← Chapters

စီရင်ချက်ချခြင်း

Vol. 23 Ch. 333

စီရင်ချက်ချခြင်း

Vol. 23 Ch. 333

နောက် (၂) ရက်ကြာပြီးနောက်၊ စက်တင်ဘာလ (၁၀) ရက်။ 

အချိန်မှာ ဆောင်းဦးအစကို ရောက်ရှိနေပြီ  ဖြစ်သော်လည်း နွေရာသီ၏ ပြင်းထန်သော အပူရှိန်မှာ အန်လင်းမြို့၌ ရစ်ဝဲနေသေး၏။ 

သို့သော် မနက်ခင်းပိုင်းတွင်တော့ နေအရမ်းမပြင်းသေးဘဲ အေးမြမှုကို ခံစားရပြီး နူးညံ့သော လေပြည်များမှာ လူသားများထံသို့ ချင်းနင်းဝင်ရောက်လာကြသည်။ 

လင်းချွမ် ရှန်ချန်းချန်းကားနှင့်ပင် အန်လင်းတရားရုံးသို့ လိုက်လာခဲ့၏။ 

ယနေ့ ယုခီခီကို ရုံးထုတ်မည် ဖြစ်သည်။ 

“အမှုကြားနာမှု စတင်ပါပြီ။ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တို့အားလုံး မိမိနေရာမှာ ထိုင်ပေးကြပါ”

တရားသူကြီး၏ ဩဇာပြည့်ဝနေသောအသံ ပေါ်ထွက်လာသည်။ 

လင်းချွမ်မှာ မျက်မြင်သက်သေနေရာ၌ ဝင်ထိုင်လိုက်၏။ 

သူသည် ယခုအမှု၌ အရေးကြီးသော မျက်မြင်သက်သေတစ်ယောက် ဖြစ်လေသည်။ သူ့ဖြစ်တည်မှုမှာ ယုခီခီအမှုကို ဆုံးဖြတ်ရန် အလွန် အရေးပါ၏။ 

အချိန်ခဏကြာပြီးနောက် ယုခီခီကို ခေါ်ထုတ်လာသည်အား တွေ့ရသည်။ 

ယုခီခီမှာ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တရားခံနေရာ၌ မတ်တပ်ရပ်နေ၏။ 

အန်ကျောက်ဆေးဝါးစက်ရုံ၏ အထွေထွေမန်နေဂျာ၊ မူးယစ်ဘုရင်မလေးမှာ ယခုတော့ အရင်လို အရှိန်အဝါ၊ အလှအပများ မရှိနိုင်တော့ချေ။ ဥရောပဆန်သော မျက်နှာပေါက်နှင့် အသားအရည်မှာလည်း ယခုအခါ ဖြူလျော်၍ အသက်မရှိသလို ဖြစ်နေကြသည်။ သူ့ဆံနွယ်များကို သပ်သပ်ရပ်ရပ် ဖြီးထားသော်လည်း အချို့ဆံစများ ကျန်နေပြီး ကပိုကရိုပုံလေး ဖြစ်နေ၏။ 

သို့သော် လင်းချွမ်မှာ အပြင်ပန်း အသွင်အပြင်ကို ကြည့်၍ စိတ်ယိုင်တတ်သူ မဟုတ်သောကြောင့် ယုခီခီအား သနားခြင်းအလျဉ်းမရှိဘဲ ဂရုမစိုက်သလိုသာ နေလေသည်။ 

ယုခီခီ နေရာတွင် ရပ်နေရင်း လင်းချွမ်ကို တွေ့သွား၏။ 

သူ ရောက်လာမည်ဟု ခန့်မှန်းပြီး ဖြစ်ပါသည်။ 

ကျောင်းတက်စဉ်ကဆိုလျှင် အခန်းထဲ ရောက်သည်နှင့် ဂရုအစိုက်ဆုံးလူကို အရင်ရှာသကဲ့သို့ ဖြစ်၏။ 

သို့ရာတွင် လင်းချွမ်အပေါ် ယုခီခီ၏ ခံစားချက်မှာ အပြစ်ကင်းစင်၍ နုပျိုသော ရင်ခုန်မှုမျိုး မဟုတ်ဘဲ နောင်တနှင့် နာကျည်းမုန်းတီးမှုများသာ ဖြစ်သည်။ 

သူ လင်းချွမ်ကို စိုက်ကြည့်နေရင်း မျက်ဝန်းမှိုင်းမှိုင်းများမှာ ရုတ်တရက် အရောင်တောက်ပသွား၏။ 

ထို့နောက် ထူးဆန်းသောအပြုံးတစ်ပွင့် ပေါ်လာသည်။ 

“တက်ရောက်လာကြသူများ နေရာမှာ ထိုင်ပေးကြပါ”

တရားသူကြီးမှ ထပ်ပြောလိုက်သည်။ 

အမှုကြားနာခြင်း စတင်လေပြီ။ 

အမှုတစ်ခုလုံးမှာ အဆင်ပြေချောမောစွာ ပြီးဆုံးသွား၏။ 

ထင်သည့်အတိုင်း ယုခီခီ၏ ကြီးမားလွန်းသော ပြစ်မှုများမှာ လူ့အသိုင်းအဝိုင်းကို ထိခိုက်စေသဖြင့် သေဒဏ် ချမှတ်လိုက်လေသည် 

ထိုစီရင်ချက်ကို ကြားသောအခါ ယုခီခီမျက်နှာသည် ထိတ်လန့်မှု တစ်စုံတစ်ရာ မဖြစ်သွားဘဲ လင်းချွမ်ကိုသာ လှမ်းကြည့်၍ ပြုံးကာ ညာဘက်လက်ကိုမြှောက်လျက် လက်မဖြင့် လည်ပင်းကို ဆွဲပြလိုက်၏။ 

လင်းချွမ် ထိုအမူအရာကိုကြည့်ကာ မျက်မှောင်ကြုတ်သွားမိလေသည်။ 

သို့သော် သူ့အတွက် အမှုမှာ ပြီးဆုံးသွားပြီ ဖြစ်၏။ 

“ရှင့်ကြောင့်သာ မဟုတ်ရင် အန်ကျောက်ဆေးဝါးစက်ရုံက အန်လင်းမှာ အချိန်အကြာကြီး အမြစ်တွယ်နေဦးမှာ”

ရှန်ချန်းချန်း တရားရုံးထဲမှ ထွက်လာရင်း ပြောလိုက်သည်။ 

“ရဲမေရှန်တောင် ချီးကျူးစကား ပြောတတ်နေပြီပဲ။ နည်းနည်းလောက် ထပ်ပြောပေးပါဦး”

လင်းချွမ် ကောင်းကင်ပြာပြာကို မော့ကြည့်ရင်း ပြောလိုက်သည်။ 

ရှန်ချန်းချန်းမှာ ရဲယူနီဖောင်းနှင့် ဖြစ်လေသည်။ 

“ရှင် ဘဝင်မြင့်သွားမှာ စိုးလို့ပေါ့”

“ကျွန်တော်က အဲ့လောက် လွယ်လွယ် ဘဝင်မြင့်ရမှာလား”

လင်းချွမ် မကျေနပ်သလိုလေး ပြန်ပြောသည်။ 

“အဲ့ယုခီခီလေ ရှင့်ကို လည်ပင်းလှီးသလိုပုံ လုပ်ပြတယ်ဆိုတော့ ဒုက္ခပေးချင်နေသေးတာလား မသိဘူးနော်”

“အဲ့လိုနေမှာပေါ့”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

ရှန်ချန်းချန်း ခဏစဉ်းစားကာ

“ကျွန်မ မော်ဂန်လုပ်ငန်းစုအကြောင်း သေချာ ထပ်ရှာကြည့်လိုက်သေးတယ်။ သူတို့လုပ်ရပ်တွေက တကယ် ကြောက်စရာကြီး။ ရှင့်ကို ပစ်မှတ်ထားမှာ စိုးရတယ်”

လင်းချွမ် လှေကားမှ ဆင်းနေရင်း ရယ်မောလျက်

“အဲ့လောက်လည်း ကြောက်စရာမကောင်းပါဘူးဗျာ”

“ရှင် ဘဝင်အမြင့်လွန်ပြီး ဒုက္ခရောက်မှာ စိုးရိမ်တာ”

“မစိုးရိမ်ပါနဲ့ဗျာ”

သူတို့ ကားထဲ ဝင်ထိုင်လိုက်ကြသည်။ 

“သတိတော့ထားနော်။ တစ်ခုခုဆိုလည်း ကျွန်မကို ချက်ချင်းပြော။ လာခဲ့မယ်”

ရှန်ချန်းချန်း ကားစက်နှိုးကာ လင်းချွမ်အား အရင် လိုက်ပို့လေသည်။ 

လင်းချွမ်မှာ ရယ်မော၍ စနောက်လိုက်၏။ 

“ချန်းချန်းက ကျွန်တော့် ဘော်ဒီဂတ်ပါ ဖြစ်နေပြီပဲ”

ရှန်ချန်းချန်း ပြုံးလျက်

“ဒါဆို ကျွန်မကို လခပေးရမှာပေါ့”

“တကယ်ပေးရင်ရော ယူရဲလို့လား”

သူ နှာခေါင်းလေးရှုံ့လျက်

“ပေးရဲရင် ကျွန်မက အရင်တိုင်မှာပေါ့။ ထောင်ထဲမှာ ဘဝနေထိုင်နည်းလေး ဘာလေး သင်လိုက်ဦး”

“နွေဦးတော့ ပြန်လွှတ်ပေးနော်”

လင်းချွမ် ပြန်နောက်လိုက်သည်။ 

“ကဲပါ။ အလုပ်အကြောင်း ပြောရအောင်။ စစ်လက်နက်စက်ရုံအတွက် လိုင်စင်ကျပြီလား”

“ကျပြီလေ”

“အဲ့လောက် မြန်တာလား”

“အထူးအခြေအနေဆိုတော့ အထူးလုပ်ငန်းစဉ်နဲ့ပေါ့”

“ရှင့်ကိုရှင်များ ရောင်းစားလိုက်တာလား”

လင်းချွမ် ရယ်မော၍

“ဘာကို ရောင်းစားရမှာတုန်းဗျ။ ဒီလိုဆို ချန်းချန်းလည်း အတိုင်ခံရမယ်နော်”

“ရှင်ပြောတာ ထူးဆန်းတာကိုး”

“မဟုတ်ရင် ကျွန်တော် ထောင်ကျတော့မှာလေ”

“ဘယ်လိုဖြစ်လို့လဲလို့”

ရှန်ချန်းချန်း ထပ်မေးလိုက်၏။ 

လင်းချွမ် ခေါင်းယမ်းကာ

“သေချာစဉ်းစားကြည့်တော့ ကျွန်တော် ဒီအတိုင်း လုပ်နေရင် မဖြစ်ဘူးလေ။ ဒီရာထူးနဲ့က ပိုလွယ်တာတော့ အမှန်ပဲ”

သူ စွန်းချန်း၏ ကမ်းလှမ်းချက်ကို သေချာစဉ်းစားပြီးနောက် လက်ခံရန် ဆုံးဖြတ်လိုက်လေသည်။ 

သူ့တွင် အန္တရာယ်များစွာ ရှိနေပြီး အရင်ကိစ္စများ ပြန်ရှိလာလျှင် ပြဿနာဖြစ်နိုင်ပါသည်။ 

ဥပမာ ကျားဖြန့်ကိစ္စလို ဖြစ်၏။ 

“ရှင် ရာထူးယူပေးလိုက်တော့ စက်ရုံကိစ္စလည်း ပိုလွယ်သွားတာပေါ့လေ”

ရှန်ချန်းချန်း ရေရွတ်လိုက်မိသည်။ 

All Chapters