← Chapters

ရှန်မိုမှ နေမီးတောက်စွမ်းအင် စုပ်ယူခြင်း

Vol. 1 Ch. 15

ရှန်မိုမှ နေမီးတောက်စွမ်းအင် စုပ်ယူခြင်း

Vol. 1 Ch. 15

ရှောင်းဖန်လည်း မတတ်သာဘဲ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

ရှန်မိုလည်း ပြုံး၍ ပြန်နှုတ်ဆက်၏။

ကျန် (၃) ဦး၏ အကြည့်များမှာ လဲ့ရှောင်းကျန်အား လူရှေ့တွင် အနိုင်ယူခဲ့သော သူ့အင်အားကို တုန်လှုပ်မိ၍ပင်။

ထိုစဉ် အမျိုးသမီးတပည့်တစ်ဦး ရှန်မို့အနား ရောက်လာသည်။

မှင်တက်ရလောက်အောင် ချောမောနေသည်တော့ မဟုတ်သော်လည်း အသွင်အပြင်မှာ နူးညံ့၍ အသားဖြူကာ ကြည့်ကောင်းလေ၏။

ခါးသွယ်သွယ်လေးမှာ အားကောင်းပြီး ကျားသစ်မလေးတစ်ဦးနှင့်ပင် တူသည်။

တစ်ချက်ကြည့်မိလျှင် ပြန်ခွါနိုင်ရန်တော့ ခက်ပါသည်။

ထိုမိန်းကလေးမှ ရှန်မို့ကို စိတ်အားတက်ကြွစွာကြည့်၍

“စီနီယာရှန် မင်္ဂလာပါ။ ကျွန်မက ကျောက်ရူပါ။ အချိန်ရရင် တာဝန်အတူတူ လုပ်လို့ရမလား”

သူပြုံး၍ ခေါင်းငြိမ့်ကာ

“ရပါတယ်။ အချိန်ရတဲ့အခါပေါ့”

လက်ခံသည့်အဖြေ ကြားရသောအခါ ကျောက်ရူ အလွန် ကျေနပ်သွားပြီး ရှန်မိုနှင့် ဟိုဟိုဒီဒီ စကားဆက်ပြောကြသည်။

ရှောင်းဖန်မှာ ကျောက်ရူခါးကိုကြည့်ရင်း စိတ်ပျက်သလို ဖြစ်နေသည်။

“ငါက ကြည့်ကောင်းပြီး အင်အားလည်း ကြီးတယ်။ အလားအလာလည်း ရှိတယ်။ ငါ့ကိုပဲ အာရုံစိုက်ကြတာ ဖြစ်ရမှာကို”

ထို့နောက် အနောက်နားမှ ခြေသံများကို ကြားရ၍ ရှန်မို လှည့်ကြည့်လိုက်သည်။

သက်လတ်ပိုင်း အမျိုးသား (၃) ယောက် သူတို့အနား လျှောက်လာ၏။

ဦးဆောင်လာသူမှာ ဆံပင်ဖြူဖြူ၊ ခရမ်းရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး အဆင့်မြင့်တစ်ယောက်မှန်း သိသာစေသည်။

သူ့ဘေးတွင် ငယ်ငယ်ချောချော မိန်းကလေးတစ်ဦး ပါလာပြီး အနောက်တွင် အသက် (၄၀-၅၀) ဝန်းကျင်ရှိ အဖြူရောင်ဝတ်ရုံများဖြင့် အင်အားကြီး အရှိန်အဝါရှိသော အမျိုးသား (၂) ဦး လိုက်ပါလာသည်။

သူတို့ဝတ်ရုံရင်ဘက်တွင် အစိမ်းရောင်တောင်တန်းများ ရေးထိုးထား၍ အတွင်းဂိုဏ်း အကြီးအကဲများမှန်း သိသာလှသည်။

မိန်းမငယ်လေးကို တွေ့သောအခါ ရှောင်းဖန် မျက်လုံးအရောင်များ လက်သွား၏။

ရှန်မိုမှာ မျက်မှောင်ကြုတ်လျက် ရှိသည်။

လျှိုဖေးမလား။

ဒါဆို သူ့ဘေးက သက်လတ်ပိုင်းလူကြီးက… ချင်းရွှမ်ဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်ပေါ့။

ဘာလာလုပ်ကြတာလဲ။

“လက်ထောက်ခေါင်းဆောင်လျှို ကျွန်တော်တို့ကို ဘာတွေ သံသယဖြစ်လို့ ခေါ်လာရပြန်တာလဲ။ ဒီအတိုင်း တပည့်အသစ်တွေ ဆေးရေစိမ်ကြရုံပဲလေ”

အရပ်ရှည်ရှည်နှင့် အကြီးအကဲမှ မျက်မှောင်ကြုတ်ကာ ပြောသည်။

“ဟုတ်တယ်။ ကျင့်ကြံမှုနဲ့တောင် အလုပ်ရှုပ်နေတာ။ အချိန်လာဖြုန်းနေတာလား”

ခပ်ပိန်ပိန် အကြီးအကဲကလည်း မကျေမနပ် ဆို၏။

လက်ထောက်ခေါင်းဆောင် လျှိုယွမ်ဖုန်မှ ရယ်မောကာ

“ဘာတွေ လောနေတာလဲ။ ငါ့ရဲ့ အနာဂတ်တပည့်လောင်းကိုကြည့်ဖို့ ခေါ်လာတာပါ”

အရပ်ရှည်ရှည် အကြီးအကဲမှာ မှင်တက်၍

“ခင်ဗျားပဲ တပည့်တွေ ထပ်မခေါ်တော့ဘူးဆို။ ဒီနေ့မှ ဘာလို့ စိတ်ပြောင်းသွားတာလဲ”

ခပ်ပိန်ပိန် အကြီးအကဲမှာ ခေါင်းငြိမ့်လျက်

“ဟုတ်တယ်။ ခေါင်းဆောင်ရော၊ လက်ထောက် ခေါင်းဆောင်ရော လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ပြောတာ မှတ်မိသေးတယ်။ ကျင့်ကြံမှု နှောင့်နှေးလို့ တပည့်တွေ လက်မခံတော့ဘူးဆို”

လျှိုယွမ်ဖုန် ရယ်မောကာ

“မကြာခင် တွေ့ရပါလိမ့်မယ်။ အခုပြောလည်း စိတ်ဝင်စားစရာမကောင်းဘူး”

အကြီးအကဲ (၂) ဦးမှာ မတတ်သာဘဲ ပြုံးလျက်

“ကောင်းပါပြီလေ။ အရင်စကားကို ဖျက်ရလောက်အောင် ဘယ်လိုတပည့်မျိုးလဲ ကြည့်ကြသေးတာပေါ့”

သူတို့ရောက်လာသောကြောင့် တပည့်များလည်း စိတ်လှုပ်ရှားနေ၏။

ရှန်မိုအပါအဝင် တပည့်များအားလုံး အမြန်ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

လျှိုယွမ်ဖုန် လက်ယမ်းပြ၍

“ဆေးရည်စိမ်ဖို့ကိစ္စ အေးဆေး ဆက်လုပ်ကြပါ။ ဒီအတိုင်း လာကြည့်ရုံပါပဲ”

လျှိုဖေးမှ ခပ်လှမ်းလှမ်းရှိ ရှောင်းဖန်အား မျက်လုံး လှမ်းမှိတ်ပြသည်။ ရှောင်းဖန် စိတ်လှုပ်ရှားနေမိသည်။ လျှိုယွမ်ဖုန် သူ့ကြောင့် ရောက်လာကြောင်း နားလည်ထား၏။

ရှန်မိုလည်း အခြေအနေကို သဘောပေါက်သွားသည်။ လျှိုယွမ်ဖုန်မှာ အခြားအကြီးအကဲများရှေ့တွင် ကြွားချင်သောကြောင့်ပင်။

ကြည့်စမ်း။ ဒီလိုအင်အားကြီးတဲ့ ခန္ဓာကိုယ်နဲ့ တစ်ယောက်က ငါ့တပည့်ပဲ။

သို့သော် ရလဒ်မှာ စိတ်ပျက်သွားစေနိုင်ကြောင်း ရှန်မို သိထားကာ ပြုံးနေမိသည်။

ထိုအချိန်တွင် ဆေးရည်ကန်များမှာ အသင့်ဖြစ်နေလေပြီ။

ကျန်းဝေ့ဟူ ခေါင်းငြိမ့်ပြ၍

“ဂျူနီယာတို့ ဆေးရည် အသင့်ဖြစ်ပါပြီ။ အခု လာစိမ်လို့ ရပြီနော်”

ကျောက်ရူမှာ ပတ်ဝန်းကျင်ကိုကြည့်၍ ဆေးကန်များမှာ မခြားနားသောကြောင့် ဒုတိယကန်ထဲ ဝင်လိုက်သည်။

ရှန်မိုမှာမူ တတိယကန်နား သွား၍

“ကျွန်တော်က နံပါတ် (၃) ယူမယ်”

ရှောင်းဖန်လည်း တစ်ခုခုမှ ညှို့ငင်နေသကဲ့သို့ နံပါတ် (၃) ကို လိုချင်သော်လည်း ရှန်မို အရင်ရွေးလိုက်သောကြောင့် အကြီးအကဲများရှေ့ စိတ်မဆိုးရဲဘဲ နံပါတ် (၅) ဆီ လျှောက်သွားသည်။

မကြာမီ တပည့်များအားလုံး ရွေးချယ်ပြီး၍ ဆေးရည် စစိမ်လေသည်။

ကျောက်ရူမှာ အတွင်းမှ အဖြူရောင်အတွင်းခံအထူ ဝတ်လာ၍ တော်သေး၏။

ရှန်မိုသည် ချက်ချင်း ရေအောက်ထဲဆင်း၍ ရတနာကို ရှာဖွေလေသည်။ ထိုအခါ မကြာမီ အနီရဲရဲ ကျောက်မျက်တစ်ခုကို တွေ့ရ၏။

ရှန်မို လှမ်းယူပြီးနောက် ရေမျက်နှာပြင်ပေါ် ပြန်တက်လာကာ အခြားတပည့်များကဲ့သို့ ဆေးရည် စုပ်ယူခြင်းကို အာရုံစိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

သို့သော် ရှန်မိုမှာ ဆေးရည်အပြင် နေမီးတောက်စွမ်းအင်ကိုပါ စုပ်ယူနေ၏။

ဂျစ် ဂျစ် ဂျစ်!

နွေးထွေးသောစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး အသားအရည်၊ ကြွက်သား၊ အရိုးများထဲအထိ အင်အားပြည့်ဝလာ၏။

ထိုအချိန်တွင် ရှောင်းဖန်၏ကန်၌လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

ဆေးရည်များ ပွက်ပွက်ဆူလာပြီး ရှောင်းဖန်၏ အသားအရည်များ နီရဲကာ မီးထတောက်တော့မလို ထင်ရသည်။ သူ့ပတ်ဝန်းကျင်မှ လေထုပင် ပူနွေးလာ၏။

ကျောက်ဝေ့ဟူနှင့် လျှိုဖေးတို့ အပူငွေ့ကို ခံစားမိပြီး အကြီးအကဲများလည်း အလန့်တကြား မတ်တပ်ထရပ်မိ၏။

“ဟိုတပည့်က ခန္ဓာကိုယ်တည်ဆောက်မှုစွမ်းအင် နိုးထလာပြီ”

“သူ့အင်အားက ကြီးလွန်းလို့ အပူချိန်တောင် အရမ်းတက်လာပြီ”

သူတို့ လျှိုယွမ်ဖုန်အား လှမ်းကြည့်မိ၏။

“လက်ထောက်ခေါင်းဆောင် ဘာလို့ခေါ်လာလဲဆိုတာ နားလည်ပါပြီ။ ကျွန်တော်တို့ကို ကြွားချင်လို့မလား”

လျှိုယွမ်ဖုန် ရယ်မောနေ၏။

သူ ရှောင်းဖန်ကို ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအဆင့် ခန္ဓာကိုယ်အဖြစ် နိုးထလာမည်ဟု သိသော်လည်း မြေဓာတ်ခန္ဓာကိုယ်တည်ဆောက်ပုံအထိ ရှိနေမည်ဟု မထင်ထားချေ။

ထိုအတိုင်းဆိုလျှင် ရှောင်းဖန်မှာ ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်နိုင်၏။

ချင်းရွှမ်ဂိုဏ်းမှာ တောက်ပသောအနာဂတ် ရှိနေလေပြီ။

ဝှစ် ဝှစ် ဝှစ်!

အဖြူရောင်ဝတ်ရုံဖြင့် လူအချို့ ရောက်လာကြပြီး ဂိုဏ်းမှ အကြီအကဲများ ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

“အပူချိန် မြင့်လာတာ ခံစားမိလို့ လာကြည့်တာ”

“တပည့်တစ်ယောက် မြေဓာတ် ခန္ဓာကိုယ်တည်ဆောက်ပုံ နိုးထလာတာပဲ”

“အတွင်းဂိုဏ်းတပည့်အသစ်လား”

အကြီးအကဲများမှာ နံပါတ် (၅) ကန်ထဲရှိ ရှောင်းဖန်အား တအံ့တဩ ကြည့်နေကြသည်။

လျှိုယွမ်ဖုန် ချောင်းဟန့်လျက်

“သူ့ကို ငါ့တပည့်အဖြစ် ရွေးပြီးပြီ။ အဲ့တော့ ခင်ဗျားတို့ အပိုတွေ ပြောမနေကြနဲ့တော့”

“ဟင်…”

အကြီးအကဲများမှာ မျက်နှာပျက်သွားကြသည်။

ဒီလူက တကယ်လျင်တာပဲ။

ဆေးရည်များ အငွေ့ပျံ၍ ရှောင်းဖန်ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားလေသည်။

မကြာမီ သူ့မျက်လုံးပွင့်လာပြီး ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်၏။

ဝူး!

လေတစ်ချက်တိုက်လိုက်သောအခါ ရေငွေ့များ ပျောက်ကွယ်သွားပြီး အရှိန်အဝါကြီးသော ပုံရိပ်တစ်ခု ပေါ်လာသည်။

ရှောင်းဖန်တစ်ကိုယ်လုံး နီရဲလျက် နှလုံးသားမှာလည်း မီးဘောလုံးကဲ့သို့ တဒိန်းဒိန်း ခုန်နေ၏။

ထိုနှလုံးသားမှတစ်ဆင့် နီရဲသော မျဉ်းကြောင်းများမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာပြီး အားလုံး သူ့ကိုသာ အာရုံစိုက်နေကြသည်။

All Chapters