← Chapters

ဆေးရေကန်၌ စိမ်ခြင်း

Vol. 1 Ch. 14

ဆေးရေကန်၌ စိမ်ခြင်း

Vol. 1 Ch. 14

ရှန်မိုမှာ ရှောင်းဖန်ကို လှည့်ကြည့်၍ ကံကြမ္မာအား စစ်လိုက်သည်။

ဟင်။ ကံကြမ္မာတော့ မပြောင်းလဲဘူးပဲ။

“ဘာပဲဖြစ်ဖြစ် သူက ကံကောင်းတဲ့သူပဲ။ အခွင့်အရေးတွေ အများကြီး ရှိမှာပါ”

ရှန်မို သူ့အခွင့်အရေးများကို ဆက်ကြည့်လိုက်၏။

[လတ်တလောအခွင့်အရေး (၁): ယနေ့ ရတနာတိုက်တွင် ထိပ်တန်း အဝါအဆင့် မိုးကြိုးဓား လက်နက် ရရှိမည်။ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်ပြီး သိမ်မွေ့နက်နဲခြင်းအဆင့် ထိပ်တန်းလက်နက် ဖြစ်လာမည်]

[လတ်တလောအခွင့်အရေး (၂): (၃) ရက် ကြာပြီးနောက် ချင်းရွှမ်ဂိုဏ်း၏ ဆေးရေကန် နံပါတ် (၃) တွင် နေမီးတောက်စွမ်းအင် ရရှိမည်။ ဤသို့ဖြင့် နေမီးတောက်ခန္ဓာကိုယ်အဖြစ် နိုးထလာမည်။]

[လတ်တလောအခွင့်အရေး (၃): (၁၀) ရက်အကြာတွင် လိုဏ်ဂူထဲ၌ ကောင်းကင်အဆင့် ငရဲမီးဖျက်ဆီးခြင်းကျင့်စဉ်ကို ရရှိမည်]

[လတ်တလောအခွင့်အရေး (၄): …]

ရှန်မို မျက်လုံးအရောင်များ လက်သွား၏။

ရှောင်းဖန်မှာ ထင်သည့်အတိုင်း အခွင့်အရေးများ ယူဆောင်လာပါသည်။

“စီနီယာရှန်”

ထိုစဉ် ရှောင်းဖန်နှင့် လျှိုဖေးတို့ ရှန်မိုအား သတိထားမိသွားပြီး လှမ်းခေါ်လိုက်သည်။

ရှောင်းဖန် မနေ့က ကြောက်စရာမြင်ကွင်းကိုလည်း ပြန်တွေးမိပြီး နေရခက်စွာ နှုတ်ဆက်လိုက်သည်။

“စီနီယာ”

ရှန်မို ခေါင်းသာငြိမ့်ပြ၍ ဒုတိယထပ်သို့ တက်သွားလေ၏။

ရတနာတိုက်မှာ ကျမ်းစာအဆောင်နှင့် တူလေသည်။

အထပ်မြင့်လေ အဆင့်ပိုမြင့်သော ရတနာများ ရှိ၏။

ရှန်မို ဒုတိယထပ်သို့ ရောက်သောအခါ အဝါအဆင့် လက်နက်များမှလွဲ၍ အလင်းဓာတ်လုံးများကို တွေ့ရသည်။

ထိုအလင်းဓာတ်လုံးများမှာ ဂိုဏ်းအကြီးအကဲများမှ စည်းကမ်းချမှတ်ထားခြင်း ဖြစ်၏။

တပည့်တစ်ဦးမှ ထိုအလင်းဓာတ်လုံး တုံ့ပြန်ရာအတွင်း လက်နက်ကို ယူနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော သိမ်မွေ့နက်နဲခြင်းအဆင့် လက်နက်များမှာ ထိုအဆင့် ကျင့်စဉ်များကဲ့သို့ပင် ရှားပါးလှသည်။

ထို့အပြင် လက်နက်မှာ ပိုရှားသည်ဟုပင် ဆိုနိုင်၏။

ကျင့်စဉ်မှာ တပည့်များအတွက် ပွါးထားနိုင်သော်လည်း လက်နက်မှာ တစ်ခုသာ ရှိလေသည်။ တစ်ယောက်ယောက် ယူသွားလျှင် အပြီးသတ်ပင် ဖြစ်၏။ ထို့ကြောင့် စည်းမျဉ်းများ ချထားရသည်။

ရှန်မိုမှာတော့ အဝါအဆင့်လက်နက်များထဲတွင်သာ အဓိက လိုက်ရှာနေသည်။

မကြာမီ မိုးကြိုးဓားကို ရှာတွေ့သွားလေသည်။

တစ်ချက်ကြည့်ရုံဖြင့် သာမာန်ကျလွန်းပြီး မည်သူမျှ သတိထားမိမည် မဟုတ်ပါ။

ဖုန်များပင် တက်နေသေးသည်။

သာမာန် သတ္ထုရိုင်းဖြင့် ပြုလုပ်ထားသည်ဟုပင် ထင်ရသည်။

ဒုတိယထပ်သို့ တက်လာသော ရှောင်းဖန်လည်း ရှန်မို ရွေးထားသည့် ဓားကို တွေ့သွား၏။

သို့သော် နားမလည်နိုင် ဖြစ်နေသည်။

ဘာလို့ ရှန်မိုက အဝါအဆင့် လက်နက်ကို ရွေးတာလဲ။ သိမ်မွေ့နက်နဲခြင်းအဆင့် လက်နက်တွေ ရှိနေရဲ့သားနဲ့။

ရှောင်းဖန် ခဏတွေဝေနေပြီးမှ ရုတ်တရက် သတိရသွားသည်။

‘သိပြီ။ ရှန်မို သူ့အကြောင်းသူ သိလို့ အမြင့်ကြီး မယူရဲတာပဲ”

ကိုယ့်အဆင့်တော့ ကိုယ်သိသားပဲ။

ရှန်မိုကတော့ သူ့ရွေးချယ်မှုကို ကျေနပ်လျက် မိုးကြိုးဓားကိုယူ၍ ထွက်သွားတော့သည်။

မသွားခင် ရှောင်းဖန်အား တစ်ချက် လှည့်ကြည့်သွားသေးသည်။

[လတ်တလော အခွင့်အရေး: ရတနာတိုက်တွင် အလယ်အဆင့် သိမ်မွေ့နက်နဲခြင်းလက်နက် မုန်တိုင်းဓားကို ရရှိမည်]

ရှန်မို အပြန်လမ်းတွင် တွေးနေမိ၏။ ကံအလွန်ကောင်းသူ၏ အခြေအနေကိုလည်း သဘောပေါက်လာသည်။

ရှန်မိုမှ သူ့အခွင့်အရေးများကို လုယူစေကာမူ အခြား ကံကောင်းခြင်းများ ထပ်ရောက်လာလေ၏။

လျော်ကြေးပေးသည်နှင့် တူသည်။ သို့သော် မူရင်းအခွင့်အရေးထက်တော့ နိမ့်လေသည်။

ရှန်မို မုန်တိုင်းဓားကို ထပ်ယူလျှင်လည်း အဆင့်နိမ့် သိမ်မွေ့နက်နဲခြင်းလက်နက် ရလိမ့်ဦးမည်။

“သွားမှပါပဲ။ ဝူဟွေရန်ရဲ့ အခွင့်အရေးကိုလည်း ယူရဦးမယ်။ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

ရှန်မို ရတနာတိုက်ထဲမှ ထွက်ကာ ချက်ချင်း သူ့ခြံထဲ ပြန်လာခဲ့သည်။

အခန်းထဲရောက်သည်နှင့် ပထမဆုံး ပြုလုပ်သည်မှာ မိုးကြိုးဓားအား သွေးပူဇော်ခြင်းပင်။

ဓားပေါ်သို့ သွေးတစ်စက်ကျလာသောအခါ သံချေးတက်နေသော ဓားသည် ပြန်လည် အသက်ဝင်လာ၏။

ချွမ်!

ဓားမှ အသံတစ်ခု ထွက်လာပြီး သံချေးများ၊ ဖုန်များအားလုံး ပျောက်ကွယ်သွားသည်။

ရှန်မို့မျက်စိရှေ့တွင် လျှပ်စီးကဲ့သို့ လင်းလက်သည့် ဓားရှည်ကို တွေ့ရ၏။

“မိုးကြိုး”

ရှန်မိုပြုံးလျက်

“ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ လက်နက် ဖြစ်သွားပြီ”

ထို့နောက် လေအဟုန်တွင် ယမ်းကြည့်လိုက်၏။

ရွှမ်!

ဓားမှထွက်လာသော အသံသည်ပင် ကြည်လင်၍ တက်ကြွနေသည် ထင်ရ၏။

…

(၃) ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

ထိုမနက်တွင် ရှန်မို နိုးထလာပြီး ကိုယ်လက်သန့်စင်၊ အဝတ်လဲကာ ပုံမှန်အတိုင်း မနက်စာစားရန် ထမင်းစားဆောင်သို့ သွားဖို့ ပြင်နေသည်။

ဒေါက် ဒေါက် ဒေါက်!

အပြင်ဘက်မှ ခပ်ဖြည်းဖြည်း တံခါးခေါက်သံ ကြားရသည်။

တံခါးဖွင့်ကြည့်လိုက်သောအခါ မတွေ့ဖူးသော အပြင်ဂိုဏ်းတပည့်တစ်ဦးအား တွေ့လိုက်ရ၏။

တပည့်လေးမှ

“စီနီယာရှန် အစ်ကိုကျန်းက ပြောခိုင်းလိုက်လို့ပါ။ စီနီယာရဲ့ ဆေးရေကန် အသင့်ဖြစ်လို့ စိမ်လို့ရပါပြီတဲ့”

ရှန်မို ခေါင်းငြိမ့်ပြကာ

“ကောင်းပြီ။ ရှေ့ကသွား”

“ဟုတ်ကဲ့”

အစ်ကိုကျန်းဟူသည့်တပည့်မှာ အပြင်ဂိုဏ်းတပည့်များ၏ စစ်ဆေးပွဲအတွက် တာဝန်ယူထားပြီး ကျန်ဝေ့ဟူ ဖြစ်သည်။

ရှန်မို လဲ့ရှောင်းကျန်ကို နိုင်သွားသည့်နေ့တည်းက ကျန်းဝေ့ဟူမှ ထိုအခွင့်အရေးအတွက် လျှောက်ပေးထားသည်။

အတွင်းဂိုဏ်းတပည့်အသစ်တိုင်း ထိုအခွင့်အရေးကို ရရှိကြသည်။

အလားအလာကောင်းရှိသူများမှာ ပိုအင်အားကြီးလာစေရန် ဖြစ်၏။

သို့သော် ဆေးရေကန်မှာ ဆေးမျိုးစုံလိုအပ်ပြီး ပြင်ဆင်ရန် ခက်ခဲလေသည်။

ထို့ကြောင့် အနည်းဆုံး အတွင်းဂိုဏ်းတပည့်သစ် (၅) ဦးပြည့်မှ ပြင်ဆင်နိုင်သည်။

ယခင်က တပည့်အသစ် (၄) ယောက်အထိ ရှိနေပြီး လွန်ခဲ့သော (၃) ရက်ကမှ ရှန်မို ရောက်လာသောကြောင့် လူပြည့်သွားလေပြီ။

“ဒီနေ့ ရှောင်းဖန်လည်း ဆေးရေစိမ်မယ့်နေ့ပဲ။ ငါ့ဘက်က အရင်ဆုံး နေမီးတောက်ခန္ဓာကိုယ်ရအောင် လုပ်ရမယ်”

ရှန်မို အလွန် တက်ကြွလာသည်။

“ဒါက ကောင်းကင်အဆင့် ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ပဲ။ အဲ့အစွမ်းသာရရင် ဂိုဏ်းက ငါ့ကို အရင်းအမြစ်တွေ အများကြီး ထောက်ပံ့ပေးတော့မယ်။ အခုကစပြီး လဲ့အိမ်တော်က ဒုက္ခပေးချင်ရင်တောင် တွေဝေနေတော့မှာ”

ရှန်မို ပြုံးနေမိသည်။

သူ သိထားသလောက် ချင်းရွှမ်ဂိုဏ်းမှ ကောင်းကင်အဆင့် ခန္ဓာကိုယ်ဖြင့် တပည့်တစ်ဦးသာ မွေးထုတ်နိုင်ဖူးသည်။

သို့သော် ထိုလူမှာ သူတို့ အရွယ်မရောက်မီတည်းက သေဆုံးသွားပြီးလေပြီ။

ချင်းရွှမ်ဂိုဏ်းအတွက်တော့ အမြဲ နောင်တရစရာ ဖြစ်ခဲ့သည်။

သူသာ ကောင်းကင်အဆင့် ခန္ဓာကိုယ်တည်ဆောက်ပုံဖြင့် ဒုတိယမြောက်တပည့် ဖြစ်ခဲ့လျှင် ဂိုဏ်းမှ အကြီးအကျယ် မြှောက်စားပေမည်။

“ဒီတစ်လော ဂိုဏ်းထဲမှာ ဘာမှ ထူးထူးခြားခြား မရှိဘူးလား”

ရှန်မိုမှ သွားနေရင်း မေးလိုက်သည်။

“ဘာမှတော့ မရှိပါဘူး။ ဒါပေမဲ့ စီနီယာ စိန်ခေါ်ခဲ့တဲ့ လဲ့ရှောင်းကျန်တော့ ပျောက်နေတယ်ပြောတယ်။ တချို့ကလည်း သူ့အိမ်တော်ရှိတဲ့ ချင်ရှန်မြို့ကို ပြန်သွားပြီလည်း ပြောကြတယ်။ အဓိကကတော့ သူ လုံးဝ ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး”

ရှန်မို ခေါင်းငြိမ့်ပြ၍ ဆက်မပြောတော့ပေ။

မကြာမီ အပြင်ဂိုဏ်းတပည့်လေး၏ ဦးဆောင်မှုဖြင့် ချိုင့်ဝှမ်းဆီ ရောက်လာသည်။

အလယ်ထဲ၌ ရေကန် (၅) ခု ရှိပြီး အစိမ်းရောင်ဆေးရည်များ ပြည့်နေ၏။

သူ အဝေးမှပင် ဆေးနံ့များကို ခံစားရသည်။

အပြင်ဂိုဏ်းတပည့် (၁၀) ဦးမှာ အဖွဲ့ (၅) ဖွဲ့ခွဲ၍ ကျန်းဝေ့ဟူ ညွှန်ကြားသည့်အတိုင်း ဆေးရည်များ ဖြည့်ပေးနေသည်။

ကျန်းဝေ့ဟူ အလုပ်လုပ်နေရင်း ခပ်လှမ်းလှမ်းမှ ရှန်မိုကို တွေ့သောအခါ ပြုံး၍ လက်ယမ်းပြလိုက်၏။

ရှန်မိုလည်း ပြန်ပြုံးပြသည်။

ဘေးဘီကို ကြည့်လိုက်သောအခါ အစိမ်းရင့်ရောင် ဝတ်ရုံများဖြင့် တပည့် (၄) ဦးကိုတွေ့ရပြီး ရှောင်းဖန်လည်း ပါဝင်၏။

ကျန် (၃) ဦးမှာ အချင်းချင်း စကားပြောနေရင်းမှ ရှန်မိုကို တွေ့သောအခါ လှမ်းကြည့်၍ ဦးညွှတ် နှုတ်ဆက်ကြလေသည်။

သူတို့အကြည့်များတွင်အဓိပ္ပာယ် ပါနေ၏။

All Chapters