← Chapters

ပြောင်းလဲသွားသော ကံကြမ္မာ

Vol. 22 Ch. 329

ပြောင်းလဲသွားသော ကံကြမ္မာ

Vol. 22 Ch. 329

တံခါးအပြင်ဘက်တွင် လူ (၅) ယောက် ရပ်နေပြီး ခေါင်းဆောင်ဖြစ်သူမှာ အညိုရောင်ကုတ်အင်္ကျီနှင့် အောက်တွင် အဖြူရောင်ရှပ်ကို ခံဝတ်ထား၏။ အရပ် (၁၇၈) စင်တီမျှ ရှည်ပြီး မျက်နှာလေးထောင့်ကျကျနှင့် ဆံပင်ဖြူ ကျိုးတိုးကျဲတဲမှာ နဖူးစပ်တွင် ပေါက်ရောက်နေကြသည်။ 

သူ့အနောက်တွင်တော့ တပည့် (၂) ဦးမှာ လက်ဆွဲအိတ်တစ်လုံးစီကိုင်၍ ရှိနေ၏။ 

ထိုထက်အနောက်၌ အရပ်ဝတ် လူ (၂) ယောက် ရှိနေပြီး နားကြပ်များ တပ်ထားကာ မျက်လုံးများသည် တောက်ပသတိရှိနေကြသည်။ လုံခြုံရေးအစောင့်ပုံစံနှင့် တူလေ၏။ 

(၅) ယောက်လုံးကို ခြုံငုံကြည့်လျှင်တော့ အရှိန်အဝါကြီးတစ်ခုကို ခံစားရသည်။ 

“ဘယ်သူနဲ့ တွေ့ချင်လို့လဲဗျ”

လင်းချွမ် အထဲမှ လှမ်းမေးလိုက်၏။ 

သူ တံခါးကို မဆင်မခြင် ဖွင့်မိရင်း ရန်သူများဖြစ်နေလျှင် အိမ်မှဧည့်သည်များကိုပါ အန္တရာယ်ရှိစေနိုင်ပါသည်။ 

“လင်းချွမ်ရေ မင်္ဂလာပါ။ ကျွန်တော်တို့က လက်နက်ပြိုင်ပွဲရုံးက ဝန်ထမ်းတွေပါ။ ဒီမှာ အထောက်အထားကဒ်ပါ”

လက်ကိုင်အိတ်ဆွဲထားသောလူတစ်ဦးမှ သူ့ကဒ်ကို ထုတ်ကာ တံခါးမှန်ဘီလူးနား ကပ်ပြလိုက်သည်။ 

လင်းချွမ် ထိုကဒ်ကိုသေချာကြည့်ရင်း အသံမှာလည်း ကြားဖူးသလို ဖြစ်လာ၏။ 

သူ့ကို မနေ့ညက ဆက်သွယ်လာသော ဝန်ထမ်းအသံနှင့် တူလေသည်။ 

သူ မျက်ခုံးပင့်မိသွားပြီး အံ့ဩစွာ ကြည့်နေ၏။ 

လက်နက်ပြိုင်ပွဲအဖွဲ့ကနေ အိမ်အထိ လိုက်လာတာလား။ တစ်ညလုံး လာခဲ့ရမယ် ထင်တယ်။ 

မြန်သားပဲ။ 

ငါ့ အဝေးထိန်း ဒုံးကျည်လောင်ချာအကြောင်း ပြောမလို့လား။ 

“လင်းချွမ်ရေ မင်္ဂလာပါဗျ။ ကျွန်တော်က လက်နက်ပြိုင်ပွဲ အဖွဲ့အစည်းက ဒါရိုက်တာ စွန်းချန်းပါ။ ဒီမှာ ကျွန်တော့်အထောက်အထားကဒ်ပါ”

လင်းချွမ် တံခါးဖွင့်ပေးလိုက်သောအခါ ခေါင်းဆောင်ဖြစ်သူမှ သူ့ကို အထင်ကြီးလေးစားစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ 

အခြားသူများလည်း လင်းချွမ်ကို ငေးကြည့်နေမိကြသည်။ လင်းချွမ်မှာ မနက်စောစော အိပ်ရာထစဖြစ်သောကြောင့် ဘောင်းဘီတိုနှင့် မီးခိုးရောင်တီရှပ်တို့ကို ပေါ့ပါးစွာ ဝတ်ဆင်ထား၏။ မနက်အစောတည်းက ထိုကဲ့သို့ ဧည့်သည်များနေမည်ဟု မထင်ထားခဲ့ချေ။ 

ချန်းချန်း၊ ချင်းချင်း၊ ဝမ်ကျီခန်တို့ အုပ်စုအပြင် ယခုအခါ လက်နက်ပြိုင်ပွဲအဖွဲ့မှ ဝန်ထမ်းများပါ ရောက်နေကြလေပြီ။ 

“ဒါရိုက်တာစွန်း မင်္ဂလာပါဗျ။ ကျွန်တော်က လင်းချွမ်ပါ”

လင်းချွမ် ခေါင်းငြိမ့်၍ နှုတ်ဆက်လိုက်၏။ 

သူတို့ ပထမဆုံး တွေ့ဆုံဖူးခြင်း ဖြစ်သော်လည်း စွန်းချန်းမှ ရင်းရင်းနှီးနှီးပင် လင်းချွမ်ပုခုံးကို ပုတ်ကာ

“မဆိုးဘူးပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေပြီ”

“ကျေးဇူးပါ”

လင်းချွမ်ပြုံး၍ ပြန်ပြောလိုက်သည်။ 

“အခု အိမ်ထဲမှ စကားပြောလို့ အဆင်ပြေရဲ့လား”

စွန်းချန်း အိမ်ထဲ ချက်ချင်း မဝင်သေးဘဲ အရင်မေးလိုက်သည်။ 

လင်းချွမ်မှ

“ကျွန်တော့်သူငယ်ချင်းတွေ ရောက်နေတာတော့ ရှိတယ် ဒါရိုက်တာစွန်းရော အဆင်ပြေရဲ့လား”

“သူငယ်ချင်းတွေလား”

စွန်းချန်း ပြုံး၍ 

“ကျွန်တော်တို့က ရပါတယ်”

သူ့အသံမှာ နူးညံ့ညင်သာ၍ လင်းချွမ်အပေါ် လေးစားမှုအပြည့် ရှိနေသည်။ 

“ဒီသူငယ်ချင်းတွေထဲမှာ ဒါရိုက်တာစွန်း စိတ်ဝင်စားလောက်မယ့်သူလည်း ပါတယ်”

လင်းချွမ် ပြုံး၍ ထပ်ပြောလိုက်၏။ 

“ဟင်”

စွန်းချန်း အံ့ဩသွားမိသည်။ 

“မနေ့ညက ပြိုင်ပွဲမှာ အန်လင်းမြို့က ရဲမေ ရှန်ချန်းချန်းလေ။ ရိုင်ဖယ်ပုံစံသစ်ကို ဖန်တီးပြတဲ့တစ်ယောက် မှတ်မိလား”

လင်းချွမ် အစဖော်ပေးလိုက်၏။ 

ရှန်ချန်းချန်းဟုပြောလျှင် စွန်းချန်း စဉ်းစားနေရဦးမည် ဖြစ်သော်လည်း ရိုင်ဖယ်ပုံစံသစ်ဟု ကြားသောအခါ ချက်ချင်း မှတ်မိသွားပြီး

“ရိုင်ဖယ်ပုံစံသစ်လား သိတာပေါ့။ မှတ်မိတယ်။ သူရော ရှိနေတာလား”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။ 

“ဟုတ်ပါတယ်”

“ကျွန်တော် ဒီနေ့ နေရာမှန်ကို ရောက်လာတာပဲ”

စွန်းချန်းမျက်လုံးအရောင်များ တောက်ပသွားသည်။ 

“ကဲပါ အားလုံးပဲ ဝင်ခဲ့ကြလေ”

လင်းချွမ်မှ အထဲဝင်ရန် လက်ပြလိုက်သည်။ 

စွန်းချန်းတို့ ဝင်လာသောအခါ ဧည့်ခန်းထဲမှ ရှန်ချန်းချန်းတို့ လှည့်ကြည့်မိ၏။ 

အထူးသဖြင့် ရဲမေများဖြစ်သော ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့မှာ သူတို့အမူအရာများ ကြည့်ရုံဖြင့် တော်ရုံအနေအထားမဟုတ်မှန်း သိလိုက်ကြသည်။ 

“ဒါ ရဲမေရှန်ချန်းချန်းမလား”

စွန်းချန်း ရှန်ချန်းချန်းကိုတွေ့သောအခါ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးရင်း ပြုံး၍ ပြောလိုက်သည်။ 

“ဟုတ်ပါတယ်။ ရှင်က ဘယ်သူများလဲ”

သူ မှင်တင်ကာ ပြန်မေးမိ၏။ 

“ကျွန်တော်က လက်နက်ပြိုင်ပွဲ အဖွဲ့အစည်းက ဒါရိုက်တာ စွန်းချန်းပါ”

စွန်းချန်း သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ 

ထိုရာထူးကိုကြားသောအခါ ရှန်ချန်းချန်း နားထဲသို့ မိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲ ဖြစ်သွားလေသည်။ 

ထိုလူမှာ ပြိုင်ပွဲကို ကိုယ်စားပြုသည့် ရာထူးကြီးအဆင့် ဖြစ်၏။ 

“ဒါရိုက်တာစွန်း…”

ရှန်ချန်းချန်း ရုတ်တရက် စိတ်လှုပ်ရှားကာ အသံများပင် တုန်သွားသည်။ 

“ရဲမေရှန်ရဲ့ ရိုင်ဖယ်ပုံစံသစ်ကိုလည်း ကျွန်တော်တို့ ဂရုတစိုက် လေ့လာနေပါတယ်။ အစက အန်လင်းရဲစခန်းမှာ သေချာ လာတွေ့ပြီး နှုတ်ဆက်မလို့ပဲ။ ဒါပေမဲ့ လင်းချွမ်ကို လာရှာရင်း ဒီလို တွေ့လိုက်ရတာပဲ”

စွန်းချန်း မတ်တပ်ရပ်လျက်ပင် ဝမ်းသာအားရ နှုတ်ဆက်၏။ 

ရှန်ချန်းချန်းလည်း စွန်းချန်းတို့ ယခုလို ရုတ်တရက် ရောက်လာမည် မထင်ထား၍ စိတ်ထဲ ရှုပ်ထွေးနေသည်။ ဘေးတွင် လင်းချွမ် ရှိနေ၍သာ အားကိုးရာ ဖြစ်လေ၏။ 

သူ့အမူအရာကိုကြည့်၍ သဘောပေါက်ကာ လင်းချွမ်မှ ပြုံး၍

“ဒါရိုက်တာစွန်း ထိုင်ပါဦးဗျ”

“ကောင်းပါပြီ”

စွန်းချန်းပြုံး၍ ထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။ 

သူ့အနောက်မှ လက်ကိုင်အိတ်ဆွဲလာသော ဝန်ထမ်း (၂) ဦးလည်း အတူထိုင်လိုက်ကြပြီး အစောင့် (၂) ဦးမှာတော့ တံခါးဝတွင်သာ သတိရှိရှိ မတ်တပ်ရပ်နေကြသည်။ 

လင်းချွမ် အိမ်အသစ် ပြောင်းထားပြီး၍ တော်သေး၏။ 

အရင်လို ပျော်ရွှင်ခြင်းရပ်ကွက်မှ အငှါးတိုက်ခန်း၌ ဖြစ်လျှင် သေချာပေါက် လူများ ပြွတ်သိပ်စုပြုံနေတော့မည်။ 

ဘေးမှ ဝမ်ကျီခန်၊ ရှချင်းချင်းတို့မှာ အံ့ဩစွာ ငေးကြည့်နေကြ၏။ 

ရှန်ချန်းချန်းသာ လင်းချွမ်၏ အဝေးထိန်း ဒုံးကျည်လောင်ချာကိစ္စကြောင့် လာမှန်း ခန့်မှန်းမိလေသည်။ 

ကျန်သူများမှာ လင်းချွမ်၏ လက်နက်ကိုလည်း မတွေ့ဖူးထား၍ လက်နက်ပြိုင်ပွဲမှ ဒါရိုက်တာ ရောက်လာခြင်းကို လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့ သိထားသည်မှာ လင်းချွမ် နောက်ဆုံးအဆင့်သို့ မတက်နိုင်ခြင်းသာဖြစ်၏။ 

အခြေအနေမှာ ရုတ်တရက် မမျှော်လင့်ထားသည့် ကိစ္စများ ဖြစ်လာတော့သည်။ 

All Chapters