားရုံသာ ကြားဖူး၏။

ချင်းရွှမ်ဂိုဏ်း၏ ရှားပါးရတနာထဲ ပါဝင်လေသည်။ သို့သော် ကျင့်ကြံရန် ခက်ခဲလွန်းသောကြောင့် အတွင်းဂိုဏ်းတပည့်များပင် လေ့ကျင့်လေ့ သိပ်မရှိပေ။

“မိုးကြိုးအရိပ်ဓားကို တီထွင်တဲ့ ပညာရှင်တစ်ယောက်ယောက်က ရေးထားတာမျိုး ထင်တယ်”

ရှန်မို စိတ်လှုပ်ရှားစွာဖြင့် စာရွက်များအား ရင်ဘက်အိတ်ထဲ သိမ်းလိုက်သည်။ ထိုကျင့်စဉ်ကို အနည်းငယ်မျှ အောင်မြင်ရုံဖြင့် သူ့အင်အားလည်း အလွန် တိုးတက်လာလိမ့်မည်။

သူ ကျားလက်သီးသိုင်းစာအုပ်ကို နေရာတကျ ပြန်ထားကာ အဆောင်ထဲမှ ထွက်လာခဲ့သည်။

သူ ပြန်အထွက်၌ပင် လဲ့ယုံးဝင်လာသည်ကို တွေ့ရ၏။

လဲ့ယုံး မျက်မှောင်ကြုတ်လျက်

“မင်းက ဒီမှာ ဘာလုပ်နေတာလ

ရှန်မိုလည်း ထိုသို့ ထိပ်တိုက်တွေ့မည်ဟု မထင်ထားချေ။

သို့ရာတွင် စိတ်ထိန်း၍ တည်ငြိမ်စွာဖြင့်

“ကျွန်တော့်သိုင်းတွေအကုန် အဆင်မပြေလို့ လာကြည့်တာပါ။ ဘာဖြစ်လို့လဲ”

လဲ့ယုံးမှာ ရယ်မောလျက်

“ဘာမှမဖြစ်ပါဘူး”

တောင်အောက်၌သာဖြစ်လျှင် ရှန်မို၏ ထိုစကားပြောဖြင့် အရိုက်ခံရပြီးလောက်ပြီ။

သို့သော် ယခုတောင်ပေါ်၌ ကြည့်ရှုနေသော မျက်လုံးများ များ၍ ကြည့်မကောင်းလှပေ။

ရှန်မို ပြန်ရန် ပြင်လိုက်သည်။

“နေဦး”

လဲ့ယုံး ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး

“မင်းရင်ဘက်က ဖောင်းနေသလိုပဲ။ တစ်ခုခု ဖွက်ထားတာလား”

လဲ့ယုံး ပြောပြောဆိုဆို လှမ်းဆွဲ၏။

“မင်းမပြရင် ငါကိုယ်တိုင် ကြည့်ရမှာပေါ့”

“အလုပ်လုပ်ရင်း ဗိုက်ဆာမှာစိုးလို့ ပေါင်မုန့်တွေ ယူလာတာပါ။ ပြဿနာရှိလို့လား”

ရှန်မို ပေါင်မုန့်တစ်လုံးထုတ်၍ ဝှေ့ယမ်းပြလိုက်သည်။

လဲ့ယုံးမှာ အတင်းပြုံးလျက်

“ဟုတ်ပါပြီ။ ကောင်းပြီလေ။ စည်းကမ်းတွေ မမေ့နဲ့နော်။ မင်းဘာပဲရရ ဆုရဲ့ ဆယ်ပုံကို ငါယူမှာ”

ရှန်မို ဆက်မပြောတော့ဘဲ မျက်နှာတည်တည်ဖြင့် အမြန်ထွက်လာခဲ့တော့၏။

အစောင့်မှ လဲ့ယုံးကို တွေ့သောအခါ ချက်ချင်း မှတ်မိ၍ နွေးထွေးစွာ နှုတ်ဆက်လေသည်။

လဲ့ယုံးသည် အသက် (၁၉) နှစ်သာ ရှိသေးသော်လည်း အလားအလာများစွာ ရှိနေ၏။

ထို့ကြောင့် ပစားပေးသူ ပေါသည်။

သူ အထဲဝင်သွားပြီး ကျင့်စဉ်စာအုပ်များကို လိုက်ကြည့်နေသည်။

“ကျားလက်သီးသိုင်း”

ထိုနေရာအရောက်တွင် ရပ်ကာ ယူကြည့်မိသည်။

“စာအုပ်အဖုံးက ထူးဆန်းလိုက်တာ”

အထဲတွင် တစ်ခုခုရှိမည်ထင်၍ ဖွင့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။

“ကျစ် စိတ်ကူးယဉ်မိတာပဲ”

ထို့နောက် စာအုပ်ကို ပြန်ထားလိုက်သည်။ သို့သော် စိတ်ထဲ၌ ဝမ်းနည်းသလို ခံစားချက်မျိုး ရနေမိသည်။

All Chapters