ပြောင်းလဲရမယ်
Vol. 21 Ch. 314
လင်းချွမ် ခဏစဉ်းစား၍
“အဆင်မပြေဘူးလား”
“ဟုတ်တယ်”
ရှန်ချန်းချန်း သက်ပြင်းချလျက်
“အဖေပြောတာတော့ စီးပွါးရေးတွေက စကျနေပြီတဲ့။ ဆောက်လုပ်ရေးကနေ အလှဆင်တာအထိ စတီးလ် လိုအပ်ချက်က အရမ်းကျလာတာတဲ့။ အန်လင်းက သံနဲ့စတီးလ်စက်ရုံတွေ တော်တော်များများ ပိတ်ရမလိုတောင် ဖြစ်နေကြပြီ”
လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။
သူ ပုံရိပ်ယောင်လောက၌ အရုပ်စက်ရုံမှ လက်နက်စက်ရုံသို့ ပြောင်းလဲထား၍ စတီးလ်လောကအကြောင်း အတော်လေး နားလည်ပါသည်။
ထိုသို့ လိုအပ်ချက် ကျဆင်းလာသည်နှင့် စတီးလ် လောကကို ပထမဆုံး ရိုက်ခတ်လေသည်။
ဆောက်လုပ်ရေးမှ စတီးလ် အသုံးပြုမှုမှာ နိုင်ငံတစ်ဝှမ်းလုံး၏ သုံးပုံတစ်ပုံ ရှိ၏။
ယခုအခါ ကားဝေးဈးကွက် အလွန် တိုးတက်လာပြီး စတီးလ် လိုအပ်ချက် အသင့်အတင့် ကျန်သေးသော်လည်း အန်လင်းတွင်မူ ကားအမျိုးအစား အစုံ သိပ်မရှိသေးဘဲ ဆောက်လုပ်ရေးများလောက်ပင် အသုံးမပြုဖြစ်ပေ။
ထို့ကြောင့် စတီးလ်စက်ရုံများ အနေဖြင့် လည်ပတ်ရန် ခက်ခဲနေပြီး အလုပ်သမားများစွာ ထုတ်ပယ်ခြင်း ခံနေရသည်။
ထိုအခြေအနေများကြောင့် စတီးလ်စက်ရုံများမှာ ပိတ်ရတော့မလိုပင် ဖြစ်နေ၏။
“အမလေး…”
ဘေးတွင် ထိုင်နေသော ကျန်းရှင်းရှင်း သက်ပြင်းချ၍
“သူဌေး ကျွန်မတို့ ကုမ္ပဏီက နည်းပညာဒါရိုက်တာ လီချင်းရဲ့ အဖေလည်း စတီးလ်စက်ရုံက အလုပ်သမားလေ။ သူလည်း အထုတ်ခံလိုက်ရတယ်တဲ့။ တကယ် ခက်ခဲနေကြပုံပဲ”
လင်းချွမ် ခဏငြိမ်နေပြီးမှ အကြံပေးလေ၏။
“ဒီလိုအခြေအနေနဲ့ဆိုရင် ပြောင်းလဲမှု လိုနေပြီ”
“ဘယ်လို ပြောင်းလဲရမှာလဲ”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက် အာရုံစိုက်ကာ မေးလိုက်သည်။
“အရုပ်စက်ရုံအဖြစ် ပြောင်းရမယ်”
လင်းချွမ် ရယ်မော၍ ပြော၏။
“အရုပ်စက်ရုံလား”
ရှန်ချန်းချန်း အံ့ဩသွားမိသည်။
“ပြောချင်တာက အရုပ်အကြီးတွေလေ”
လင်းချွမ် ပြုံးကာ ပြန်ရှင်းပြလေသည်။
“အရုပ်ကြီးတွေ… စစ်လက်နက်စက်ရုံကို ပြောချင်တာလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ သေချာ စဉ်းစားပြီးမှ ပြောလိုက်သည်။
လင်းချွမ်မှာ ဆိုဖာကိုမှီလိုက်ပြီး ခပ်အေးအေးဖြင့်
“ဒီလို အရမ်းစီးပွါးကျနေပြီဆိုရင် စစ်လက်နက် စက်ရုံ ပြောင်းလိုက်တာကတော့ ပိုကောင်းမယ်။ စစ်တပ်ဘက်က စတီးလ်လိုအပ်ချက် များတယ်လေ”
“လင်းချွမ် ရှင့်အကြံက တကယ် ကောင်းတာပဲ။ အဖေ့ကို ဒီကိစ္စ ပြောပြလိုက်မယ်။ အထက်နဲ့လည်း တိုင်ပင်ရဦးမှာပေါ့”
ရှန်ချန်းချန်း ပြုံးရွှင်ကာ ပြော၏။
“ဒါဆို ဦးလေးရှန်က ကျွန်တော့် ဒုံးကျည်လောင်ချာ ထုတ်လုပ်ဖို့အတွက် ကူညီနိုင်ပြီပေါ့”
လင်းချွမ် အားရပါးရ ရယ်မောကာ ပြောလေသည်။
“ဘယ်လိုလုပ် ငြင်းနိုင်တော့မှာလဲရှင်”
ရှန်ချန်းချန်းလည်း ရယ်မော၍ စနောက်သလို ပြန်ဖြေ၏။
“ဒါဆိုလည်း အသိအမှတ်ပြုပါတယ်ဗျာ”
လင်းချွမ် ပြုံး၍ ခပ်မတ်မတ် ပြန်ထိုင်လိုက်သည်။
“ဒါပေမဲ့ အရမ်းကြီးတော့ မမျှော်လင့်ထားနဲ့နော်”
ရှန်ချန်းချန်း အသံပြောင်းသွားပြီး
“စတီးလ်စက်ရုံက ပိတ်ရခါနီးနေတာ။ ပစ္စည်း တော်တော်များများ ရောင်းပြီးလောက်ပြီ။ ရှင့် လောင်ချာ တပ်ဆင်ဖို့အထိ လုံလောက်ပါ့မလားတော့ အာမ,မခံဘူးနော်”
“ရပါတယ်ဗျာ”
လင်းချွမ်မှ
“ဦးလေးရှန် ဘယ်တော့လောက် အားမလဲ။ သေချာလေး နှုတ်ဆက်ချင်လို့ပါ”
သူ့ ဒုံးကျည်လောင်ချာ ထုတ်လုပ်ရေးမှာ အတော်လေး ရှုပ်ထွေးပါသည်။ အများစုမှာ လက်ဖြင့်သာ တပ်ရမည်ဖြစ်၍ ကြိုပြင်ဆင်ထားရပေမည်။ မဟုတ်လျှင် လင်းချွမ် အချိန်မီ မပြုလုပ်နိုင်မည်ကို စိုးရိမ်နေရပေမည်။
နောက်ဆုံးအဆင့်အထိ မျှော်လင့်၍ ဝင်ပြိုင်မည့် သူများလည်း အလွန်များလောက်သည်။
သူ့အတွက်တော့ လူအယောက် (၁) သိန်း အသိအမှတ်ပြုခံရရန်လည်း အရေးကြီးလေ၏။
“ဒီတစ်လောတော့ အားနေပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ရတယ်လေ”
ရှန်ချန်းချန်းမှ ခေါင်းငြိမ့်ပြ၍ ပြော၏။
“ကောင်းတာပေါ့”
လင်းချွမ် ခဏစဉ်းစား၍
“သန်ဘက်ခါဆိုရင်ရော။ ကျွန်တော် နောက် (၂) ရက်အတွင်း လိုအပ်တဲ့ ပစ္စည်းစာရင်း စုထားလိုက်မယ်”
“ခဏလေး”
ရှန်ချန်းချန်း ရုတ်တရက် ထပြော၏။
“ဘာလို့လဲ”
လင်းချွမ် သူ့ကိုကြည့်ကာ အံ့ဩသွားမိသည်။
သို့သော် ရှန်ချန်းချန်း ပိုမှင်တက်နေပုံဖြင့်
“လင်းချွမ် ခုနက (၂) ရက်အတွင်း ပုံအပြီးဆွဲပြီး လိုတဲ့ပစ္စည်းတွေ စုမယ်လို့ ပြောလိုက်တာလား”
“ဟုတ်တယ်လေ။ ဘာလို့လဲ”
လင်းချွမ် ပြန်မေးလိုက်သည်။
“အဲ့တာ ရှင် အသေးစိတ် တွေးထားပြီးသားလို့ ပြောချင်တာလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ ထပ်မေး၏။
“အာ ဟုတ်ပါတယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“ရှင့်မှာ တခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက်တွေ ရှိတာလား”
ရှန်ချန်းချန်း သူ့ကို ကြောင်အမ်းစွာကြည့်၍ ပြောလေသည်။
“ရှိလို့ မရဘူးလား”
လင်းချွမ် စကားကြောင့် ရှန်ချန်းချန်း စွံ့အကာ ဘာပြန်ပြောရမည်မသိ ဖြစ်နေတော့သည်။
အခြားသူနှင့်ယှဉ်ခြင်းမှာ လူသေစေသည်အထိ ဖြစ်လာတတ်ပါသည်။
အွန်လိုင်းစာရေးဆရာတစ်ဦးသည် ဒုံးကျည်လောင်ချာများအကြောင်း သိနေခြင်းကို မည်သူက ယုံနိုင်မည်နည်း။
အချိန်မှာ အလွန်အကုန်မြန်လေသည်။
ရှန်ချန်းချန်း အမြန်နှုတ်ဆက်၍ ပြန်သွား၏။
“သူဌေးကလည်း မမချန်းချန်းကို လန့်အောင် လုပ်လိုက်တာပဲ”
ကျန်းရှင်းရှင်း လင်းချွမ်ကို စပျစ်သီး ခွံ့ကျွေးရင်း စနောက်သလို ပြောလိုက်၏။
“ကိုက အမှန်အတိုင်း ပြောရုံပဲကို”
လင်းချွမ် အပြစ်ကင်းပုံဖြင့် ပြန်ပြောလေသည်။
မည်သူမျှ မယုံနိုင်သော်လည်း သူတကယ် နားလည် တတ်ကျွမ်းပါသည်။
“အပိုတွေ မဟုတ်ဘူးလား”
ကျန်း မျက်တောင်လေးခတ်၍ ကြည့်နေ၏။
လင်းချွမ် လေးနက်စွာ ခေါင်းငြိမ့်ပြ၍
“မဟုတ်ရပါဘူးဗျာ”
“သူဌေးရဲ့ခေါင်းထဲမှာ ဒီလောက် ကိစ္စတွေအများကြီးကို ဘယ်လိုတောင် မှတ်ထားတာလဲ”
ကျန်း လင်းချွမ်ခေါင်းလေးကို ပုတ်၍ နားမလည်နိုင်စွာ ပြောလေသည်။
“ဒီအတိုင်း ပါရမီ ပါတာထင်တယ်”
လင်းချွမ် ကျန်းရှင်းရှင်းအားကြည့်ကာ
“ကိုတို့ အန်လင်း သံနဲ့စတီးလ်စက်ရုံမှာ ရင်းနှီးမြှုပ်နှံကြမလား”
“ရှင် တကယ်ပဲ စစ်လက်နက်စက်ရုံ ထောင်ချင်နေတာလား”
ကျန်း အံ့ဩစွာ မေးလိုက်သောအခါ လင်းချွမ် ခေါင်းငြိမ့်ပြလေသည်။
“ဘယ်လို မြှုပ်နှံမှာလဲ။ အဓိကအနေနဲ့လား”
လင်းချွမ် သူ့ဆံနွယ်များကိုသပ်ကာ ပြုံး၍
“အဲ့လောက် အများကြီးတော့ မရှိဘူးလေ။ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမလားလို့”
“နည်းပညာလား”
“ဟုတ်တယ်”
“ရှင်လိုတယ်ဆိုရင်လည်း ကျွန်မ ပိုက်ဆံ ထုတ်ပေးမှာပါ”
ကျန်း ပြုံး၍ ပြော၏။
“မလိုပါဘူး။ ကို့နည်းပညာက တကယ် အင်အားကြီးပြီးသား”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ ပုံရိပ်ယောင်လောကမှ ရလာသော အတွေ့အကြုံနှင့် ပညာများမှာ အဖိုးမဖြတ်နိုင်ပေ။
“ဒါဆို ရှင်က တကယ့် လက်နက်ဝိဇ္ဇာအစစ် ဖြစ်လာတော့မှာပေါ့”
ကျန်းမှ စလိုက်၏။
“ပြီးရင် ဘယ်သူမှ ရှင့်ကို ရန်လာမစရဲတော့ဘူး”
“အဓိကက မင်းကို မထိရဲတော့ဖို့ပါ”
လင်းချွမ် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
သူ ထိုဆုံးဖြတ်ချက်ချခြင်းမှာ ရှင်းရှင်း လုံခြုံရေးအတွက်လည်း ပါပါသည်။
စစ်တပ်နောက်ခံရှိလျှင် မည်သူက ထိပါးရဲတော့မည်နည်း။
မော်ဂန်အုပ်စုပင် ဖြုံလောက်ပါသည်။