ငါ့ဆီက လုရဲတယ်လား
Vol. 1 Ch. 12
ကြီးကြပ်သူမှ အသာ ချောင်းဟန့်၍
“အကြီးအကဲဝူ အတွင်းဂိုဏ်းတပည့်အသစ်ကို စာရင်းသွင်းဖို့ ခေါ်လာခဲ့ပါတယ်”
“ဟွန်း”
ဝူဟွေရန် နှာခေါင်းရှုံ့လျက် ထလာသည်။ သူ့အပျော်များ ပျောက်အောင်လုပ်၍ မကျေနပ်မှန်း သိသာ၏။
ရှန်မို သူ့ကံကြမ္မာကို စစ်ဆေးမိသည်။
[အမည်: ဝူဟွေရန်]
[အဆင့်: ခြေတည်အဆင့် ထိပ်ဆုံး]
[ကံကြမ္မာ: ချမ်းသာသောကုန်သည်အိမ်မှ သား၊ မြေဓာတ်စိတ်ဝိညာဉ် ခန္ဓာကိုယ်၊ စီးပွါးရေး နားလည်သူ၊ သာမာန်ကံ]
[အနာဂတ်: (၃) နှစ်အကြာတွင် တိုက်ပွဲအတွင်း အမောဖောက်၍ သေဆုံးမည်]
[လတ်တလော အခွင့်အရေး: (၁၀) ရက်အကြာတွင် ဆေးပင်ခူးရင်း တောင်ပေါ်ရှိ နတ်ဆိုးသားကောင်ဂူကို တွေ့ကာ ဒုတိယအဆင့် နတ်ဆိုးသားကောင် ကျောက်မျက် (၂၁) ခုနှင့် တတိယအဆင့် ကျောက်မျက် (၃) ခု ရရှိမည်]
“မင်းကို တွေ့ဖူးနေသလိုပဲ”
ဝူဟွေရန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကြီးကြပ်သူမှ
“အပြင်ဂိုဏ်းက ရှန်မိုဆိုတာပါ။ တစ်ချိန်က ထိပ်တန်းတပည့် ဖြစ်ဖူးပါတယ်။ ရုတ်တရက် အဆိပ်မိပြီး အခြေခံ ပျက်စီးသွားခဲ့ပေမဲ့ အခုတော့ ကျင့်ကြံမှု ပြန်ရသွားပါပြီ”
“အခုလေးတင် အတွင်းဂိုဏ်းတပည့် လဲ့ရှောင်းကျန်ကို နိုင်ပြီး အတွင်းဂိုဏ်းထဲ ရောက်လာတာပါ”
ဝူဟွေရန် သူ့ကိုကြည့်၍
“ဪ အဆိပ်ကြောင့် အခြေခံပျက်စီးတာကို အခု ပြန်ကောင်းသွားပြီတဲ့လား။ ကောင်လေး မင်း ဘယ်လို လုပ်လိုက်လို့လဲ”
ရှန်မိုမှ
“အကြီးအကဲ ကျွန်တော့်အနေနဲ့ ကံကောင်းပြီး စိတ်ဝိညာဉ်သန့်စင်ဆေးကို ရှာတွေ့ခဲ့လို့ပါ”
“ဘယ်လို။ အဲ့လို ဆေးဝါးကောင်းကို တွေ့တယ်လား။ ဘယ်မှာလဲ”
ရှန်မို ဇာတ်လမ်းဆင်၍ ပြောလိုက်သည်။
ထိုအခါ ဝူဟွေရန် မဲ့ပြုံးပြုံး၍
“မင်းက တကယ် ကံကောင်းတာပဲ။ ဒါပေမဲ့ အခြေခံ ပြန်ကောင်းရင်တောင် နောက်ပိုင်း ဆက်ပြီးတက်ဖို့တော့ ခက်မယ်။ ဒီမှာ ခဏစောင့်ဦး။ မင်းအတွက် ပစ္စည်းတွေ သွားယူလိုက်ဦးမယ်”
ထို့နောက် အနောက်ထဲရှိ စတိုခန်းထဲ ဝင်သွား၏။
ခဏအကြာတွင် ပစ္စည်းများဖြင့် ပြန်ရောက်လာသည်။
ဝူဟွေရန်သည် အစိမ်းရောင်ဝတ်ရုံကို လှမ်းပေး၍
“ဒါက အတွင်းဂိုဏ်းတပည့် ဝတ်စုံပဲ။ ပိုးသားနဲ့ လုပ်ထားတာ။ ဆောင်းမှာနွေးပြီး နွေမှာ အေးတဲ့အပြင် ပိုးမွှားတွေကိုလည်း ကာကွယ်ပေးတယ်။ ပထမဆုံးတစ်စုံကတော့ အလကားပေးတာ။ ပျက်စီးထိခိုက်လို့ ဝယ်ချင်ရင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၃၅) ခု လိုလိမ့်မယ်”
ထို့နောက် တံဆိပ်ပြားအသစ်လေးတစ်ခု ပေး၍
“ဒါကတော့ အတွင်းဂိုဏ်းတပည့် တံဆိပ်ပြား။ မင်း ဘာလဲဆိုတာ သိစေမယ့်ဟာပေါ့”
နောက်ဆုံးမှ အိတ်တစ်လုံးကို ထုတ်ပေးပြီး
“ဒီထဲမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၈၀) ပါတယ်။ ကဲ ပစ္စည်းတွေ အကုန် ပေးပြီးပြီ။ သွားကြတော့။ ငါ အလုပ်ရှုပ်နေတယ်”
ရှန်မိုမှာ မျက်မှောင်ကြုတ်လျက်
“(၈၀) လား။ (၁၀၀) ဖြစ်ရမှာ မဟုတ်ဘူးလား”
ဝူဟွေရန် ဂရုမစိုက်သလိုဖြင့်
“အဲ့တာက တစ်ခါနဲ့တစ်ခါ မတူဘူး။ ပြောင်းလဲနေတာ”
“အရမ်းတော်တဲ့သူတွေဆို (၁၀၀) အထိ ရတတ်တယ်။ သာမာန်လောက်ဆို (၅၀) ပဲ ရမှာ။ ကျင့်ကြံမှုအတွက် အရင်းအမြစ်က အကန့်အသတ်ရှိတယ်။ အကျိုးရှိရှိ အသုံးချနိုင်ရင် ပိုကောင်းတာပေါ့”
“ရှန်မို မင်းက ချင်းရွှမ်ဂိုဏ်းကမလား။ ဂိုဏ်းရဲ့ အရင်းအနှီးကိုလည်း ထည့်တွေးရမှာပေါ့”
ရှန်မို မျက်မှောင်ကြုတ်နေ၏။
အဓိပ္ပာယ် မရှိလိုက်တာ။
သူ့စကားမှာ ကြီးမြတ်သလို ထင်ရသော်လည်း သေချာပေါက် စိတ်ဝိညာဉ်ကျောက်တုံးများ ခိုးနေခြင်း ဖြစ်သည်။
ကြီးကြပ်သူစီနီယာမှ ရှန်မိုလက်အဝတ်စကို အမြန် လှမ်းဆွဲ၍ စကားဖြတ်ပြောလိုက်သည်။
“ကျေးဇူးပါပဲ အကြီးအကဲဝူ။ ရှန်မို့ကို နေရမယ့်အဆောင် လိုက်ပြလိုက်ပါဦးမယ်”
“အင်း အင်း မြန်မြန်သွားကြ”
ဝူဟွေရန် ဝါးကုလားထိုင်ပေါ် ပြန်လှဲ၍ တပည့်မလေးများအား ဆက်လက် အသားယူလေသည်။
စီနီယာတပည့်မှာ ရှန်မို့ကို အမြန်ဆွဲခေါ်သွားရ၏။
ဝူဟွေရန်ကတော့ ရှန်မိုတစ်ယောက် အဆင့်များများ မတက်နိုင်ဟု တွက်ထားလေသည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို စိတ်ဝိညာဉ်ကျောက်တုံး များများ ပေးခြင်းမှာ ဖြုန်းတီးခြင်းပင်။
အဆောင်ထဲမှ ထွက်လာပြီးနောက် စီနီယာမှ
“ဂျူနီယာရှန် စိတ်မဆိုးပါနဲ့။ ငါတို့ ဝူဟွေရန်ကို ရန်သွားစလို့ မရဘူး”
ရှန်မို သက်ပြင်းချ၍
“အတွင်းဂိုဏ်းတပည့်တွေရဲ့ ဆုလာဘ်ကိုတောင် ဒီလို ခိုးရဲမယ်လို့ မထင်ထားတာပါ။ အခုမှ စရောက်တဲ့ သူကတော့ ရင်နာမှာပဲ”
ကြီးကြပ်သူလည်း သက်ပြင်းချ၍
“သူက ခွဲခြားတာ။ စီနီယာ ရှောင်းဖန်သာဆိုရင် အပိုတောင် ထပ်ပေးဦးမှာ”
“အဲ့တာတွေက ငါတို့လို ဘာမဟုတ်တဲ့အဆင့် အနေနဲ့တော့ ဝင်ပြောဖို့ ခက်ပါတယ်။ လာ မင်းနေရမယ့်အဆောင် ပြမယ်”
“အတွင်းဂိုဏ်းတပည့်တွေက ဂိုဏ်းထဲမှာ အလုပ်ပြန်မလုပ်ဘဲ အပြင်က မြို့တွေမှာပဲ တာဝန်ထမ်းဆောင်ကြတော့ အဆောင်တွေ အများကြီး လွတ်နေတယ်”
ရှန်မို ခေါင်းငြိမ့်ပြ၏။
မကြာမီ ရှန်မို အဆောင်တစ်ခုကို ရွေးလိုက်၏။
“ဒါပဲ ကောင်းပါတယ်”
ကြီးကြပ်သူမှ
“အပြင်ဂိုဏ်းအဆောင်မှာ တန်ဖိုးရှိတာတွေ ကျန်ခဲ့သေးလား။ တစ်ယောက်ယောက်ကို ရွှေ့ခိုင်းလိုက်မယ်လေ။ မင်းက အခု အတွင်းဂိုဏ်းတပည့် ဖြစ်သွားပြီဆိုတော့ လက်တစ်ချက် ယမ်းရုံနဲ့ ကူညီပေးချင်တဲ့သူတွေ အသင့်ပဲ”
ရှန်မို ခေါင်းယမ်းပြကာ
“ရပါတယ်။ ဘာမှ မကျန်ပါဘူး။ ကူညီပေးတာ ကျေးဇူးပါနော်”
“အားမနာပါနဲ့။ နောက်ပိုင်း အောင်မြင်သွားရင်သာ စောင့်ရှောက်ပေး”
ရှန်မို ဦးညွှတ်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ ထိုစီနီယာမှာ ချင်းရွှမ်ဂိုဏ်းရှိ လူကောင်းထဲမှ တစ်ယောက်ဟု တွေးမိ၏။
သူ ထွက်သွားပြီးနောက် ရှန်မိုပြုံးကာ တံခါးပိတ်လိုက်သည်။
“အတွင်းဂိုဏ်းတပည့်ဖြစ်ရတာ ကောင်းလိုက်တာ။ မနက်ဖြန် ယင်ဖန်တောင်ကိုသွားပြီး နတ်ဆိုးသားကောင်ဂူကို ရှာရမယ်။ ပြီးရင် ကျောက်မျက်အကုန် ယူပစ်မယ်”
“ငါ့ဆီကများ ခိုးရဲတယ်တဲ့။ ပြန်ယူပြမယ်”
“ဒါပေမဲ့ ဒီညတော့ တခြားအရေးကြီးတဲ့ကိစ္စ ရှိနေတာပဲ”
ရှန်မို စတင်ပြင်ဆင်လေ၏။
…
ညမှာ မှောင်မိုက်လျက်။
လဲ့ရှောင်းကျန်၊ လျှိုယွီဖုန်နှင့် ကောဖန်တို့ ချင်းရွှမ်ဂိုဏ်းမှ တိတ်တဆိတ် ထွက်လာကြပြီး (၁၀) မိုင်ကျော် လမ်းလျှောက်ပြီး၍ ဂိုဏ်းနှင့် အတော်ဝေးသွားမှ သက်ပြင်းချနိုင်၏။
လျှိုယွီဖုန်မှာ သူ့အမူအရာကြောင့် ရယ်မောလျက်
“ရှောင်းကျန် အရမ်းမစိုးရိမ်ပါနဲ့။ ငါတို့နှစ်ယောက် ကာကွယ်ပေးမှာပဲ။ အေးဆေးပါ”
ကောဖန်ခည်း ခေါင်းငြိမ့်၍
“ရှန်မို မင်းဒီည ထွက်လာမှန်းတောင် သိမှာ မဟုတ်ဘူး။ စိတ်လျှော့ထား”
လဲ့ရှောင်းကျန် သူ့သူငယ်ချင်းများကိုကြည့်၍
“အဲ့လိုပဲ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စိတ်ထဲ လေးနေတယ်။ တစ်ခါမှ မခံစားဖူးဘူး”
“ဒါနဲ့ ရှောင်းကျန် မင်း ကတိပေးထားတာတွေ ဘယ်တော့ပေးမှာလဲ”
လဲ့ရှောင်းကျန် ခဏငြိမ်နေပြီးမှ
“ငါက ကတိတည်ပါတယ်။ ချင်ရှန်အထိ ဘေးကင်းကင်း ပို့နိုင်ရင် မိုးကြိုး စိတ်ဝိညာဉ်ဆေးနဲ့ မြေဓာတ်စိတ်ဝိညာဉ်ဆေးကို ပေးမယ် ဟုတ်ပြီလား”
ထိုဆေးများမှာ အလွန်အဖိုးတန်လွန်း၏။
လျှိုနှင့် ကောတို့၏ အိမ်တော်များမှာ ချမ်းသာသော်လည်း အရင်းအမြစ်တော့ အကန့်အသတ် ရှိလေသည်။
ထို့ကြောင့် ထိုဆေးများကြောင့်မဟုတ်လျှင် ဤမျှ ကူညီပေးမည် မဟုတ်ပါ။
လျှိုယွီဖုန် ရယ်မောလျက်
“ရှောင်းကျန် ဘာမှစိတ်မပူနဲ့။ ငါတို့က သူငယ်ချင်းတွေပါ။ ဒါပေမဲ့ ညီအစ်ကိုတွေလည်း ရှင်းစရာရှိတာတော့ ရှင်းရတာပေါ့”
“ဟုတ်တယ် ဟုတ်တယ်”
ကောဖန်မှ ဝင်ထောက်ခံ၏။