အတွင်းဂိုဏ်းတပည့် ဖြစ်ခြင်း
Vol. 1 Ch. 11
ရှန်မိုစကားဆုံးသည်နှင့် လဲ့ရှောင်းကျန်သာမက အခြားတပည့်များလည်း ကြည့်နေရင်း အားရပါးရ ရယ်မောမိကြလေသည်။
အဆင့်နိမ့်သိုင်းဖြစ်တဲ့ ကျားလက်သီးသိုင်းကိုများ ဝှက်ဖဲအနေနဲ့ သုံးတယ်တဲ့။
သူ့ကိုယ်သူတောင် ကြောက်တယ်ဆိုပဲ။
မည်သူက ယုံကြည်နိုင်မည်နည်း။
လဲ့ရှောင်းကျန်မှာ နှာခေါင်းရှုံ့လျက်
“စိတ်မပူပါနဲ့ ဂျူနီယာရှန်ရယ်။ ဘယ်လိုဒဏ်ရာပဲရရ။ မင်းအပြစ်မဟုတ်ပါဘူး။ ငါ လဲ့ရှောင်းကျန်ဆိုတာ အဲ့လို စိတ်မျိုး မရှိဘူး”
“ကောင်းတာပေါ့။ စီနီယာလဲ့ရဲ့ သဘောထားကြီးမှုကို လေးစားပါတယ်”
ရှန်မို ချီးကျူး၍ ပြော၏။
ထို့နောက် ရုတ်တရက် လက်သီးတစ်လုံး ပစ်ထိုးလိုက်သည်။
ပုံမှန်ဟု ထင်ရသော်လည်း မျက်စိဖြင့် လိုက်မမှီနိုင်အောင် မြန်၏။
လေထဲ၌ ကျားဟိန်းသံကိုပင် ကြားလိုက်ရသလို ခံစားရသည်။
လဲ့ရှောင်းကျန်လက်သီးလည်း မိုးကြိုးသံနှင့်အတူ ထွက်လာသည်။
ဘုံး!
လက်သီး (၂) ခုမှာ လေထဲတွင် တိုက်မိကာ ဖုန်များ၊ သဲများ ပေါက်ထွက်သွား၏။
ဂျွတ်!
အရိုးများ အက်ကွဲကျိုးကြေသံ ရုတ်တရက် ထွက်လာပြီး လဲ့ရှောင်းကျန်၏ ညာဘက်လက်မှာ တစ်လက်မချင်း ကြေမွ၍ သွေးများ အသားထဲမှ စိမ့်ထွက်လာ၏။
လဲ့ရှောင်းကျန် နာကျင်၍ မအော်ဟစ်နိုင်မီ ရှန်မို၏ ဘယ်လက်သီး ထပ်ပေါ်လာပြီး သူ့ရင်ဘက်ရှိ စိတ်ဝိညာဉ်ပုံရိပ်ငယ်ရှိရာကို တည့်တည့် ထိုးချလိုက်သည်။
ဂျွတ်!
အားကောင်းသော အရှိန်နှင့်အတူ ပုံရိပ်ငယ်ပါ ကွဲကြေသွား၏။
စိတ်ဝိညာဉ်စွမ်းအင်လည်း လုံးဝ ပျက်စီးသွားသည်။
လဲ့ရှောင်းကျန်၏ ကျင့်ကြံမှုသည် ခန္တာကိုယ် ထိန်းညှိခြင်းအဆင့်သို့ ပြန်ရောက်သွားလေသည်။
သူ့ခန္ဓာကိုယ်မှာ ကြိုးပြတ်သောစွန်ကဲ့သို့ လွင့်ထွက်သွား၏။
ရှန်မို အလန့်တကြားအော်၍ လဲ့ရှောင်းကျန်အား ထူပေးလိုက်ပြီး
“အာ သွားပြီ သွားပြီ။ စီနီယာလဲ့ ကျွန်တော် အင်အား အရမ်းသုံးလိုက်မိတယ်။ အဆင်ပြေရဲ့လားဟင်”
“အဲ့တာကြောင့် ပြောသားပဲ။ ကျွန်တော့် ကျားရိုင်းလက်သီးသိုင်းက အားကြီးတယ်လို့။ နားမှ မထောင်တာ။ အခုကြည့် ဆိုးဆိုးဝါးဝါး ထိခိုက်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ”
“စီနီယာလဲ့ရယ် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး”
ရှန်မို၏အသံမှာ ငိုတော့မလို တုန်ရီနေ၏။
လဲ့ရှောင်းကျန် အားယူ၍ မျက်လုံးဖွင့်ကာ ရှန်မိုအား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေမိသည်။
နာကျင်မှု၊ ထိတ်လန့်မှု၊ ဒေါသ၊ အရှက်ကွဲခြင်းတို့ အားလုံးကို တစ်ပြိုင်တည်း ခံစားရ၏။
ထို့နောက် သွေးများအန်ကာ သတိလစ်သွားတော့သည်။
အားလုံးလည်း တိတ်ဆိတ်နေ၏။
စင်အောက်မှ အပြင်ဂိုဏ်းတပည့်များသည်လည်း မှက်တက်နေသည်။
ရှန်မို ကြည့်နေရင်း သက်ပြင်းချ၍
“စီနီယာလဲ့ ဘာလို့ အဲ့လောက် အားနည်းသွားတာလဲ။ ကျွန်တော် အင်အား မထိန်းလိုက်နိုင်ဘူးဗျာ”
“တစ်ယောက်ယောက် ကူညီပေးကြပါဦး။ စီနီယာလဲ့က ကျွန်တော့်အပေါ် သိပ်ကောင်းတာ။ ဆေးတွေရော၊ စိတ်ဝိညာဉ်ကျောက်တုံးတွေရော ပေးဖူးတယ်။ ဒီအတိုင်း လက်မလွှတ်လိုက်နိုင်ဘူး”
သူ အော်ဟစ်ကာ ပြော၏။
ထိုအခါမှ တပည့်များ သတိဝင်ကာ ပြေးလာပြီး လဲ့ရှောင်းကျန်အားခေါ်ကာ ထွက်သွားကြသည်။
ရှန်မို လှမ်းအော်လိုက်သေးသည်။
“စီနီယာလဲ့နိုးရင် ကျွန်တော် ကိုယ်တိုင် လာတောင်းပန်ဦးမယ်လို့ ပြောပေးနော်။ တကယ် စိတ်မကောင်းပါဘူး”
ထို့နောက် မရှိသည့် မျက်ရည်ကို သုတ်ကာ ကြီးကြပ်သူဘက်လှည့်၍
“ကြီးကြပ်သူ ဒီလောက်ဆို အောင်မြင်တယ်လို့ သတ်မှတ်တယ်မလား။ ကျွန်တော် အတွင်းဂိုဏ်းတပည့် ဖြစ်ပြီမလား”
သူ့အသံကြားမှ ကြီးကြပ်သူလည်း သတိပြန်ဝင်ပြီး
“ဂုဏ်ယူပါတယ် ဂျူနီယာရှန် မင်း အခု အတွင်းဂိုဏ်းတပည့် ဖြစ်သွားပါပြီ”
“ဂျူနီယာရှန်အားရင် အတွင်းဂိုဏ်းတပည့်ဖြစ်တဲ့ အထိန်းအမှတ်ဆုလာဘ်တွေ ယူဖို့ လိုက်ခဲ့ပေးပါ”
ရှန်မိုမှ
“အခုတော့ ကျွန်တော် စီနီယာလဲ့ကို သွားတောင်းပန်ဖို့ အလျင်လိုနေလို့ပါ”
“ကောင်းပြီလေ”
ကြီးကြပ်သူမှ ခေါင်းငြိမ့်ပြပြီးနောက် စင်ဘေးရှိ တဲကိုကြည့်၍
“မင်းတို့ (၂) ယောက် စစ်ဆေးရေးပွဲကို ကြည့်ပေးလိုက်ဦး။ ငါက ဂျူနီယာရှန်ကိစ္စ လိုက်လုပ်ပေးလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ…”
လျှိုယွီဖုန်နှင့် ကောဖန််တို့မှာ ထိတ်လန့်နေဆဲ အခြေအနေဖြင့် ခေါင်းငြိမ့်ပြလေသည်။
ရှန်မို အရင်ဆင်းသွားပြီး ကြီးကြပ်သူလည်း ဘေးမှ လိုက်လာ၏။
သူတို့ ထွက်သွားသောအခါမှ တပည့်များ ဆူညံစွာ အသံထွက်လာကြတော့သည်။
“ငါတော့ အိပ်မက်မက်နေသလိုပဲ။ ရှန်မိုက လဲ့ရှောင်းကျန်ကို လွယ်လွယ် နိုင်သွားတာပဲ။ ငါ့ကို ဆွဲဆိတ်ကြည့်ပါဦး အား အား…”
“တကယ် အားကျစရာပဲ။ ရှန်မိုတောင် လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့။ ဒီနေ့ကစပြီး တစ်နေ့ကို (၁၂) နာရီ လေ့ကျင့်ပြီ”
“လမ်းပေါ်မှ စိတ်ဝိညာဉ်သန့်စင်ဆေးကို လွယ်လွယ် ရမှာမို့လို့လား”
“အဲ့အကြောင်း မပြောနဲ့။ ရိုက်လိုက်မယ်”
တစ်ဖက်တွင်တော့။
ရှန်မိုနှင့် ကြီးကြပ်သူတို့ အဆောင်ဘက် လျှောက်လာခဲ့သည်။
ရှန်မို၏ အမူအရာမှာ အလျင်လိုနေပုံ မဟုတ်တော့ဘဲ တည်ငြိမ်အေးဆေးနေသည်။
ထို့နောက် လဲ့ရှောင်းကျန်အား မည်သို့ အဆုံးသတ်ရမည်ကိုလည်း တွေးနေမိ၏။
နောက်ဆုံး လဲ့ရှောင်းကျန် သတိလစ်သွားချိန်တွင် ကံကြမ္မာ ထပ်ပြောင်းသွားသည်ကို တွေ့ရပါသည်။
[အမည်: လဲ့ရှောင်းကျန်]
[အဆင့်: ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် ထိပ်ဆုံး]
[ကံကြမ္မာ: မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်၊ ကံကောင်းသူ]
[အနာဂတ်: ပုံရိပ်ငယ် ပျက်စီးကာ မကျင့်ကြံနိုင်တော့။ မိသားစုတွင် အသုံးမဝင်တော့ဘဲ တဖြည်းဖြည်း စိတ်ဓာတ်ကျ၍ (၃) နှစ်အကြာတွင် သေဆုံးမည်]
[လတ်တလော အခြေအနေ: နိုးလာသောအခါ ရှန်မိုကို မယှဉ်နိုင်မှန်းသိပြီး ချင်ရှန်မြို့ရှိ လဲ့အိမ်တော်သို့ သွားကာ အခြေအနေကို တင်ပြမည်။ လမ်းတွင် နတ်ဆိုးသားကောင်နှင့်တွေ့ပြီး အနိုင်ရရှိသော်လည်း အပြင်းအထန် ထိခိုက်မည်]]
“လဲ့ရှောင်းကျန်က စိတ်ထက်တော့ ဂိုဏ်းမှာ ဖက်တွယ်နေမှာ မဟုတ်ဘူး။ ဒီညပဲ သွားလိမ့်မယ်”
ရှန်မိုစိတ်ထဲမှ တွေးမိ၏။
ထို့ကြောင့် သူ့ကို ဒီညတွင်းချင်း သတ်ကာ နောက်ထပ် ခြိမ်းခြောက်မှုများ ဖြစ်မလာစေရန် ကာကွယ်ရမည်။
ရှန်မိုမှ လမ်းလျှောက်နေရင်း ရုတ်တရက် ကြီးကြပ်သူဘက် လှည့်ကြည့်ကာ
“စီနီယာ အတွင်းဂိုဏ်းတပည့်က ဘာဆုလာဘ်တွေ ရမှာလဲဟင်”
“အင်း ပထမတစ်ခုက အတွင်းဂိုဏ်းတပည့်ဝတ်စုံ။ အဲ့တာက အပြင်ဂိုဏ်းတပည့်နဲ့ မတူဘူး။ ဆောင်းရာသီမှာ နွေးပြီး နွေရာသီမှာ အေးတယ်။ သာမာန်လက်နက်တွေလောက်တော့ ခံနိုင်ရည်လည်း ရှိတယ်”
“နောက်ပြီးရင် ဂိုဏ်းဘက်ကနေ စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ထောက်ပံ့ပေးမှာ”
“နောက်ဆုံးကတော့ အတွင်းဂိုဏ်းတပည့် တံဆိပ်ပြားပေါ့။ အဲ့တာရှိရင် လက်နက်တစ်ခုနဲ့ ချီစုစည်းခြင်းဆေးရည် (၂) ပုလင်း ရတနာတိုက်ကနေ ထုတ်လို့ရပြီ။ ဆေးရည်ကန်လည်း တစ်ကြိမ် စိမ်ခွင့် ရဦးမှာဆိုတော့ အင်အားတွေ နိုးထလာလိမ့်မယ်”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်၏။ ဆုလာဘ်များမှာ ကောင်းလှသည်။
မကြာမီ အဆောင်မြင့်တစ်ခုဆီ ရောက်လာသည်။
ကြီးကြပ်သူမှ
“ဒါက အကြီးအကဲ ဝူဟွေရန်ရဲ့ အဆောင်ပဲ။ သူက အတွင်းဂိုဏ်းတပည့်တွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးတယ်”
ထို့နောက် စိုးရိမ်စွာကြည့်၍ ဆက်ပြောသည်။
“အကြီးအကဲဝူ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဂျူနီယာရှန် သည်းခံနော်။ ရန်သွားမစနဲ့။ လက်ညှိုးတစ်ချက် လှုပ်ရုံနဲ့ ဒုက္ခရောက်သွားအောင် လုပ်နိုင်တယ်”
ရှန်မို မျက်မှောင်ကြုတ်မိသော်လည်း ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ဂိတ်ကို ဖြတ်လိုက်သောအခါ ခပ်ပိန်ပိန် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဝါးကုလားထိုင်ပေါ် မှီထိုင်နေသည်ကို တွေ့ရ၏။
သူ့ဘေးတွင် နုငယ်လှပသော အမျိုးသမီး တပည့် (၂) ဦးရှိနေပြီး တစ်ဖက်တစ်ချက်စီတွင် ရပ်၍ ယပ်တောင်ကြီးများဖြင့် ခပ်ဖြည်းဖြည်း ယပ်ခတ်ပေးနေကြသည်။
ဝူဟွေရန်မှာ မိန်းကလေးများ၏ ပေါင်ပေါ် လက်တင်ထား၍ တပည့်မလေးများမှာ မငြင်းဆန်ရဲဘဲ မသက်မသာအခြေအနေကို သည်းခံနေရသည်။