← Chapters

ပုံရိပ်ယောင်လောကမှ လက်တွေ့သို့

Vol. 22 Ch. 318

ပုံရိပ်ယောင်လောကမှ လက်တွေ့သို့

Vol. 22 Ch. 318

“ဒီသေနတ်ကို အဆင့်မြင့်အောင် လုပ်လို့ရပါသေးတယ်”

လင်းချွမ်မှ အားပေးလိုက်၏။ 

“ဒါဆို ကျွန်မ ဆက်ကြိုးစားကြည့်ပါမယ်”

သူ ညှိုးငယ်စွာ ခေါင်းငြိမ့်လိုက်ပြီးနောက် 

“ရှင့်လောင်ချာကရော တကယ် ဖြစ်နိုင်လား”

“ဖြစ်နိုင်တာပေါ့”

လင်းချွမ် အခိုင်အမာ ပြန်ဖြေသည်။ 

ပုံရိပ်ယောင်လောကထဲတွင် အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများမှာ ထိုလောင်ချာအတွက် အလုအယက်ပင် ဖြစ်သည်။ 

အချို့နိုင်ငံများမှာလည်း သူ့ အဝေးထိန်း ဒုံးကျည်လောင်ချာအတွက် ငွေပုံပေး၍ ဝယ်ယူကြ၏။ 

ဤသို့ဖြင့် စစ်တပ်များအတွက် အရေးပါသော တည်ရှိမှုတစ်ခု ဖြစ်လာလေသည်။ 

“ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့”

ရှန်ကျန်းဟွာ သက်ပြင်းချ၍ ပြောလိုက်၏။ 

သူ ထိုအခြေအနေတွင် မည်သည်ကို ထပ်တောင်းဆိုနိုင်ဦးမည်နည်း။ 

လင်း၏ လောင်ချာဒီဇိုင်းမှာ အမှန်ပင် ကျွမ်းကျင်သည် ထင်ရပြီး ရှန်ချန်းချန်း၏ ရိုင်ဖယ်ဒီဇိုင်းသစ်ကိုလည်း အဆင့်မြှင့်နိုင်ပါသေးသည်။ 

ပြဿနာများကို အခြေအနေအရ လှုပ်ရှားရမည်။ 

အောင်မြင်သွားလျှင်ရော။  

မကြာမီ (၃) ဦးသား ပြိုင်ပွဲအတွက် စတင် ပြင်ဆင်ကြလေ၏။ 

ရှန်ချန်းချန်း၏ ရိုင်ဖယ်မှာ ပြင်ဆင်စရာများ ရှိနေသေးသောကြောင့် လင်းချွမ်၏ ဒုံးကျည်လောင်ချာကို စတင်၍ တပ်ဆင်ကြလေသည်။ 

ထိုထုတ်လုပ်မှုကို လင်းချွမ်သာ ဦးဆောင်လေသည်။ 

ရုံးခန်းထဲ၌ လင်းချွမ် သူ့ပုံကြမ်းကို ထပ်ထုတ်၍ မည်သည့်စက်တွင် ပြုလုပ်ရမည်ကို စီစဉ်နေစဉ် ရုံးခန်း အပြင်ဘက်တွင် ရှန်ကျန်းဟွာ သူ့သမီးကို ခေါိထုတ်၍ စကားပြောနေ၏။ 

“အဖေ ဘာလို့လဲ”

ရှန်ချန်းချန်း သူ့အဖေ၏ လျှို့ဝှက်သော အမူအရာကြောင့် နားမလည်နိုင်စွာ မေးလိုက်သည်။ 

“မေးစရာ ရှိလို့ပါ” 

သူ ရယ်မော၍ ပြောလိုက်သည်။ 

“မြန်မြန်မေး။ သမီး လင်းချွမ်ကို ကူညီပေးရဦးမှာ”

သူ လက်နက်ထုတ်လုပ်ရေးကိုသာ အပြည့်အဝ အာရုံရောက်နေသည်။ 

“အင်း သမီး လင်းချွမ်နဲ့သိတာ ဘယ်လောက် ကြာပြီလဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်

“နှစ်ဝက်လောက်တော့ ရှိပါပြီ။ လင်းချွမ်ကို မယုံသေးလို့လား။ အဖေရယ် ဘာမှ မစိုးရိမ်နဲ့။ သူက အန်လင်းရဲစခန်းရဲ့ ရတနာလေ။ စိတ်လျှော့ထား”

“နှစ်ဝက်လား။ လင်းက တကယ် ထူးချွန်တာပဲလား”

“ဒါပေါ့”

ရှန်ချန်းချန်း အပြုံးများ တောက်ပလာပြီး 

“အဖေ သူ့ကို ငယ်သေးတယ်ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ တကယ့် ပညာစုံတတ်တဲ့လူ”

သူ အားကြိုးမာန်တက် ပြန်ရှင်းပြနေသည်။ 

ရှန်ကျန်းဟွာ စိတ်ဝင်တစားဖြင့်

“ဪ… သမီးတို့ ဆက်ဆံရေးကရော ဘယ်လိုလဲ။ သူငယ်ချင်းပဲလား”

ရှန်ချန်းချန်း လန့်သွားကာ နှုတ်ခမ်းလေးစူ၍

“လင်းချွမ်ကို မယုံတာများလားလို့။ လတ်စသတ်တော့ တခြားအတွေး ရှိနေတာကိုး”

“ချန်းချန်းရယ် တခြားအတွေးရယ်လို့ မဟုတ်ပါဘူး။ သမီးကိုရော၊ စက်ရုံကိုရော စိတ်ပူတာပဲလေ”

သူ စက်ရုံ၌ အာရုံစိုက်ရင်း သတိမထားမိလိုက်ခင်ပင် အသက်ကြီးသွားခဲ့လေသည်။ 

အသက်ကြီးလေ စိုးရိမ်စရာလည်း ပိုများလာလေ ဖြစ်၏။ 

ထို့ကြောင့် သမီးဖြစ်သူအတွက်လည်း တွေးမိလာသည်။ 

ချန်းချန်းမှာ အလုပ်ထဲတွင် စိတ်နစ်နေပြီး အချစ်ရေးအတွက် ဘာမှ မကြားမိပေ။ 

“အဖေရယ် အဲ့တာအတွက် တွေးမနေပါနဲ့”

ရှန်ချန်းချန်း ရုံးခန်းဘက်သို့ ဖြတ်ခနဲ လှမ်းကြည့်မိသည်။ 

လူငယ်များမှာ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြု၍ ကလေးယူရန် အလွန်မုန်းကြသည်။ 

ရှန်ချန်းချန်းလည်း ထိုသို့ပင် ဖြစ်၏။ 

ရှန်ကျန်းဟွာမှာမူ

“ချန်းချန်း အဖေအထင်တော့ လင်းက…”

သို့သော် သူ့စကားမဆုံးမီ ရှန်ချန်းချန်းမှ ဖြတ်ပြောလိုက်၏။ 

“တော်ပါ”

ထို့နောက် သူ လက်လေးပိုက်လျက်

“သူ့မှာ ချစ်သူရှိတယ်။ အဲ့လိုတွေ လျှောက်မပြောပါနဲ့”

“အာ…”

ရှန်ကျန်းဟွာ စွံ့အ၍ သက်ပြင်းချလိုက်မိ၏။ 

နှမျောစရာပဲ။ 

“လူငယ်တွေကိစ္စ ဘာမှ မစိုးရိမ်ဘဲ စက်ရုံကို ပြောင်းလဲဖို့သာ တွေးပါ။ ဘာမှလုပ်စရာ မရှိလည်း အမေနဲ့ ကပွဲမှာ တွဲကနေ။ မဟုတ်လည်း ကပွဲမှာ အဘိုးကြီးတွေ အများကြီးပဲ။ သတိထားနေဦး”

ရှန်ချန်းချန်း သူ့အဖေကိုစ၍ အထဲ ပြန်ဝင်လာလိုက်သည်။ 

“အရည်အချင်းရှိတဲ့ယောက်ျားတွေက ယုံကြည်ချက်လည်း ရှိတယ်ကွ။ လင်းနဲ့ငါက အဲ့တာတွေ တူတာ”

“အဟမ်း အဟမ်း”

ရှန်ချန်းချန်း ချောင်းဟန့်ကာ မသိချင်ယောင် ဆောင်နေသည်။ 

ဒီအဖေကတော့။ 

ထို့နောက် အခန်းထဲ၌ ပြင်ဆင်ရေးအတွက် ကူညီပေးကြလေသည်။ 

လင်းချွမ်အတွက် ပုံစံငယ် ပြုလုပ်ရုံမျှမှာ မခက်ခဲပေ။  

ပုံရိပ်ယောင်လောက၌ ထုတ်လုပ်ခဲ့သည့်ပစ္စည်းမှာ လက်တွေ့တွင် တကယ် ဖြစ်လာလေပြီ။ 

“လင်းချွမ် ရှင့် ဒုံးကျည်လောင်ချာက တကယ် မိုက်တာပဲ”

ရှန်ချန်းချန်း အံ့ဩတကြီး ပြောလိုက်၏။ 

လင်းချွမ် ပြုံးလျက်

“ဒါနဲ့ဆိုရင် မတူတဲ့နေရာကနေတောင် ပစ်မှတ်ကို ချိန်နိုင်တယ်လေ”

“အများဆုံး အကွာအဝေးက ဘယ်လောက်လဲ”

ရှန်ကျန်းဟွာမှ ဝင်မေးလိုက်သည်။ 

လင်းချွမ် ကွန်ပျူတာကို လက်ညှိုးထိုးပြ၍ ယုံကြည်ချက်အပြည့်ဖြင့်

“ကျွန်တော်က ပစ်ရှိန်ကို (၃) ခု ပြင်ဆင်ထားတယ်။ အတိအကျဆိုရင်တော့ ကီလိုမီတာ (၆၀၀) ပေါ့”

“ကျွန်မတော့ သိပ်နားမလည်ပေမဲ့ တကယ် အားကြီးမယ့်ပုံပဲ”

ရှန်ချန်းချန်း အထင်ကြီးစွာ ပြောလေသည်။ 

“ဦးလေးရှန် ကျွန်တော် ဒီအပိုင်းပြီးပြီဆိုတော့ ပုံစံငယ် စလုပ်လို့ရပြီ”

လင်းချွမ် သူ ရှင်းပြလည်း သိပ်မထူးသောကြောင့် အဓိကအကြောင်းအရာကိုသာ ပြောလိုက်သည်။ 

“ကောင်းပါပြီ”

ရှန်ကျန်းဟွာ ခေါင်းငြိမ့်ပြကာ စက်ရုံထဲ ပြန်ထွက်သွား၏။ 

လင်းချွမ်တို့လည်း နောက်မှ လိုက်သွားလေသည်။ 

ရှန်ချန်းချန်း လင်းချွမ်ကိုကြည့်၍

“လင်းချွမ် ရှင့်ပုံစံငယ်ပြီးရင် ကျွန်မရိုင်ဖယ်အတွက် ကူညီပေးမယ်မလား။ ကျွန်မလည်း စက်ရုံအတွက် အထောက်အကူ ဖြစ်ချင်တယ်”

လင်းချွမ် သူ့ကိုကြည့်၍ ရယ်မောကာ

“ဒါပေါ့။ ရပါတယ်ဗျာ”

သူတို့အတွက် လက်နက်ထုတ်လုပ်ခြင်းမှာ အရေးကြီးသော အခန်းကဏ္ဍ ဖြစ်လာလေသည်။ 

All Chapters