အပြင်ဂိုဏ်းတပည့်များ စစ်ဆေးပွဲ
Vol. 1 Ch. 9
မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံးသွား၏။
အပြင်ဂိုဏ်းတပည့််အဆောင်။
ရှန်မို ကျင့်ကြံပြီး၍ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ထိုအတောအတွင်း လဲ့ရှောင်းကျန် ထပ်မလာသော်လည်း တရားခံ မပေါ်သေး၍ စုံစမ်းနေဆဲပင်။
နတ်ဆိုးကျောက်မျက် (၃) လုံးလည်း ရရှိထားသောကြောင့် ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီးသို့ပင် ရောက်နေပြီဖြစ်၏။
ထို့အပြင် မိုးကြိုးအရိပ်ဓားသိုင်းဟူသည့် ဝှက်ဖဲလည်း ရှိသေးသည်။ ထို့ကြောင့် လဲ့ရှောင်းကျန်အနေဖြင့် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
“ဒီနေ့က အပြင်ဂိုဏ်းတပည့် စစ်ဆေးရေးနေ့ပဲ။ လဲ့ရှောင်းကျန်ကို အားလုံးရှေ့မှာ စိန်ခေါ်ပြီး အနိုင်ယူရမယ်။ အဲ့လိုနဲ့ အတွင်းဂိုဏ်းတပည့် ဖြစ်သွားရင် ဂိုဏ်းရဲ့ ကာကွယ်မှု ရပြီ”
ရှန်မို နှာခေါင်းရှုံ့ကာ ရေရွတ်မိသည်။
ထို့နောက် တောင်လယ်ရှိ စစ်ဆေးမှုကွင်းပြင်သို့ ထွက်ခဲ့၏။
အခြားတပည့်များလည်း သွားနေသည်ကို တွေ့ရသည်။
ရှန်မို ရောက်သွားသောအခါ တပည့်များ (၁၀၀) ကျော် ရောက်နှင့်ပြီး ဖြစ်၏။ ထိုထဲတွင် ထင်ရှားနေသော စုံတွဲတစ်တွဲကို တွေ့ရသည်။
လျှိုဖေးမှ ရှောင်းဖန်ကို မှီကာ ရပ်နေလေသည်။
သူ လျှိုဖေးကို အနိုင်ရရှိကာ ကံကြမ္မာ ပြောင်းသွားလေပြီ။
သူ့ဘေးမှ တပည့်အချို့လည်း ဂုဏ်ပြုစကား ဆိုကြ၏။
“အတွင်းဂိုဏ်းတပည့် ဖြစ်လာတာ ဂုဏ်ယူပါတယ် အစ်ကိုရှောင်း”
“အစ်ကိုရှောင်း နောက်မှ ကျွန်တော်တို့ကို မေ့မသွားနဲ့နော်”
ရှောင်းဖန်မှာ ယဉ်ကျေးစွာဖြင့်
“စိတ်သာချ။ ငါက ကျေးဇူးသိတတ်ပါတယ်။ ကူညီထားတဲ့သူတွေကို မမေ့ပါဘူး”
ရှန်မို နားထောင်ရင်း အခြေအနေကို သဘောပေါက်သွားသည်။
ရှောင်းဖန်စကားမှာ ရှန်မိုအတွက်တော့ နှာခေါင်းရှုံ့စရာပင်။
တကယ်သာ ကျေးဇူးသိတတ်သူဖြစ်လျှင် ရှန်မို ကျင့်ကြံမှု ပျက်စီးစဉ်က စွန့်ပစ်ခဲ့မည် မဟုတ်ပါ။
စစ်ဆေးပွဲဘေးရှိ အဆောင်လေးတွင်မူ အတွင်းဂိုဏ်းတပည့် (၃) ဦး လက်ဖက်ရည် သောက်ရင်း ပွဲကို လှမ်းကြည့်နေသည်။ ထိုထဲမှ တစ်ဦးမှာ လဲ့ရှောင်းကျန်ဖြစ်ပြီး အခြား (၂) ဦးကိုလည်း ရှန်မို သိထားပြီးဖြစ်၏။ ချင်ရှန်မြို့မှ မဟုတ်သော်လည်း ကုဖုန်မြို့ နာမည်ကြီးအိမ်တော်ကြီးများမှ ဖြစ်လေသည်။
ချင်ရှန်မြို့၊ ကုဖုန်မြို့၊ ရှီရှန်မြို့ကို မြို့ငယ်များ၊ ရွာငယ်များ ဝန်းရံထားပြီး အားလုံးသည် ချင်းရွှမ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်၌ ရှိ၏။
ထိုနယ်တစ်ဝိုက်တွင် ချင်းရွှမ်ဂိုဏ်းမှာ အရှင်သခင်ဖြစ်ပြီး သူ့စကားမှာ ဥပဒေပင်။
ရှန်မို ခပ်လှမ်းလှမ်းမှ နေရင်း လဲ့ရှောင်းကျန်၏ စနစ်ကို ကြည့်လိုက်သည်။
[အမည်: လဲ့ရှောင်းကျန်]
[အဆင့်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုငယ်]
[ကံကြမ္မာ: မိုးကြိုးဝိညာဉ်ခန္ဓာကိုယ်၊ ကံကောင်းသူ]
[အနာဂတ်: ခြေတည်အဆင့် ထိပ်ဆုံးတွင် ရပ်တန့်ကာ ချင်းရွှမ်ဂိုဏ်းအကြီးအကဲ ဖြစ်မည်။ (၁၉) နှစ်အကြာတွင် မြုတေဖွဲ့စည်းခြင်းအဆင့်သို့ အတင်း တက်ရောက်နိုင်ရန် ကြိုးစားရင်း ပြင်းထန်သော ဒဏ်ရာများ ရရှိပြီး ရက်အနည်းငယ်အကြာ၌ သွေးအန်၍ သေမည်]
[လတ်တလော အခွင့်အရေး: ရှန်မို၏ စိန်ခေါ်မှုကို ခံရပြီး ရှုံးမည်။ စိတ်ဝိညာဉ်ပုံရိပ်ငယ် ပျက်စီးကာ အပြင်ဂိုဏ်းတပည့်အဖြစ် ရာထူးချခံရမည်]
ရှန်မို ကံကြမ္မာကို ဖတ်ပြီးနောက် ဝမ်းသာနေမိ၏။
“ဒီတစ်ခါ လီရှီ အလှည့်ပါ”
ပွဲကြီးကြပ်သူ၏အသံကို ကြားရသည်။
တပည့်တစ်ဦး တက်လာပြီး အင်အားစစ်ဆေးသည့် တိုင်ကို ထိုးချလိုက်၏။
တိုင်ထဲမှ ငွေရည်မှာ (၂) ပေအထိ ရောက်ရှိသွားသည်။
ကြီးကြပ်သူ ခေါင်းငြိမ့်ပြ၍
“(၂) ပေနဲ့ (၁) လက်မပါ”
“နောက်တစ်ယောက် ကျန်ဆန်”
သူ့ထိုးချက်မှာ (၉) လက်မသာ ရှိလေသည်။
ကျန်ဆန်မှာ ချက်ချင်း မျက်နှာပျက်သွား၏။
“(၉) လက်မပဲ။ မင်းက အရည်အချင်း မပြည့်မီဘူး။ အထုပ်သိမ်းထားလိုက်တော့”
“နောက်တစ်ယောက်…”
တစ်ယောက်ပြီးတစ်ယောက် မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွား၏။
“နောက်တစ်ယောက် ရှန်မိုပါ”
ထိုအမည် ကြားသောအခါ တစ်ချိန်က ထိပ်တန်းတပည့်ဖြစ်ခဲ့ဖူးသူအား မှတ်မိပြီး အားလုံး တီးတိုးဝေဖန်ကြလေသည်။
ရှန်မိုမှာတော့ စကားသံများကို ဂရုမစိုက်ဘဲ စင်မြင့်ပေါ် တက်သွား၏။
လျှိုဖေးမှ ခပ်တိုးတိုးဖြင့်
“အစ်ကိုရှောင်းဖန် အဲ့လူက အစ်ကို့ကို စိတ်ဝိညာဉ် ကျောက်တုံးတွေ ပေးဖူးတယ်ဆို။ ဘာလို့ ဒီလိုဖြစ်ပြီး နောက်ပိုင်း မကူညီပေးတာလဲ”
ရှောင်းဖန်ရင်ထဲ မွန်းကြပ်သွားသည်။
သူ့လုပ်ရပ်မှာ ရက်စက်သည်ဟု ထင်ရမှန်း နားလည်ပါသည်။
သို့သော် လျှိုဖေးလက်ကို ဆုပ်ကိုင်၍
“ဖေးလေး မင်းဇာတ်လမ်းအကုန် မသိသေးပါဘူး။ သူက ကို အလားအလာရှိမှန်းသိလို့ ကူညီတာ။ အဲ့လို အကျိုးမျှော်ကိုးတာမျိုး မကြိုက်ပါဘူး။ အဲ့တာကြောင့် မသိချင်ယောင်ဆောင်ခဲ့တာ”
“အစ်ကိုရှောင်းဖန်က အမြင်စူးရှလိုက်တာ။ ချက်ချင်း သိတယ်နော်”
“ဖေးလေးရော ကို့ကို အဲ့တာကြောင့် ချဉ်းကပ်ခဲ့တာလား။ အဲ့လိုသာ တကယ်ဆိုရင် ရင်ကျိုးရမှာပဲ”
“အစ်ကိုရယ် ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မက တကယ်ချစ်လို့ပါ။ ဂိုဏ်းထဲစဝင်တည်းက သဘောကျနေပေမဲ့ အဖေက အစ်ကို့အရည်အချင်းကို စောင့်ကြည့်ချင်တယ် ပြောလို့”
“သိပါပြီဗျာ။ ဖေးလေးက ကို့အတွက် အကောင်းဆုံးပဲ”
ရှောင်းဖန် စိတ်ထဲတွင် တွေးနေမိသည်မှာတော့ ပြောင်းပြန်ပင်။
မိန်းမတွေက လှည့်စားရ သိပ်လွယ်တာပဲ။
သူ့တိုးတက်ရေးအတွက် သေချာပေါက် လိမ်လည် ဟန်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
ရှန်မို့ကိစ္စတွင်လည်း သူ့အတွက် အကျိုးမရှိတော့သူဖြစ်၍ လျစ်လျူရှုခဲ့ခြင်းပင်
လဲ့ရှောင်းကျန်တို့လည်း သူ့ကို လှမ်းကြည့်ရင်း ဝေဖန်နေကြ၏။
“သူ့နေရာမှာ ငါသာဆို ကျင့်ကြံမှုပျက်စီးတည်းက ပြန်လိုက်ပြီ”
“ဟုတ်တယ်။ သူ့ပုံစံက ထူးဆန်းတယ်။ ဒါပေမဲ့ သက်သေမရှိဘူး”
ကောဖန်းဆိုသူမှ
“မင်းညီဝမ်းကွဲကို သတ်တာ သူများလား”
လဲ့ရှောင်းကျန် ခေါင်းငြိမ့်ပြ၍
“ငါလည်း အဲ့လိုထင်ပေမဲ့ ခဏခဏ စစ်ဆေးပြီးပြီ။ အရင်အတိုင်းပါပဲကွာ”
လျှိုယွီဖုန်မှ ရယ်မော၍
“မင်းတို့က အတွေးလွန်နေတာပဲ။ သူက ကျင့်တောင် မကျင့်ကြံနိုင်တော့တဲ့သူကို”
“ကံကောင်းပြီး ဆေးကောင်းတွေ့သွားရင်တော့ တစ်မျိုးပေါ့”
“ရှန်မိုက ကံကောင်းတဲ့သူ မဟုတ်တာတော့ သေချာတယ်ဟေ့”
“သူ့အဆင့်ကို မကြာခင် တွေ့ရတော့မှာပါ”
(၃) ယောက်သား စင်မြင်ပေါ်ကို အာရုံစိုက်လိုက်ကြသည်။