အန္တရာယ်ရှိသော ရန်စခြင်း
Vol. 1 Ch. 8
“ငါ့ကံကရော ဘယ်လိုလဲ”
ရှန်မို သူ့စနစ်ကို ဖွင့်ကြည့်လိုက်၏။
[အမည်: ရှန်မို]
[အဆင့်: ချီစုစည်းခြင်ရအဆင့် အစပိုင်း]
[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ အနည်းငယ် ကံကောင်းသူ]
[အနာဂတ်: ခြေတည်အဆင့် ထိပ်ဆုံးအထိ ကျင့်ကြံနိုင်ပြီး ချင်းရွှမ်ဂိုဏ်း၏ အပြင်ဂိုဏ်း အကြီးအကဲ ဖြစ်လာမည်။ အေးချမ်းစွာ နေထိုင်ရင်း သဘာဝဖြစ်စဉ်ဖြင့်သာ သေဆုံးမည်]
[လတ်တလော အခွင့်အရေး (၁): (ရရှိပြီး) နွယ်စိမ်းချောက်တွင် နဂါးဆေးမြစ်ရရှိကာ စိတ်ဝိညာဉ်ချီဝဲဂယက်သို့ ရောက်ရှိမည်]
[လတ်တလော အခွင့်အရေး (၂): (ရရှိပြီး) နဂါးညီနောင်တောင်တန်းသို့ သွားရောက်ကာ မြေဓာတ် စိတ်ဝိညာဉ်ဆေးရည်ကို သောက်သုံး၍ ချီစုစည်းခြင်းအဆင့်သို့ တက်နိုင်မည်]
ရှန်မို သက်ပြင်းရှည်ပြီး ချလိုက်၏။
နောက်ဆုံးတော့ ဆိုးဝါးသော သေဆုံးမှုမှ လွတ်မြောက်နိုင်လေပြီ။
သူ ရေကန်ဘက် လှမ်းကြည့်လိုက်သောအခါ ဆေးရည်များ ကျန်နေသေးသည်။
“ချီစုစည်းခြင်းအဆင့် ရောက်ပြီးတာတောင် ဒါက အသုံးဝင်နေဦးမှာပဲ။ ဖြုန်းတီးလို့ မဖြစ်ဘူး။ အကုန် ယူသွားမယ်”
ရှန်မိုမှာ ရေလုံသော အိတ်တစ်အိတ်ထဲသို့ လက်ကျန်ဆေးရည်များအားလုံး ထည့်လိုက်၏။
ထို့နောက် ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်ထံ ပြန်လာသည်။
သူ ရောက်ရောက်ချင်းပင် အပြာရောင်ဝတ်စုံဖြင့် လူတစ်ယောက် အမြန်ထွက်လာသည်ကို တွေ့ရ၏။
လဲ့ရှောင်းကျန်ဖြစ်ပြီး အလွန်မြန်လွန်း၍ အခြားတပည့်များ လိုက်မမှီနိုင်ဘဲ လွင့်ကုန်သည်။
ထိုထဲတွင် ရှန်မိုလည်း ပါဝင်၏။
သူ ခုခံလိုက်လျှင် လဲ့ရှောင်းကျန် သူ့အဆင့်ကို သတိထားမိသွားနိုင်သည်။
လဲ့ရှောင်းကျန်မှာ ဂိတ်ကို ကျော်သွားပြီးနောက် ရုတ်တရက်ရပ်၍ လွင့်သွားသူများကို လှည့်ကြည့်ကာ
“ထိခိုက်သွားကြသေးလား။ အဆင်ပြေရဲ့လား”
“ငါ့မှာ သက်သာတဲ့ဆေးတွေ ရှိတယ်။ လာယူကြပါဦး။ တောင်းပန်ပါတယ်နော်”
“အခုပဲ ဝမ်းကွဲညီလေးလဲ့ယုံးလည်း သေဆုံးတဲ့သတင်း ကြားလို့ အမြန်သွားကြည့်ရမှာမို့လို့ လောသွားတာပါ…”
လဲ့ရှောင်းကျန်၏မျက်လုံးများ နီရဲလျက် မျက်ရည်များ ဝဲနေသည်။
တပည့်များမှာ လက်ယမ်းပြရင်း အဆင်ပြေကြောင်းပြော၍ ကျေးဇူးတင်နေကြ၏။
ထို့နောက် လဲ့ရှောင်းကျန်မှာ ရှန်မို့အနား ရောက်လာပြီး လက်ကို ဆွဲကိုင်၍
“မင်းက ရှန်မိုမလား။ မင်းကို သိတယ်။ ငါ့ညီ အနိုင်ကျင့်ဖူးတယ်လေ။ ငါ သူ့ကို ခဏခဏ ဆုံးမခဲ့ပါတယ်။ ဒါပေမဲ့ နားမထောင်ဘူးကွာ…”
ပြောပြောဆိုဆိုနှင့် ကုသဆေးနှင့် ခန္ဓာကိုယ်မွမ်းမံခြင်း ဆေးပုလင်းတို့ကို ထုတ်ပေးလိုက်သည်။
“ဂျူနီယာရှန် ဒီဆေးက မင်းအတွက်ပါ။ နောက်ရက်ပိုင်းလောက်နေရင် တပည့်တစ်ယောက်ကို ထပ်ပို့ခိုင်းဦးမယ်။ ဒီလောက်ဆိုရင်တော့ မင်း အပြင်ဂိုဏ်းတပည့် စစ်ဆေးပွဲမှာ အဆင်ပြေမှာပါ”
“လဲ့ယုံးနဲ့ ဖြစ်ခဲ့တာတွေအတွက် လျော်ကြေးလို့ပဲ သဘောထားပေးနော်။ ပင်ပန်းသွားခဲ့ပြီ”
သူ ရှန်မို့မျက်လုံးများထဲ ထိုးဖောက်ကြည့်ရင်း ပြော၏။
ရှန်မို အစပိုင်း မှင်တက်နေယောင် ဆောင်နေပြီးမှ မျက်လုံးလေးများ တောက်လျက်
“ကျေးဇူးပါပဲ စီနီယာလဲ့။ တကယ့်ကို လူကောင်းပဲနော်”
သူ ဆေးများကို အမြန်လှမ်းယူလိုက်သည်။
အဖိုးအတန်ဆုံးရတနာများ ရသကဲ့သို့ ပျော်ရွှင်နေမိ၏။
လဲ့ရှောင်းကျန်မှာ သတိမထားမိဘဲ ရှန်မို့ပုခုံးအား ပုတ်လျက် အခြားတပည့်များဘက် လှည့်ကြည့်ကာ
“အားလုံးကို ထပ်ပြီး တောင်းပန်ပါတယ်နော်”
တပည့်များမှာ ကျေနပ်စွာ ပြုံးပြလျက် လဲ့ရှောင်းကျန်လည်း ထွက်သွားတော့သည်။
“စီနီယာလဲ့က အရမ်း လူကြီးလူကောင်းဆန်တာပဲ။ ငါသာဆို စိတ်အေးအေးထားပြီး တောင်းပန်နေနိုင်မှာ မဟုတ်ဘူး”
“ဟုတ်ပါ့။ မင်းမသိလို့။ လဲ့ရှောင်းကျန်က လျှိုဖေးကိုလည်း အရမ်းသဘောကျခဲ့တာ။ ဒါပေမဲ့ ရှောင်းဖန်ကို နိုင်သွားပြီး လျှိုဖေးက ရှောင်းဖန်ကို ဂရုစိုက်နေတော့ သူ့အနေနဲ့ ခံစားရမှာပဲ”
“ညီဝမ်းကွဲသေတဲ့ သတင်းကတစ်မျိုး။ သဘောကျတဲ့ မိန်းကလေးကလည်း တခြားယောက်ျားကို ဂရုစိုက်နေတာ။ ကျစ် ကျစ်… ငါသာဆိုရင် တော်တော် ဒေါသထွက်နေလောက်ပြီ”
“စီနီယာလဲ့က ရှန်မို့ကိုတောင် လဲ့ယုံးအစား လျော်ကြေး ပေးခဲ့သေးတယ်။ တကယ် ကြင်နာတတ်လွန်းပါတယ်”
အားလုံး လဲ့ရှောင်းကျန်အား သနားနေကြသည်။
တစ်ချိန်တည်းတွင် သူ့စိတ်ထားကိုလည်း လေးစားနေမိကြ၏။
ရှန်မိုမှာတော့ နားထောင်ရင်း သူ့အကြောင်းကို သိနေ၍ မည်သို့မျှ မခံစားရပေ။
ဆေးများ ပေးသွားခြင်းမှာလည်း သူ့ကို မြှူဆွယ်၍ ငါးစာချခြင်းသာ ဖြစ်သည်။
“ဆေးက ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် ကျင့်ကြံသူအတွက်တော့ အဖိုးတန်တယ်ဆိုတော့ အရမ်းလိုချင်တဲ့ပုံမျိုး ပြရမယ်။ မဟုတ်ရင် အဆင့်တက်ထားမှန်း သိသာသွားမှာ”
ထို့နောက် သူ့အခန်းသို့ ပြန်လာခဲ့လိုက်၏။
သူ့အင်အားကို အမြန်ဆုံး တိုးမြှင့်ရန် လိုအပ်ပါသည်။
နောက်တစ်နေ့တွင်။
ရှန်မို စောစော ထလာ၏။
ထို့နောက် စားပွဲပေါ်မှာ ဆေးပုလင်းကို သတိထားမိသွားသည်။
လဲ့ရှောင်းကျန်ပေးထားသော ဆေးပုလင်း ဖြစ်သည်။
ထို့နောက် သူ့အိပ်ရာအောက်တွင် ကျင်းတူး၍ ဆေး (၂) လုံးကို မြှုပ်ထားလိုက်သည်။
အဆင့်မြင့်နေသည့်အချိန်တွင် ထိုဆေးသောက်ပါက ပြန်၍ အဆိပ်ဖြစ်နိုင်၏။ ထို့ကြောင့် ဤနည်းဖြင့်သာ ကိုင်တွယ်ရတော့မည်။
“ထမင်းစားဆောင်မှာ မနက်စာ သွားစားရင်း အခွင့်အရေး ကြည့်ရမယ်”
ရှန်မို ထိုသို့တွေးကာ ထွက်ရန် ပြင်လိုက်သည်။
ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ကြားရ၏။
တံခါးဖွင့်လိုက်သောအခါ ကြည့်ကောင်းစွာ ပြုံးနေသည့် လဲ့ရှောင်းကျန်အား တွေ့ရလေသည်။
လဲ့ရှောင်းကျန်သည် ထမင်းဘူးကိုကိုင်လျက် ပြုံးကာ
“အချိန်ကိုက် ရောက်လာမိတာ ထင်တယ်”
ရှန်မို အံ့ဩသွားပုံဖြင့်
“စီနီယာလဲ့ ဘာကိစ္စများ ရှိလို့လဲဗျ”
“ညီလေး ဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်းကိုလည်း နည်းနည်း မေးချင်တာရှိလို့။ ဝင်လာလို့ ရမလား”
“ဟုတ်ကဲ့”
ထို့နောက် (၂) ယောက်သား အခန်းထဲ၌ ဝင်ထိုင်လိုက်ကြသည်။
အပြင်ဘက်မှ တပည့််များအားလုံး မြင်ရသောနေရာ၌ ဖြစ်၏။
“မနက်စာ မစားရသေးဘူးမလား။ ထမင်းစားဆောင်ကနေ ယူလာခဲ့တယ်”
လဲ့ရှောင်းကျန် ထမင်းဘူးကို ဖြည်ရင်း ပြောလေသည်။
ရှန်မို မစားရသေးသောကြောင့် တူလှမ်းယူကာ စားရန် ပြင်လိုက်၏။
လဲ့ရှောင်းကျန်မှာ အဆိပ်မခတ်ထားကြောင်း သူ အရင်စားပြသည်။
ထို့နောက်မှ စားပွဲပေါ်မှ ဆေးပုလင်းကို လှမ်းကိုင်၍
“ဂျူနီယာရှန် မနေ့က ငါပေးတဲ့ဆေး သောက်ဖြစ်သေးလား။ ဘယ်လိုနေလဲ”
“(၂) လုံးတော့ သောက်ပြီးပါပြီ။ အရမ်းစွမ်းတာပဲ။ ကျွန်တော့်အခြေခံတောင် ပြန်ကောင်းလာသလို ခံစားရတယ်။ ဒီနေ့ ကြိုးစားကြည့်ရင် ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုငယ်လောက်တော့ ရောက်မှာ”
လဲ့ရှောင်းကျန် ပုလင်းကို ဖွင့်ကြည့်လိုက်သောအခါ အမှန်ပင် ဆေး (၃) လုံးသာ ကျန်တော့၏။ သူ မနေ့က (၅) လုံး ပေးခဲ့ခြင်း ဖြစ်သည်။
လဲ့ရှောင်းကျန် နောက်ထပ် ဆေးဘူးကို ထုတ်၍
“ငါ ကတိတည်တယ်နော်။ ဒီမှာ နောက်ထပ်ဆေးတွေ။ ငါ့ညီလုပ်ခဲ့တာတွေအတွက် အားနာပါတယ်ကွာ”
ရှန်မို စိတ်လှုပ်ရှားနေပုံဖြင့်
“ကျေးဇူးပါပဲ စီနီယာလဲ့ရယ်”
လဲ့ရှောင်းကျန် ရှန်မို့အခန်းကို လေ့လာရင်း ထောင့်နားမှ ဓားကို သတိထားမိသွားသည်။
“မင်း လက်သီးသိုင်းတို့၊ လက်ဝါးသိုင်းတို့ လေ့ကျင့်ခဲ့တာ မှတ်မိပါတယ်။ အခု ဓားက လိုလို့လား”
ရှန်မို ခေါင်းယမ်းပြ၍
“စီနီယာလဲ့ မသိလိုက်တာဖြစ်မယ်။ ကျွန်တော် အရင်တည်းက ဓားသိုင်းလည်း သင်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ သိပ်မကိုက်ဘူးထင်လို့ လူရှေ့ထုတ်မပြခဲ့တာ”
“အားနာပါတယ်ကွာ။ ငါလည်း အတွေးလွန်သွားတယ်။ ညီလေးကို မနေ့ကတွေ့တော့ ဓားဒဏ်ရာတွေလည်း ရှိနေတယ်လေ။ အဲ့တာကြောင့် ဓားသုံးတဲ့သူတိုင်းကို လိုက်တွေးမိသွားတာ”
“ကျွန်တော် နားလည်ပါတယ်”
လဲ့ရှောင်းကျန် သက်ပြင်းချ၍
“အမှန်တော့ လဲ့ယုံးက လူကောင်းမဟုတ်မှန်းလည်း သိပါတယ်။ သူ့ကို သတိပေးခဲ့ပေါင်းလည်း မနည်းဘူး။ အိမ်တော်က ထုတ်ပယ်မယ်လို့တောင် ခြိမ်းခြောက်ဖူးတယ်။ ဒါပေမဲ့ ပြောစကား နားမထောင်ပါဘူး”
“လူသတ်သမားကိုလည်း စည်းမျဉ်းအတိုင်း အပြစ်ပေးဖို့ ဂိုဏ်းကိုပဲ အပ်မှာပါ။ ငါ့အထင်တော့ လဲ့ယုံးအနိုင်ကျင့်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ ဖြစ်မယ်”
“ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်”
ရှန်မို ခေါင်းငြိမ့်ပြ၏။
လဲ့ရှောင်းကျန် သက်ပြင်းချကာ
“ကဲပါ ဂျူနီယာရှန်။ ငါလည်း အကြာကြီး မနေတော့ပါဘူး။ တခြားသူတွေကိုလည်း လိုက်စစ်ဆေးရဦးမှာဆိုတော့”
“ဂရုစိုက်ပါ စီနီယာလဲ့။ နောက်ပြီး ဆေးတွေပေးတာ ကျေးဇူးပါနော်”
လဲ့ရှောင်းကျန် ခေါင်းငြိမ့်ပြ၍ ထွက်သွားတော့၏။
ရှန်မိုလည်း ထိုအခါမှ စိတ်ထဲလေးလံစွာဖြင့် ပြန်ထိုင်နေမိ၏။
သာမာန်လူသာဆိုလျှင် လဲဲ့ရှောင်းကျန်၏ စစ်ဆေးမှုတွင် တုန်လှုပ်ကာ ပေါ်သွားလောက်လေပြီ။
ထိုစဉ် လဲ့ရှောင်းကျန်တစ်ယောက် အပြင်ဘက်မှနေ၍ သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။
“စီနီယာလဲ့ မပြန်ရသေးဘူးလား”
လဲ့ရှောင်းကျန် လက်ယမ်းပြ၍
“စိတ်ထဲမထားပါနဲ့။ မင်းအပေါ် အကြွေးတွေ များခဲ့လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ထပ်ပေးရမလား တွေးနေတာပါ”
ထိုစကားကြောင့် အခြားတပည့်များမှာ ရှန်မို့အား အလွန်အားကျနေကြ၏။
“ဒါဆိုရင်တော့ ကောင်းကောင်း လက်ခံပါ့မယ်ဗျာ။ အမှန်တော့ ကျွန်တော်လည်း လိုအပ်နေတာ”
“ခဏနေမှ လာပို့ခိုင်းလိုက်မယ်”
“ဟုတ်ကဲ့ပါ”
ထိုကဲ့သို့ ရုတ်တရက် စစ်ဆေးခြင်းလည်း ထပ်ရှိတတ်သေးသည်။
သူ့တွင် အသံထွက်ရေရွတ်တတ်သော အကျင့်မရှိ၍ တော်သေး၏။
“ဒီလူက သာမာန်မဟုတ်ဘူးပဲ။ အန္တရာယ်များလိုက်တာ”
“အင်အားမြန်မြန်ရှိအောင် လုပ်ပြီး သတ်မှဖြစ်မယ်”
သူ ခုနလေးတင် လဲ့ရှောင်းကျန်၏ အခွင့်အရေး (၂) ခုကို ထပ်တွေ့လိုက်သည်။
[လတ်တလော အခွင့်အရေး (၁): လဲ့ယုံး သေဆုံးမှုအား စုံစမ်းရင်း သူလျှိုလုပ်နေသော တပည့်အကြောင်း သိရကာ ဂိုဏ်းကို တိုင်လိုက်သောကြောင့် အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံး (၃၀၀) နှင့် သိုင်းကျင့်စဉ်တစ်မျိုး အခမဲ့ ရရှိမည်]
[လတ်တလော အခွင့်အရေး (၂): လဲ့ယုံး သေဆုံးမှုကို ဂိုဏ်းအပြင်တွင် စုံစမ်းရင်း အဆင့် (၂) နတ်ဆိုးသားကောင်၏အသိုက်ကို တွေ့ရမည်။ ထို့နောက် တိုက်ပွဲတွင် အနိုင်ရကာ နတ်ဆိုးကျောက်မျက် (၃) လုံး ရရှိမည်]
“ပထမအခွင့်အရေးက ရဖို့ခက်တယ်။ ငါ့အကြောင်း ထုတ်ပြလို့ မဖြစ်သေးဘူး”
“ဒုတိယတစ်ခုပဲ အဆင်ပြေမယ်။ နတ်ဆိုးကျောက်မျက် (၃) ခုနဲ့ဆိုရင် အဆင့်ထပ်တက်နိုင်ပြီ။ သားကောင်ကြီး အစာရှာထွက်နေတဲ့အချိန် သွားယူရင် လွယ်လွယ်ရပြီ”