← Chapters

ပြောင်းပြန် ဖြစ်နေမယ်

Vol. 22 Ch. 322

ပြောင်းပြန် ဖြစ်နေမယ်

Vol. 22 Ch. 322

အဓိက ထိန်းချုပ်ရေးအခန်းထဲတွင်။ 

လက်နက်ပြိုင်ပွဲ အချက်အလက်ဌာနမှ ဒါရိုက်တာ စွန်းချန်းသည် အရပ် (၆) ပေနီးပါးမြင့်ပြီး ဒီဇိုင်နာချုပ် အနောက်တိုင်းဝတ်စုံအနက်ကို အဖြူရောင်ရှပ်အင်္ကျီ ခံ၍ ဝတ်ထားသည်။ သူ့ပုခုံးကျယ်ကျယ်၊ ကျောရိုး မတ်မတ်နှင့် ဆံပင်တိုတိုတို့မှာ သပ်ရပ်သန့်ရှင်းနေ၏။ နဖူးအစပ်တွင် အနည်းငယ်ပေါ်နေသော ဆံဖြူများမှာတော့ အသက်အရွယ်ကြောင့် မဟုတ်ဘဲ အလုပ်ကြာရှည်လုပ်ရင်း စိတ်ဖိစီးမှုကြောင့်ဟု ထင်ရသည်။ 

သူ အရှေ့မှ မျက်နှာပြင်ကိုကြည့်ရင်း ရှန်ချန်းချန်း လက်ထဲရှိ သေနတ်ကို အာရုံစိုက်နေသည်။ 

သူ့အတွက်တော့ အနုပညာလက်ရာတစ်ခုကဲ့သို့ ထင်မှတ်ရလေသည်။ 

“ဟုတ်ကဲ့။ ကျွန်မ အခု သွားလိုက်ပါမယ်”

ကျောက်ရှောင်းလီ ချက်ချင်း ပြန်ပြေးထွက်သွား၏။ 

စွန်းချန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျန်ခဲ့ရင်း စိတ်ထဲတွင် အလွန်ဝမ်းသာနေမိသည်။ 

“ဒီရဲမေရဲ့ သေနတ်က အခုထိတော့ အကောင်းဆုံးပဲ။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးလက်နက်လို့တောင် ပြောလို့ရတယ်”

အချက်အလက်ဌာန၏ ဒါရိုက်တာတစ်ယောက် အနေဖြင့် လုပ်ပိုင်ခွင့် အပြည့်အဝ မရှိသော်လည်း သူ့အချက်အလက် စုဆောင်းရေး အတွေ့အကြုံများအရ ချက်ချင်း သဘောပေါက်လွယ်ကာ အတိအကျ ဆုံးဖြတ်နိုင်သည်။ 

ယခုအခါ ရှန်ချန်းချန်း၏ ရင်သပ်ရှုမောဖွယ် လက်ရာကိုတွေ့ကာ ချက်ချင်း လုပ်ငန်းစရသည်။ အန်လင်း၌ မရှိသေးသော သေနတ်ကို တွေ့ရသောကြောင့် ညတွင်းချင်းပင် အဖွဲ့နှင့်အတူ ဆက်သွယ်ကာ ရှန်ချန်းချန်းထံ သွားရတော့မည်။ ပြီးမှ သူ့ဆီက အသေးစိတ် ထပ်နားထောင်ကြည့်ရမည် ဖြစ်၏။ 

ထို့အပြင် သူ အဖွဲ့အစည်းထဲမှ လက်နက်ကျွမ်းကျင်သူများကိုပါ ခေါ်၍ အချက်အလက်နှင့် နည်းပညာများ စစ်ဆေးရဦးမည်။ 

အားလုံး အောင်မြင်သွားမှ ထုတ်လုပ်ရေးအဖွဲ့ကို ဆက်သွယ်ပူးပေါင်းကာ အတိအကျ ဆွေးနွေး ထုတ်လုပ်ရမည် ဖြစ်သည်။ 

ဒိုင်း ဒိုင်း ဒိုင်း!

စွန်းချန်း ရှန်ချန်းချန်းလက်ထဲမှ သေနတ်ကိုကြည့်ရင်း လက်ညှိုးလေးကွေးလျက် သေနတ်ပစ်သည့်ပုံ လုပ်နေ၏။ သူကိုယ်တိုင် ကိုင်တွယ်ကြည့်ချင်နေပါသည်။ 

ထို့နောက် သက်ပြင်းချကာ စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ 

ထိုအချိန်တွင် ကျောက်ရှောင်းလီမှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ ပြန်ရောက်ကာ စိတ်ငြိမ်အောင် ထိန်းပြီးမှ ကျောက်နန်အား အချက်ပြ ခေါင်းငြိမ့်ပြလိုက်သည်။ 

ကျောက်နန် ချက်ချင်း သဘောပေါက်သွားပြီး ရှန်ချန်းချန်းနှင့် စကားထိန်းပြောနေသည်။ 

“ရှန်ချန်းချန်းရဲ့ တီထွင်မှုက အရမ်းပြီးပြည့်စုံပါတယ်။ အခုဆိုရင် မိတ်ဆက်ရမယ့်အချိန် ပြည့်သွားပြီဖြစ်လို့ ဒိုင်တွေကနေ သေချာ အမှတ်ပေးအကဲဖြတ်နေပါပြီ။ အမှတ်တွေကိုတော့ ပထမအဆင့် ပြီးတဲ့အခါ ပြန်ထုတ်ပေးသွားပါမယ်။ စောင့်နေပေးပါဦးနော်”

“ဟုတ်ကဲ့ပါ”

ရှန်ချန်းချန်း ခေါင်းငြိမ့်၍ ပြန်ဖြေပြီးနောက် ရုပ်သံမှ ထွက်သွားလေသည်။ 

ကျောက်ရှောင်းလီ ပြန်ဝင်လာပြီး ပြုံး၍

“စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေ အားလုံးပဲ။ ဒီလိုမျိုး လက်နက်ပြိုင်ပွဲကို အားပေးကြတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကြည့်ရှုသူတွေထဲက အယောက် (၁၀၀) ကိုလည်း ကံစမ်းမဲဖောက်ပေးသွားဦးမှာပါ။ လက်ဆောင်ကတော့ ကျန်းနံပါတ် (၁၀) လေယာဉ် ပုံစံငယ်လေးပဲ ဖြစ်ပါတယ်ရှင်”

စစ်ခက်နက် ဝါသနာရှင်များမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ 

ရှန်ချန်းချန်း၏ ဒီဇိုင်းကိုလည်း လူတိုင်းနီးပါး အတော် သဘောကျကြ၏။ 

[ငါ့အထင်တော့ ဒီရဲမေ နိုင်မယ်ထင်တယ်]

[ငါ ပွဲတစ်လျှောက် အကုန်ကြည့်လာတာ အမှန်အတိုင်းပြောရရင် သူ့ဒီဇိုင်းက အမိုက်ဆုံးပဲ]

[ပညာရှင်လည်း ဆန်တယ်။ တကယ် ကျွမ်းကျင်အဆင့်ပဲ]

[ဒီမိန်းကလေးရဲ့အနာဂတ်က မတွေးရဲစရာပဲ]

[ဒါကို သူကိုယ်တိုင် ဆွဲခဲ့တာလား]

[တကယ်သာဆိုရင် ကြောက်စရာပဲ]

[ပါရမီရှင် လုံးဝ ပါရမီရှင်]

[…]

အန်လင်းရဲစခန်းထဲ၌။ 

ရှန်ချန်းချန်း သက်ပြင်းချလိုက်မိ၏။ 

သူ အခုထိ စိတ်လှုပ်ရှားနေဆဲပင်။ 

ကြည့်ရှုသူ ဤမျှများမည်ဟု သူ မထင်ခဲ့ပါ။ 

ရင်ထဲတွင် နှလုံးခုန်သံ တဒိန်းဒိန်းကို ကြားနေရလေသည်။ 

ကံကောင်းစွာဖြင့် လင်းချွမ်၏ ကူညီအကြံပေးမှုများကြောင့် ယုံကြည်ချက်ရှိရှိ တင်ပြနိုင်ခဲ့၏။ 

“တော်လိုက်တာ ချန်းချန်းရယ်”

ရှချင်းချင်း သူ့သူငယ်ချင်းကိုကြည့်ရင်း ဂုဏ်ယူစွာ ပြောလိုက်၏။ 

သူ့တင်ဆက်မှုကို လုပ်ဖော်ကိုင်ဖက်များအားလုံး အတူ အားပေးကြည့်ရှုနေကြသည်။ 

“အဲ့သေနတ် ပြပါဦး”

ဟူတာချန်းမှ ပြောလိုက်၏။  

သူ ဟန်ဆောင်မနေနိုင်တော့ဘဲ ရှန်ချန်းချန်းထံမှ သေနတ်ကို မျက်လုံးအရောင်များ လက်ကာ ကြည့်နေသည်။ 

ထို့နောက် ဂရုတစိုက် ထိတွေ့ရင်း ပီတိစိတ်များ တဖွားဖွား ပေါ်နေ၏။ 

ရှချင်းချင်း ရယ်မော၍

“ချန်းချန်း နင့်သေနတ်က တကယ် ချီးကျူးခံနေရတာနော်”

“ငါက တကယ့်အစစ်မဟုတ်မှန်း သိရဲ့သားနဲ့”

ရှန်ချန်းချန်း ဘဝင်မမြင့်ဘဲ နှိမ့်ချစွာ ပြောလိုက်သည်။ 

သူ လင်းချွမ်ထံမှ အကူအညီတောင်း၍ အတူတူ ကြိုးစားခဲ့ကြောင်း မဖုံးကွယ်ထားပေ။ 

“သူ့အကြောင်းကို ပြောနေတာလား”

ရှချင်းချင်း ရယ်မော၍ စနောက်လေ၏။ 

“နင်ပြီးရင်သူအလှည့်နော်။ နင်က နောက်တစ်ဆင့် တက်သွားပြီး ပထမတွေရ။ သူကတော့ နောက်တစ်ဆင့်တောင် မတက်ဖြစ်လိုက်တာမျိုး ဆိုရင်တော့ ဒုက္ခပဲနော်”

“ဒါဆိုရင် သူ့ကို ဆူရမှာပေါ့”

တကယ် ထိုသို့ ဖြစ်ခဲ့လျှင် ရှန်ချန်းချန်း တစ်ယောက်တည်း ခံစားမည် မဟုတ်ပါ။ 

သို့သော် သူ ဒုံးကျည်လောင်ချာကို သေချာ တွေ့ဖူးထား၏။ 

အလွန် လေးစားအထင်ကြီးစရာ ကောင်းပါသည်။ 

“အဲ့လိုဖြစ်ရင် လာပြောပါဦး။ ငါလည်း ကြည့်ချင်လို့”

ရှချင်းချင်း ရယ်မော၍ ပြော၏။ 

ထို့နောက် လင်းချွမ် တစ်ခါမှ မလွဲဖူးသည်ကို သတိရသွားသည်။ 

တကယ်သာ အဲ့လိုဖြစ်ရင် အရင်ဆုံး စရဦးမယ်။ ပြီးမှ နှစ်သိမ့်တာပေါ့။ 

“ချန်းချန်း ဒီသေနတ်ကို ဘယ်လိုတောင် ဒီဇိုင်းဆွဲခဲ့တာလဲ”

ဟူတာချန်း နားမလည်နိုင်စွာ မေးလိုက်လေသည်။  

All Chapters