ငယ်စဉ်တည်းက ကံကောင်းသူ ရှောင်းဖန်
Vol. 1 Ch. 7
[အမည်: လဲ့ရှောင်းကျန်]
[အဆင့်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုငယ်]
[ကံကြမ္မာ: မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်၊ အလွန် ကံကောင်းသူ]
[အနာဂတ်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီး၌ ရပ်တန့်ကာ အတွင်းဂိုဏ်းအကြီးအကဲ ဖြစ်လာမည်။ (၂၆) နှစ်အကြာတွင် အပြင်တိုက်ပွဲ၌ သေဆုံးမည်]
[လတ်တလော အခွင့်အရေး (၁): ရှောင်းဖန်နှင့် တိုက်ခိုက်မှုတွင် အောင်မြင်ပြီး လဲ့ယုံးသေဆုံးမှုကို စုံစမ်းရန် ဂိုဏ်းမှ ထွက်ခွါမည်။ ထိုအချိန်တွင် နွယ်စိမ်းချောက်၌ နဂါးအမြစ်ကိုတွေ့ပြီး စားသုံးလျှင် ကျင့်ကြံမှု တိုးတက်လာမည်]
[လတ်တလော အခွင့်အရေး (၂): နှစ်လအကြာတွင် ရှန်မိုအား အလုပ်တစ်ခုခိုင်းရန် တပည့်များကို ခိုင်းစေမည်။ ရှန်မို ဂိုဏ်းထဲမှ ထွက်သွားပါက တပည့်များကို ဖမ်းခိုင်းပြိး ချင်ရှန်မြို့သို့ ခေါ်သွားကာ ရှန်ကျိုးထင်ထံမှ အထူးဆေးကို ခြိမ်းခြောက် တောင်းယူမည်။ ဆေးရပြီးလျှင် သားအဖနှစ်ဦးလုံးကို သတ်၍ ကျင့်စဉ်နားလည်နိုင်စွမ်း မြင့်လာမည်ဖြစ်၏]
[မိသားစု: အစိမ်းရောင်ကြမ္မာ။ ချင်ရှန်မြို့ လဲ့အိမ်တော်မှဖြစ်ပြီး ငယ်စဉ်တည်းက အခြေခံကောင်းစေရန် ဆေးများစွာသောက်၍ ကြီးပြင်းခဲ့ရသည်။ ကြွယ်ဝချမ်းသာမှု ပြတ်လပ်ခြင်း မရှိခဲ့]
[မိုးကြိုးဝိညာဉ်ခန္ဓာကိုယ်: ခရမ်းရောင်ကြမ္မာ။ လျှပ်စီးအတွက် သဘာဝ ခံနိုင်ရည်ရှိပြီး မိုးကြိုးကျင့်စဉ်များ ကျင့်ကြံနိုင်ကာ သိုင်းပညာလည်း လူတကာထက် လျင်မြန်စွာ တတ်မြောက်မည်]
[အလွန်ကံကောင်းသူ: ခရမ်းရောင်ကြမ္မာ။ အလွန် ကံကောင်းလွန်းပြီး အခြားသူများမှပင်အံဩမှင်တက်ရလောက်သည်]
ရှန်မိုကြည့်နေရင်း မျက်ဝန်းများ အေးစက်လာ၏။
တကယ် ပြန်ပေးဆွဲဖို့ ကြံထားတာပဲ။
သို့သော် ရှန်မိုမှ ကြိုသိထားပြီဖြစ်သောကြောင့် အင်အားကောင်းအောင် ကြိုးစား၍ လွတ်မြောက်ရန် ကြံရမည်။
ထို့နောက် ရှောင်းဖန်ဘက်ကို ကြည့်လိုက်ပြန်၏။
[အမည်: ရှောင်းဖန်]
[အဆင့်: ချီစုစည်းခြင်းအဆင့် အစပိုင်း]
[ကံကြမ္မာ: ငယ်စဉ်တည်းက ကံကောင်းသူ၊ အင်မော်တယ်အရှိန်အဝါရှိ၊ ကြီးမြတ်သူတစ်ဦး ပြန်ဝင်စားခြင်း၊ အခက်အခဲကြားမှ ရှင်သန်နိုင်ခြင်း၊ နေမီးတောက်ခန္ဓာကိုယ် (မနိုးထသေး)]
[အနာဂတ်: ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးတွက် ရပ်တန့်ကာ မီးတောက်ကောင်းကင်ခန်းမ၏ အရှင်သခင် ဖြစ်လာပြီး အင်မော်တယ် ချီဖုန်အဖြစ် ဂုဏ်ပြုခံရမည်။ မော်တယ်များကို ရှင်းလင်းရန် သတ်ဖြတ်ခြင်း၊ မြို့ကြီး (၁၀) မြို့ကို သိမ်းပိုက်၍ အလောင်းများပုံကာ သွေးချောင်းစီးသည်အထိ ဖြစ်စေပြီး ကိုယ်တိုင်လည်း စိတ်ဝိညာဉ်စွမ်းအင် တန်ပြန် ထိခိုက်၍ သေဆုံးရမည်]
ရှန်မိုမှာ ကြောက်စရာကံကြမ္မာကြောင့် မျက်လုံးပင် ချက်ချင်း မဖွင့်နိုင်ပေ။
[ငယ်စဉ်တည်းက ကံကောင်းသူ: အနီရောင်ကြမ္မာ။ အလွန်ကံကောင်းလွန်းသူဖြစ်ပြီး သာမာန် လမ်းလျှောက်သွားရင်း ရှားပါးရတနာများ ရရှိခြင်း၊ အိမ်အပြန်လမ်းတွင် ထိပ်တန်းကျင့်စဉ်များ ရှာတွေ့ခြင်းတို့ ကြုံတတ်သည်]
[အင်မော်တယ် အရှိန်အဝါ: အနီရောင်ကြမ္မာ။ ရုပ်ရည် အလွန် ချောမောပြီး အရွယ်စုံ၊ လူစုံ သဘောကျကြသည်။ ထို့ကြောင့် လူတိုင်း၏ အကူအညီရရန် လွယ်ကူပါသည်]
[ကြီးမြတ်သူ ပြန်ဝင်စားခြင်း: အနီရောင်ကြမ္မာ။ သင်သည် နတ်ဘုရားပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး လျှို့ဝှက်ကျင့်စဉ်ကို သုံးကာ ပြန်လည် မွေးဖွားခဲ့ခြင်း ဖြစ်သည်]
[အခက်အခဲများကြားမှ ရှင်သန်ခြင်း: အနီရောင်ကြမ္မာ။ အမြဲတမ်း အန္တရာယ်မှ ဘေးကင်းမှုကို ပြောင်းလဲနိုင်ပြီး အခြားသူများ သေခြင်းကျရောက်လျှင်ပင် ရှင်သန်လိမ့်မည်]
[နေမီးတောက်ခန္ဓာကိုယ်(မနိုးထသေး): အနီရောင်ကြမ္မာ။ မီးနှင့် ပတ်သက်သော ကျင့်စဉ်များကို တစ်ဝက်မျှ အားထုတ်ရုံဖြင့် ၂ ဆ အကျိုးသက်ရောက်မည်]
ရှန်မို ထိုအခါမှ သဘောပေါက်သွား၏။
ဤမျှ ကောင်းမွန်သောကံများ ရှိသောကြောင့် တစ်နှစ်အတွင်း အဆင့်များစွာ တိုးတက်ခြင်းသည် မဆန်းလှပေ။
သို့သော် သူ့အဆုံးသတ်မှာ ဆိုးဝါးလှသည်။
“သွေးသံရဲရဲ အခြေအနေတွေပဲ…”
ရှန်မိုတွေးရင်း လန့်သွား၏။
သူ ရှောင်းဖန်၏ အခွင့်အရေးများကို ကြည့်လိုက်သောအခါ ပို၍ မှင်တက်သွားတော့သည်။
[လတ်တလောအခွင့်အရေး (၁): လဲ့ရှောင်းကျန်နှင့် တိုက်ပွဲတွင် ရှုံးသွားသော်လည်း ဒုဂိုဏ်းခေါင်းဆောင်၏သမီး လျှိုဖေး၏ ချစ်မြတ်နိုးခြင်းကို ခံရပြီး ပြန်လည်ကျန်းမာစေရန် ဆေးဝါးပေးလိမ့်မည်]
[လတ်တလော အခွင့်အရေး(၂): (၁၀) ရက်အကြာတွင် တာဝန်ထမ်းဆောင်ရင်း နတ်ဆိုးသားကောင်၏ တိုက်ခိုက်ခံရကာ နဂါးညီနောင်တောင်ရှိ လိုဏ်ဂူထဲ ကျရောက်ပြီး မြေဓာတ်စိတ်ဝိညာဉ်ဆေးရည် တွေ့ရှိကာ ချီစုစည်းခြင်းအဆင့် အောင်မြင်မှုငယ်သို့ ရောက်ရှိမည်]
[လတ်တလော အခွင့်အရေး (၃): တစ်လအကြာတွင် လျှိုဖေးထံမှ ချီစုစည်းခြင်းဆေး (၃) လုံးရရှိကာ ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီးသို့ ရောက်ရှိမည်။ ထိုအခါ အတွင်းဂိုဏ်းတပည့်ကို ထပ်စိန်ခေါ်ပြီး အောင်မြင်သွားမည်]
[လတ်တလော အခွင့်အရေး (၄): တစ်လခွဲအကြာတွင် ချင်းရွှမ်ဂိုဏ်း နံပါတ် (၃) ဆေးရေကန်ထဲကျကာ နေမီးတောက်အမြုတေတွေ့ပြီး နေမီးတောက်ခန္ဓာကိုယ် နိုးထနိုင်မည်]
[လတ်တလော အခွင့်အရေး (၅): နှစ်လအကြာတွင် ချင်းရွှမ်ဂိုဏ်း ရေကန်ထဲတွင် လိုဏ်ဂူတစ်ခု ရှာတွေ့ပြီး အင်မော်တယ်အစစ် ငရဲမီးတောက်ထံမှ ငရဲမီးတောက်ဖျက်ဆီးခြင်း ကောင်းကင်အဆင့် ကျင့်စဉ်ကို ရရှိမည်]
[လတ်တလော အခွင့်အရေး (၆): …]
ရှန်မို သူ့အခွင့်အရေးများကိုကြည့်ရင်း မှင်တက်နေ၏။
ရှောင်းဖန်၏ အခွင့်အရေးအကြီးဆုံးမှာ နေမီးတောက် ခန္ဓာကိုယ်နိုးထမည့်ကိစ္စဖြစ်သည်။
ကောင်းကင်အဆင့် ကျင့်စဉ်များမှာ အလွန်ရှားပါး၍ အဖိုးတန်၏။
ချင်းရွှမ်ဂိုဏ်းတွင် ထိုသို့ကောင်းကင်ကျင့်စဉ် တတ်မြောက်သူ ပါရမီရှင်မှာ လွန်ခဲ့သော နှစ် (၆၀၀) ခန့်က တစ်ကြိမ်သာ ပေါ်ဖူးပြီး ကံမကောင်းစွာဖြင့် ပြိုင်ဘက်ဂိုဏ်း၏ လုပ်ကြံခြင်းခံလိုက်ရသည်။
ရှန်မို မျက်လုံးအရောင်များ လက်သွား၏။
ယခုအခါ ငရဲမီးတောက် ဖျက်ဆီးခြင်းကျင့်စဉ်၏ တည်နေရာကို သိရှိသွားလေပြီ။
“ဒါပေမဲ့ အဲ့ဒီရေကန်နားမှာ လူအရမ်းရှုပ်တယ်။ ငါ ရုတ်တရက်ကြီး ခုန်ချလိုက်တာနဲ့ သတိထားမိကုန်မှာ…”
“အတွင်းဂိုဏ်းတပည့် ဖြစ်တဲ့အချိန်အထိ စောင့်တာပေါ့လေ။ အဲ့အခါမှ ရေတံခွန်က ရေနဲ့ ခန္ဓာကိုယ်စွမ်းအင် ထိန်းညှိမယ်ပြောရင် သံသယ ရှိတော့မှာမဟုတ်ဘူး”
ရှန်မိုတစ်ယောက် ပြိုင်ပွဲနေရာမှ ထွက်ခွါကာ လှုပ်ရှားရန် စပြင်ဆင်လေသည်။
အရင်ဆုံး ချင်းကန်တောင်တန်းမှ နွယ်စိမ်းချောက်သို့ ထွက်လာခဲ့၏။ ထိုချောက်ထဲတွင် အသားစားပင်များ အပါအဝင် နွယ်ပင်မျိုးစုံ ရှိသည်။
အသားစားအပင်များမှာ အန္တရာယ်များသောကြောင့် ရသည့်ဆုလာဘ်နှင့် ကာမိမည်မဟုတ်၍ တပည့်များ လာလေ့မရှိချေ။
ရှန်မို ရှာဖွေရင်း မကြာမီ ထောင့်နား၌ ပုန်းကွယ်နေသည့် လိမ္မော်ဝါရောင် နွယ်ပင်အား တွေ့ရလေသည်။
အရွက်များမှာ ငါးအမြီးနှင့်တူပြီး အမြစ်သည် နဂါးခေါင်းပုံ ဖြစ်၏။
ထို့နောက် နဂါးဆေးမြစ်ဟု ခေါ်ကြခြင်းပင်။
“တကယ့် အထူး အဝါအဆင့် ရတနာပဲ”
ရှန်မို သက်ပြင်းချကာ ဆေးနံ့ကိုရှူရှိုက်ပြီးနောက် သဲများ ခါ၍ အဝတ်သန့်ထဲထည့်ကာ သိမ်းလိုက်သည်။
ထို့နောက် နဂါးညီနောင်တောင်တန်းသို့ ဆက်ထွက်လာခဲ့၏။
တည်နေရာ (၂) ခုမှာ သိပ်မဝေးလှပေ။
မကြာမီ လိုဏ်ဂူကြီးတစ်ခု တွေ့ရတော့သည်။ ဝင်ပေါက်၌ မြက်ရိုင်းများ ပိတ်ဆီးထားပြီး ရှုပ်ထွေးနေ၏။ မြေမှာလည်း ခပ်ပျော့ပျော့နှင့် လျော့ရဲနေပြီး ခြေတစ်လှမ်း ပြင်းရုံဖြင့် ပြုတ်ကျသွားနိုင်သည်။
ရှန်မို တွေဝေမနေဘဲ အောက်အထိ ဆင်းသွားသောအခါ နို့ရည်ကဲ့သို့ အဖြူရောင်အရည်များဖြင့် ကန်တစ်ခု ရှိနေ၏။
အလယ်အဆင့် သိမ်မွေ့နက်နဲခြင်းရတနာပင်။
“ဒီမှာ အဆင့်တက်သွားနိုင်လောက်တယ်”
“နဂါးဆေးမြစ်နဲ့ မြေဓာတ် စိတ်ဝိညာဉ်ဆေးရည်ပေါင်းရင် စိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းဖြစ်ပြီ”
ရှန်မို ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ နဂါးဆေးမြစ်ကို ထုတ်၍ အခွံများခွါကာ စားလိုက်သည်။
ထိုအခါ အရည်ရွှမ်းသော ခံစားချက်ရလိုက်ပြီး အစာအိမ်ထဲ ဝင်သွားသည်နှင့် စွမ်းအင်များ ပျံ့နှံ့သွားတော့၏။
သူ့စိတ်ပုံရိပ်ငယ် ရှိရာတွင် အားလုံးစုစည်းနေသည်။
ရှန်မို မြေဓာတ် စိတ်ဝိညာဉ်ဆေးရည်များလည်း သောက်ချလိုက်သည်။
ထိုအခါ ခန္ဓာကိုယ်သည် ကြီးထွားလာသလို ခံစားရပြီး ပုံရိပ်ငယ်မှ မုန်တိုင်းသည် လျင်မြန်စွာ လည်ပတ်နေသည်။
ရှန်မိုမှာတော့ ဆေးရည်ကို အဆက်မပြတ် ဆက်သောက်ရင်း ထိန်းညှိထား၏။
မကြာမီ ကျင့်ကြံမှုအဆင့်များ တိုးတက်လာတော့၏။
“ချီစုစည်းခြင်းအဆင့်”
သူ မတ်တပ်ထရပ်ကာ ဓားကိုထုတ်၍ မိုးကြိုးအရိပ် ဓားသိုင်းအား ကျင့်ကြံလေသည်။
လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် လိုဏ်ဂူနံရံများ ကွဲကြေကုန်၏။
သူ ပျော်လွန်း၍ ပြုံးရွှင်နေသည်။
ကျောက်ဂူနံရံများမှာ အလွန်မာကျောသော်လည်း ဤသည်မှာ ချီစုစည်းခြင်းအဆင့်၏ အစွမ်းပင်။