လဲ့ယုံးကိုသတ်၍ သွေးလင်ဇီး ရယူခြင်း
Vol. 1 Ch. 5
လဲ့ယုံး လန့်သွားပြီး အသံလာရာကို လှည့်ကြည့်လိုက်သည်။
ထိုအခါ ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရ၏။
ကျင့်ကြံမှု ပျက်စီးသွားသည့် ရှန်မိုပင်။
လဲ့ယုံး နှာခေါင်းရှုံ့ကာ
“ရှန်မို မင်းရောက်နေတာ အတော်ပဲ။ ငါ အခုပဲ တွေးနေတာ…”
ထိုစဉ် ရှန်မိုမှ ဖြတ်ပြောလိုက်သည်။
“ကျွန်တော် အဆင့် (၂) နတ်ဆိုးသားကောင် တွေ့လိုက်လို့။ အဲ့ကောင်ကို သတ်နိုင်ရင် ခွဲယူကြမယ်လေ။ မင်းက (၉၀) ငါက (၁၀)။ ဘယ်လိုလဲ”
လဲ့ယုံး ကြောင်သွား၏။
နတ်ဆိုးသားကောင်များမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသဖြင့် ခွဲခြားထားပါသည်။
ပထမအဆင့် နတ်ဆိုးသားကောင်သည် ခန္ဓာကိုယ် ထိန်းညှိခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှ၏။
ဒုတိယအဆင့်မှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူလေသည်။
နတ်ဆိုးသားကောင်များမှာ အလွန်အဖိုးတန်လှ၏။
သူတို့သားမွေးကို အဝတ်ချုပ်နိုင်ပြီး အသားကို စားကာ အရိုးအား လက်နက်အဖြစ် ပြောင်းလဲနိုင်၏။
အထူးသဖြင့် ဒုတိယအဆင့် နတ်ဆိုးသားကောင်၏ ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးကျောက်မျက် ရှိနေသည်။
ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှ ထိုကျောက်မျက် အင်အားကို စုပ်ယူလျှင် ကျင့်ကြံမှု မြန်မြန် တိုးတက်စေ၏။
လက်မအရွယ်ခန့် ထိုကျောက်မျက်အား အနည်းဆုံး အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၅၀) ဖြင့် ရောင်းနိုင်ပါသည်။
လဲ့ယုံး ချက်ချင်း ဒေါသကို ဘေးဖယ်ထားလိုက်၏။
မိန်းမတစ်ယောက်မှာ နတ်ဆိုးကျောက်မျက်ကို မည်သို့ ယှဉ်နိုင်မည်နည်း။
“အဲ့သားကောင် ဘယ်မှာလဲ။ ငါ့ကို ခေါ်သွားပေး”
ရှန်မို ခေါင်းငြိမ့်၍
“လိုက်ခဲ့ပါ”
သူရှေ့မှ လျှောက်သွား၏။
လဲ့ယုံးမှာ ဘေးဘီကို မျက်ခြေမပြတ်ကြည့်ရင်း လိုက်လာသည်။
ဒုတိယအဆင့် နတ်ဆိုးသားကောင်မှာ နတ်ဆိုး ကျောက်မျက် မရှိတော့လျှင်ပင် အတော်လေး အဖိုးတန်စွာ ရောင်းနိုင်သေးသည်။
ရှန်မိုမှ ၉၀-၁၀ ဖြင့် ညှိနှိုင်းထားသော်လည်း သူ ရှုံးနေသည်ဟု ခံစားရ၏။
သူ တစ်ယောက်တည်းသာ အကုန်လိုချင်ပါသည်။
ထို့အပြင် ယခု ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်နှင့်လည်း အတော်လေး ဝေးသောကြောင့် ဂိုဏ်းစည်းမျဉ်းကို ဖောက်လျှင်ပင် မည်သူမျှ သိလိုက်မည်မဟုတ်ပါ။
ရှန်မိုတွင် နောက်ခံကောင်းလည်း မရှိချေ။ ထို့ကြောင့် ပျောက်သွားလည်း မည်သူမျှ ဂရုစိုက်မည်မဟုတ်။
သူသည် ယခု ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီးသို့ ရောက်နေပြီး အင်အားကောင်းသည့် ကြွက်သား၊ အရိုးများကို ပိုင်ဆိုင်ထား၏။
သို့သော် ရှန်မိုမှာတော့ အစပိုင်းအဆင့်သာ ရှိသေးသည်။
သူ့တိုက်ခိုက်မှုကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အဆင့်ပိုမြင့်သည့်အတွက် ယုံကြည်ချက်အပြည့် ရှိနေသည်။
ထိုစဉ် ရှန်မိုမှ အရှေ့နားရှိ သားကောင်အသေနားကို လက်ညှိုးထိုးပြကာ
“ဟိုမှာ ကြည့်လိုက်။ မင်း အရင်သွားကြည့်လိုက်။ ငါ ဘေးကနေ ကူညီပေးမယ်”
ရှန်မို ပြောပြောဆိုဆိုနှင့် ခါးမှ ဓားကို ဆွဲထုတ်လိုက်၏။
လဲ့ယုံးမှာ အလွန်ဝမ်းသာစွာဖြင့် ခပ်သွက်သွက် လျှောက်သွားလေသည်။
နတ်ဆိုးသားကောင်ကိုသာ အာရုံအပြည့် စိုက်ထားမိ၏။
ရှန်မိုသာ သူ့နောက်ကျောကို စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက်ကြားတွင် မီတာဝက်ခန့်သာ လှမ်းတော့၏။
မိုးကြိုးအရိပ်ဓားသိုင်း။
ရှန်မို၏ဓားသည် ရုတ်တရက် အရှေ့သို့ ထိုးချလိုက်သည်။
လေအဟုန်ဖြင့် မိုးကြိုးကဲ့သို့ လျင်မြန်၏။
လဲ့ယုံးကျောတွင် ထိုဓားမှာ တိတိကျကျ စိုက်နေတော့သည်။
အဟွတ်!
သွေးများ စီးကျလာ၏။
လဲ့ယုံး ပြင်းထန်သော နာကျင်မှုကို ခံစားရပြီး ရှန်မို၏ ရုတ်တရက် တိုက်ခိုက်မှုကို သဘောပေါက်သွားသည်။
သို့သော် အချိန်နှောင်းသွားလေပြီ။
သူ့ခန္ဓာကိုယ်ထဲမှ အင်အားများအားလုံး ရေကဲ့သို့ စိမ့်ထွက်ကုန်၏။
လဲ့ယုံး အားယူ၍ အနောက်သို့ ကြောက်လန့်တကြား လှည့်ကြည့်ရင်း
“မင်းက ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အစပိုင်းမှာ မဟုတ်ဘူးပဲ”
အဖြေမှာ ရှန်မိုသည် သူနှင့် အဆင့်တူဖြစ်လေ၏။
ဒါပေမဲ့ သူ့ကျင့်ကြံမှု ပျက်စီးနေတာမဟုတ်ဘူးလား။
ဘယ်လိုလုပ် ကျင့်ကြံနိုင်တာလဲ။
ရှန်မို သူ့ကို အထင်သေးသလိုကြည့်၍
“အဖြေကို အရမ်းသိချင်နေမှာပဲ”
လဲ့ယုံး အားဖျော့စွာ ခေါင်းငြိမ့်ပြသည်။
“ငါ သေတော့မယ် ထင်တယ်။ ပြောစမ်းပါ…”
ရှန်မို ဓားဖြင့် သူ့လည်ပင်းအား ထိုးချလိုက်ပြီး
“မင်းကို ဘာလို့ အေးအေးဆေးဆေး ပေးသေရမှာလဲ”
လဲ့ယုံးမျက်လုံးများမှာ ရွှေငါးကဲ့သို့ ပြူးထွက်နေသည်။
သေသွားသည့်တိုင် ရှန်မို၏ လျှို့ဝှက်ချက်ကိုတော့ မသိသွားပေ။
အရာအားလုံးကို အတိအကျ အကွက်ချစီစဉ်ကာ လုပ်ကြံလိုက်ခြင်းပင်။
ရှန်မို ငုံ့ကြည့်ရင်း လဲ့ယုံး၏အလောင်းအား ရှာဖွေလေသည်။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀) မျှ တွေ့ရ၏။ သို့သော် ဤသည်မှာ သာမာန်ပင်။
ပိုင်ဆိုင်သမျှအကုန်ယူ၍ သွားလာနေသူ မရှိပါ။
ရှန်မို ခုနက သစ်ပင်ကြီးနား ပြန်သွားလေသည်။
သစ်ပင်မှာ သာမာန်ဟု ထင်ရသော်လည်း ဓားဖြင့် ထိုးကြည့်လိုက်သောအခါ အမှန်ပင် အခေါင်းပေါက်ဖြစ်ပြီး သွေးလင်ဇီး ရှိနေ၏
“တကယ် ရှိနေတာပဲ”
ရှန်မို ဂရုတစိုက် ထုတ်ယူကာ အဝတ်သန့်ထဲ ထည့်၍ သိမ်းထားလိုက်သည်။
လဲ့ယုံး၏အလောင်းကိုတော့ အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်း၍ သွေးနံ့လွှမ်းအောင် လုပ်လိုက်၏။
အနီးအနားတွင် နတ်ဆိုးသားကောင်များစွာ ရှိသောကြောင့် သွေးနံ့ရလျှင် ရောက်လာကြကာ အလောင်းကို ဖျောက်ဖျက်ပေးမည်ဖြစ်သည်။
လဲ့ယုံးကို သတ်ခြင်းအတွက် ရှန်မိုအနေဖြင့် စိတ်မသက်မသာခံစားရခြင်း မရှိပေ။
ထိုကဲ့သို့ လူယုတ်မာမျိုးမှာ သေသင့်ပါသည်။
မကြာမီ ရှန်မို ချင်းရွှမ်ဂိုဏ်း တောင်အောက်ရှိ အပြင်ဂိုဏ်းတပည့်အဆောင်သို့ ပြန်ရောက်လာပြီး အခန်းကို သေချာပိတ်လိုက်သည်။
ထို့နောက် လက်ဖဝါးမျှရှိသော သွေးလင်ဇီးကို ထုတ်ကာ နမ်းရှုတ်ကြည့်လိုက်ရုံဖြင့် သွားရည်ကျလာ၏။
ရှန်မို လင်ဇီးအသားအနည်းငယ်ကို ဖြတ်ကာ စားကြည့်လိုက်သည်။
အသားမှာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားပြီး ချက်ချင်း ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အကြောများ၊ အရိုးများထဲအထိ နွေးထွေးသွား၏။
ရှန်မို ကျန်လင်ဇီးတစ်ခုလုံးကို ဆက်စားလိုက်သည်။
ထိုအခါ မြွေပေါက်လေးကဲ့သို့ ပူနွေးကာ တရှူးရှူးတရှဲရှဲ ဖြစ်လာသည်။
သူ အံကြိတ်၍ သည်းခံရင်း သတိမလစ်အောင် ထိန်းနေ၏။
တစ်နာရီမျှအကြာတွင် ခန္ဓာကိုယ်ထဲမှ ပူနွေးမှုများ တဖြည်းဖြည်း လျော့ကျလာသည်။
ရှန်မို လက်သီးဆုပ်လျက် သူ့ခန္ဓာကိုယ်ကြီး လေးလာသလို ခံစားရသည်။
ရင်ခုန်သံလည်း မြန်လာကာ ပေါက်ထွက်တော့မလို ဖြစ်နေ၏။
သူ့အရိုးများကိုသာ ဖောက်ထွင်းမြင်နိုင်လျှင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်ကို တွေ့ရလိမ့်မည်။
ပြင်းထန်သော ပြောင်းလဲမှုများကြောင့် ရှန်မို သူ အဆင့်တက်သွားကြောင်း သတိထားမိသည်။
“အလယ်အဆင့် သိမ်မွေ့နက်နဲခြင်း ရတနာဆိုတော့လည်း သိသာတာပဲ။ တစ်ခုစားရုံနဲ့ ခန္ဓာကိုယ်ထိန်းညှိခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီ”
ရှန်မို လက်သီးဆုပ်လျက် အလွန်ပျော်ရွှင်နေတော့သည်။