လှောင်ဖို့လာတာ
Vol. 22 Ch. 328
ထို့အပြင် ကီလိုမီတာ (၆၀၀) ဟူသော အကွာအဝေးမှာ သူ့အတွက် ယုံကြည်ချက်အပြည့်ရှိစရာ ဖြစ်၏။
စွန်းချန်း ခဏစဉ်းစားပြီးနောက် အစ်ကိုမင်ကိုပါ ထပ်ဆက်လိုက်သည်။
“အစ်ကိုမင် ရောက်တော့မှာလား”
“အင်း ရောက်တော့မယ်။ ဘာလို့လဲ”
“ရောက်မှပဲ ကြည့်တော့။ ကျွန်တော်ကတော့ အလုပ်ရှုပ်နေမှာမို့လို့ အဖော်လုပ်စကားပြောပေးနိုင်မှာ မဟုတ်ဘူးနော်”
စွန်းချန်း ရယ်မော၍ ပြောလိုက်သည်။
“မင်း…”
အစ်ကိုမင် စွံ့အ၍ ကျန်ခဲ့၏။
ခုနကတော့ ချက်ချင်းမလာရင် နောင်တရမယ်ဆိုပြီး။ ရောက်ခါနီးမှ သူ အလုပ်ရှုပ်နေလို့ ကိုယ့်ဟာကိုယ် အဆင်ပြေအောင် ကြည့်နေရမယ်လား။
ဘာအဓိပ္ပာယ်လဲ။
“ဒီမှာ ပိုအရေးကြီးတဲ့ ပရောဂျက်တွေ့သွားလို့လေ။ ခေါင်းဆောင်လည်း အခုလာနေပြီ။ ရောက်ရင် အဆင်ပြေအောင် ကြည့်နေလိုက်နော်”
စွန်းချန်း ထပ်ပြောပြီးနောက် ဖုန်းချသွားတော့သည်။
ညမှာ တဖြည်းဖြည်း ပို၍မှောင်မိုက်လာ၏။
ထိန်းချုပ်ရေးအခန်းထဲတွင် အလင်းရောင်များ တောက်ပနေပြီး ဒုံးကျည်လောင်ချာ ကျွမ်းကျင်ပညာရှင်များ စုစည်း၍ လေ့လာဆွေးနွေးနေကြသည်။
အခန်းထဲ၌ ရှုပ်ယှက်ခတ်၍ ဆူညံနေသေး၏။
သို့သော် အပြင်မှလှမ်း၍ ကြားရခြင်း မရှိပေ။
ထို့ကြောင့် အပြင်လူများ ကြည့်လျှင် သူတို့ မည်သည်ကို အသည်းအသန် ဆွေးနွေးနေမှန်း မသိနိုင်ချေ။
ဤသို့ဖြင့် ညလေညှင်းများ တိုက်ခတ်ရင်း လိမ္မော်နီရောင် အလင်းဓာတ်ကိုပါ ယူဆောင်လာလေသည်။
…
အန်လင်းမြို့၊ လင်းကျန်အိမ်ရာ။
မနက် (၈) နာရီဝန်းကျင်တွင် လင်းချွမ်တစ်ယောက် အကြောဆန့်ရင်း အခန်းထဲမှ ထွက်လာသည်။ ထို့နောက် ဖုန်းကိုကြည့်နေရင်း သွားတိုက်လျက် ရှိသည်။
ကုမ္ပဏီနှင့် ပတ်သက်သည့် စီးပွါးရေးကိစ္စ၊ မိန်းကလေးအချို့၏ မေတ္တာရေးကိစ္စ စသဖြင့် စာများစွာ ရောက်နေလေသည်။
...
သို့သော် သူ ထိုစာများကို ဂရုမစိုက်ပါ။
လက်နက်ပြိုင်ပွဲမှ နောက်တစ်ဆင့်ရလဒ် အဖြေများကို စောင့်နေပြီး ထိုအတွက် အကြောင်းကြားစာ မတွေ့သောကြောင့် ပိုထူးဆန်းနေ၏။
သူ ပုံကြမ်းများ ပို့ထားပြီးလျှင် သေချာပေါက် နောက်တစ်ဆင့် ပါရမည်မလား။
နောက်ဆုံးအဆင့်က အားလုံးအတွက် အရေးအကြီးဆုံး ဖြစ်ပါသည်။
ထို့နောက် လင်းချွမ် စာဖတ်သူအဖွဲ့ထဲ ဝင်ကြည့်လိုက်သည်။
ထိုထဲတွင် သူ့ကို စောင့်မျှော်နေကြသူများ ရှိ၏။
[အားလုံးပဲ ဆရာလင်းကတော့ စာတွေဆက်မရေးဘဲ လက်နက်ပြိုင်ပွဲ ဝင်ပြိုင်နေပြီ]
[(၆) လတောင်ရှိနေပြီ။ အခုထိ စာအုပ်အသစ် မထွက်ဘူးလား]
[ကြားတာတော့ သူ့စာအုပ်တွေကို နိုင်ငံခြားမှာပဲ ထုတ်နေတာတဲ့]
[နိုင်ငံခြားမှာလား။ အဲ့တာကြောင့် မတွေ့တာကိုး]
[မဖြစ်နိုင်တာ။ ဆရာလင်းက လက်နက်လိုင်း ပြောင်းသွားတာလား]
[သူ့ဟာသူတော့ ဟုတ်နေတာပဲ။ ခုနလေးတင် သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်လိုက်တာ]
[သွားကြည့်လိုက်ဦးမယ်]
[…]
ပရိသတ်များမှာ လင်းချွမ်၏ ထိုယှဉ်ပြိုင်မှုကို အံ့ဩတကြီး ပြောဆိုနေကြသည်။
[မနောက်ဘူးပဲ။ တကယ်ကြီးဟ]
[သူကတော့ ပညာသားပါပါ ပြောနေတာပဲ။ ကြွားတာ တော်တယ်လေ။ ဝတ္ထုဆိုရင်တော့ တော်တော် ဖတ်လို့ကောင်းမှာ]
[သူ့စာအုပ်အသစ် ထွက်တော့မယ်လည်း ပြောသွားသေးတယ်]
[သူ အပျော်ဝင်ပြိုင်တာ နေမှာပါ]
[ဟုတ်တယ်။ အဲ့လိုပဲ နေမှာ။ အခုဆို နောက်ဆုံးအဆင့်ရလဒ်တွေ ထွက်ပြီ။ အန်လင်းက ရဲမေလည်း ပါတယ်]
[ဆရာလင်းကရော]
[သူ့နာမည်မတွေ့ရင် သူ တကယ် ကြွားနေတာမို့လို့ပေါ့]
[…]
“ကြွားတယ်လား”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“နောက်တစ်ဆင့် မရောက်နိုင်ဘူးဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ငါလုပ်ပြလိုက်တာ အရမ်းများသွားလို့လား”
သူ သေချာစဉ်းစားရင်း ဖြစ်နိုင်ခြေတစ်ခု ပေါ်လာ၏။ တစ်ဖက်မှ သူ့လက်နက်ကို စစ်ဆေးရန် အချိန်တစ်ခု ကြာပေမည်။
‘တင်း တောင်’
ထိုစဉ် တံခါးခေါင်းလောင်း မြည်လာသည်။
“ဒီလောက် မနက်အစောကြီးကို ဘယ်သူပါလိမ့်”
လင်းချွမ် တစ်ယောက်တည်း ရေရွတ်မိ၏။
ကျန်းမှာတော့ သူ့အဖေ ကျန်းမာရေးဆေးစစ်ခြင်းအတွက် မနက်စောစောတည်းက ထွက်သွားလေသည်။
လင်းချွမ် တံခါးသွားဖွင့်လိုက်ပြီးနောက် တွေ့ရသော မြင်ကွင်းကြောင့် အလွန်လန့်သွား၏။
ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ဝမ်ကျီခန်နှင့် သူ့ချစ်သူ၊ ရွှယ်ချီချီတို့ ဖြစ်ကြသည်။
“ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ”
လင်းချွမ် ရယ်မော၍ မေးလိုက်၏။
အစ်ကိုဝမ်မှ အလောတကြီး ပြေးဝင်ကာ လင်းချွမ်ကို ဖက်လိုက်ပြီး
“လင်း မတွေ့ရတာ ကြာပြီကွာ။ လွမ်းနေတာ”
“ဖယ်စမ်းပါဗျာ”
လင်းချွမ် သူ့ကို အတင်းတွန်းထုတ်၍
“အစ်ကိုက ပိုပိုပြီး တွယ်ကပ်တတ်လာတယ်နော်”
“ရှင်းရှင်းကို မေးလိုက်တော့ ရှင် အခုထိ မနက်စာ မစားရသေးဘူးဆိုလို့ အမဲသားခေါက်ဆွဲ ဝယ်လာခဲ့တယ်”
ရှန်ချန်းချန်းမှ ပါဆယ်ထုပ်ကို လှမ်းပေးရင်း ပြောလိုက်သည်။
လင်းချွမ်လည်း အားနာမနေတော့ဘဲ ချက်ချင်း စားပွဲတွင် သွားတင်ထားလေ၏။
“ရှားရှားပါးပါး လာလည်ကြတာပဲ။ ထိုင်ကြဦးလေ”
“မရှားပါဘူးကွာ။ နောက်တစ်ခါ ထပ်လာဦးမှာ”
ဝမ်ကျီခန်မှ ရယ်မော၍ ပြောလိုက်သည်။
“ကြိုလည်း မပြောဘဲ ဘယ်လိုဖြစ်ရတာလဲ။ ဘယ်သူ့ အကြံလဲ”
လင်းချွမ် အားလုံးကို ဝေ့ဝဲကြည့်၍ မေးလိုက်သည်။
ထိုအခါ ရှချင်းချင်းမှလွဲ၍ အားလုံး ခေါင်းယမ်းပြလေ၏။
လင်းချွမ်အကြည့်များ ရှချင်းချင်းထံတွင် ရပ်သွားသည်။
ရဲမေရှမှာ ဆံပင်တိုတိုလေးကြောင့် ဖြူဖွေးသော လည်တိုင်သည် ထင်းနေပြီး မျက်နှာလေးသည် နူးညံ့နေ၏။
ခြုံငုံကြည့်လိုက်လျှင် နုငယ်သော အသွင်အပြင်မှာ အလွန်သိသာလှသည်။
“ချန်းချန်းဆီက ကြားတာ ရှင်က သေနတ်ပစ် အရမ်းတော်တယ်ဆို။ အပြင်မှာလည်း သေနတ်ပစ် ပြိုင်လို့ရတယ်။ ဒီနေ့လည်း ပိတ်ရက်ဖြစ်နေတော့ လာခေါ်ကြတာ”
ရှချင်းချင်း ရယ်မော၍ ပြောလိုက်၏။
“ထူးဆန်းလိုက်တာ”
လင်းချွမ်မှာတော့ နေရခက်သွားလေသည်။
ရှန်ချန်းချန်း တောက်ပစွာပြုံးလျက်
“အမှန်တော့ ချင်းချင်းက ရှင့်ကို လှောင်ချင်လို့ လာတာ”
“ဘယ်လို”
လင်းချွမ် ရှချင်းချင်းအား အံ့ဩစွာ လှည့်ကြည့်လိုက်သည်။
ရှချင်းချင်း မျက်မှောင်ကြုတ်လျက် ရှန်ချန်းချန်းအား မျက်စောင်းထိုးလိုက်ပြီးမှ
“အဲ့လိုမဟုတ်ပါဘူး လင်းချွမ်ရယ်။ ရှင့်ကို နှစ်သိမ့်မလို့ လာတာပါ”
“ဘာကို နှစ်သိမ့်တာလဲ”
သူ နားမလည်နိုင်ပေ။
“နောက်တစ်ဆင့် မတက်နိုင်ခဲ့လို့လေ”
ရှချင်းချင်းပြောရင်း မျက်နှာလေး ညှိုးသွားသည်။
လင်းချွမ် နေရခက်သွား၏။
“လင်းရာ မင်း စောစောကပြောရင် ငါ ကူညီပေးမှာပေါ့။ အဲ့တာဆိုရင် သေချာပေါက် နောက်ဆုံးအဆင့် ရောက်တယ်”
ဝမ်ကျီခန်မှ ခပ်တည်တည်ဖြင့် ဝင်ပြောသည်။
လင်းချွမ်မှ
“အစ်ကိုဝမ်ရယ် ကျွန်တော် နောက်ဆုံးအဆင့် မတက်နိုင်ရင်တောင် ချန်းချန်းရဲ့သေနတ်ကလည်း ကျွန်တော့်အကြံဉာဏ်တွေ ပါပါတယ်”
သူ ပြောရင်း ရှန်ချန်းချန်းအား လှမ်းကြည့်လိုက်၏။
ထိုအခါ ရှန်ချန်းချန်းမှ
“ကျွန်မလည်း ရှင် ကူညီခဲ့တဲ့အကြောင်း ပြောပြပါတယ်။ ဒါပေမဲ့ သူတို့က မယုံကြဘူး”
“ယုံပါတယ်။ ရှင်ကိုယ်တိုင်တော့ နောက်ဆုံးအဆင့် မရောက်လိုက်တာ သနားလို့ပါ”
ရှချင်းချင်းမှ ပြော၏။
“ဒီလူတွေကတော့”
လင်းချွမ် မတတ်သာဘဲ ရယ်မောနေမိတော့သည်။
“ဒါနဲ့ တကယ်သိချင်လို့။ ရှင် တကယ်ကြီး နောက်ဆုံးအဆင့်ကို မပါတာလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ဘာအကြောင်းကြားစာမှ မရောက်လာဘူးလေ”
“ဟုတ်လား”
ရှချင်းချင်း သူ့ကို စနောက်ချင်သော်လည်း လင်းချွမ် နောက်တစ်ဆင့် မပါသည်ကို အံ့ဩမိပါသည်။
“ကျွန်တော် အခုပဲနိုးပြီး စာအဝင်တွေစစ်ရင်း ဘာမှမတွေ့တုန်း မင်းတို့ ရောက်လာတာပဲ”
“သိပါပြီ”
ရှချင်းချင်းမှ
“ရှင် နောက်တစ်ဆင့်ပါတာ မပါတာ အရေးမကြီးပါဘူး။ ရှင့်စာအုပ်ကိုတော့ သေချာပေါက် ဖတ်မှာသိလား။ ကျွန်မရဲ့ အဒေါ် (၇) ယောက်၊ အဘွား (၈) ယောက်ကိုလည်း subscribe လုပ်ပေးဖို့ ပြောထားပြီးပြီ”
ယခုအချိန်တွင်တော့ ရှချင်းချင်း တကယ် နှစ်သိမ့်နေခြင်း ဖြစ်လေသည်။
အစ်ကိုဝမ်လည်း လင်းချွမ်အား ပုခုံးပုတ်လျက်
“စာရေးတာက ပိုက်ဆံသိပ်မရခဲ့ပေမဲ့ အခု စီးပွါးရေး ခိုင်နေပြီပဲ။ ဒီနေ့ သေနတ်ပြိုင်ပွဲပြီးရင် လိုက်ကျွေးကွာ”
“အဲ့တာ နှစ်သိမ့်နေတာလား”
လင်းချွမ် ရယ်မောကာ ပြန်ပက်လိုက်သည်။
တင်း တောင်!
ထိုစဉ် တံခါးခေါင်းလောင်း ထပ်မြည်လာ၏။
“ရှင်းရှင်း ပြန်လာပြီလား”
ရှန်ချန်းချန်း ရေရွတ်မိသည်။
လင်းချွမ် ခေါင်းယမ်းကာ
“မဟုတ်လောက်ဘူး။ သူက ဦးလေးကျန်းနဲ့ ဆေးစစ်ဖို့ လိုက်သွားပေးတာ”
“ဒါဆို ဘယ်သူလဲ”
ရှန်ချန်းချန်း ထပ်ရေရွတ်လိုက်၏။
လင်းချွမ်လည်း မသင်္ကာ၍ မှန်ဘီလူးအပေါက်မှ ချောင်းကြည့်လိုက်ပြီး လူအုပ်စုတစ်စုကို တွေ့ရလေသည်။
သို့သော် သူ တစ်ခါမှ မတွေ့ဖူးသူများ ဖြစ်၏။