ပြီးပြည့်စုံလိုက်တာ
Vol. 22 Ch. 321
“မင်းသာဆိုရင်လည်း လူကြိုက်များမှာပါပဲ”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
“ကျွန်မတော့ ဝငိမပြိုင်ချင်ပါဘူး။ ရှင့်ကိုပဲ ကြည့်စေချင်တာ”
တိုက်ရိုက်ထုတ်လွှင့်မှုတွင်။
ကျောက်ရှောင်းလီတစ်ယောက် ရဲမေရှန်ချန်းချန်းကို တွေ့သောအခါ ပြုံးလျက်
“ချန်းချန်းရေ မင်္ဂလာပါရှင်။ ဖန်တီးထားတဲ့ လက်နက်အကြောင်းလေးလည်း ရှင်းပြပါဦး”
ပြိုင်ပွဲဝင် အလွန်များသောကြောင့် လိုရင်းကိုသာ အမြန် သွားရပါသည်။
ကျောက်ရှောင်းလီ သူ့လက်ထဲမှ အချက်အလက်စာရွက်ကိုကြည့်ကာ ရှန်ချန်းချန်း လက်နက်အား အလွန် စိတ်ဝင်စားနေသည်။
ရှန်ချန်းချန်းသည် အန်လင်းရဲစခန်းမှပင် ဖြေကြားနေခြင်း ဖြစ်၏။
“ဟုတ်ကဲ့ပါ”
သူ ခေါင်းငြိမ့်ပြ၍ စားပွဲအောက်မှ (၁၂၀) စင်တီဝန်းကျင်ရှိ ပုံးလေးတစ်ခု ထုတ်လိုက်သည်။
ထို့နောက် သူ ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်အား ကြည့်ရှုသူများအားလုံး စိတ်ဝင်စားနေကြ၏။
ထိုသေတ္တာပုံးထဲတွင် ရိုင်ဖယ်တစ်လက် ရှိနေလေသည်။
သေနတ်မှာ အနက်ရောင်ဖြစ်ပြီး အလွန်လှပသောကြောင့် ကြက်သီးထစရာ ကောင်းလှ၏။
ရှန်ချန်းချန်းမှ ချက်ချင်းလှမ်းယူ၍ ပစ်လိုက်တော့မလိုပင် ခံစားရသည်။
[ရိုင်ဖယ်က မိုက်လိုက်တာ]
[မှုခင်းစစ်ဆေးသူဆိုတဲ့အတိုင်းပဲ။ လူလှသလောက် သူဖန်တီးတဲ့ ရိုင်ဖယ်ကလည်း လုံးဝ ဆွဲဆောင်မှု ရှိတယ်။ ပညာရှင်အစစ်ဆိုတာ ဒီလိုမှပေါ့]
[ဒီလိုရဲမေရှိနေတာကို အန်လင်းမှာ ပြဿနာရှာရဲတဲ့သူ ရှိသေးလား]
[အာ အစိတ်အပိုင်းတွေကအစ… အရမ်း ပညာရှင်ဆန်တာပဲ]
[တကယ် တစ်ခုခုပဲ]
[…]
ရှန်ချန်းချန်းကတော့ ကောမန့်များကို သတိမထားမိဘဲ ရိုင်ဖယ်ကို ကိုင်လျက် စရှင်းပြလေသည်။
“ကျွန်မ ဖန်တီးထားတဲ့ ဒီရိုင်ဖယ်က အထူးသေနတ်ပုံစံပါ။ အဲ့တာကြောင့် ရိုးရိုး ရိုင်ဖယ်လိုရော၊ sniper လိုပါ သုံးလို့ရပါတယ်”
သူပြောနေရင်း သေနတ်အား ဖြုတ်ပြတပ်ပြနေသည်။
သူ့ပုံစံမှာ ထိုလက်နက်နှင့် အလွန်ရင်းနှီးနေပုံ ပေါ်ပါသည်။
ရှန်ချန်းချန်း၏ လက်ချောင်းများ လှုပ်ရှားမှု ရပ်သွားသောအခါ live တွင် sniper ရိုင်ဖယ်တစ်လက်ကို တွေ့ရသည်။
ကြည့်ရှုနေသူများမှာလည်း ရုတ်တရက် နားမလည်နိုင် ဖြစ်သွား၏။
[ခုနက ရိုင်ဖယ်က ဒီလိုပုံ မဟုတ်ပါဘူး]
[သူ တပ်ဆင်ပြတာက မိုက်လိုက်တာ]
[နေဦး။ ဒီလိုရိုင်ဖယ်မျိုး ဈေးကွက်မှာ မတွေ့ဖူးဘူးနော်]
[…]
ပရိသတ်များသာမက ကျောက်နန်နှင့် ကျောက်ရှောင်းလီတို့လည်း ထိုသို့ ခံစားနေရပါသည်။
ကျောက်ရှောင်းလီ ထိုပြောင်းလဲမှုကို သေချာ မလွတ်တမ်း ကြည့်မိလိုက်သည်။
သို့သော် အလွန်လျင်မြန်၍ သေသပ်လွန်း၏။
သူ စိတ်ဝင်တစားဖြင့် ကိုယ်ကိုကိုင်းကာ ကြည့်မိသည်။
“ချန်းချန်းရေ ချန်းချန်းရဲ့ ရိုင်ဖယ်က ပုံမှန်ကနေ sniper ပုံစံ ပြောင်းသွားတယ်နော်။ တခြား အသွင်အပြင် ရှိသေးလား”
ရှန်ချန်းချန်းပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး
“ရပါတယ်။ အလိုအလျောက် ရိုင်ဖယ်အဖြစ်လည်း ပြောင်းလို့ ရပါသေးတယ်”
ကျောက်ရှောင်းလီ သက်ပြင်းချမိကာ ဘေးမှ ကျောက်နန်အား တစ်ခုခု ခပ်တိုးတိုး လှည့်ပြောလိုက်ပြီးနောက် live မှ ထွက်သွားလေသည်။
ထို့နောက် ကျောက်နန်မှ နှစ်ယောက်စာ တာဝန်ယူ၍
“ရှန်ချန်းချန်းခင်ဗျာ ဒီလို အမျိုးမျိုး သုံးလို့ရတာအပြင် တခြား ထူးခြားတာရော ရှိသေးလားဗျ”
ရှန်ချန်းချန်း သေနတ်မျက်နှာပြင်မှ အစင်းကြောင်းကို ပြ၍
“ဟုတ်ကဲ့။ ဒါကတော့ အသေးစိတ်လမ်းကြောင်းလို့ ခေါ်ပါတယ်။ စက်ကတစ်ဆင့်ကြည့်တာ၊ မျက်လုံးနဲ့ တိုက်ရိုက်ကြည့်တာ၊ ရောင်ခြည်အောက် ကြည့်တာဆိုပြီး အမျိုးမျိုး ရပါတယ်။ နောက်ပြီး ကျွန်မ ကျည်ကဒ်ကို အကြည်ရောင်သုံးထားတယ်။ ပစ်တဲ့သူရဲ့ လက်အတိုအရှည်ပေါ် လိုက်ပြီး ညှိလို့ရတာမျိုးပေါ့။ ကျွန်မ အခု ပြပေးပါမယ်”
ကျောက်နန် ခေါင်းငြိမ့်ပြ၍
“ကောင်းပါပြီ။ ပြပေးပါဦးဗျ”
ထိုစဉ် ကောမန့်၌ ဆူညံသွားကြပြန်သည်။
[ဒီလိုသေနတ်မျိုး ဘယ်သူမှ မကိုင်ဖူးဘူးမလား။ ပုံမှန်ဆို အမျိုးအစား (၉၅) ထဲကပဲ တွေ့ရတာ]
[တကယ်လို့လေ တကယ့်ကို တကယ်လို့ ဒီသေနတ်သာ အောင်မြင်သွားပြီး သုံးလို့ရရင် တကယ့် အဆင့်ရှိတဲ့လက်နက် ဖြစ်လာမှာပဲ]
[အခုမှ ဝင်ကြည့်တာ။ တစ်ချက်တည်းနဲ့ ဆွဲဆောင်သွားတာပဲ]
[လက်ရှိမှာ ပြည်တွင်းသေနတ်တွေထဲ ဒီလိုမရှိသေးဘူး]
[တကယ့်ပညာရှင်တွေက လူတွေကြား ရှိနေတာပဲ]
[သူကတော့ ပါရမီရှင် ဖြစ်မယ်]
[ရှောင်းလီ ထွက်သွားပြီ]
[အထက်ကို ချက်ချင်း သွားတင်ပြနေတာ ဖြစ်မယ်။ သေနတ်ကလည်း တော်တော် ထူးဆန်းလွန်းတာကိုး]
[…]
ပရိသတ်များမှာ စစ်လက်နက်အကြောင်း အလွန် စိတ်ဝင်စား၍ အတော်လေး နားလည်နေကြသည်။
သူတို့အတွေး မှန်ပါသည်။
ကျောက်ရှောင်းလီ ထိုနေရာမှ ထွက်သွားပြီး သူ့အထက်လူကြီး စွန်းချန်းကို သွားတွေ့ခြင်း ဖြစ်၏။
“ဒါရိုက်တာ ကျွန်မတာဝန်ယူထားတဲ့ ပြိုင်ပွဲဝင်တွေထဲက သေနတ်တစ်လက်တည်းနဲ့ အမျိုးမျိုး သုံးလို့ရအောင် ပြသတာ ရှိနေပါတယ်”
ကျောက်ရှောင်းလီ အမောတကော ပြေးလာပြီး ပြောလိုက်၏။
“သေနတ်တစ်လက်တည်းနဲ့ အမျိုးမျိုး သုံးတာလား”
စွန်းချန်း မျက်ခုံးပင့်လိုက်မိသည်။
သူ ထိန်းချုပ်ခန်းထဲ ထိုင်နေရင်း live အမျိုးမျိုးကို စောင့်ကြည့်နေသည်။
ထို့ကြောင့် အားလုံး တည်ငြိမ်မှု ရှိမရှိသာ ခြုံကြည့်၍ အသေးစိတ်များကို သတိမထားမိပေ။
ကျောက်ရှောင်းလီ စကားကြောင့် ချက်ချင်းပင်
“Live နံပါတ် (၂) ကို အခု ပြောင်းပေးပါ”
ဝန်ထမ်းလေးမှ နံပါတ် (၂) မျက်နှာပြင်ကို အကျယ်ချဲ့ပေးလိုက်သည်။
ထို့နောက် စွန်းချန်း သေချာကြည့်၍
“ပြည်တွင်း ရဲဝန်ထမ်းပဲ။ ငယ်ရွယ်ပြီး သွက်လက်တယ်။ သူ့လက်ထဲက သေနတ်က…”
သူပြောနေရင်း သေနတ်ကို အာရုံစိုက်မိသောအခါ ချက်ချင်း တိတ်ဆိတ်သွားလေ၏။
ထို့နောက် သက်ပြင်းချကာ မျက်မှောင်ကြုတ်ထားမိသည်။
“ဘာလို့လဲ ဒါရိုက်တာ”
ကျောက်ရှောင်းလီ အံ့ဩစွာ မေးလိုက်၏။
စွန်းချန်း သူ့အမေးကို ပြန်မဖြေဘဲ သေနတ်ကိုသာ စိုက်ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အသေးစိတ်မှန်ပြောင်း၊ လုံခြုံရေးစနစ်၊ အလိုအလျောက် တပ်ဆင်မှု တကယ်ပဲ။ ပြီးပြည့်စုံလိုက်တာ”
ထို့နောက် ကျောက်ရှောင်းလီအား လှည့်ကြည့်၍
“အခု တိုက်ရိုက်ထုတ်လွှင့်မှုဆီ ပြန်သွား။ ပြီးရင် သူ့ကို ဆက်သွယ်ဖို့ လုပ်ပါ”