အားပြိုင်မှု
Vol. 21 Ch. 309
အန်လင်းမြို့၊ လင်းကျန် အိမ်ရာ။
ညကောင်းကင် အပြာရင့်ရင့်မှ တဖြည်းဖြည်း ဖျော့လာပြီး မကြာမီ လိမ္မော်နီရောင် နေမင်းကြီး ပေါ်ထွက်လာတော့၏။
ဩဂုတ်လ မနက်ခင်းမှာ မြူပိုထူနေပြီး တောင်တန်းများကို သေချာမမြင်ရဘဲ ဝေဝါးနေသည်။
မြစ်ကမ်းနံဘေးမှ ဖြတ်သွားဖြတ်လာ ကားသံ၊ လူသံများမှာလည်း တဖြည်းဖြည်း ကောင်းကင်ယံအထိ ဝဲပျံနေတော့၏။
“အင်း…”
လင်းချွမ် အိပ်ရာမှ နိုးလာသောအခါ ကျန်း သူ့ဘေးတွင် မရှိတော့ချေ။
ထသွားနှင့်လေပြီ။
လင်းချွမ် ကုတင်ဘေးရှိစားပွဲပေါ်မှ ဖုန်းကို လှမ်းယူ၍ အချိန်ကြည့်လိုက်သောအခါ (၁၀) နာရီပင် ထိုးတော့မည်။
ထို့နောက် အယ်ဒီတာယုယွီထံမှ စာဝင်ထားသည်ကို တွေ့ရ၏။ မနက် (၈) နာရီတည်းက ပို့ထားခြင်း ဖြစ်သည်။
[ရှင် ဘာမှ မထိခိုက်သွားဘူးမလား]
[သတင်းတွေ့လိုက်လို့လေ။ အဆင်ပြေရဲ့လား]
[အိပ်နေတုန်း ထင်တယ်]
[…]
လင်းချွမ် ပြုံး၍ ချက်ချင်း စာပြန်လိုက်၏။
“ကျွန်တော် အဆင်ပြေပါတယ်။ အခုပဲ နိုးလာတာ”
ယုယွီ စာချက်ချင်း ပြန်လာလေသည်။
“အဆင်ပြေလို့ တော်သေးတာပေါ့။ မနေ့ညက တော်တော် အန္တရာယ်များမှာပဲ။ သတင်းထဲ တွေ့တာ။ ရှင်ကိုယ်တိုင် တရားခံခေါင်းဆောင်ကို ဖမ်းလိုက်တာဆို”
“အမှန်တော့ အဲ့လောက် အန္တရာယ်မများပါဘူး။ မစိုးရိမ်ပါနဲ့ဗျာ”
“ကျွန်မပဲ စိတ်ပူတာ မဟုတ်ဘူး။ အယ်ဒီတာချုပ်ရော၊ မန်နေဂျာရောပါ ကျွန်မကို သတင်းလာမေးနေကြတာ”
ယုယွီ ပြန်ပြောလိုက်၏။
“နှစ်ယောက်လုံးကို ကျေးဇူးတင်တယ်လို့ ပြောပေးပါနော်”
“ရှင်က အခု ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရဲ့ ရတနာ ဖြစ်နေပြီလေ။ အထူးသဖြင့် ရှင့်ကြောင့် နိုင်ငံခြားအထိ ထုတ်လုပ်တာမျိုး လုပ်နိုင်တာ”
ယုယွီပြုံး၍ ရှင်းပြ၏။
“ဟုတ်သားပဲ။ အရင်တစ်ခါ ယုယွီပြောတဲ့ နိုင်ငံခြားရုံးခွဲက အမှောင်လောကအကောင့် စလှုပ်ရှားနေတာက ပြစ်မှုဆိုင်ရာဝတ္ထုတွေ ထုတ်ဖို့မလား”
လင်းချွမ် အခွင့်အရေးကို လက်လွတ်မခံဘဲ မေးလိုက်သည်။
“ဟုတ်တယ်လေ။ အဲ့အမျိုးအစားက နိုင်ငံခြားမှာ အရမ်း နာမည်ကြီးနေတာ”
ယုယွီ ပြန်ဖြေလိုက်၏။
ထိုစဉ် သူ တစ်ခုခု တွေးမိကာ စာထပ်ပို့လေသည်။
“ရှင် စာအုပ်အသစ် ရေးပြီးသွားပြီမလား”
“ဘယ်လိုလုပ် သိတာလဲ”
“ကျွန်မ ရှင့်အကြောင်း ကောင်းကောင်း သိတာပေါ့။ စာအုပ်အသစ်အကြောင်းပြောရင် လက်ထဲမှာ အကြမ်း ရှိပြီးသားမလား။ သိသာနေတာပဲကို”
ယုယွီ ကျေနပ်စွာ ပြောလေ၏။
လင်းချွမ် ရယ်မောလျက်
“ဟားဟား နည်းနည်း ထပ်ပြင်ဆင်ပြီးရင် ပို့ပေးလိုက်ပါမယ်ဗျာ”
“ဘယ်လိုအကြောင်းလဲ။ ပြစ်မှုဆိုင်ရာပဲလား”
ယုယွီ စိတ်ဝင်တစား မေးလေ၏။
“ဟုတ်တယ်။ မစ္စတာလင်းက ကစားစရာစက်ရုံ ပိုင်ရှင်လေ။ သူ့ကို လက်နက်ထုတ်လုပ်ဖို့ ကမ်းလှမ်းတာ ပေါ်လာပြီး လက်နက်ဝိဇ္ဇာ ဖြစ်သွားတာ”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
“လက်နက်ဝိဇ္ဇာ။ ရှင် အဲ့အကြောင်း ရေးနိုင်တာလား”
သူ အံ့ဩနေမိသည်။
“နည်းနည်းပါးပါးပါ”
“နည်းနည်းလား”
“နည်းနည်းထက်တော့ ပိုတာပေါ့”
လင်းချွမ် ပြုံး၍ စနောက်သလို ပြောလိုက်သည်။
“ဟုတ်ပါပြီရှင်။ အဲ့တော့ ဒီတစ်ခါ စစ်တပ်သုံးလက်နက်တွေအကြောင်း အသေးစိတ် ရေးထားတယ်ပေါ့”
“အဟမ်း စာဖတ်သူတွေက ဒီတစ်လော ပျင်းနေတာလေ။ ဆန်းပြားတဲ့အကြောင်း မဟုတ်ရင် ဝေဖန်ခံရလိမ့်မယ်”
လင်းချွမ် ခပ်အေးအေး ရှင်းပြ၏။
“ကျွန်မတော့ ရှင့်ဝတ္ထုအောက်က ကောမန့်တွေ ဖတ်ကြည့်ရင် တစ်ခါမှ ဝေဖန်ထားတာ မတွေ့ဖူးပါဘူး”
ယုယွီ ရယ်မော၍ ပြန်ပြောသည်။
“အဟမ်း အွန်လိုင်းဝတ္ထုတွေက နောက်ပိုင်း အရမ်း အပြိုင်အဆိုင် များလာတာလေ။ အမျိုးအစားလည်း အစုံပဲ။ စာရေးဆရာတွေဆိုတာ ကိုယ်ပိုင်စတိုင်လ် ရှိရတယ်။ ကျွန်တော်လည်း ပြစ်မှုဆိုင်ရာထဲကနေ ဆန်းအောင်ရေးရတာ လွယ်တော့ မလွယ်ဘူး”
“ရှင့်နေထိုင်မှုပုံစံကိုက ထူးခြားတာပါ။ ရှင် စာသေချာ ရေးမနေဘူးလို့တောင် တစ်ခါတစ်လေ ထင်မိတယ်”
ယုယွီ ပြန်စနောက်လိုက်၏။
“ကျွန်တော် ဘယ်လောက် လေးလေးနက်နက် ရေးနေလဲလို့။ ယုယွီပဲ အယ်ဒီတာအဖြစ် အကြာကြီး လုပ်ပေးခဲ့ပြီးတော့။ အခုမှ အဲ့လို ပြောလို့မဖြစ်ဘူးလေ”
လင်းချွမ် ချက်ချင်း ပြန်ခုခံလိုက်သည်။
“နောက်နေတာပါ။ ကဲပါ။ ရှင် အဆင်ပြေတယ်ဆိုလည်း ရှင့်အလုပ်တွေ ကြိုးစားလုပ်လိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ထပါပြီ”
လင်းချွမ် နှုတ်ဆက်ပြီးနောက် အိပ်ရာမှ ထလိုက်လေသည်။
…
ရွက်လွှင့်ခြင်းရုံး။
ပြည်ပထုတ်ဝေရေး မန်နေဂျာ ချူဝမ်နင်းမှာ အပြာနုရောင် ဂါဝန်လေးကို ဝတ်ဆင်လျက် ယုယွီထံသို့ လျှောက်လှမ်းလာ၏။
“မန်နေဂျာချူ”
ယုယွီ သူ့ကိုတွေ့သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ယုယွီ လင်းချွမ် အဆင်ပြေတယ်တဲ့လား”
သူ လင်းချွမ်အတွက် သတင်းလာမေးခြင်း ဖြစ်သည်။
ယုယွီ ပြုံးလျက်
“သူ အဆင်ပြေပါတယ်”
“တော်သေးတာပေါ့”
ချူဝမ်နင်း သူ့ကိုကြည့်၍
“ဒါနဲ့ နောက်ဆို မန်နေဂျာချူလို့ မခေါ်ပါနဲ့တော့။ အရမ်း စိမ်းတာပဲ။ နာမည်ပဲ ခေါ်ပါ”
“ကောင်းပါပြီ ဝမ်နင်း”
ယုယွီပြုံး၍ ပြန်ဖြေလိုက်၏။
“အရင်တစ်ခါ လင်းချွမ် နိုင်ငံခြားထုတ်ဝေရေးအတွက် အမှောင်လောက အကောင့်လေ။ မနေ့ညက လင်းချွမ်သတင်းကြောင့် ပြည်ပအထိ တော်တော် ပျံ့သွားပြီ”
“ပြည်ပအထိလား”
ယုယွီ မျက်ခုံးလေးပင့်၍ အံ့ဩသွားပုံ ပေါ်လေသည်။
“ဒီတစ်မနက်လုံး အွန်လိုင်းပေါ် ရှိပေမဲ့ နိုင်ငံခြားအခြေအနေကို မကြည့်လိုက်မိဘူး”
“ကျွန်မလည်း မတော်တဆတွေ့တာ။ ဟိုတစ်ခါ လင်းချွမ်နဲ့ မော်ဂန်အုပ်စု ဆိုက်ဘာတိုက်ခိုက်ရင်း ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်လည်း ထိဖူးတယ်လေ။ အခုလည်း လင်းချွမ်က အန်ကျောက်ရဲ့ တရားခံခေါင်းဆောင်ကို ဖမ်းပြလိုက်တော့ နိုင်ငံခြားသားတွေပါ အရမ်းစိတ်လှုပ်ရှားနေကြတာ။ ကျွန်မတွေ့ထားတာတွေ ပြမယ်”
ချူဝမ်နင်း ပြောပြောဆိုဆိုနှင့် ကောမန့်အချို့ကို ထုတ်ပြလေသည်။
[မစ္စတာလင်းက မော်ဂန်အုပ်စုကို ဖျက်ဆီးလိုက်တာပဲ]
[သတ္တိရှိလိုက်တာ။ သာမာန်လူတစ်ယောက်အနေနဲ့ မော်ဂန်အုပ်စုနဲ့ ယှဉ်ရင်း နှစ်ခါလုံး အနိုင်ရခဲ့တယ်။ မယုံနိုင်စရာ]
[မစ္စတာလင်းက သာမာန်လူ ဘယ်ဟုတ်မလဲ]
[ဟုတ်တယ်။ သူ့ ဟက်ကာလောကနဲ့ ရေခဲနက်ကို ဖတ်ဖူးတယ်။ တကယ့် ကျွမ်းကျင်အဆင့်ပဲ]
[အဲ့တာဆို အင်အားကြီးနှစ်ယောက်ရဲ့ အားပြိုင်မှုလား]
[သူတို့ရဲ့ နောက်ထပ်ပွဲတွေကို မျှော်လင့်နေပြီ]
[ကျွန်တော်ရောပဲ။ မော်ဂန်အုပ်စုရဲ့ ပုံမှန်နည်းလမ်းအတိုင်းဆိုရင် သေချာပေါက် နောက်တစ်ဆင့် တက်မှာပဲ]
[ကျွန်တော်ကတော့ မစ္စတာလင်းရဲ့ ဝတ္ထုအသစ်ကို ပိုမျှော်တယ်]
[…]
ယုယွီ ထိုကောမန့်များကို ဖတ်ရင်း သက်ပြင်းချလိုက်မိလေသည်။