← Chapters

လဲ့ရှောင်းကျန်၏ ဇာတ်လမ်း

Vol. 1 Ch. 6

လဲ့ရှောင်းကျန်၏ ဇာတ်လမ်း

Vol. 1 Ch. 6

ရှန်မို အပျော်ကို ကောင်းစွာ ခံစားပြီးနောက် စနစ်ကို ဖွင့်ကြည့်လိုက်၏။

[အမည်: ရှန်မို]

[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အစပိုင်း]

[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ အနည်းငယ် ကံကောင်းသူ]

[အနာဂတ်: နှစ်လအကြာတွင် တာဝန်ထမ်းဆောင်ရင်း လဲ့ရှောင်းကျန်နှင့် အဖွဲ့ထံတွင် အဖမ်းခံရမည်။ ချင်ရှန်မြို့သို့ ခေါ်သွားခံရပြီး ရှန်ကျိုးထင်အား ဆေးတစ်မျိုး အတင်းအကြပ် အပ်နှံခိုင်းလိမ့်မည်။ ရှန်ကျိုးထင်သည် သူ့သားအတွက်တွေးကာ ဆေးကို အပ်လိုက်သော်လည်း သားအဖနှစ်ဦးလုံး လဲ့ရှောင်းကျန်၏ အသတ်ခံရမည်]

[လတ်တလော အခွင့်အရေး (၁) : (ရရှိပြီး) လဲ့ယုံးကို သတ်၍ သွေးလင်ဇီး စားသုံးကာ ခန္ဓာကိုယ်ထိန်းညှိခြင်း ထိပ်ဆုံးသို့ ရောက်ရှိမည်]

[လတ်တလော အခွင့်အရေး (၂): အပြင်ဂိုဏ်းတပည့် စစ်ဆေးမှုကို အောင်မြင်ကာ အပြင်ဂိုဏ်းတပည့်များအကြား ထိပ်ဆုံးဖြစ်မည်]

ရှန်မို အနည်းငယ် အံ့ဩသွားမိသည်။

လဲ့ယုံး၏ အနည်းငယ်ကံကောင်းခြင်းမှာ သူ့ထံ လွှဲပြောင်းလာ၏။

လဲ့ယုံးကြုံခဲ့သော ကံကောင်းမှုများကို သူလည်း ရရှိတော့မည် ဖြစ်သည်။

အဆင့်လည်း တိုးတက်သွားပြီး အန္တရာယ်၏ အမည်ကိုပင် ကြိုသိရ၏။

လဲ့ရှောင်းကျန်။

ရှန်မို ထိုလူနှင့် အတော်လေး ရင်းနှီးပါသည်။

လဲ့ရှောင်းကျန်မှာ လဲ့ယုံး၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး ချင်ရှန်မြို့ လဲ့အိမ်တော်၌ အတော်ဆုံး လူငယ်လေး ဖြစ်၏။

အတွင်းဂိုဏ်းတွင် လဲ့ရှောင်းကျန်၏ ဂုဏ်သတင်းမှာ ကြီးမားပြီး လူကြီးလူကောင်းပုံစံဖြင့် နေလေ့ရှိသည်။

လဲ့ယုံးမှ အားနည်းသူများကို အနိုင်ကျင့်မှန်း သိထားပြီး လူရှေ့၌ပင် မကြာခဏဆူကာ မလုပ်ရန် တားလေ့ရှိသည်။

သို့သော် လဲ့ယုံးမှာ နားထောင်ဟန်ပြကာ နောက်ကွယ်တွင် တိတ်တဆိတ် ခိုးလုပ်၏။

ထိုသတင်းကို တပည့်တိုင်း ကြားထား၍ လဲ့ရှောင်းကျန်ကို တပည့်အစစ် ဖြစ်လာမည်ဟု တွေးထားကြသည်။

တပည့်အစစ်ဆိုသည်မှာ အတွင်းဂိုဏ်းတပည့်များထဲမှ အထူးတပည့်များ ဖြစ်၏။

ထိုတပည့်အစစ်မှာ နောင်တွင် မြုတေဖွဲ့စည်းခြင်းအဆင့်အထိ ရောက်နိုင်၏။

ချင်းရွှမ်ဂိုဏ်းမှ တပည့်အစစ် (၅) ဦးကိုသာ ထောက်ပံ့နိုင်ပါသေးသည်။

ရှန်ကျိုးထင်မှာ ရှန်မို၏အဖေဖြစ်ပြီး ချင်ရှန်မြို့တွင် နာမည်ကြီး ဆေးဆရာဖြစ်၏။

သူ့တစ်ဘဝလုံးကို လူအများအား ကယ်တင်ကုသပေးခြင်းဖြင့်သာ ကောင်းမှုများ ပြုလုပ်ရင်း နေထိုင်ခဲ့သည်။

“ဆေးလား”

“မှတ်မိပြီ။ ငါ့အရင်လူရဲ့အဖေ တစ်ခါပြောဖူးတယ်။ သူ သေမလိုဖြစ်နေတဲ့ ကျင့်ကြံသူကို ကယ်လိုက်တုန်းက အဲ့လူက အဖိုးတန်ဆေး ပြန်ပေးခဲ့တယ်လို့ ကြားတယ်။ အဲ့ဆေးက ဉာဏ်ကောင်းစေပြီး အင်မော်တယ်လမ်းကြောင်းကို အထောက်အကူပြုတယ်တဲ့”

ရှန်မို စဉ်းစားနေမိသည်။

ထိုကဲ့သို့ဆေးမှာ အလွန်အဖိုးတန်ပြီး အထူး သိမ်မွေ့နက်နဲခြင်းအဆင့် ဖြစ်နိုင်၏။

နဂိုဉာဏ်ရည်ကောင်းသူဖြစ်ခဲ့၍ ထိုဆေးသာ သောက်လျှင် ကျင့်စဉ်များကို ပိုနားလည်နိုင်ပေမည်။

လဲ့အိမ်တော်သည် ထိုအကြောင်းကို သိသွားပြီး လုယူရန်ကြိုးစားခြင်းဖြစ်၏။ သို့သော် ရှန်ကျိုးထင်၏ ဂုဏ်သတင်းကြောင့် ပေါ်တင် မလုနိုင်ဘဲ ရှန်မိုကို ပြန်ပေးဆွဲကာ ရှန်ကျိုးထင်ကိုယ်တိုင် ဆေးကို ပေးအပ်လာအောင် ပြုလုပ်ခြင်းပင်။

“နားလည်သွားပြီ”

“ရှန်ကျိုးထင်က ငါ့ကို ချင်းရွှမ်ဆီ ကျင့်ကြံဖို့ လွှတ်လိုက်တာက အန္တရာယ်ကင်းဖို့ပဲ။ ပုံမှန်အတိုင်း တိုးတက်ပြီး အတွင်းဂိုဏ်းကို ဝင်နိုင်ရင် ဂုဏ်တက်ပြီး လဲ့အိမ်တော်လည်း ခြိမ်းခြောက်ရဲတော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ လဲ့အိမ်တော်က ဒီလိုအဖြစ်မခံနိုင်လို့ တိတ်တဆိတ် အဆိပ်ခတ်ခဲ့တာပဲ။ ငါ့ကျင့်ကြံမှု ပျက်စီးပြီး ချင်းရွှမ်ဂိုဏ်းမှာ နာမည်ကျအောင် လုပ်တာပေါ့လေ”

“ငါ့ကို အဆိပ်ခတ်တာက လဲ့ယုံးက ကူညီပြီး လဲ့ရှောင်းကျန် ဦးဆောင်တာ ဖြစ်ရမယ်”

ရှန်မို ချက်ချင်း သဘောပေါက်လာသည်။ အနီးဆုံးလူမှာ ကြောက်စရာအကောင်းဆုံးပင်။ ထိုအချိန်က လဲ့ယုံးသည် သူ့လူယုံအဖြစ် ရှိနေ၏။

“စနစ်မှာ ပြောပုံအရတော့ ငါက လဲ့ရှောင်းကျန်ဆီမှာ အဖမ်းခံရပြီး ဘာမှလုပ်မရမယ့်ပုံပဲ။ အင်အားချင်းက အရမ်းကွာနေတာကိုး”

“ဒါဆို ချီစုစည်းခြင်းအဆင့် မြန်မြန်ရောက်ပြီး အတွင်းဂိုဏ်းတပည့် ဖြစ်နေမှဖြစ်မယ်”

“ချီစုစည်းခြင်းအဆင့်လည်း ရောက်ပြီး မိုးကြိုးအရိပ်ဓားသိုင်းနဲ့ ပေါင်းလိုက်ရင် လဲ့ရှောင်းကျန် ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

“အတွင်းဂိုဏ်းတပည့် ဖြစ်ထားတာကလည်း ဂိုဏ်းရဲ့ ကာကွယ်မှု ရလိမ့်မယ်”

အပြင်ဂိုဏ်းတပည့်တစ်ဦး ထိခိုက်သေဆုံးခြင်းကို ဂိုဏ်းမှ အလေးမထားလှပေ။

အတွင်းဂိုဏ်းတပည့်သာ ပိုအဖိုးတန်လေ၏။

ပုံမှန်အတိုင်း ဆက်တိုးတက်လာလျှင်ပင် ဂိုဏ်းအတွင်း အလုပ်ပြန်လုပ်ပေးနိုင်သည့် တပည့်ခေါင်းဆောင် ဖြစ်နိုင်ပါသည်။

အလားအလာသာကောင်းပါက အကြီးအကဲအထိ ရောက်နိုင်၏။

ရှန်မို လေးနက်စွာ စိုက်ကြည့်ရင်း ဆုံးဖြတ်ချက် ခိုင်မာလာသည်။

“ဒါပေမဲ့ ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ ချီစုစည်းခြင်းအဆင့်ကို ရောက်ဖို့ တစ်နှစ်ကနေ နှစ်နှစ်လောက်အထိ ကြာနိုင်တယ်။ မြန်မြန် အဆင့်တက်ဖို့ အခွင့်အရေးတစ်ခုခု ရှာမှဖြစ်မယ်”

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရှန်မို သူ့အခန်းထဲမှ ထွက်လာပြီး အခွင့်အရေးကောင်း လိုက်ရှာလေသည်။

အပြင်ဂိုဏ်းတပည့်များ ဟိုဟိုဒီဒီ သွားလာနေကြပြီး သူတို့၏ ကံကြမ္မာများကို တွေ့နေရသည်။

သို့သော် အခွင့်အရေးမရှိခြင်းနှင့် သေးငယ်သော အရာလေးများသာ ရှိ၏။

အချို့မှာ ကံဆိုးမှုများနှင့်ပင် ကြုံနေရသေးသည်။

ရှန်မို စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာစဉ် အသံတစ်ခု ကြားရလေသည်။ တပည့်များအချင်းချင်း စကားပြောသံများ ဖြစ်၏။

“မင်းကြားပြီးပြီလား။ လဲ့ယုံးတော့ နဂါးရိုင်းတောင်မှာ သေသွားပြီတဲ့။ အဲ့နားမှာ ဖြတ်သွားတဲ့ တပည့်တစ်ယောက်က သူ့အလောင်းကို တွေ့လာတာ။ အလောင်းက နတ်ဆိုးသားကောင်တွေ စားထားလို့ ပုံတောင် တော်တော်ပျက်နေပြီ ကြားတယ်။ ကြောက်စရာကြီး။ သူ့ရဲ့ အပြင်ဂိုဏ်းတပည့် တံဆိပ်ပြားကြောင့်သာ မဟုတ်ရင် လဲ့ယုံးမှန်း ဘယ်သူမှတောင် သိမှာမဟုတ်ဘူး”

“တကယ်ကြီးလား။ သတင်းကောင်းပဲဟေ့။ အနိုင်ကျင့်တဲ့ကောင်က သူနဲ့ထိုက်တန်တာ ရသွားတာပဲ။ ဒါပေမဲ့ သူက ဘယ်လိုလုပ် သေတာလဲ။ နတ်ဆိုးသားကောင်တွေ တိုက်ခိုက်ခံရတာလား”

“ဘယ်သိမလဲ။ ဒါပေမဲ့ အဲ့လိုပဲ နေမှာပေါ့။ ချင်းကန်တောင်တန်းတစ်လျှောက်က နတ်ဆိုးသားကောင်တွေ ပေါတယ်လေ”

“အခုတော့ လဲ့ယုံး သေသွားပြီဆိုတော့ သူ့နောက်လိုက် (၂) ကောင်လည်း ဘာမှ မဟုတ်တော့ဘူး။ သူတို့ကို သင်ခန်းစာ သွားပေးရအောင်”

“ဟုတ်တယ်။ သွားရအောင်။ ငါ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ခိုးထားတာ အများကြီးပဲ။ ဒီတစ်ခါတော့ အပီဖျက်ဆီးပစ်မယ်”

သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီ အပြင်ဂိုဏ်းတပည့်အားလုံး သိသွားကြလေသည်။

ထို့နောက် ခပ်လှမ်းလှမ်းမှ တိုက်ခိုက်အော်ဟစ်သံများကို ကြားရ၏။

လဲ့ယုံး၏ နောက်လိုက် (၂) ဦးမှာ အသက်ရှူနိုင်ရုံမျှ မသေမရှင် ရိုက်နှက်ခံရပြီး (၅) လလောက်အထိ နလန်ပြန်ထူတော့မည် မဟုတ်ချေ။

ရှန်မိုလည်း ထိုကဲ့သို့လူများအတွက် မသနားတတ်ပေ။

သူတို့ကြမ္မာ သူတို့ဖန်တီးခြင်းဖြစ်၏။

ရှန်မို တောင်တန်းဘက်သွား၍ အခွင့်အရေး လိုက်ရှာရန် ပြင်လိုက်စဉ် စကားသံအချို့ ကြားရပြန်သည်။

“တောင်တန်းဘက်သွားပြီး ပွဲသွားကြည့်ရအောင်။ ရှောင်းဖန်တစ်ယောက် ချီစုစည်းခြင်းအဆင့်ကို တက်သွားပြီး လဲ့ရှောင်းကျန်ကို စိန်ခေါ်ထားတယ်တဲ့။ လဲ့ရှောင်းကျန်လည်း သူ့ညီဝမ်းကွဲ လဲ့ယုံးသေတာ သိထားခါစဆိုတော့ လုံးဝ ဒေါသကြီးနေတာ။ ပွဲက ကောင်းလိမ့်မယ်”

ရှန်မို အေးစက်စက် ပြုံးလိုက်မိ၏။

တကယ် စိတ်ဝင်စားစရာပဲ။

ထိုနှစ်ယောက်လုံးကို သူ ရင်းနှီးနေပါသည်။

လဲ့ရှောင်းကျန်မှာ လဲ့ယုံး၏ အစ်ကိုဝမ်းကွဲဖြစ်ပြီး ရှောင်းဖန်သည် သူ နာမည်ကြီး အပြင်ဂိုဏ်းတပည့် ဖြစ်စဉ်ကမှ ဝင်လာသူ ဖြစ်၏။

လဲ့ယုံးသည် ထိုကဲ့သို့ တပည့်အသစ်များကို ပစ်မှတ်ထားတတ်၍ ရှောင်းဖန် မကြာခဏ အရိုက်ခံရပြီး ရှန်မိုမှ တစ်ခါ ကူညီဖူးကာ ဆေးဝယ်သောက်ရန် စိတ်ဝိညာဉ်ကျောက်တုံးများပင် ပေးလိုက်သေးသည်။

ရှောင်းဖန်လည်း ကျေးဇူးတင်၍ အကြိမ်ကြိမ် ဦးညွှတ် နှုတ်ဆက်လေသည်။

သို့သော် ရှန်မို ကျင့်ကြံမှုကျသွားပြီးနောက် ရှောင်းဖန်တစ်ယောက် ချက်ချင်းပျောက်သွားပြီး သူ့ကိုလည်း သူစိမ်းကဲ့သို့ ဆက်ဆံခဲ့သည်။

“ရှောင်းဖန် ချီစုစည်းခြင်းအဆင့်ကိုတက်တာက ဂိုဏ်းထဲဝင်ပြီး တစ်နှစ်အကြာမှာပဲ။ သူ့ကံ တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။ သူ့ဆီက အခွင့်အရေးသာရနိုင်ရင် အဆင်ပြေပြီ”

ရှန်မိုလည်း တောင်တန်းဘက်သို့ အမြန်ထွက်လာခဲ့သည်။

…

တောင်တန်း၊ သိုင်းပြိုင်ပွဲနေရာ။

ရှန်မို ရောက်လာသောအခါ အပြင်ဂိုဏ်းတပည့် တစ်ရာဝန်းကျင်အထိ ကြိုစုဝေးနေပြီးသည်ကို တွေ့ရ၏။

ကွင်းထဲတွင် လူနှစ်ယောက် ရပ်နေကြသည်။

တစ်ဦးမှာ အပြာရင့်ရောင် ဝတ်ဆင်ထားပြီး ခါး၌ ဓားတစ်လက်ချိတ်ထား၏။

နောက်တစ်ဦးမှာ အနက်ရောင်ဝတ်စုံဖြင့် လက်နက်မဲ့ ဖြစ်သည်။

လဲ့ရှောင်းကျန်နှင့် ရှောင်းဖန်တို့ပင်။

နှစ်ဦးစလုံး တည်ငြိမ်စွာ ရပ်နေသော်လည်း အရှိန်အဝါများ တောက်ပနေကြ၏။

ရှန်မို လဲ့ရှောင်းကျန်၏ ကံကြမ္မာကို အရင်ကြည့်လိုက်သည်။

All Chapters