ကုတ်အင်္ကျီ ဝတ်ပါလား
Vol. 21 Ch. 303
“ဘာရပ်ကြည့်နေတာလဲ။ ဖမ်းလိုက်တော့လေ”
ရုံးခန်းထဲတွင် လင်းချွမ်မှာ အပြေးဝင်လာပြီး အထဲရောက်မှ ငေးကြောင်နေသော ရှန်ချန်းချန်းကိုကြည့်ကာ အမြန် သတိပေးလိုက်သည်။
“ဟုတ်ကဲ့ ကောင်းပါပြီ”
ရှန်ချန်းချန်း ထိုအခါမှ သတိဝင်လာပြီး သေနတ်ကိုသိမ်း၍ လက်ထိပ်လိုက်ခတ်လေ၏။
ထိုစဉ် ဟူတာချန်းတို့လည်း မရှေးမနှောင်း ရောက်လာကြလေသည်။
“သူဌေးယု အပြစ်ကို သေချာဝန်ခံပြီး လျှော့ပေါ့အောင် လုပ်လိုက်ပါ”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
ထိုစဉ် သူ အတွေးတစ်ခု ဝင်လာ၏။
ယုခီခီမှာ အနည်းဆုံး တစ်သက်တစ်ကျွန်း သို့မဟုတ် အများဆုံး သေဒဏ်အထိ ကျရောက်နိုင်ပါသည်။
ထို့ကြောင့် ထပ်တွေ့ရန် မသေချာတော့၍ နှုတ်ဆက်ရန် စဉ်းစားမိ၏။
နောက်တစ်ခါ ပြန်တွေ့လျှင် ထောင်ထဲလား။ နောင်ဘဝလား တစ်ခုခုသာ ဖြစ်ပေမည်။
ဖက် ဖက်!
ကျက်သရေ မရှိလိုက်တာ။
ရုံးခန်းထဲ၌ ဟူတာချန်းတို့အဖွဲ့မှာ အခြားအချက်အလက်များကို ရှာဖွေနေကြလေသည်။
ရှန်ချန်းချန်း လင်းချွမ်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ။ ဒီလူတွေက ကြည့်လိုက်တာနဲ့ အင်အားရော၊ အရေအတွက်ရော များတယ်လေ”
“ဧကန္တ… ဆွဲဆောင်မှုရှိလို့ ထင်တယ်”
လင်းချွမ် စနောက်၍ ပြောလိုက်၏။
အဟက်!
ရှန်ချန်းချန်း သူ့စကားကြောင့် ရယ်မောလိုက်မိသည်။
“အဲ့တာကြောင့် ယုခီခီက ရှင့်ကို စွဲလန်းနေတာပေါ့လေ။ ရှင်းရှင်းကို ပြောပြထားဦးမှပဲ”
“ဟေ့ ကျွန်တော်ပြောတာ အဲ့လိုအဓိပ္ပာယ် မဟုတ်ဘူးလေ”
လင်းချွမ် အမြန် ပြန်ရှင်းရလေသည်။
ရှန်ချန်းချန်း ပြုံးလျက်
“ရှင် ကြောက်နေတာလား။ နောက်တစ်ခါတော့ အဲ့လိုတွေ လျှောက်မပြောနဲ့နော်”
“ဟုတ်ကဲ့ပါခင်ဗျ”
လင်းချွမ် ရယ်မော၍ အလေးပြုကာ ပြောလိုက်သည်။
“ဒါနဲ့ ဒီသေနတ်လေး သိမ်းထားလိုက်ပါ”
“ရှင် သေနတ်ပစ်လိုက်တာလား”
ရှန်ချန်းချန်း ခုနက သေနတ်သံကို ပြန်သတိရသွား၏။
“သေနတ်တစ်ချက်တောင် မဖောက်ဘဲ အဲ့လို ပူးပေါင်းပေးကြမယ် ထင်လို့လား”
“ရှင် ဘယ်ကိုပစ်လိုက်တာလဲ”
ရှန်ချန်းချန်း အံ့ဩစွာဖြင့် ထပ်မေးလိုက်သည်။
လင်းချွမ် နံရံဘက်ကို လက်ညှိုးထိုးပြလိုက်၏။
ရှန်ချန်းချန်း လှည့်ကြည့်လိုက်ပြီး
“ဒီအမြင့်က ဟိုလူတွေ အရပ်နဲ့ အတူတူလောက်ပဲကို”
“ဟုတ်တယ်။ ဆံပင်နားက ဖြတ်သွားတာ”
ရှန်ချန်းချန်း မှင်တက်သွားပြီး
“သတိပေးပစ်ချက်ကို ပစ်နိုင်တာ တော်ရုံ မဟုတ်ဘူးပဲ”
“ရပါတယ်။ ကျွန်တော် ဒါမျိုးနဲ့ ရင်းနှီးပါတယ်။ ကျွန်တော့် သေနတ်ပစ်အရည်အချင်းကို သိရဲ့သားနဲ့”
“သေနတ်ပစ် အရည်အချင်း…”
ထိုအခါ ရှန်ချန်းချန်း ခေါင်းယမ်းလျက်
“ဘယ်သိမှာလဲ။ ရှင်အရင်က ပစ်တာ အရုပ်သေနတ်လေ”
သူတို့ ဈေးလမ်းတွင် အပျော်ပစ်ခြင်းနှင့် ကျားဖြန့်အဖွဲ့ ဖမ်းစဉ်က အရုပ်သေနတ် ကိုင်ဖူးခြင်းသာ ရှိပါသည်။
“အရုပ်သေနတ်လည်း သေနတ်မဟုတ်ဘူးလား”
လင်းချွမ် ပြန်ချေပ၏။
ရှန်ချန်းချန်း ဘာမှပြန်မပြောနိုင်တော့ပေ။
“ကျွန်တော် အခု အောက်ဆင်းလို့ ရပြီမလား”
လင်းချွမ်မှ မေးလိုက်၏။
သူ အပေါ်ထပ်၌ ကြာနေလျှင် ကျန်း စိတ်ပူနေတော့မည်။
“ရှင်က သူရဲကောင်းပဲကို။ သေချာပေါက် ရတာပေါ့”
ရှန်ချန်းချန်း ပြုံး၍ ပြောပြီးမှ သူ့အဝတ်အစားကို ကြည့်ကာ
“ဒါနဲ့ အောက်မှာ သတင်းထောက်တွေ စောင့်နေတယ်နော်။ ရှင် ဆင်းတာနဲ့ ဓာတ်ပုံဝိုင်းရိုက်မှာ။ အင်တာဗျူးတောင် ဖြေရနိုင်သေးတယ်။ ကုတ်အင်္ကျီလေးဝတ်ထားရင် ပိုကြည့်ကောင်းမှာကို”
“အာ ရပါတယ်။ ပုံရိပ်က အရေးမကြီးပါဘူး”
လင်းချွမ် နေရခက်စွာ ပြောလိုက်၏။
သူ့ပြဿနာ သူသာသိပါသည်။
“ကောင်းပြီလေ။ သူရဲကောင်းကြီးကို လိုက်ပို့ပေးပါမယ်”
“ကျွန်တော့်ကို အမြဲရွဲ့နေသလို ခံစားရတယ်”
“မဟုတ်ရပါဘူးရှင်”
ဤသို့ဖြင့် နှစ်ဦးသား ကော်ရစ်တာကို ဖြတ်လာရင်း ရှန်ချန်းချန်း ရယ်မော၍
“ရှင် လက်နက်တွေအကြောင်း နားလည်ပုံပဲနော်”
“နည်းနည်းပါ။ ရဲမေရှန် ကျွန်တော့်ကို အထင်လွဲနေပြန်တာလား။ ကျွန်တော် ကောင်းတာတွေပဲ လုပ်ပေးခဲ့တာနော်”
“ဘာလို့လွဲရမှာလဲ”
ရှန်ချန်းချန်း အမြန် ငြင်းလေ၏။
“နိုင်ငံအဆင့် လက်နက်တီထွင်ရေး ပြိုင်ပွဲရှိလို့လေ။ ကျွန်မလည်း လက်နက်အသစ် စဉ်းစားနေတာ။ ရှင် နားလည်ရင် အကြံတောင်းမလို့ပါ”
“ဪ ဦးနှောက်ဖောက်စားမလို့ကိုး”
လင်းချွမ် ရယ်မော၍ ပြောသည်။
“ကျွန်မတို့က ခဏခဏ အလုပ်အတူတူ လုပ်ဖူးတဲ့ မိတ်ဆွေကောင်းတွေ မဟုတ်ဘူးလား။ ဒီလောက်လေး အကြံပေးရတာ ဘာဖြစ်လို့လဲ”
“ရပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က အခြေခံလောက်ပဲ နားလည်တာနော်”
သူ ကြိုကာ၍ ပြောထားသော်လည်း ကူညီရန် စိတ်ကူးရှိပါသည်။
မည်သို့ပင်ဖြစ်စေ သူ့အတွက် ယုံကြည်ရသော မိတ်ဆွေကောင်း ဖြစ်၏။
“ရှင်လည်း ဝင်ပြိုင်လေ”
ရှန်ချန်းချန်း ပြုံး၍ဆိုသည်။
“ကျွန်တော်ရောလား”
လင်းချွမ် ခေါင်းယမ်း၍
“ကျွန်တော်က အွန်လိုင်းစာရေးဆရာလေ။ စာ ဘယ်လိုရေးရမလဲပဲ သိတာ။ အဲ့လို အရည်အချင်းမျိုး မရှိပါဘူးဗျာ”
“တကယ် မရှိဘူးလား”
“တကယ် နားမလည်တာပါ”
လင်းချွမ် လေးနက်စွာ ပြန်ပြော၏။
သူ့အရည်အချင်းများကို မယုံနိုင်တော့ပေ။
“ကဲပါ နောက်မှပြောကြတာပေါ့။ အပြင်မှာ သတင်းထောက်တွေ စောင့်နေကြပြီ”
သူတို့ စကားတပြောပြောနှင့် ထွက်ပေါက်အထိ ရောက်လာလေပြီ။
လင်းချွမ် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မီးရောင်များ တဖျတ်ဖျတ်လက်ကာ ညအမှောင်ထုသည် ချက်ချင်း လင်းထိန်သွား၏။ ရှေ့မှမြင်ကွင်းကိုပင် သူ ကောင်းကောင်း မမြင်ရတော့ချေ။