ထူးခြားသော ပြိုင်ပွဲဝင်များ
Vol. 22 Ch. 319
“လက်နက်ဒီဇိုင်းပြိုင်ပွဲ ပထမအဆင့်မှာ စက်တင်ဘာ (၇) ရက်နေ့ နောက်ဆုံး ဖြစ်သည်။
ထိုအချိန်အတွင်း လင်းချွမ် သူ့ဒုံးကျည်လောင်ချာအတွက် အလုပ်ရှုပ်နေခဲ့၏။
တစ်ချိန်တည်းတွင် ရှန်ချန်းချန်း ရိုင်ဖယ်အတွက်လည်း ကူညီရသေးသည်။
“လင်းချွမ် ရှင့်ကို အခုတော့ တကယ် ယုံသွားပြီ”
ရှန်ချန်းချန်း သူ့လုပ်ဆောင်ချက်များကိုကြည့်ရင်း မျက်လုံးအရောင်များလက်၍ ပြောလိုက်၏။
“ဟုတ်ပါပြီဗျာ။ ယုံရင် ပြီးတာပဲပေါ့”
လင်းချွမ် ပြုံး၍ ပြန်ပြောသည်။
ထို့နောက် ရှန်ချန်းချန်းမှာ ရိုင်ဖယ်ပုံစံငယ်ကို မြတ်နိုးစွာ ကိုင်လျက် စက်ရုံထဲမှ ထွက်လာ၏။
ရှန်ချန်းချန်း ကားပေါ် ရောက်သောအခါ လင်းချွမ်ဘက်လှည့်၍
“လင်းချွမ် ကျွန်မ ရိုင်ဖယ်က ဆုရနိုင်တယ်မလားဟင်”
လင်းချွမ် ဘေးမှ ခရီးသည်ခုံဘက်တွင်ထိုင်ကာ ခါးပတ်ပတ်နေရင်း
“ဒုတိယနေရာတော့ သေချာပါတယ်”
“ဒုတိယလား”
ရှန်ချန်းချန်း နားမလည်နိုင်စွာကြည့်၍
“ဘာလို့ ပထမ မဟုတ်တာလဲ”
“ကျွန်တော့်လောင်ချာက ပိုခိုင်မာတယ်လေ။ ချန်းချန်းလည်း တွေ့တာပဲ”
“ဘယ်လို”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်
“ကောင်းလိုက်တာ။ လင်းချွမ် ရှင်ပဲ မောင်းလိုက်တော့။ ရှင်းရှင်းကိုလည်း ပြန်ပြောရမယ်”
“ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင်မှ မရှိတာ။ မောင်းလို့ မရဘူး”
လင်းချွမ် ပြန်ပြော၏။
“ကဲပါ။ ထားပါတော့။ ရှင့်လောင်ချာက ပိုကောင်းပါတယ်”
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ရဲမေရှန်။ ဒီတစ်ခါ ပထမနေရာတော့ သေချာပြီ”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
ရှန်ချန်းချန်း သူ့ကို မသင်္ကာစွာကြည့်၍
“ရှင် အမှန်အတိုင်းပြော။ ရှင် တကယ်ပဲ အွန်လိုင်းစာရေးဆရာ ဟုတ်ရဲ့လား”
“အရင်လည်း အဲ့မေးခွန်းကို ခဏခဏ မေးတယ်နော်”
လင်းချွမ်စကားကြောင့် သူ ရှက်သွားသလိုဖြင့်
“ရှင်က အမြဲတမ်း မထင်ထားတာတွေ ထထလုပ်တာကိုး။ မေးမိတာပေါ့”
“ဘာစိုးရိမ်စရာ ရှိလဲဗျာ။ ကျွန်တော်တို့က အတွင်းသိ၊ အဆင်းသိတွေပဲကို”
“ဘယ်သူက သိလို့လဲ”
ရှန်ချန်းချန်း မျက်နှာလေး ရဲသွားကာ
“ရှင်ကတော့ ပေါက်ကရ ပြောပြန်ပြီ”
ထို့နောက် ကားလေးမှာ စက်ရုံထဲမှ မောင်းထွက်သွားတော့သည်။
သူတို့နှစ်ဦးလုံး ပုံစံငယ်များ လက်ဝယ်ရောက်ထားပြီး ဖြစ်ကာ ပွဲစရန်ပင် စောင့်ရတော့မည်။
“ဒါနဲ့ ဒီနောက်ပိုင်း ရှင် ဝတ္ထုမရေးတော့ဘူးလား”
ရှန်ချန်းချန်းမှ မေး၏။
လင်းချွမ် ဘေးပြတင်းပေါက်ကို ငေးကြည့်ရင်း
“ရေးနေပါတယ်။ ဒီပွဲပြီးရင် ထုတ်မှာပါ”
“ဝတ္ထုရေးတာနဲ့ ဒီပွဲပြီးတာ စောင့်ဖို့နဲ့ ဘာဆိုင်လို့လဲ”
ရှန်ချန်းချန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“ရှင့်စာအုပ်အသစ်က လက်နက်အကြောင်းမလား”
လင်းချွမ် သူ့ကိုလှည့်ကြည့်၍ ပြုံးပြကာ
“အမှန်ပဲပေါ့”
သူ အားလုံး အစီအစဉ် ဆွဲထားပြီး ဖြစ်ပါသည်။
သူ့ဝတ္ထုထဲ၌ လက်နက်များအကြောင်း အသေးစိတ်နှင့် ထုတ်လုပ်ပုံများကို ရေးထားသောကြောင့် ယခုအချိန် ထုတ်လျှင် သူ့အကြံဉာဏ်များ အလကားပေးသလို ဖြစ်ပေမည်။
ထို့ကြောင့် ပြိုင်ပွဲပြီးသည်အထိ စောင့်ပြီးမှ စာအုပ်အသစ် ထုတ်ရန် တွေးထားသည်။
ကံကောင်းစွာဖြင့် စစ်ဆေးမှုတာဝန်မှာ ကြိုပြီးမည်ဖြစ်၍ အချိန်သက်သက် ထပ်ပေးစရာ မလိုတော့ချေ။
“ရှင် စာရေးတာနဲ့ ပတ်သက်ပြီး တခြား ဘာမဆို လုပ်နေတော့တာပဲနော်”
“အသက်ရှင်ဖို့ လိုတယ်လေ”
လင်းချွမ် ရယ်မော၍ ပြောလိုက်လေ၏။
…
ပြည်တွင်း လက်နက်ပြိုင်ပွဲ။
ပွဲစီစဉ်သူများမှာ ပထမဆုံးအကြိမ် ဖြစ်သည့်အလျောက် ပြိုင်ပွဲဝင်များ၏ တီထွင်ကြံဆမှု၊ ပါဝင်ယှဉ်ပြိုင်မှုတို့ကို အလွန် အလေးထား၍ အာရုံစိုက်နေကြသည်။
ပြိုင်ပွဲဝင်များလေ သူတို့ပွဲ စည်ကားလေ ဖြစ်ပါသည်။
“ကျောက်ရေ ဟန်မြစ်အပိုင်းက အချက်အလက်တွေ စုပြီးပြီလား”
စီစဉ်သူ ရုံးခန်းထဲ ဝင်လာရင်း ခေါင်းဆောင်ဖြစ်သူမှ မေးလိုက်၏။
ပွဲလက်ခံရက်မှာ ကျော်လွန်သွားပြီဖြစ်၍ စီစဉ်သူအဖွဲ့မှာ အလွန်အလုပ်ရှုပ်နေကြသည်။
“အခုပဲ စုပြီးပါပြီ”
ကျောက်မျိုးရိုး မိန်းကလေးမှ ပြန်ဖြေလေသည်။
သူ့အမည်မှာ ကျောက်ရှောင်းလီဖြစ်ပြီး ကျင်းတုတက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာဌာနမှ ဘွဲ့ရရှိပြီး ယခုအခါ မဟာတန်း တက်ရောက်ရင်း လက်နက်ထုတ်လုပ်ရေးကို လေ့လာနေလေသည်။
သူ အလုပ်စဝင်ခါစဖြစ်ပြီး လက်နက်ပြိုင်ပွဲ၌ ဝင်ကူညီနေရ၏။
“တော်တယ်။ ငါ့ကို အခု ပို့ပေးလိုက်နော်”
ဒါရိုက်တာမှ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဒါရိုက်တာမှ ဆက်၍
“ပင်ပန်းလက်စနဲ့ ဒုံးကျည်လောင်ချာ၊ သေနတ်၊ တင့်ကား၊ လေယာဉ်ငယ် ဆိုပြီး အချက်အလက်တွေ ပြန်ခွဲပေးထားဦးနော်”
“ဟုတ်ကဲ့ပါ”
ကျောက်ရှောင်းလီ အလုပ်ထဲ အာရုံစိုက်ရင်း နာရီဝက်မျှ အကြာတွင် အားလုံး ပို့ပေးလိုက်နိုင်သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ”
သူ အကြောဆန့်၍ သမ်းဝေကာ ရေရွတ််လိုက်သည်။
အချိန်မှာ စက်တင်ဘာလ၏ ညနေ (၅) နာရီ ဖြစ်ပြီး နေရောင်ခြည်မှာ ရွှေလိုဝင်းဝါနေသည်။
အလုပ်ဆင်းလာသော ဝန်ထမ်းအချို့မှာ ဖိုင်များ သိမ်းဆည်းရင်း စကားစမြည် ပြောနေကြ၏။
“ခုနက ဒါရိုက်တာက ဒုံးကျည်လောင်ချာနဲ့ သေနတ်တွေ ဖယ်ထုတ်ထားဖို့ ပြောနေသေးတယ်။ ဘာလို့လဲ မသိဘူးနော်”
အတွေ့အကြုံရှိသော သက်လတ်ပိုင်း အမျိုးသမီးမှာ ရယ်မော၍
“ပြောရရင် ဒီလက်နက်တွေက အဓိကပဲလေ။ နိုင်ငံခြားက HIMARS အမျိုးအစားက လောင်ချာမှာဆို ကျွန်မတို့ထက် ကျော်သွားပြီလေ။ အဲ့တော့ ပိုအာရုံစိုက်ရတယ်”
အားလုံး ခေါင်းငြိမ့်ပြ၏။
သက်လတ်ပိုင်း အမျိုးသမီးမှာ ပြုံး၍
“ဒီလက်နက်ပြိုင်ပွဲက ဒီအတိုင်း လက်နက်အစုံ ခွဲရုံတင် မဟုတ်ဘူး။ ပြိုင်ပွဲဝင်တွေရဲ့ အချက်အလက်တွေကလည်း မထင်ထားတာတွေချည်းပဲ”
“အမှန်ပဲ”
“ကျွန်တော် တွေ့လိုက်တဲ့တစ်ယောက်ဆိုရင် ညပိုင်း ဈေးဆိုင်လေး ဖွင့်တဲ့သူတဲ့။ သူပြိုင်တဲ့ လက်နက်က မောင်းသူမဲ့ လေယာဉ်လေ”
“ကျွန်မလည်း ထူးဆန်းတဲ့သူ တွေ့သေးတယ်”
“ပြောပါဦး”
“သူက မွန်ဂိုလီးယား ကုန်းတွင်းပိုင်းက ဆိုင်ရှင်လေး။ တစ်ခါမှ မြို့ပြင်တောင် မထွက်ဖူးဘူးဆိုပြီး အခု သင်္ဘောနဲ့ ပြိုင်တယ်”
“တကယ် လေးစားစရာပဲ”
“စစ်လက်နက် သဘောကျတဲ့သူတွေ အများကြီး ကြုံရတာပဲ”
“…”
ထိုအခါ ကျောက်ရှောင်းလီ ရယ်မော၍ ဝင်ပြောလေ၏။
“ကျွန်မက ဟန်မြစ်အပိုင်းက စာရင်းတွေ လုပ်နေတာလေ။ အဲ့ထဲမှာ အွန်လိုင်း ဝတ္ထုရေးဆရာတောင် ပါသေးတယ်”
သူ့စကားကြောင့် အားလုံး စိတ်ဝင်စားသွားကြသည်။
“အွန်လိုင်းစာရေးဆရာတွေက စိတ်ကူးယဉ် အရမ်းကောင်းတယ်လို့ ကြားဖူးတယ်။ သူကရော ဘာလက်နက်လဲ”
“အဝေးထိန်း ဒုံးကျည်လောင်ချာလေ”
“စာရေးဆရာ ပီသလိုက်တာ။ တကယ် စိတ်ကူးကြီးကြီး ယဉ်ထားတာပဲ”
“ဟုတ်တယ်။ သူ့အကျဉ်းချုပ်ထဲမှာ ကီလိုမီတာ (၆၀၀) အထိ သက်ရောက်တယ်လို့တောင် ပြောထားတာ”
“အဲ့လောက်တောင်လား”
“သူ့ကို သေချာစောင့်ကြည့်ရတော့မှာပဲ”
“တကယ်ပြောတာပါ။ သူ့လက်နက်ကို တကယ် တွေ့ချင်နေပြီ”
“ကျွန်မလည်း စိတ်လှုပ်ရှားလာပြီ”
“ပထမအဆင့်က မကြာခင် စတော့မှာ။ ရှောင်းလီ သူ့ ပြသပွဲကျရင် သေချာပေါက် ပြောဦးနော်”
ကျောက်ရှောင်းလီ ပြုံးလျက်
“အားလုံးက စိတ်လှုပ်ရှားပြီး ကြည့်ချင်နေတယ် ဆိုတော့လည်း ပြောပေးပါမယ်ရှင်”
လက်နက်ပြိုင်ပွဲအတွက် အထူးအဖွဲ့ စီစဉ်ထားပြီး ကျောက်ရှောင်းလီမှာ ထိုထဲတွင် အပါအဝင် ဖြစ်လေသည်။
သူ ဟန်မြစ်အပိုင်းကို တာဝန်ယူထားရသောကြောင့် လင်းချွမ်နှင့် ပတ်သက်ပြီး သူ ပထမဆုံး သိမည် ဖြစ်သည်။
သို့သော် လင်းချွမ်အပေါ်တွင်တော့ အရမ်း မမျှော်လင့်ထားပေ။
သူ နားလည်သလောက် တွက်ချက်မှုအရ အလွန်ထက်ခဲပြီး လက်တွေ့မကျလှပေ။
“ကီလိုမီတာ (၆၀၀) တကယ်ရရင်တော့ အောင်မြင်ပြီပဲ”
သူ တစ်ယောက်တည်း ရေရွတ်ရင်း ရယ်မောမိလေ၏။