ဒုံးကျည်လောင်ချာ
Vol. 21 Ch. 312
ဧည့်ခန်းထဲ၌ အမျိုးသမီး (၂) ဦး လင်းချွမ်ဘေးတွင် ထိုင်လျက် အလွန်အံ့ဩသွားကြသည်။
ဘယ်လိုအကြောင်းအရာကြီးလဲ။
အွန်လိုင်းစာရေးဆရာက ဒုံးကျည်လောင်ချာ ထုတ်မယ်တဲ့။ ဒီနှစ်ခု ဆက်စပ်လို့ ရလို့လား။
လင်းချွမ်၏ သစ္စာအရှိဆုံးအမာခံပရိသတ် ကျန်းရှင်းရှင်းပင် မှင်တက်စွာ ငေးကြည့်၍
“သူဌေး အရင်က ဒီအကြောင်းပြောတာ တစ်ခါမှ မကြားဖူးပါဘူး”
“အဟမ်း ရှင်းရှင်းရယ် ဒီလိုကိစ္စတွေက လျှို့ဝှက်ရတယ်လေ။ လေ့လာမှု မအောင်မြင်မချင်း လိုက်ကြွားနေလို့ ဘယ်ဖြစ်မလဲ”
လင်းချွမ် ပြန်ရှင်းပြ၏။
ကျန်း စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။
သူ လင်းချွမ်ကို ယုံသော်လည်း လက်နက်ပြိုင်ပွဲအတွက် ဒုံးကျည်လောင်ချာ ပြုလုပ်မည်မှာတော့ အလွန်ထူးဆန်းလွန်း၏။
“အခုရော ကြွားနေတာ မဟုတ်ဘူးလား”
ရှန်ချန်းချန်း စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
“ကျွန်တော့်အကြောင်း သိရဲ့သားနဲ့။ မသေချာရင် ဘယ်တော့မှ မလုပ်ပါဘူး”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက် မဆုံးဖြတ်နိုင် ဖြစ်နေသည်။
သူ ဒုံးကျည်လောင်ချာများအကြောင်း နားမလည်၍ ဖုန်းထုတ်၍ ချက်ချင်း ရှာကြည့်လိုက်သည်။
“ရှင်က ဘယ်လိုလောင်ချာမျိုး လုပ်မှာလဲ။ ရိုးရိုးရှင်းရှင်းပဲလား”
ရှန်ချန်းချန်းမှ မေးလိုက်၏။
လင်းချွမ် ခဏစဉ်းစားပြီးနောက်
“ပွဲမှာက ဘယ်လိုအမျိုးအစားကို ခွင့်ပြုတာလဲ”
ရှန်ချန်းချန်း မှင်တက်စွာဖြင့် လင်းချွမ်အား ခေါင်းအစ ခြေအဆုံး ကြည့်နေသည်။ ထို တွေ့နေရသူမှာ ရင်းနှီးသလိုလို၊ စိမ်းသလိုလို ဖြစ်နေသည်။
“အမျိုးအစား ကန့်သတ်ထားတာတော့ မရှိပါဘူး။ ကိုယ်ကြိုက်တာ အကောင်းဆုံး ပြနိုင်တယ်။ စာရင်းသွင်းရမယ့်လင့်ခ် အရင် ပို့ပေးလိုက်မယ်”
“ကောင်းပါပြီ”
လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။
“ကျွန်မလည်း ကြည့်ချင်တယ်”
ရှင်းရှင်း စိတ်ဝင်တစား ပြောလေသည်။
“ဟုတ်ပြီ။ ရှင်းရှင်းဆီကိုလည်း ပို့လိုက်မယ်နော်”
ရှန်ချန်းချန်း ချက်ချင်း ဖုန်းထုတ်လိုက်ပြီး လင့်ခ်များ ပို့ပေးလိုက်၏။
ထိုထဲတွင် ပြိုင်ပွဲအကြောင်း အသေးစိတ် ပါဝင်လေသည်။
လင်းချွမ် ဝင်ဖတ်လိုက်သောအခါ
[ပထမအကြိမ် လက်နက်သစ်ဒီဇိုင်းပြိုင်ပွဲ]
[တည်ထောင်သူ: အမျိုးသား လက်နက်ရေးရာ လေ့လာမှုအဖွဲ့အစည်း]
[ပြိုင်ပွဲပုံစံ: ကျည်း၊ ရေ၊ လေ၊ အာကာသ မည်သည့်အတွက်မဆို အသုံးပြုနိုင်ရန် အတွေးသစ်များဖြင့် လက်နက်အသစ် တီထွင်ခြင်း]
[ပါဝင်နိုင်သူ: နိုင်ငံသားတိုင်း အကြုံးဝင်သည်။ အဖွဲ့လိုက်ဖြစ်လျှင် ကျောင်း သို့ အဖွဲ့အကြောင်း ကြိုတင် စာရင်းသွင်းရမည်။ ကိုယ်တိုင် စိတ်ဝင်စားသူများလည်း တစ်ဦးချင်း ပါဝင်နိုင်သည်]
[ပြိုင်ပွဲဝင်ရန်: ဒီဇိုင်းဆွဲကာ တပ်ဆင်အပြီး ဖြစ်ရမည်]
[ပြိုင်ပွဲ အဆင့်ဆင့်]
[ပထမအဆင့်: ထိုအဆင့်တွင် live ဗီဒီယိုဖြင့် အကဲဖြတ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များမှ လက်နက် အခြေခံအကြောင်းကို ရှင်းပြရမည်။ ပစ္စည်း နမူနာ အကြမ်းထည်လည်း ပြုလုပ်ထားရမည်]
[နောက်ဆုံးအဆင့်: ထိုအဆင့်ကို လူတွေ့ စစ်ဆေးမည် ဖြစ်ပြီး အွန်လိုင်းမှ live ထုတ်လွှင့်ပါမည်။ ပစ္စည်းနမူနာကို အသေးစိတ် ပြုလုပ်ထားပြီး ရှင်းလင်းပြရမည်]
[…]
လင်းချွမ် အကြောင်းအရာများကို သေချာဖတ်ပြီးနောက် အတော်လေး နားလည်သွား၏။
“သူဌေး နောက်ဆုံးအဆင့် ရောက်သွားရင် လူကိုယ်တိုင် သွားရမှာပေါ့နော်”
ကျန်း မျက်လုံးအရောင်လေးတောက်၍ မေးလေသည်။
ရှန်ချန်းချန်း ရယ်မောလျက်
“ရှင်းရှင်းရယ် လင်းချွမ်ရဲ့ ဒုံးကျည်လောင်ချာက ဘယ်နားနေမှန်းတောင် မသိသေးဘူး”
“ဘာပဲဖြစ်ဖြစ် နောက်ဆုံးအဆင့်အထိတော့ ရောက်မယ်လို့ ထင်တယ်”
ကျန်း စိတ်လှုပ်ရှားစွာ ပြော၏။
ရှန်ချန်းချန်း လင်းချွမ်ကိုတစ်ချက်ကြည့်၍ ခေါင်းငြိမ့်ကာ
“ဒီအတိုင်း ဒီဇိုင်းပဲဆိုရင်တော့ လင်းချွမ်က နောက်ဆုံးအဆင့်တင် မကဘူး။ ဆုပါ ရနိုင်တယ်”
“ရဲမေရှန်ကလည်း နောက်နေပြန်ပါပြီ”
လင်းချွမ် နေရခက်စွာ ပြောလိုက်ပြီး ဖုန်းထဲမှ စာရင်းသွင်းရန်လင့်ခ်ကို ကြည့်ကာ
“ဒါပေမဲ့ ကျွန်တော်က ကိုယ်တိုင်ထုတ်လုပ်တဲ့ အပိုင်းကို ရွေးမယ်တွေးထားတာ”
“အင်း…”
ရှန်ချန်းချန်းမှ
“ကျွန်မ ခုနက ကြည့်တာတော့ ဒုံးကျည်လောင်ချာက အဲ့လောက် မရိုးရှင်းဘူး။ အရှင်းဆုံး အခြေခံအဆင့်တောင် လျှပ်စစ် သံလိုက်ဓာတ်တွေနဲ့။ လိုအပ်တာတွေ အများကြီးပဲ။ တော်တော် ခက်တယ်”
“ဘာတွေ လိုသေးတာလဲဟင်”
ရှင်းရှင်းမှ နားမလည်နိုင်စွာ မေးလိုက်သည်။
“ရှင်းပြဖို့တောင် ခက်တယ်။ နောက်ပြီး အစ်မကိုယ်တိုင်လည်း သေချာနားမလည်ဘူး”
ရှန်ချန်းချန်း နေရခက်စွာ ပြောလေ၏။
သူ သေနတ်များအကြောင်းသာ ပိုသိပါသည်။
နေ့စဉ်ဘဝမှာ သေနတ်များနှင့်သာ ရင်းနှီးသောကြောင့် ဖြစ်၏။
ဒုံးကျည်လောင်ချာများမှာ အလှမ်းဝေးလွန်းပါသည်။
ကျန်းရှင်းရှင်း မဆိုထားနှင့်။ သူပင် တစ်ခါမှ မကိုင်တွယ်ဖူးပါ။
“ရှင်းပြတာတော့ မခက်ပါဘူး”
လင်းချွမ် ရယ်မော၍ ပြော၏။
မိန်းကလေးများမှာ သူ့ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
လင်းချွမ် ရေတစ်ကျိုက် မော့လိုက်ပြီး
“ဒုံးကျည်တည်ဆောက်ပုံ အခြေခံက တော်တော် ရိုးရှင်းတယ်။ အရှိန်မြင့်ဂျက်လေယာဉ်တွေရဲ့ တွန်းအားကို ပြန်သုံးထားတာလေ”
“အဲ့တာ ရိုးရှင်းတာလား”
ကျန်း ဘေးမှ ရှန်ချန်းချန်းကိုကြည့်ကာ ပြန်မေးလိုက်သည်။
ရှန်ချန်းချန်း ခဏစဉ်းစား၍
“သူပြောတာတော့ လွယ်သလိုပါပဲ”
လင်းချွမ် ရယ်မော၍ ဆက်ပြောလေသည်။
“ရှင်းရှင်း မင်း အထက်တန်း ရူပဗေဒအတန်းမှာတုန်းက သေချာ နားမထောင်ခဲ့ဘူးမလား”
ကျန်း နှုတ်ခမ်းလေးစူလျက်
“အဖေက ပြောတယ်။ စာတွေ အရမ်းလေ့လာစရာ မလိုဘူးတဲ့။ ပျော်နေရင် ရပြီတဲ့”
“ဦးလေးကျန်းပြောတာ ထူးဆန်းပေမဲ့ မှန်နေတာပဲ”
လင်းချွမ် ရယ်မောမိလေ၏။
ကျန်းမှ
“သူဌေးက အခု ကျွန်မရဲ့ အထက်တန်းရူပဗေဒ ပြန်သင်ပေးလေ”
“ကျွန်မလည်း ဒုံးကျည်လောင်ချာ ကျွမ်းကျင် နားလည်သူဆီက အမြင်လေးတွေ သိချင်တယ်”
ရှန်ချန်းချန်းမှ ပြုံး၍ ဝင်ပြော၏။
“ရတာပေါ့”
လင်းချွမ် ရယ်မော၍ ခေါင်းငြိမ့်ကာ
“ခုနကပြောတဲ့ အခြေခံအရဆိုရင် တွန်းကန်အားကနေ အပူချိန်တိုးပြီး ဓာတ်ငွေ့ကိုလည်း ဖိအားတက်စေတယ်။ အဲ့အငွေ့က ဒုံးကျည်ထိပ်ဖူးဆီ တွန်းကန်တဲ့အခါ အောက်က မီးထွက်ပြီး အချိန်တိုအတွင်း အကွာအဝေးအများကြီးကို သွားနိုင်တာပေါ့။ ဒီလောက်ဆို နားလည်လွယ်တယ်မလား”