စက်ရုံသွားကြမယ်
Vol. 23 Ch. 332
“လက်နက် လေ့လာရှာဖွေရေးအဖွဲ့လား”
သူ စွန်းချန်းအား အံ့ဩစွာ လှည့်ကြည့်လိုက်သည်။
“မင်းလို အရည်အချင်းရှိတဲ့သူမျိုးကို လိုအပ်နေတာလေ”
စွန်းချန်းမှ လေးနက်စွာ ပြောလေသည်။
ထိုကဲ့သို့ ထူးချွန်သူကို လက်လွှတ်ရပါက နောင်တကြီးကြီး ရနိုင်၏။
သို့သော် ထင်သည့်အတိုင်း လင်းချွမ် ငြင်းလိုက်သည်။
“အစ်ကိုစွန်း ကျွန်တော်က ဒီလိုအေးအေးဆေးဆေး နေတဲ့ဘဝမှာပဲ နေသားကျနေပါပြီ။ ဒီလိုမျိုးတွေ တာဝန်ကြီးကြီး မယူရဲဘူးဗျ”
စွန်းချန်း ရယ်မောလျက်
“ဒီလိုရာထူးမျိုးက မင်းပုံမှန်ဘဝကို မထိခိုက်ပါဘူးကွ။ ပိုတောင် အဆင်ပြေလာဦးမယ်”
ထို့နောက် ဆက်၍
“လင်း ငါသိသလောက်တော့ မင်း ဒီဘက်မှာ အရမ်းကြီးကြီးမားမား လုပ်နေတာ မရှိပါဘူး။ ငါတို့ဆီလာရင် နည်းပညာရှင်ခေါင်းဆောင်အဖြစ် ခန့်ပေးဖို့ အာမခံတယ်”
သူ လင်းချွမ်စိတ်ဝင်စားမှု မြင့်တက်စေရန် ဆွပေးလိုက်သည်။
“အစ်ကိုစွန်းကတော့ တကယ် မြှောက်ပေးနေတာပဲ”
“ဒါပေါ့။ အထူးအရည်အချင်း ရှိတဲ့သူကို အထူးအခွင့်အရေးနဲ့ ဆက်ဆံရမယ်။ စည်းမျဉ်းတွေက ဒီလိုပဲလေ”
“ဟုတ်ကဲ့ပါဗျာ။ ကျွန်တော် သေချာလေး ထပ်စဉ်းစားကြည့်ပါ့မယ်”
“ကဲပါ။ စက်ရုံကို အရင်သွားကြည့်ကြတာပေါ့”
ထို့နောက် လင်းချွမ်ရှေ့မှ ဦးဆောင်သွားရင်း ဓာတ်လှေကားမှ ဆင်းသောအခါ ရှန်ချန်းချန်း စောင့်နေသည်ကို တွေ့ရသည်။
“ရဲမေရှန် မင်းကို စောင့်နေတာလား”
သူတို့တွေ့သည့်အချိန် သိပ်မကြာသေးသော်လည်း လင်းချွမ်ကို ရင်းနှီးစွာ ပြောလိုက်၏။
လင်းချွမ် လက်ယမ်းပြ၍
“ကျွန်တော်တို့ကို စောင့်နေတာလေ”
“ဟင်”
စွန်းချန်း နားမလည်နိုင် ဖြစ်သွား၏။
“ရှန်ချန်းချန်းအဖေက အဲ့စက်ရုံက ဒါရိုက်တာလေ။ အဲ့တာကြောင့် သူကိုယ်တိုင်လည်း ဒီကိစ္စမှာ အရမ်း စိတ်ဝင်စားနေတာ”
လင်းချွမ်မှ ရှင်းပြလိုက်၏။
ထိုအခါမှ သူ သဘောပေါက်သွားပြီး
“ရဲမေရှန်လည်း အတူလိုက်ခဲ့မှာပေါ့”
“ဟုတ်ပါတယ် ဒါရိုက်တာစွန်း”
ထို့နောက် ရှန်ချန်းချန်းကားဖြင့်ပင် ထွက်လာကြပြီး ခရီးသည်ထိုင်ခုံတွင် လင်းချွမ် ထိုင်နေသည်။
ရှန်ချန်းချန်းမှာ ကားမောင်းနေရင်း လင်းချွမ်ဘက်သို့ ကွက်ကြည့် ကွက်ကြည့် လုပ်နေသည်ကို သတိထားမိပြီး လင်းချွမ် ပြုံးလျက်
“ဘာလို့လဲ”
“ရှင် ဘယ်လိုများ ဆွဲဆောင်လိုက်လို့ ဒါရိုက်တာစွန်းကို စိတ်ပါအောင် လုပ်နိုင်တာလဲလို့”
“ကျွန်တော့် ဆွဲဆောင်မှုကို သိရဲ့သားနဲ့”
လင်းချွမ် စနောက်သလို ပြောလိုက်၏။
“ကျွန်မက ဘယ်လိုလုပ် သိမှာလဲ”
လင်းချွမ် ရယ်မောကာ အရည်အသွေးအဆင့်မီတာ အတွက်တော့ မသေချာသေးဘူး။ လုံးဝ အောင်ပွဲခံလို့ မရသေးဘူး။ စက်ရုံပုံစံ ပြောင်းတာက မလွယ်ဘူးလေ”
“အင်းပေါ့လေ။ ဒါပေမဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေတာပဲ။ အန်လင်းမှာ အထူးချွန်ဆုံး လူငယ် (၁၀) ယောက်ကို မဲပေးရရင် ရှင့်ကိုပေးမယ် သိလား”
“ကောင်းသားပဲ။ ငယ်ငယ်တုန်းက စံပြကျောင်းသားလိုပေါ့”
“အဲ့လိုပေါ့”
ရှန်ချန်းချန်း ရယ်မော၍ ပြောလေသည်။
“ဪ ဒါနဲ့ သတင်းကောင်း ရှိသေးတယ်”
“ဘာကြီးလဲ”
“သန်ဘက်ခါ စက်တင်ဘာလ (၁၀) ရက်နေ့၊ င်္အဂါနေ့မှာ ယုခီခီကို တရားရုံးကြားနာတော့မယ်တဲ့”
“ယုခီခီ… ဒါ သတင်းကောင်းပဲ”
“အဲ့တာ ရှင့်ကို တရားရုံးကို ဖိတ်မလို့”
“သန်ဘက်ခါလား။ ရတယ်လေ”
လင်းချွမ် မျက်ခုံးပင့်လျက်
“ဒီတစ်လောတော့ နည်းနည်း အလုပ်ရှုပ်နေတာ”
“ဟုတ်ပါပြီ။ နောက်မှ ဂိမ်းဆော့ဖို့ စီစဉ်ပါဦးမယ်”
ဤသို့ဖြင့် နာရီဝက်ခန့်အကြာတွင် စက်ရုံသို့ ရောက်လာတော့သည်။
အပြင်ဘက်တွင် ရှန်ချန်းချန်းအဖေ၊ ရှန်ကျန်းဟွာမှ ထွက်စောင့်နေ၏။
သူ့ဘေးတွင် အလုပ်သမား (၂) ဦး ရှိနေသည်။ ထိုစဉ် တစ်ဦးမှ မျက်မှောင်ကြုတ်၍
“ဒါရိုက်တာရဲ့သမီးက ဘယ်လောက်ကြီးကျယ် ခမ်းနားတဲ့သူကို ခေါ်လာတာလဲ”
“အဲ့ထက်တောင် ပိုသေးတယ်”
“ဒါဆို ကျွန်တော်တို့စက်ရုံကို ကယ်ပေးမှာလား”
ထိုလူမှ ထပ်မေးလိုက်၏။
“မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ အဆင်ပြေသွားမှာပါ”
ရှန်ကျန်းဟွာမှ နှစ်သိမ့်လိုက်လေသည်။
မကြာမီ ကားအနက်လေးတစ်စီး အရှေ့တွင် ရပ်လာ၏။
အနောက်မှ အခြားကားအနက်လည်း ထပ်ပါလာသည်။
လင်းချွမ်တို့ ကားပေါ်မှဆင်းကာ နှုတ်ဆက်လိုက်ကြသည်။
“ဦးလေးရှန်”
“လင်း ရောက်လာပြီပဲ”
ထို့နောက် စွန်းချန်းတို့လည်း အနောက်ကားမှ ဆင်းလာ၏။
“လင်း ဒါ မင်းပြောတဲ့ စက်ရုံလား”
“ဟုတ်ပါတယ်”
ထို့နောက် ရှန်ကျန်းဟွာနား လျှောက်သွားပြီး
“ဒါရိုက်တာစွန်း မိတ်ဆက်ပေးရဦးမယ်။ ဒါက စက်ရုံ ဒါရိုက်တာ၊ ရှန်ချန်းချန်းရဲ့အဖေ ရှန်ကျန်းဟွာလေ”
“မင်္ဂလာပါ ဒါိရိုက်တာစွန်း”
“မင်္ဂလာပါဗျာ”
“ဒီမှာ နေအရမ်းပူတယ်။ အထဲဝင်ရအောင်လေ”
“ဟုတ်ကဲ့ဗျ”
ရှန်ကျန်းဟွာအနောက်မှ အလုပ်သမား (၂) ဦးမှာတော့ ပျော်ရွှင်စွာဖြင့် တီးတိုးပြောဆိုနေကြသည်။
“ဒါရိုက်တာရဲ့သမီးက တကယ်အရည်အချင်း ရှိတာပဲ”
“ကဲပါ။ စကားမများနဲ့။ ဒါရိုက်တာစွန်းကို လိုက်ပြဖို့ ပြင်ရမယ်”
သူတို့ အေးဆေး စကားပြောရန် ရုံးခန်းထဲ အရင်သွားလိုက်ကြသည်။
လင်းချွမ် လက်ဖက်ရည်သောက်ရင်းဖြင့်
“အစ်ကိုစွန်း ဘယ်လိုလဲဗျ”
“အရည်အသွေးအရတော့ စစ်လက်နက်စက်ရုံအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ နည်းပညာပိုင်းဆိုလည်း မင်းကို ယုံလို့ ရတာပဲ။ ဒါပေမဲ့ အရင်းအနှီးတော့ မကူညီနိုင်ဘူး ဖြစ်နေတယ်”
“ဒီကိစ္စက မြို့နဲ့ညှိကြည့်လိုက်ပါမယ်”
စွန်းချန်း ရှန်ကျန်းဟွာကို လှမ်းကြည့်ကာ
“စက်ရုံကအချက်အလက်တွေ ပြင်ပြီး ရုံးချုပ်ကို တင်ထားလိုက်နော်။ စစ်ဆေးမှုပြီးတာနဲ့ ခွင့်ပြုမိန့် ကျလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
စွန်းချန်း လက်ယမ်းပြလိုက်ပြီး
“ဒါတွေက ပုံမှန် လုပ်ရိုးလုပ်စဉ်ပါပဲ။ ကျေးဇူးတင်ချင်ရင် လင်းကိုသာတင်”
သူ့ရာထူးဖြင့် ဤသို့ စစ်ဆေး၍ ဆုံးဖြတ်နိုင်သည်မှာ မဆန်းပေ။
ထို့နောက် အခြားဟိုဟိုဒီဒီများ ဆွေးနွေးကာ မကြာမီ စွန်းချန်းမှ ပြန်ရန် ပြင်လိုက်၏။
လင်းချွမ် ရယ်မောလျက်
“အစ်ကိုစွန်းက တကယ် အလုပ်ရှုပ်နေတာပဲ”
“မင်းရဲ့ ဒုံးကျည်လောင်ချာကိစ္စပေါ့”
သူ ပြန်ရှင်းပြလိုက်၏။
“အန်လင်းကို ဘယ်တော့လောက် ထပ်လာဦးမှာလဲ”
“ရောက်တဲ့အချိန်ပေါ့”
စွန်းချန်း ရယ်မော၍ စနောက်လိုက်လေသည်။
သူ တစ်မနက်သာနေပြီး အပြေးအလွှား ပြန်သွားတော့၏။
စွန်းချန်းကို လိုက်ပို့ပြီးနောက် ရှန်ကျန်းဟွာ လင်းချွမ်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်မိလေသည်။
“ချန်းချန်း သမီး မျက်လုံးကန်းနေတာလား”
“ဘာလို့လဲ”
“သမီးပြောဖူးတာ လင်းချွမ်ကို သူခိုးထင်ပြီး စဖမ်းရင်း ခင်သွားတာဆို”
“အင်း…”
ရှန်ချန်းချန်း နေရခက်သွားပြီး
“သူက တကယ် သံသယဝင်စရာကောင်းတာကိုး”
ရှန်ကျန်းဟွာ ခေါင်းယမ်းလိုက်ပြီး
“ငါတော့ သူ့ကို ယောက်ျားကောင်းလို့ မြင်တာ။ ဘယ်လိုလုပ် တရားခံ ဖြစ်မှာလဲ”