ရှင်နဲ့အတူ လိုက်ချင်တယ်
Vol. 21 Ch. 304
သို့သော် လင်းချွမ် အခြားရဲဝန်ထမ်းများလည်း စောင့်ကြပ်ပေးနေသည်ကို တွေ့ရ၏။ ကျန်းပြောင်လည်း ရှိနေသည်။
မလှမ်းမကမ်းတွင်တော့ အန်လင်းရုပ်သံမှ ကင်မရာသမားများက ဖြတ်သွားဖြတ်လာများကို အင်တာဗျူး ပြုလုပ်နေ၏။
လင်းချွမ်ထွက်လာသောအခါ ကျန်းပြောင် ချက်ချင်း ပြေးလာလေသည်။
ယခုအမှုတွင် လင်းချွမ်မှာ အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိသာ၏။
ပစ္စည်းစုဆောင်းခြင်းမှစ၍ လေ့လာရေး၊ စွမ်းဆောင်ရေး၊ ဆုံးဖြတ်ချက်ချရေးများ အားလုံးတွင် အဆင့်တိုင်း ပါဝင်နေသည်။
အထူးသဖြင့် ယနေ့ည၌ သူတစ်ယောက်တည်း ယုခီခီနှင့် ဗလကြီး (၆) ဦးတို့ကို သွားတွေ့ကာ ပစ်စတိုတစ်လက်ပင် ပြန်ရလာခဲ့သေးသည်။
အမှုတစ်ခုလုံးအတွက် အကျဉ်းချုပ်ရလျှင် လင်းချွမ်မရှိဘဲ အောင်မြင်မည် မဟုတ်ချေ။
“သူရဲကောင်းကြီး ပင်ပန်းသွားပါပြီ”
ကျန်းပြောင် လင်းချွမ်ကိုကြည့်၍ ထိခိုက်မှုမရှိသည်ကို တွေ့မှ စိတ်အေးသွားမိသည်။ ပို၍လည်း လေးစားသဘောကျလာမိ၏။
“ကျွန်တော် လုပ်သင့်တာပဲ လုပ်ခဲ့တာပါ”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
ထိုအခြေအနေမှာ အန်လင်းရှိ မော်ဂန်အုပ်စုကို အမြစ်ပြတ် သုတ်သင်လိုက်နိုင်ပြီး သူ့အတွက်တော့ အန္တရာယ်များလွန်းပါသည်။
အတိအကျဆိုရသော် အန္တရာယ်များမှာ ပတ်လည်ဝိုင်းနေခဲ့၏။
လင်းချွမ် မော်ဂန်အုပ်စု သူ့ကို တိုက်ခိုက်မည်အား မကြောက်ပါ။
ပုံရိပ်ယောင်လောက၌ သူ သူခိုး၊ လူလိမ်၊ လုပ်ကြံသူ၊ ဟက်ကာ၊ ကျားဖြန့်၊ ရှေးဟောင်းပစ္စည်း အတုလုပ်သူ၊ သိုက်တူးသမား၊ မူးယစ်ရာဇာ စသဖြင့် အတွေ့အကြုံများစွာ ရှိပါသည်။
အလုပ်အကိုင်များ၏ အကျိုးအပြစ်ကိုလည်း ကောင်းစွာ မြင်ဖူးထား၏။
လင်းချွမ်သာ ဆန္ဒရှိလျှင် မြေအောက်လောကဘုရင် အထိ အမှန်တကယ် အကောင်အထည်ဖော်ကာ မော်ဂန်အုပ်စုကို ချေချနိုင်ပါသည်။
သို့ရာတွင် လင်းချွမ် ထောင်ထဲ၌ အဆုံးမသတ်ချင်ပါ။
ထိုလမ်းကြောင်းမှာ အပြစ်များစွာ ပြည့်နေပြီး တစ်ခါ လမ်းမှားပြီးလျှင် လုံးဝ ပြန်မလှည့်နိုင်တော့ချေ။
ထို့ကြောင့် အွန်လိုင်းစာရေးဆရာဘဝက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလေ၏။
“လင်း ဒီညတော့ မင်းအတွက် အထူးညစာစားပွဲ ပြင်ထားလိုက်ပြီ”
ကျန်းပြောင် အားရပါးရ ရယ်မော၍ ပြောလိုက်၏။
“ဒါရိုက်တာကျန်းရယ် အဲ့လောက် ဒုက္ခခံစရာ မလိုပါဘူး။ ရဲဝန်ထမ်းတွေလည်း အများကြီး ကြိုးစားထားကြတာပဲ။ ဒီည စစ်ဆေးစရာတွေလည်း ကျန်ဦးမယ်ထင်တယ်”
လင်းချွမ် နှိမ့်ချ၍ ပြောလိုက်၏။
ကျန်းပြောင် ခေါင်းငြိမ့်ပြကာ
“ဒါဆို အမှုအားလုံး ပြီးသွားရင် သေချာလေး သက်သက် ပြုစုပါမယ်”
“ကောင်းပါပြီဗျာ”
လင်းချွမ် ပြန်ဖြေလိုက်လေ၏။
ထို့နောက် အမှုနှင့် သက်ဆိုင်သောအကြောင်းအရာ အချို့ ပြောပြီးနောက် ည (၁၁) နာရီကျော်မှ လင်းချွမ်နှင့် ကျန်းတို့ အိမ်ပြန်လာခဲ့သည်။
ညမှာ ပို၍မှောင်လာပြီး အန်လင်းတစ်မြို့လုံး မှုန်မှိုင်းနေ၏။
မီးရောင်ဝါကျင်ကျင်မှာ ဖျော့တော့နေပြီး လမ်းပေါ်၌ လူသူကင်းရှင်းနေကြသည်။
သို့သော် အချို့နေရာတွင်တော့ မငြိမ်းချမ်းလှပေ။
အန်ကျောက်ဆေးဝါးစက်ရုံရှိ ယုခီခီဦးဆောင်သော မူးယစ်ဆေး ထုတ်လုပ်ရေးအဖွဲ့မှာ တစ်ညတည်းနှင့် အမြစ်ပြတ်သွားလေပြီ။
အမှု၌ ပါဝင်ပတ်သက်သူအားလုံး အဖမ်းခံလိုက်ရ၏။
ထိုညက မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ရုံးခွဲမှာလည်း အနားမရပေ။
ဖော်ထုတ်ရှင်းလင်းခဲ့သူ လင်းချွမ်တစ်ယောက်သာ အိမ်တွင် အေးဆေး အနားယူနေ၏။
စိတ်ကြည်လင်လန်းဆန်းစေရန် ရေချိုးသန့်စင်ပြီးနောက် မွှေးကြိုင်သန့်ပြန့်သော ကုတင်ပေါ်တွင် နူးညံ့လှပသည့် ကျန်းကို ဖက်၍ လှဲနေလေ၏။
ကျန်းသည် ခရမ်းနုရောင် ညအိပ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး မျက်နှာနုနုလေးမှာ ပန်းရောင်သမ်းနေ၏။
ရုတ်တရက် သူ ထထိုင်လိုက်ပြီး
“သူဌေး ကျွန်မက ဘာမှအသုံးမဝင်သလို ခံစားရတယ်”
လင်းချွမ် အံ့ဩသွားကာ
“ဘာလို့လဲ”
“ဒီလို အန္တရာယ်များတဲ့ကိစ္စတွေမှာ ဘာမှလည်း မကူညီပေးနိုင်ဘူးလေ”
သူ နှုတ်ခမ်းလေးစူ၍ ပြောလိုက်၏။
ခုနက တစ်ညလုံး သူ လင်းချွမ်ကို စိတ်ပူခဲ့ရလေသည်။
“အဲ့လောက် အန္တရာယ်မများပါဘူး ကျန်းရဲ့”
အခြားသူများအတွက် အသက်အန္တရာယ် ရှိနိုင်သော်လည်း လင်းချွမ်အတွက်မူ အမှန်ပင် လွယ်ကူသောကိစ္စ ဖြစ်ပါသည်။
“မမချင်းချင်းဆီကကြားတာလေ။ ယုခီခီမှာ သေနတ် ရှိတယ်ဆိုလို့။ အရမ်းကြောက်နေခဲ့တာ”
ကျန်းရှင်းရှင်း တုန်ရီစွာ ပြော၏။
သူ့စိတ်ထဲတွင် လင်းချွမ် လုံခြုံရေးကိုသာ တွေးနေခဲ့ပါသည်။
“သူ့မှာ သေနတ်ရှိရင် ကိုယ့်မှာလည်း ရှိတယ်လေ”
“ရှင်က ဘယ်ကရတာလဲ”
ကျန်း နားမလည်နိုင်စွာ မေးလိုက်၏။
“ဘယ်ကလို့ ထင်လဲ”
ကျန်း ရုတ်တရက် မှင်တက်နေပြီးမှ ပါးလေးများ ရဲသွားပြီး
“သူဌေးကတော့ ပေါက်ကရတွေ”
လင်းချွမ်လည်း အတူရယ်မောလိုက်မိသည်။
“သူဌေး ကျွန်မကိုလည်း အဲ့လိုအရည်အချင်းမျိုး သင်ပေးပါလား”
“ဒါတွေက အန္တရာယ်များတယ်။ ဘာလို့ သင်ချင်တာလဲ”
“ရှင်နဲ့အတူ လိုက်ချင်လို့ပေါ့”
လင်းချွမ် သူ့ပါးလေးကို ခပ်ဖွဖွညှစ်၍
“လင်မယားစုံတွဲလိုလား”
“ဟင် အဲ့တာလည်း မဆိုးဘူးနော်”
ကျန်းပြုံး၍ ပြော၏။
လင်းချွမ် ခဏစဉ်းစား၍ လေးနက်စွာဖြင့်
“ကိုယ်ခံပညာလိုမျိုး သင်ချင်လား”
“ဒါပေါ့။ သင်ချင်ပါတယ်”
ကျန်း ခေါင်းတဆတ်ဆတ် ငြိမ့်ပြလေသည်။
“သေနတ်ပစ်စွမ်းရည်ရော”
“ကောင်းတာပေါ့”
“ဒါဆို ဒီညပဲ စသင်ပေးမယ်။ အဆင်ပြေလား”
“ကောင်းတယ် ကောင်းတယ်”
ကျန်း ခေါင်းငြိမ့်ပြီးမှ ရုတ်တရက် တည်သွားပြီး
“သူဌေး ဒါတွေက အဲ့လို သင်လို့ရတာလား”