လဲ့ရှောင်းကျီအား ချက်ချင်း သတ်ခြင်း
Vol. 1 Ch. 13
လဲ့ရှောင်းကျန် အမူအရာမှာ ပို၍ ပျက်သွား၏။
“နားလည်ပါတယ်…”
လွန်ခဲ့သောတစ်ရက်က သူသည် အတွင်းဂိုဏ်းတပည့်များထဲမှ နာမည်ကြီး လူသိများသူဖြစ်ခဲ့ပြီး လျှိုယွီဖုန်နှင့် ကောဖန်တို့မှာ သူ့နောက်လိုက်သာသာ ဖြစ်၏။
သို့သော် တစ်ရက်အတွင်း လုံးဝ ပြောင်းပြန် ဖြစ်သွားလေပြီ။
“အင်အားနဲ့ ဂုဏ်သိက္ခာသာ ရှိသေးရင် ငါ့ကို ဒီလို ဆက်ဆံရဲဦးမှာလား”
သူ စိတ်ထဲမှ မကျေမနပ် ရေရွတ်မိသည်။
“အိမ်ပြန်ပြီး အဖေ့ကို အကုန်ပြောပြရမယ်။ ပြီးရင် ရှန်မို့ကို အရှင်ဖမ်းပြီး ဒူးထောက်တောင်းပန်တာကို ကြည့်ရမယ်”
“ပြီးရင် ရှန်ကျိုးထင်ဆီက ဆေးကိုယူမယ်”
သူ တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာ၏။
အတော်ကြာအောင် လျှောက်ပြီးနောက် လျှိုယွီဖုန်မှ ရုတ်တရက်
“အသံတစ်ခုခု ကြားလိုက်လား။ နတ်ဆိုးသားကောင် လိုက်လာသလိုပဲ”
ကောဖန်လည်း လန့်သွားကာ
“ငါလည်း ကြားလိုက်တယ်။ ခပ်စူးစူးနဲ့ ပြင်းထန်တယ်။ ဝံပုလွေတွေ ဖြစ်မယ်”
ထိုစဉ် မှောင်မိုက်သော တောအုပ်တစ်နေရာမှ မျက်လုံးစိမ်း အစုံများစွာ ပေါ်လာသည်။
လျှိုယွီဖုန် နှာခေါင်းရှုံ့လျက်
“ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုများ တိုက်ခိုက်ရဲတယ်လား”
နှစ်ယောက်သား ချက်ချင်း ဓားများထုတ်၍ ယမ်းလိုက်၏။
လဲ့ရှောင်းကျန်လည်း စိတ်အေးသွားသည်။ သူ အစက လူလိုက်ခံရသည်ဟု တွေးထားသောကြောင့်ပင်။
သို့သော် သူ့အတွေးမဆုံးမီပင် အနောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး လျှပ်စီးကဲ့သို့ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
ဇွက်!
ချွန်ထက်သော ဓားဦးမှာ လဲ့ရှောင်းကျန်၏ နှလုံးသားတည့်တည့်ကို ထိုးမိသွားသည်။
ထို့နောက် အရိပ်နက်သည် တောအုပ်ထဲ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
လျှိုယွီဖုန်နှင့် ကောဖန်တို့မှာ ဝှစ်ခနဲအသံကြား၍ လှည့်ကြည့်လိုက်သောအခါ ပူနွေးဆဲ သွေးအိုင်ကိုသာ တွေ့ရတော့သည်။
နှစ်ယောက်သား အလွန်ထိတ်လန့်သွားမိ၏။
ကောဖန်မှ တုန်ရီလျက်
“သူ ပျောက်သွားပြီ။ ဘယ်သူ လုပ်တာလဲ”
“လဲ့ရှောင်းကျန်က ပုံရိပ်ငယ် ပျက်စီးသွားတယ်ဆိုပေမဲ့ အဲ့လောက် အားနည်းရလား။ အသံတောင် မထွက်နိုင်ဘဲ ပျောက်သွားတယ်…”
ကောဖန် မျက်နှာပျက်လျက်
“အခု လှုပ်ရှားတဲ့သူက ငါတို့ထက် အင်အားကြီးတဲ့ သဘောပဲ”
“သူလို့… မထင်ဘူးလား”
ရှန်မိုကို ဆိုလိုခြင်းဖြစ်၏။
ထို့နောက် နှစ်ယောက်သား ဆက်မနေရဲတော့ဘဲ အမြန် ထွက်ပြေးတော့သည်
အရိပ်ထဲမှ ပုဂ္ဂိုလ်သည် သူတို့ထွက်သွားသည်ကို ကြည့်၍ နှာခေါင်းရှုံ့ကာ
“ဒီနှစ်ယောက်က ဉာဏ်ကောင်းသားပဲ။ အန္တရာယ်ကို ရှောင်ပြီး အခွင့်အရေး ယူတတ်တယ်”
“ဘာသက်သေမှ မရှိတော့ သူတို့ဂိုဏ်းကိုပြန်လည်း ဘယ်လိုမှ စွပ်စွဲလို့ မရဘူး”
သူ့အနောက်တွင် လဲ့ရှောင်းကျန်၏ အသက်မဲ့ခန္ဓာကိုယ်သည် လဲလျောင်းနေ၏။
အရိပ်နက်မှာ သေချာပေါက် ရှန်မိုပင်။
“သခင်လေးလဲ့ကို အိမ်တော့ ပေးမပြန်နိုင်ဘူး”
ရှန်မို အလောင်းကိုကြည့်ရင်း တည်ငြိမ်စွာ ပြောသည်။
လဲ့အိမ်တော်မှ တစ်ချိန်တွင် တုံ့ပြန်လာနိုင်သော်လည်း ထိုအချိန်တွင် ရှန်မို အင်အားပြည့်စုံနေပါက လဲ့အိမ်တော်ကို ရင်ဆိုင်နိုင်လေပြီ။
ထို့နောက် သူ လဲ့ရှောင်းကျန်၏ ခန္ဓာကိုယ်တွင် တန်ဖိုးကြီးပစ္စည်းများ ရှိမရှိ စစ်ဆေးကြည့်၏။
ပထမဆုံး ပိုးအိတ်တစ်ခုကို တွေ့ရပြီး အထဲ၌ ကြည်လင်သော စိတ်ဝိညာဉ်ကျောက်တုံး (၃) ခုနှင့် သာမာန် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်ကျော် ပါလေသည်။
“အလယ်အဆင့်တွေပဲ”
ရှန်မို ပြုံးမိ၏။
လဲ့ရှောင်းကျန်တစ်ယောက် နှစ်ပေါင်းများစွာအတွင်း အတော်စုဆောင်းထားခဲ့သည်။
သို့သော် ယခုတော့ ရှန်မို့အပိုင် ဖြစ်သွားလေပြီ။
“အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးက အဆင့်နိမ့် (၁၀၀) နဲ့ ညီတာပဲ”
“ဒါဆို အားလုံးပေါင်း အဆင့်နိမ့်ကျောက်တုံး (၃၃၀) ပဲ။ သိမ်မွေ့နက်နဲခြင်းအဆင့် သိုင်းတစ်မျိုးတော့ ရွေးလို့ရပြီ”
ရှန်မို ကျေနပ်စွာ ခေါင်းငြိမ့်မိသည်။
သို့သော် သူ့တွင် မိုးကြိုးအရိပ်ဓားသိုင်း ရှိထားပြီး၍ ကျောက်အားလုံး သုံးစရာတော့ မလိုပေ။
လဲ့ရှောင်းကျန်ထံမှ စိတ်ဝိညာဉ်ကျောက်တုံးများအပြင် ဆေးပုလင်း (၄) ဘူးလည်း တွေ့သေးသည်။
တစ်ဘူးတွင် မိုးကြိုးစိတ်ဝိညာဉ်ဆေးဖြစ်ပြီး နောက်တစ်ဘူးတွင် မြေဓာတ်စိတ်ဝိညာဉ်ဆေး ဖြစ်၏။
အခြားနှစ်ပုလင်းမှာတော့ ချီစုစည်းခြင်းအဆင့် ဆေးများပင်။
ရှန်မို အားလုံးကို သိမ်းလိုက်ပြီး မပြန်ခင် သူ့အရင်နည်းအတိုင်း ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်း၍ ထားခဲ့သည်။ ထိုအခါ သွေးညှီနံ့ ချက်ချင်းထွက်လာပြီး တောထဲမှ နတ်ဆိုးသားကောင်များ ရောက်လာတော့သည်။
ရှန်မို့အတွက် အလောင်းရှင်းပေးမည့်သူများ ဖြစ်၏။
ရှန်မို အဝေးမှ နတ်ဆိုးသားကောင်များ လာစားသည်ကို ကြည့်ပြီးမှ ကျေနပ်စွာ ထွက်ခွါလေသည်။
စုံစမ်းစစ်ဆေးချင်သူများ ရှိလျှင်ပင် လဲ့ရှောင်းကျန်၏ သေဆုံးရသည့်အကြောင်းကိုတော့ ရှာတွေ့မည် မဟုတ်ပါ။
လျှိုယွီဖုန်နှင့် ကောဖန်တို့ ပြန်တိုင်လျှင်လည်း သက်သေမရှိသောကြောင့် သူတို့စကားတစ်ခုတည်းဖြင့် ဂိုဏ်းမှ အရေးယူမည် မဟုတ်ပါ။
“လဲ့ယုံးနဲ့ လဲ့ရှောင်းကျီ သေပြီဆိုတော့ ပုခုံးပေါ်က ဝန်လည်း လျော့သွားပြီ”
…
နောက်တစ်နေ့။
ရှန်မို နှစ်ခြိုက်စွာ အိပ်စက်ခဲ့ပြီး အဝတ်အစားလဲ၊ ကိုယ်လက်သန့်စင်ပြီးနောက် ထမင်းစားဆောင်သို့ ထွက်လာခဲ့သည်။
လမ်းတွင် တွေ့သမျှ အပြင်ဂိုဏ်းတပည့်များမှ တလေးတစား နှုတ်ဆက်ကြလေသည်။
ရှန်မိုမှသာ ခေါင်းသာငြိမ့်ပြ၍ ဆက်လျှောက်လာသည်။
တပည့်များမှာ မနေ့က သူ့အကြောင်းကို ပြန်ပြောရင်း ကျန်ခဲ့၏။
ထမင်းစားဆောင်တွင်လည် များစွာသော မျက်လုံးများမှာ အထင်ကြီးသလို ဝိုင်းကြည့်နေသည်ဟု ခံစားရသည်။
သူ သက်ပြင်းသာ ချမိ၏။
အင်အားနှင့် ဂုဏ်မှာ ကြောက်စရာကောင်းလှသည်။ မနေ့ကတင် အနိုင်ကျင့်ခံ၊ လျစ်လျူရှုခံခဲ့ရသူဘဝမှ တစ်ရက်အတွင် အတွင်းဂိုဏ်းတပည့်ဖြစ်ကာ အားကျခံနေရလေပြီ။
အချို့ အတွင်းဂိုဏ်းတပည့်များပင် ဦးညွှတ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ရှန်မိုမှာ သူတို့ထက် အင်အားများစွာကြီးကြောင်း သိနေ၍ပင်။
မနက်စာစားပြီးနောက် ရှန်မို ရတနာတိုက်ဆီ သွား၏။
မနေ့ကတွေ့သော ကြီးကြပ်သူစီနီယာမှ ပြောထားဖူးပါသည်။
အတွင်းဂိုဏ်းတပည့် ဖြစ်လာလျှင် အကျိုးအမြတ်များစွာရှိပြီး ထိုထဲတွင် လက်နက်တစ်ခုနှင့် ချီစုစည်းခြင်းဆေး (၂) ဘူးပါ ရနိုင်၏။
ရှန်မို၏ ဓားမှာ သံရိုင်းဖြစ်ပြီး အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး (၁) ခုဖြင့် ဝယ်ခဲ့၍ အဖိုးမတန်သည်မှာတော့ ပြောနေစရာပင် မလိုချေ။
မိုးကြိုးအရိပ်ဓားသိုင်းကို မကြာခဏ သုံးပြီးနောက် အတော်လေးပင် အပ်နေပြီ။
ထို့ကြောင့် ရတနာတိုက် ပထမထပ်သို့ အရင်တက်လာခဲ့သည်။
ရှန်မို၏ အတွင်းဂိုဏ်းတပည့် တိုကင်ပြားကို တွေ့သောအခါ အစောင့်သည် လေးစားတက်ကြွစွာ ကြိုဆို၍ အထဲပေးဝင်လိုက်၏။
ထိုစဉ် အနောက်ဘက်မှ အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။
“အစ်ကိုရှောင်းဖန် လက်နက်ကောင်းကောင်းလိုချင်ရင် ကျွန်မကိုပြောနော်။ ရတနာတိုက်အထိ လာစရာမလိုဘူး။ ဖေဖေ့ကို တောင်းလိုက်မယ်”
ရှောင်းဖန်မှ
“မဟုတ်တာ။ မင်းဆီကပဲ အကုန်ယူနေရင် ဘယ်ဖြစ်မလဲ။ ကိုယ်တိုင် ကြိုးစားရမှာပေါ့”
“နောက်ပြီး စိတ်ဝိညာဉ်ဓားမျိုး ရှာတွေ့သွားတာလည်း ဖြစ်နိုင်တာပဲ”
လျှိုဖေး သူ့ကို လေးစားစွာကြည့်၍
“အစ်ကိုရှောင်းဖန်ရဲ့ စိတ်ထားကို တကယ် လေးစားပါတယ်။ အရမ်း ဆွဲဆောင်မှုရှိတာပဲ”
နှစ်ယောက်သား ချစ်ကြည်နူး၍ ရတနာတိုက်ထဲ ဝင်သွားသည်။
ရှန်မို မျက်လုံးအရောင် လက်သွား၏။
ရှောင်ဖန်မှာ ကံကောင်းခြင်း၏သားတော်ဟုပင် ဆိုနိုင်သောကြောင့် သူ ရောက်လာလျှင် ရတနာတိုက်ထဲ၌ ကံကောင်းခြင်း ရှိနေလေပြီ။