← Chapters

အန်လင်းအတွက် ကြိုးစားမယ်

Vol. 22 Ch. 317

အန်လင်းအတွက် ကြိုးစားမယ်

Vol. 22 Ch. 317

စတီးလ်စက်ရုံတွင်။ 

ရှန်ကျန်းဟွာမှာ အံ့လည်း အံ့ဩ နားလည်းမလည်နိုင် ဖြစ်နေသည်။ 

သူ လင်းချွမ်ပြောသည့်အကြံအတိုင်း ထိုသို့ပြောင်းလဲနိုင်ရန် သေချာ ကြိုးစားခဲ့သော်လည်း အထက်ပိုင်းမှ ခွင့်ပြုချက် မရခဲ့ပေ။ 

သို့သော် ယခုတော့ လင်းချွမ်မှ ထိုပြဿနာများကို ဖြေရှင်းပေးနိုင်သည်ဟု ဆိုလာ၏။ 

သူ ပထမဆုံး မျှော်လင့်ချက် ပေါ်လာသည်။ 

သူ ထိုစတီးလ်စက်ရုံအပေါ် သံယောဇဉ်ရှိမှုကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။ 

ရှန်ကျန်းဟွာ စစ်တပ်မှ ထွက်လာပြီးနောက် ထိုစက်ရုံထဲ တန်းဝင်ကာ အရင်ခေတ် စက်ရုံအသေးလေးမှ ယခုလို ခေတ်မီအဆင့် ဖြစ်သည်အထိ အတူတူရှိနေခဲ့ခြင်း ဖြစ်သည်။ 

သူသည် ပါဝင်သူရော၊ တီထွင်သူပါ မှန်၏။ 

ယခုအခါ စတီးလ်စက်ရုံ ပျက်စီးမလို ဖြစ်နေချိန်တွင် အလုပ်ထွက်ရသော အလုပ်သမားများထက်ပင် နာကျင်ခံစားရလေသည်။ 

ထို့ကြောင့် လင်းချွမ်၏စကားမှာ စိတ်ကူးယဉ်ဆန်သော မျှော်လင့်ချက်ကို ပေါ်ပေါက်စေ၏။ 

အမှန်ပင် စိတ်ကူးယဉ်ဆန်လွန်းပါသည်။ 

စစ်လက်နက် နည်းပညာနှင့် အရည်အသွေးမှာ သာမာန်လူတစ်ယောက် ဖြေရှင်းနိုင်သောကိစ္စ မဟုတ်ပေ။ 

လင်းချွမ်မှာ အွန်လိုင်းစာရေးဆရာတစ်ယောက်သာ ဖြစ်လေသည်။ 

ရှန်ကျန်းဟွာ လင်းချွမ်၏ အရည်အချင်းများ ဖြစ်သည့် အခင်းနေရာ စုံစမ်းစစ်ဆေးခြင်း၊ မြန်ဆန်စွာ ဖော်ထုတ်နိုင်ခြင်း၊ လူလိမ်များ ဖမ်းခြင်း၊ ပစ္စည်းအတုများ မိခြင်း စသဖြင့် ဂုဏ်သတင်းကောင်း မျိုးစုံကို ကြားဖူးထားပါသည်။ 

သို့ရာတွင်။ 

စစ်လက်နက် နည်းပညာနှင့် အရည်အသွေးမှာတော့ အခြေအနေ မတူပေ။ 

ဒေသ၏ စီးပွါးရေးနှင့် နည်းပညာ တိုးတက်ရေး အခြေအနေကြီးများစွာပေါ် သက်ရောက်နေပါသည်။ 

တရားခံဖမ်းရုံမျှလောက် မရိုးရှင်းပါ။ 

တရားခံ ဖမ်းရသည်မှာပင် မရိုးရှင်းလှပေ။ 

ထို့ကြောင့် ရှန်ကျန်းဟွာ သူ့သမီးကို လှည့်ကြည့်၍ ရင်ထဲမှ စိုးရိမ်စိတ်များကို ဖော်ထုတ်ပြလေသည်။ 

သို့သော် ရှန်ချန်းချန်းကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေပုံ ပေါ်၏။ 

လင်းချွမ်၏အကြံပေးချက်ကိုသာ ကြားဖူးပြီး ထိုသို့ ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးမည်ဟု မသိထားပေ။ 

သူ မနေနိုင်တော့ဘဲ

“လင်းချွမ် ရှင် အရင်က ဒီအကြောင်း မပြောဖူးဘူးနော်”

ရှန်သားအဖ၏ ကြောင်စီစီအကြည့်များ အောက်တွင် လင်းချွမ် ပြုံးလျက်

“အရင်တစ်ခါ စတီးလ်စက်ရုံရဲ့ အခြေအနေကို ပြောတည်းက ကျွန်တော် တွေးထားတာပါ။ သိတဲ့အတိုင်းပဲ။ စတီးလ်စက်ရုံဆိုတာ အန်လင်းမြို့ စတီးလ်ဈေးကွက်ရဲ့ အဓိက ထောက်တိုင်ပဲလေ။ အဲ့တာ ပိတ်ရရင် ဒီနယ်ပယ်တစ်ခုလုံး ပြန်ပြီး ခေါင်းထောင်နိုင်တော့မှာ မဟုတ်ဘူး”

ရှန်ချန်းချန်းမှ ဆက်၍

“ဒါဆို ရှင်က အန်လင်းအတွက် တစ်ခုခု လုပ်ပေးချင်တယ်ပေါ့”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“စတီးလ်ဈေးကွက်ရဲ့ ကျောရိုးပျက်စီးရင် အကုန်လုံးကို သက်ရောက်မှာလေ အနည်းဆုံး အလုပ်အကိုင်တွေ ဆုံးရှုံးမယ်။ အဲ့တာဆို လုံခြုံရေးပါ စိုးရိမ်ရပြီ။ ဒီလိုနဲ့ ရဲစခန်းအထိ ပြဿနာတွေ ရောက်လာမှာလေ။ ကျွန်တော်ကလည်း ရဲစခန်းနဲ့ ပူးပေါင်းထားတဲ့ အခြေအနေဆိုတော့ ဒါတွေကိုပါ လိုက်တွေးရတာပေါ့”

ရှန်ချန်းချန်း နားထောင်ရင်း အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ 

သူ့မိတ်ဆွေပြောတာ မှန်ပါသည်။ 

စတီးလ်စက်ရုံ ပိတ်သိမ်းခြင်းသည် တိုက်ရိုက် မသက်ဆိုင်ဟု ထင်ရသော်လည်း မမြင်ရသော ဆက်ကြိုးများ ရှိနေ၏။ 

“အဲ့တော့ ရှင် ကြိုးစားတာက ကျွန်မ… ဟို ကျွန်မတို့ ရဲစခန်းအတွက်ပေါ့”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ 

“အားလုံးကို နည်းနည်းစီပေါ့”

လင်းချွမ် ခပ်အေးအေး ဖြေ၏။ 

သက်ရောက်မှုမှာ ကြီးမားလွန်းပါသည်။ 

ဤသို့ဖြင့် အသေးစိတ်အထိ ပျက်စီးနိုင်ပြီး ကျန်းရှင်းရှင်းအတွက်လည်း ပါလေသည်။ 

အတိုချုန်းရလျှင်မူ စတီးလ်စက်ရုံအား စစ်လက်နက် စက်ရုံအဖြစ် ပြောင်းလဲလိုက်လျှင် သူ့အတွက် အကျိုးအမြတ်များစွာရှိပြီး အခြားသူများအတွက်လည်း အောင်မြင်ပါသည်။ ထို့ကြောင့် အန်လင်းတစ်မြို့လုံးနှင့်ချီ၍ ကောင်းသော ကိစ္စပင်။ 

ရှန်ကျန်းဟွာတစ်ယောက် သူ့လက် ခပ်ကြမ်းကြမ်းဖြင့် ဘေးမှ စက်များကို ထိတွေ့လိုက်မိသည်။ 

သူတို့စက်ရုံ၏ လက်ရှိအခြေအနေအရ လင်းချွမ် ပြောသလို ပြောင်းလဲလျှင် အကောင်းဆုံး ဖြစ်လာမည်ဟု နားလည်ပါသည်။ 

သူ တွေးတောနေရင်း သမီးဖြစ်သူဘေးမှ အရပ်ရှည်ရှည်၊ ခပ်ချောချော လူငယ်လေးကို ခိုးကြည့်လိုက်မိ၏။ 

အရပ်မှာ ရှန်ချန်းချန်းထက် ခေါင်းတစ်လုံးကျော်ကျော် ပိုမြင့်ပြီး သန့်စင် ကြည်လင်သော မျက်နှာ၌ အပြုံးလှလှ ဆင်ယင်ထား၏။ ဝတ်စားပုံ ရိုးရှင်းသော်လည်း သပ်ရပ်တည်ကြည်ပုံကြောင့် စကားလုံးတိုင်းမှာလည်း လေးနက်နေသည်။ 

ရှန်ကျန်းဟွာ လေးစားစွာ လှမ်းကြည့်ရင်း ခေါင်းငြိမ့်လျက်

“လင်းပြောတာ တကယ် ကောင်းပါတယ်။ ဒါပေမဲ့ ဒီ စစ်လက်နက်နည်းပညာနဲ့ အရည်အသွေးကို ဘယ်လို ရှင်းမလို့လဲ”

လင်းချွမ် အမြဲတမ်း ဂရုတစိုက် ပြုမူလေ့ ရှိပါသည်။ 

ထို့ကြောင့် အားလုံး ပြင်ဆင်ပြီးသား ဖြစ်၏။ 

“ဦးလေးရှန် ကျွန်တော့်ဘက်က နည်းပညာတွေ ပေးနိုင်ပါတယ်။ အရည်အသွေးဆိုရင် အခု ဝင်ပြိုင်မယ့် ပြိုင်ပွဲကနေ ရနိုင်မယ်မလား”

“ရှင်ကတော့ တကယ်အကြီးကြီး တွေးနေတာပဲ”

ရှန်ချန်းချန်း အံ့ဩမှင်တက်စွာ ဝင်ပြော၏။ 

ဒီလူကတော့။ 

အခြား ဝင်ပြိုင်သော ပြိုင်ပွဲဝင်များစွာလည်း ရှိနေဦးမည်။ 

ထိုလူမှာ ဝင်ပြိုင်ရုံဖြင့် တန်း၍ ဆုရမည်ဟု တွက်ထားလေသည်။ 

တကယ်ပဲ လက်နက်ဝိဇ္ဇာ ဖြစ်ချင်နေတာပဲ။ 

“ဒီပွဲရဲ့ စီစဉ်သူတွေက ဘယ်သူတွေလဲ”

ရှန်ကျန်းဟွာ မျက်မှောင်ကြုတ်၍ မေး၏။ 

ရှန်ချန်းချန်းမှ ပြိုင်ပွဲအကြောင်းကို ကောင်းစွာ သိနေသောကြောင့် ချက်ချင်းပင် 

“ဒီပွဲမှာက ပြည်တွင်း လက်နက်လေ့လာရေး အဖွဲ့အစည်းနဲ့ ကွန်ယက်ကနေ ဦးဆောင်တာလေ”

“ဒါဆို ဒီအဖွဲ့တွေဆီက အသိအမှတ်ပြုခံရရင် အရည်အသွေးအတွက် မခက်တော့ဘူးပဲ”

ရှန်ကျန်းဟွာ မျက်လုံးအရောင် လက်သွားသော်လည်း ပြန်မှေးမှိန်သွားပြီး

“ဒီအဖွဲ့တွေဆီက အသိအမှတ်ပြုခံရဖို့ ဘယ်လိုလက်နက်နဲ့ ဝင်ပြိုင်ရမှာလဲ”

ရှန်ချန်းချန်း သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့်

“သမီးသေနတ်နဲ့တော့ မဖြစ်နိုင်ဘူး”

“အခွင့်အရေးက ရှိပါသေးတယ်”

လင်းချွမ် ရယ်မော၍

“နည်းနည်းပိုပြီး ပြင်ဆင်လိုက်ရင် ရဲမေရှန်ရဲ့ သေနတ်လည်း အခွင့်အရေး ရှိပါတယ်”

ရှန်ချန်းချန်း ပုံကြမ်းကိုကြည့်ကာ ခေါင်းယမ်း၍

“ကျွန်မအရည်အချင်းက ဒါအကုန်ပါပဲ”

All Chapters