တိကျပါတယ်
Vol. 22 Ch. 325
တိုက်ရိုက်ထုတ်လွှင့်မှုတွင်။
ကျောက်ရှောင်းလီမှာ သေချာ လေ့ကျင့်ထားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အလျောက် ပြိုင်ပွဲဝင်တိုင်းကို တလေးတစား ဆက်ဆံလေ့ ရှိသည်။ လင်းချွမ်မှ သူ့ အဝေးထိန်း ဒုံးကျည်လောင်ချာကို ကီလိုမီတာ (၆၀၀) အထိ သက်ရောက်နိုင်သည် ပြောနေသည်အား ကြွားသည်ဟု ထင်သော်လည်း ပြုံးလျက်ပင်
“လင်းချွမ်ရေ မင်္ဂလာပါ။ လက်ရှိမှာ သက်ရောက်မှုအများဆုံး အကွာအဝေးတောင် ကီလိုမီတာ (၃၀၀) ပဲ ရှိတာဆိုတော့လေ ရှင့် လက်နက်က တကယ်ပဲ ကီလိုမီတာ (၆၀၀) ဆိုတာ သေချာရဲ့လား”
ကျောက်ရှောင်းလီမှ ယဉ်ကျေးစွာဖြင့် သတိပေးသလို ပြောလိုက်သည်။
သူ လင်းချွမ်၏ အပြောမှာ အလွန်ပိုနေသည်ဟု သူ့ကိုယ်သူ သတိထားမိစေချင်ပါသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ညာဘက်ဘေးအကွက်မှ လင်းချွမ်သည် ခပ်အေးအေးပင် ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။
“သေချာပါတယ်ဗျ”
ကျောက်ရှောင်းလီ မျက်မှောင်ကြုတ်မိသွားသည်။
ကြည့်ရှုသူ ပရိသတ်များနှင့် ဒိုင်လူကြီးများပါ မည်သို့ တွေးနေ၊ ဆွေးနွေးနေကြမည်ကို ခန့်မှန်းကြည့်နိုင်၏။
သို့သော် အရေးမကြီးလှပါ။
ပြိုင်ပွဲတစ်ခုတွင် ထိုကဲ့သို့ ထူးခြားသော အခြေအနေကို ဖန်တီး၍ ကြွားဝါသူများ ပါတတ်၏။ မဟုတ်လျှင်လည်း ပွဲမှာ ပျင်းစရာကောင်းနေတော့မည်။
“အခု လက်နက်ကို ပြပေးပါဦးနော်”
ကျောက်ရှောင်းလီမှ လက်လေးပြ၍ ပြောလိုက်သည်။
“ဟုတ်ကဲ့ဗျ”
လင်းချွမ် နူးညံ့စွာပြုံးလျက်ရှိ၏။
သူ ပုံရိပ်ယောင်လောကများ၌ အတွေ့အကြုံများစွာ ကျော်ဖြတ်ပြီးနောက် တော်ရုံအခြေအနေကို မမှုတော့ချေ။
ယခုလို ပြိုင်ပွဲမှာလည်း ထူး၍ စိတ်လှုပ်ရှားစရာမရှိ ဖြစ်၏။
သူ့ကင်မရာကို အနေအထားညှိ၍ တစ်မီတာဝန်းကျင်ရှိ ဒုံးကျည်လောင်ချာကို ထုတ်ပြလိုက်သည်။
လင်းချွမ်မှာ ဧည့်ခန်းထဲ၌ ရှိနေပြီး ရွှေရောင် မီးအလင်းရောင်အောက်တွင် အဝေးထိန်း ဒုံးကျည်လောင်ချာသည် ငွေရောင်မျက်နှာပြင် ဝင်းလက်နေ၏။
လက်နက်ကိုယ်ထည်ကို သတ္ထုပေါင်းစပ်၍ ပြုလုပ်ထားခြင်း ဖြစ်လေသည်။
အပေါ်နား၌ ပြွန်ချောင်းများ အထက်ဘက်သို့ ဦးတည်နေပြီး အောက်ဘက်တွင် ငွေရောင်အတုံးလေး ရှိသည်။ ထိုနေရာတွင် လက်နက်လောင်စာများ စုထားခြင်း ဖြစ်၏။
တစ်ခုတည်းသော အားနည်းချက်မှာ အောက်ခြေတွင် ပြီးပြည့်စုံခြင်း မရှိ၍ပင်။
လင်းချွမ်ဒီဇိုင်းမှာ ထုထည်ကြီးမားသည့် ကုန်ကြီးများနှင့် ဆက်ထားရပြီး ယခုအခါ ဒိုင်နှင့် ပရိသတ်များကို ပြရသည့် ပုံစံငယ် ဖြစ်သောကြောင့် ထိုအစိတ်အပိုင်းကို မထည့်ထားခြင်း ဖြစ်သည်။
ပရိသတ်များမှာတော့ ရင်တွင်းစကားများ ဖွင့်ဟကြပြန်၏။
[သူ့ပုံစံငယ်က လက်တွေ့တော့ ကျသားပဲ]
[သူ့မှာ တကယ် အရည်အချင်းတော့ ရှိတယ်။ ဒုံးကျည်လည်း တကယ် ပစ်လို့ရနိုင်တယ်]
[ကီလိုမီတာ (၆၀၀) ဆိုတာတော့ အာရုံစိုက်ခံရအောင် တမင်ပြောတာ နေမှာ။ အွန်လိုင်းစာရေးဆရာတွေက လှည့်စားတာ တော်တယ်လေ]
[သိုးရေခြုံပြီး ခွေးသားရောင်းနေတဲ့ပုံမလား]
[ဒုံးကျည်လောင်ချာတွေက သူထင်သလောက် မရိုးရှင်းဘူးလေ]
[…]
အချို့မှာ အပျော်ကြည့်၍ ဝေဖန်နေခြင်းဖြစ်ပြီး ပညာရှင်များမှာတော့ နည်းပညာကို ဂရုစိုက်နေကြသည်။
ကျောက်ရှောင်းလီလည်း ပို၍လေးနက်သော အမူအရာ ဖြစ်သွားသည်။
လင်းချွမ်၏ လောင်ချာပုံစံငယ်အား
အသေးစိတ် ကြည့်ရှုရန် ကိုယ်ကိုကိုင်း၍ မျက်နှာပြင်နား နီးလာ၏။
ပုံစံငယ်မှာပင် အလွန်ဂရုစိုက်ထားမှန်း သိသာသည်။
လင်းချွမ်မှ စ၍ မိတ်ဆက်ပေးလေသည်။
“ကျွန်တော် ဖန်တီးထားတဲ့ ဒုံးကျည်လောင်ချာကတော့ သေတ္တာပုံး ပုံစံဖြစ်ပါတယ်။ သူ့ရဲ့အဓိကအချက်ကတော့ မီးစနစ်နဲ့ ဒီဇိုင်းဆွဲထားတာပါ”
ကျောက်ရှောင်းလီ မျက်မှောင်ကြုတ်ကာ ပြိုင်ပွဲဝင်၏ စကားများကို မှတ်သားရင်း
“အဲ့ဒီ မီးစနစ်ကိုရော အသေးစိတ် ရှင်းပြပေးနိုင်မလားရှင့်”
“ရပါတယ်”
လင်းချွမ် တက်ကြွစွာဖြင့် ဆက်ရှင်းပြသည်။
“ပြောရရင် ဒီဒုံးကျည်လောင်ချာက အောက်ခံကို လဲလိုက်တာနဲ့ အမျိုးမျိုး ပစ်မှတ်ပြောင်းနိုင်ပြီး အကွာအဝေးလည်း အမျိုးမျိုး ရှိပါတယ်”
ကျောက်ရှောင်းလီ အာရုံစိုက်ကြည့်လျက်
“လင်းချွမ်ရဲ့ လောင်ချာက ဘယ်လိုမျိုး ပြောင်းလို့ ရတာလဲ။ အကွာအဝေးရော ဘယ်လောက်အထိ ရှိတာလဲ”
လင်းချွမ်မှာ သူ့လက်နက်အကြောင်း ကျွမ်းကျင်ရေလည်နေသောကြောင့် ခပ်အေးအေးပင်
“(၃၀၀) မီလီမီတာ ဒုံးကျည်ဆိုရင် ကီလိုမီတာ (၇၀) သက်ရောက်နိုင်ပါတယ်။ (၃၇၀) မီလီမီတာဆိုရင် (၃၇၀) ကီလိုမီတာနဲ့ နောက်ဆုံး (၇၅၀) မီလီမီတာ အစိတ်အပိုင်းဆိုရင်တော့ ကီလိုမီတာ (၆၀၀) အထိ သက်ရောက်မှာပါ”
ကျောက်ရှောင်းလီ လက်နက်ကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။
အခြားသူများ နားမလည်လျှင်ပင် သူကတော့ ကောင်းကောင်း ရင်းနှီးပြီးသား အကြောင်းအရာများ ဖြစ်ပါသည်။
သူ့အထူးပြုဘာသာရပ်မှာ လက်နက်ထုတ်လုပ်ရေး အင်ဂျင်နီယာ ဖြစ်ပြီး ဒုံးကျည်အကြောင်း အသေးစိတ် လေ့လာထား၏။
လင်းချွမ်၏ ပေါ့ပါးသော တုံ့ပြန်မှုကြောင့် ကျောက်ရှောင်းလီ ခဏတာ မှင်တက်နေမိလေသည်။
ထို့နောက်မှ သက်ပြင်းချလိုက်၏။
“ရှင့်ဒီဇိုင်းမှာ (၇၅၀) မီလီမီတာနဲ့လည်း ရတယ်လို့ ပြောခဲ့တယ်နော်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ဟုတ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေနဲ့ ထုတ်လုပ်ဖို့မလွယ်လို့ပါ။ အဆင်ပြေမယ်ဆိုရင် ပုံကြမ်းတော့ ပို့ပေးလို့ ရပါတယ်”
ကျောက်ရှောင်းလီ လင်းချွမ်၏ တည်ကြည်သော အကြည့်များကိုကြည့်ရင်း ရင်ခုန်သံများပင် မြန်လာသည်။
အစပိုင်း၌ အထင်သေးခဲ့မှုအတွက်လည်း နောင်တရချင်လာ၏။
အွန်လိုင်းစာရေးဆရာတစ်ယောက်၏ ကီလိုမီတာ (၆၀၀) သက်ရောက်နိုင်သော ဒုံးကျည်လောင်ချာ ဖန်တီးမှုကို မယုံကြည်ခဲ့သည်မှာ သိပ်တော့ မဆန်းလှပေ။
သို့သော် သူတို့ စကားပြောနေရင်း ပိုသိလာ၏။
လင်းချွမ်၏ ယုံကြည်ချက်အပြည့်ရှိနေသော မျက်လုံးများကြောင့် ခန္ဓာကိုယ်မှာ အရှိန်အဝါတစ်ခု ပေါ်ထွက်နေသလိုပင်။
ထို့ကြောင့် သူ့အပေါ် မယုံကြည်ခြင်းများလည်း ဝေဝါးလာ၏။
လင်းချွမ်၏ လောင်ချာမှာ အမှန်တကယ် ကီလိုမီတာ (၆၀၀) အထိ မသက်ရောက်နိုင်လျှင်ပင် သူ့တွင် အဆင့်မြင့် အရည်အချင်း ရှိနေသည်ကိုတော့ ဝန်ခံရမည်။
လင်းချွမ် သူ့အမူအရာကို ရိပ်မိကာ ပြုံးလျက်
“ကျွန်တော် တီထွင်ထားတဲ့ လက်နက်က အတိကျဆုံး စစ်ဆေးထားပြီးသားပါ”
“ဒါဆို (၇၅၀) မီလီမီတာနဲ့ဆိုရင် ကီလိုမီတာ (၆၀၀) အထိ သက်ရောက်မှာဆိုတော့ စနစ်ကရော ဘယ်လိုလုပ်ထားလဲရှင့်”