အခုမလာရင် နောင်တရမယ်
Vol. 22 Ch. 323
ရှန်ချန်းချန်း ရှင်းပြရန် ပြင်လိုက်စဉ် ရုတ်တရက် ဖုန်းမြည်လာ၏။
တီ တီ တီ—
စားပွဲပေါ်မှ ဖုန်းမြည်လာလေသည်။
ခေါ်ဆိုသူနံပါတ်မှာတော့ မသိရပေ။
“ဒီအချိန်ကြီး ဘယ်သူက ခေါ်တာပါလိမ့်”
ရှန်ချန်းချန်း ရေရွတ်ရင်း ဖုန်းကိုင်လိုက်၏။
“ဟယ်လို ချန်းချန်းလား။ ကျွန်မ ကျောက်ရှောင်းလီပါ”
ဖုန်းထဲမှ ရင်းနှီးနေသောအသံ ထွက်လာသည်။
“ကျောက်ရှောင်းလီ ဪ ဟုတ် မင်္ဂလာပါ”
ရှန်ချန်းချန်း လက်နက်ပြိုင်ပွဲမှ ဝန်ထမ်းအသံကို ချက်ချင်း သတိရသွား၏။
လက်နက်အကြောင်း ပြောမလို့လား။
“ချန်းချန်းရယ် ကျွန်မကို ရှောင်းလီလို့ပဲ ခေါ်ပါ”
ကျောက်ရှောင်းလီအသံမှာ နူးညံ့၍ ချိုမြိန်နေ၏။
“ရှင် ခုနက ဖန်တီးထားတဲ့ ဘက်စုံသုံး ရိုင်ဖယ်ကလေ အရမ်း မိုက်တာပဲ။ အဲ့တာကြောင့် အသေးစိတ်အကြောင်းလေး နည်းနည်း ဆွေးနွေးချင်လို့ပါ။ အခု စကားပြောလို့ အဆင်ပြေမလားဟင်”
“ပြေပါတယ်ရှင့်”
ရှန်ချန်းချန်း ပြုံးရွှင်သွား၏။ သူ တီထွင်ထားသော လက်နက်မှာ အသိအမှတ်ပြုခံရလေသည်။
“ချန်းချန်းရယ် ပူးပေါင်းပေးတာ ကျေးဇူးပဲနော်”
ကျောက်ရှောင်းလီ ချိုသာယဉ်ကျေးလျက်
“ဒီလက်နက်ကိုလေ ဒီဇိုင်းဆွဲပြီးတာနဲ့ ပုံစံငယ် ထုတ်ထားလိုက်တာလား”
“ဟုတ်ပါတယ်”
ရှန်ချန်းချန်း ဆက်ရှင်းပြ၏။
“ဒါပေမဲ့ သေနတ်မော်ဒယ်ဆိုတော့ ရိုးရိုးရှင်းရှင်းပဲ လုပ်ထားလိုက်တာ။ မပြီးသေးတဲ့ အပိုင်းတွေ ရှိသေးတယ်။ လိုအပ်ရင်တော့ ကျွန်မ အခု ပို့ပေးလိုက်မယ်လေ”
“ကောင်းပါပြီ။ အခု နံပါတ်မှတ်ထားလိုက်မယ်နော်”
“ဟုတ်ကဲ့ပါရှင်”
“ချန်းချန်း အထက်ကလည်း ဒီသေနတ်ကို အရမ်း သဘောကျနေတာနော်။ ဒီဇိုင်းနဲ့ တခြား လိုအပ်တဲ့ အချက်အလက်တွေ သေချာ စုထားလိုက်တော့။ ဒီရက်ပိုင်းပဲ ကျွန်မတို့ဆီက ဝန်ထမ်းကို အန်လင်း လွှတ်ပေးလိုက်မယ်”
ကျောက်ရှောင်းလီ သေချာရှင်းပြနေ၏။
ရှန်ချန်းချန်းလည်း ခေါင်းငြိမ့်လျက်
“နားလည်ပါပြီ”
“လက်ခံပေးတာ ကျေးဇူးပဲနော်”
ကျောက်ရှောင်းလီ ကျေးဇူးတင်စကား ပြောပြီးနောက် ဖုန်းချသွားလေသည်။
ထို့နောက် ရှန်ချန်းချန်း သူ့နံပါတ်ကို မှတ်ထားကာ ပုံစံငယ်နှင့် အခြား အချက်အလက်များ ပို့ပေးလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှုတွင်။
တင်ဆက်သူ ကျောက်နန်မှ ပရိသတ်များနှင့် စကားပြောနေသည်။
ကံစမ်းမဲနှိုက်ပေးရင်း လက်ဆောင်ပေးနေချိန် ဖြစ်၏။
ထိန်းချုပ်ရေးအခန်းထဲ၌။
ကျောက်ရှောင်းလီ ဖုန်းချပြီးနောက် ရှန်ချန်းချန်းထံမှ စာကို စောင့်နေသည်။
တင်းတောင်…
အချက်အလက်များ ချက်ချင်း ရောက်လာ၏။
“ဒါရိုက်တာ ရှန်ချန်းချန်းဆီက အချက်အလက်တွေ ရပါပြီ”
ကျောက်ရှောင်းလီ ဒါရိုက်တာစွန်းချန်းအား လှည့်ပြောလိုက်သည်။
“မြန်မြန်လုပ်။ အကျယ်ချဲ့လိုက်။ ပုံစံငယ်ကို သေချာ ကြည့်ရမယ်”
စွန်းချန်းမှ ခပ်လောလော ပြော၏။
ကျောက်ရှောင်းလီ သူ့အထက်လူကြီး၏ ပြင်းပြသော ခံစားချက်ကို နားလည်ပါသည်။
မကြာမီ ရှေ့မှ ကြီးမားသော မျက်နှာပြင်ပေါ်၌ နှစ်ဖက်မြင် ရိုင်ဖယ်ပုံစံငယ် ပေါ်လာသည်။
ထိုထဲတွင် သေနတ်၏ ယူနစ်အမျိုးမျိုးနှင့် အချက်အလက်များစွာ ပါဝင်သည်။
“အပေါ်ယံအခွံတွေ၊ လက်ကိုင်တွေကိုတော့ သတ္ထုအစပ်နဲ့ လုပ်ထားပြီး ကျည်ကဒ်နဲ့ အပိုဖြည့်သုံးတာကိုတော့ ပလက်စတစ်နဲ့ လုပ်ထားတာပဲ။ ကောင်းတယ်။ ကောင်းတယ်။ တကယ့် ပညာသားပါပါ ဖန်တီးထားတာပဲ”
စွန်းချန်း ကျေနပ်စွာ ပြောလိုက်၏။
သူ ရိုင်ဖယ်၏ အသေးစိတ်တိုင်းကို သဘောကျကာ အဆက်မပြတ် ချီးကျူးနေမိသည်။
ထို့နောက် အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်၍ နံပါတ်များ ရှာဖွေကာ တစ်စုံတစ်ဦးကို ဖုန်းခေါ်လိုက်သည်။
တီ တီ တီ—
ဖုန်းဝင်သွားသောအခါ။
“အစ်ကိုမင်ရေ လက်နက်တိုးတက်ရေး လုပ်နေတာ အခြေအနေ ဘယ်လိုလဲ”
စွန်းချန်းမှ ခပ်ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
တစ်ဖက်မှ အစ်ကိုမင်ဆိုသူက
“လုပ်နေတုန်းပါဗျာ။ ဒီ (၃) နှစ်အတွင်း ကြိုးစားခဲ့သမျှက သမိုင်းဝင်မယ့် အထောက်အထား ဖြစ်လာတော့မယ်”
“(၃) နှစ်လား။ အဲ့လောက်တောင် ကြာတာလား”
စွန်းချန်းပြုံး၍ စနောက်လိုက်သည်။
“မင်းကို အချိန် (၅) နှစ်ပေးမယ်။ ရအောင် လုပ်ကြည့်လေ”
အချင်းချင်းမှာ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်၍ အားမနာတမ်း ပြောဆိုမိကြ၏။
“ဟားဟားဟား”
စွန်းချန်း ရယ်မောလျက် ညကောင်းကင်ကို ငေးကြည့်မိရင်း
“ဘာရယ်တာလဲကွ”
အစ်ကိုမင်မှာ ထိုရယ်သံတွင် လှောင်နေသကဲ့သို့ ခံစားရ၍ မကျေမနပ် မေးမိ၏။
“(၅) နှစ် မလိုပါဘူးဗျာ။ အခုချက်ချင်းတောင် ပြလို့ရတယ်”
စွန်းချန်းမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဘာတွေ လာကြွားဦးမလို့လဲ”
သူ မရိုးသားမှန်းတော့ ရိပ်မိနေလေပြီ။
“ကျွန်တော့်ဆီသာ အခု လာခဲ့လိုက်။ နာရီဝက်လောက်ပဲ ကြာမှာမလား။ အဲ့လို နာရီဝက်ကြာရင် အစ်ကို ကမ္ဘာသစ်ကို တွေ့ရလိမ့်မယ်”
“မင်း ဘယ်သူ့ကို အရူးလုပ်ဖို့ ကြံနေတာလဲ”
အစ်ကိုမင် သူ့ကို မယုံချေ။
“မလာရင်တော့ အစ်ကို့ဘဝ တစ်လျှောက်လုံး နောင်တ ရနေတော့မှာနော်”
စွန်းချန်း ထိုသို့သာပြော၍ ချက်ချင်း ဖုန်းချလိုက်သည်။
ထိုစကားမျိုး သူ ပြောနေမကျသော်လည်း သက်ရောက်မှုကြီးမှန်း နားလည်ပါသည်။
အစ်ကိုမင်လည်း ထိုစကားကြောင့် မတတ်သာဘဲ လိုက်သွားရတော့၏။
ထိန်းချုပ်ခန်းထဲ၌။
စွန်းချန်းတစ်ယောက် လက်နောက်ပစ်၍ ခပ်အေးအေး လမ်းလျှောက်နေသည်။
ထိုရရှိသော ရိုင်ဖယ်အသစ်နှင့်ပင် သူတို့ပြိုင်ပွဲမှာ အလွန် တန်နေလေပြီ။
“ရှောင်းလီဆီက နောက်တစ်ယောက်ကို ဆက်ကြည့်တာပေါ့”
စွန်းချန်း ပြောလိုက်သောအခါ ဝန်ထမ်းလေးမှ ထိုမျက်နှာပြင်ကို ချဲ့ပေးလိုက်၏။
ထိုအခါ ကျောက်ရှောင်းလီနှင့် ကျောက်နန်တို့ကို တွေ့ရလေသည်။
ကျောက်နန် ပြုံးလျက်
“ဟုတ်ပါပြီ။ ကံစမ်းမဲပေါက်သွားတဲ့ ပရိသတ် အယောက် (၁၀၀) အတွက် ဝမ်းသာပါတယ်ဗျာ။ ဒါဆိုရင် အခု နံပါတ်စဉ် (၈၀) ပြိုင်ပွဲဝင်ကို ကြိုဆိုလိုက်ရအောင်နော်”
ထိုစဉ် မျက်နှာပြင် (၂) ခြမ်း ဖြစ်သွားပြီး အသက် (၂၅) ဝန်းကျင်ရှိ ခပ်ချောချော အမျိုးသားတစ်ဦး ပေါ်လာသည်။ လူငယ်လေးမှာ အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားပြီး ဆံပင်တိုတိုနှင့် အပြုံးလှလှတို့ကြောင့် ပိုဆွဲဆောင်မှု ရှိနေ၏။ သို့သော် မျက်ဝန်းများမှာတော့ အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်နေပုံ ပေါ်လေသည်။