သေနတ်ကြီး
Vol. 22 Ch. 320
စက်တင်ဘာလ (၇) ရက်၊ စနေနေ့။
ညကောင်းကင်တွင် ကြယ်လေးများ တလက်လက် တောက်လျက် အန်လင်းမြို့၏ နီယွန်မီးများနှင့်အပြိုင် မြစ်ရေပြင်ကို ငွေနှင်းမှုန်ဖြူးထားသကဲ့သို့ ဖြစ်နေသည်။
ထိုအလင်းရောင်သည် လင်းကျန်အိမ်ရာ ပြတင်းပေါက်များအထိ ရောင်ပြန်ဟပ်နေလေ၏။
ထိုညက လင်းချွမ်နှင့် ကျန်းတို့ ကွန်ပျူတာရှေ့တွင် ထိုင်နေကြသည်။
ကွန်ပျူတာမျက်နှာပြင်တွင်မူ လက်နက်ဒီဇိုင်းပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို တွေ့ရသည်။
ဘယ်ဘက်ထောင့်၌ အစီအစဉ်တင်ဆက်သူနှင့် အဖွဲ့ဝင်တစ်ဦးသည် ပွဲနာမည်နောက်ခံရှေ့တွင် ရပ်နေပြီး မျက်နှာပြင်အောက်နား၌ သူတို့၏ အချက်အလက်များကို ဖော်ပြထားသည်။
အစီအစဉ်တင်ဆက်သူမှာ ကျောက်နန်ဖြစ်ပြီး အရပ်ရှည်ရှည်တွင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားကာ တည်ကြည်သောပုံ ပေါ်လေသည်။
အခြားတစ်ဦးမှာတော့ ကျောက်ရှောင်းလီ ဖြစ်၏။ ငယ်ရွယ်နုပျိုသည့် ထိုမိန်းကလေးမှာ ဆံပင်တိုတို၊ မျက်နှာဘဲဥပုံနှင့် ဖြူဖွေးသော အသားအရည်သည် မီးရောင်ကြောင့် ပိုလင်းနေသည်။
ခါးတွင် စစ်ခါးပတ် ပတ်ထားပုံကြောင့် ခပ်မိုက်မိုက်ပုံ ပေါ်နေလေ၏။
မျက်နှာပြင် ညာဘက်ခြမ်းတွင် မွန်ဂိုလီးယား ကုန်းတွင်းပိုင်းမှ အမျိုးသားတစ်ဦး ရှိနေသည်။
ပြိုင်ပွဲဝင်တစ်ဦး ဖြစ်၏။
သူ့အသားအရည်မှာ ခပ်ဝါဝါဖြစ်ပြီး ခန္ဓာကိုယ်တောင့်တောင့်ပုံစံ ရှိသည်။ လက်ထဲတွင်မူ သူ့ သင်္ဘောပုံကြမ်းကို ကိုင်ထားပြီး အသံခပ်ဩဩဖြင့် အသေးစိတ် ရှင်းပြနေ၏။
“ကျွန်တော် ရေးဆွဲထားတဲ့ သင်္ဘောက ခံနိုင်ရည်ရှိမှုနဲ့ ကြံ့ခိုင်မှုတို့ကို အထူးပြုလုပ်ထားပါတယ်။ အဓိကကတော့ ထုထည်ဖြစ်အောင် ဆောက်ပြီးမှ အဆင့်မြင့် လျှပ်စစ်စနစ်ကို တပ်ဆင်ပါမယ်။ နောက်ပြီး ရန်သူအချက်ပြစနစ်အတွက်လည်း လျှပ်စစ်နဲ့ ဆက်သွယ်ထားမှာပါ”
“ဒီလိုနည်းနဲ့ ပျက်စီးမှုတွေကို ခံနိုင်ရည်ရှိပြီး ပြန်တိုက်ခိုက်တာလည်း လုပ်နိုင်ပါမယ်။ ရန်သူဘက်က ချက်ချင်းလည်း မတွေ့ရတော့ပါဘူး။ LOL ဆော့တဲ့ ညီအစ်ကိုတွေဆိုရင် နားလည်ပါလိမ့်မယ်။ တစ်ဖက်က တိုက်ခိုက်တာနဲ့ ဒီဘက်မှာ အားလုံး ကာကွယ်ပြီးသား ဖြစ်နေမှာပါ”
“…”
ထိုလူမှာ အားကြိုးမာန်တက် ရှင်းပြနေ၏။
ကျောက်နန်နှင့် ကျောက်ရှောင်းလီတို့လည်း ဂရုတစိုက် နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံပေးနေကြသည်။
Live ကို စောင့်ကြည့်နေသော အခြား စိတ်ဝင်စားသူများမှာလည်း ကြည့်ရင်း စိတ်လှုပ်ရှားနေလေ၍။
[တကယ်ပဲ အရမ်းတော်လိုက်တာ]
[ဒါကိုသာ တကယ်လုပ်နိုင်ရင် ပင်လယ်ထဲမှာ အင်အားကြီး ဖြစ်လာမှာပဲ]
[လျှပ်စစ်နဲ့ အချက်ပြစနစ်တဲ့။ အခြေအနေအရလည်း ပြောင်းလဲနိုင်တယ်။ မိုက်လိုက်တာ]
[ကျွန်တော်ကတော့ ဒီပရောဂျက်ကို မဲပေးတယ်]
[ဆောကိလုပ်မယ့်သူတွေအတွက် ကျွန်တော်လည်း ဆေးလိပ် (၂) တောင့် လှူပါတယ်]
[…]
လင်းချွမ် ကွန်ပျူတာကိုကြည့်ရင်း ရယ်မောလျက်
“သူ့အကြံဉာဏ်လေးက တကယ်ကောင်းတာပဲ”
“ကောမန့်တွေကလည်း အရမ်းရယ်ရတယ်”
ကျန်းရှင်းရှင်းမှာ စစ်လက်နက်များအကြောင်း နားမလည်သော်လည်း live ထုတ်လွှင့်ခြင်းကိုတော့ ကြည့်တတ်ပါသည်။
ထို့ကြောင့် ထိုဟာသများကို ပိုသတိထားမိ၏။
“တချို့ကောမန့်တွေကလည်း ပညာရှင်ဆန်ပါတယ်”
လင်းချွမ် ခုံပေါ် မှီထိုင်လိုက်ရင်း ပြော၏။
“အပျော်အပျက်ကြားက ပညာရှင်ပေါ့”
ကျန်း သူ့ဘေးတွင်ထိုင်ရင်း လင်းချွမ်လက်မောင်းအား လှမ်းဖက်ကာ
“သူဌေးကြည့်ရတာ စိတ်လည်းမလှုပ်ရှားဘူးနော်”
လင်းချွမ် သူ့ကိုလှည့်ကြည့်၍
“ကို့အလှည့်မှ မရောက်သေးတာ”
“အခု (၇၈) နော်။ မမချန်းချန်းက (၇၉)။ သူ့အလှည့် ရောက်တော့မယ်”
ကျန်း နံပါတ်စဉ် စစ်ကြည့်လိုက်ရင်း ပြောလေ၏။
သူ လင်းချွမ် ကူညီပေးထားသော ရှန်ချန်းချန်း၏ ရိုင်ဖယ်ကို အလွန်စိတ်ဝင်စားနေသည်။
“ချန်းချန်းပြီးရင်တော့ ကို့အလှည့်ပဲ”
လင်းချွမ်မှာ နံပါတ် (၈၀) ဖြစ်သည်။
လျှောက်ထားသူ အလွန်များသောကြောင့် လူခွဲ၍ မိတ်ဆက်ရှင်းလင်းရလေသည်။
လင်းချွမ်နှင့် ရှန်ချန်းချန်းတို့မှာ ကျောက်ရှောင်းလီအဖွဲ့ထဲ ပါသွား၏။
“ရှင့်သေနတ်ကြီးကိုလည်း မျှော်လင့်နေပြီ”
ကျန်း မျက်လုံးအရောင်လေးများ တောက်လျက် စနောက်သလို ပြောလိုက်သည်။
“ရှင်းရှင်း ဘာကိုပြောတာလဲ”
လင်းချွမ် သူ့ဆံနွယ်များအား ထိုးဖွရင်း မေးလိုက်သည်။
“ရှင့် ကီလိုမီတာ (၆၀၀) သက်ရောက်နိုင်တဲ့ အဝေးထိန်း ဒုံးကျည်လောင်ချာ ဆိုတာက နာမည် အရမ်းရှည်တယ်လေ။ မှတ်ရလည်း ခက်တယ်။ အဲ့တာကြောင့် ဒီအတိုင်း သေနတ်ကြီးလို့ ခေါ်တာ”
ကျန်း ပြုံး၍ ရှင်းပြသည်။
“အခုကျ မှတ်မိနေတာပဲ မဟုတ်ဘူးလား”
လင်းချွမ် ပြန်ပက်လေသည်။
“သူဌေး ဟိုမှာကြည့်တော့။ မမချင်းချင်းအလှည့် ရောက်ပြီ”
ကျန်းရှင်းရှင်း ကွန်ပျူတာကို လက်ညှိုးထိုးကာ အမြန် ပြောလိုက်သည်။
“အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မကတော့ အန်လင်းမြို့၊ ဟန်မြစ်အပိုင်း ရဲစခန်းက မှုခင်းအဖွဲ့ ရဲမေ ရှန်ချန်းချန်းပါ”
ရှန်ချန်းချန်း သူ့ကိုယ်သူ မိတ်ဆက်ရင်း စလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ ရဲယူနီဖောင်းကိုသာ ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ကို အပေါ်တွင် စုချည်ထားသည်။ နူးညံ့သော အသွင်အပြင်မှာ နွေဦးလေပြည်ကဲ့သို့ နုပျိုလန်းဆန်းနေသည်။
ရုပ်ရည်နှင့် အရည်အချင်းမှာ တိုက်ရိုက် အချိုးမကျသော်လည်း လူအများ၏ အာရုံစိုက်မှုကို ခံရလေသည်။
[ဒီထုတ်လွှင့်မှုက အမိုက်စားတွေချည်းပဲ]
[ဒိုင်တင် လှတာမဟုတ်ဘူး။ ပြိုင်ပွဲဝင်ကလည်း ကျက်သရေ ရှိလိုက်တာ]
[ငါ ဘာလို့ ရည်းစားမရတာလဲ သိသွားပြီ။ သူတို့က နိုင်ံအတွက် တာဝန်ထမ်းနေကြတာကိုး]
[အားလုံးပဲ ကျွန်တော် အခု အန်လင်းကို သွားနေပါပြီ]
[…]
“မမချန်းချန်း နာမည်ကြီးနေတာပဲ”
ကျန်းရှင်းရှင်း ကွန်ပျူတာကိုကြည့်နေရင်း ဂုဏ်ယူစွာ ပြောလိုက်လေ၏။